Aung Si Hein
စာရေးသူ
28/01/2026
ထန်းဖိုခါ ရွာအလွမ်း (အောင်စည်ဟိန်း).....................................
ခါနွေဆန်းတော့ ရွာမြေလွမ်းတယ်။ထန်းတော
ညို့ညို့၊ထနောင်းပင်တန်း၊တမာရွက်ကြွေ၊
နွေဦးလေပွေ၊လက်ပံရဲဲရဲ၊ပေါက်ရဲရဲ၊ပက်ကြား
အက်နဲ့ တံလျှပ်စူးရဲ နွေဦးထဲက ဇာတိရွာ
ကိုလွမ်းမိတယ်။
လူတိုင်းမှာ ဇာတိသမုဒယဆိုတာရှိပါတယ်။
ကိုယ့်မွေးရပ်မြေကိုစွဲလန်းတွယ်တာတဲ့စိတ်။
ဒါပေမယ့် ပျော်ရာမှာမနေရ။တော်ရာမှာနေရ။
အရွယ်ရောက်လာတော့ ပညာသင်ဖို့၊ဝမ်းစာ
ရှာဖို့ တရပ်တရွာကို သွားရတယ်။စွန့်ခွာ
လိုလည်ဖြစ်စေ ၊မစွန့်ခွါလိုသည်ဖြစ်စေ
ဇာတိမြေကိုစွန့်ခွာရတဲ့ အဖြစ်တွရှိတယ်။ဒါဟာ လောကဓမ္မတာလား။လူအဖွဲ့အစည်းရဲ့
ရိုက်ပုတ်ချက်လား။
မွေးတစ်မြေရပ်ခြားမှာတော့ သောင်သာသည်
ဖြစ်စေ၊ကျပ်တည်းသည်ဖြစ်စေ ဇာတိရွာ
ကိုတော့ အဘယ်သူမှ လုံးဝမမေ့နိုင်ကြ။
ကျနော်မှာလည်း နှစ်စဥ်နှစ်တိုင်း နေမချိ၊ထိုင်မရ ရွာကိုလွမ်းသည့် အချိန်တစ်ချိန်ရှိပါ
တယ်။အဲဒီအချိန်ကနွေဦး၊ထန်းလျှက်ပေါ်ချိန်။
ထန်းဖိုခါ။ထန်းလျှက်တဲဘေးကဖြတ်သွားတဲ့
အခါ နွေဦးလေပြေနဲ့အတူရှူရှိုက်ရတဲ့
ညောင်ဖျင်းနံ့သင်းသင်းလေးရဲ့ အရသာ။
ဘယ်မှာရောက်ရောက်၊ဘယ်မှာနေနေ
ဒီရနံ့လေးကိုစွဲလမ်းစိတ် နဲ့အမှတ်ရ
လွမ်းဆွတ် နေသည်ပင်။
နွေဦးပေါက်ရင်ရွာပြန်ချင်တယ်။
ထန်းရေသောက်ဖို့၊အိုးကောက်ဖို့။ထန်းလျှက်
ချိုမွှေး၊ဇီးဆုပ်ကလေးတွေ ပေါ်ဦးပေါ်ဖျား
စားချင်လို့။ပင်လက်ပံက ကြွက်ကြွက်ညံ
ဇရက်သံကို နားဆင်ဖို့။လွယ်အိပ်ကိုလွယ်
ခဲကိုသယ်၊ဘက်တစင်းနဲ့ ငှက်ပစ်ရင်းကြီး
ရတဲ့ ငယ်ဘဝကိုလွမ်းချင်လို့။ရွာကို လွမ်း
နေပါတယ် ဆိုနေမှ ဥသြတစ်ကောင်က
အလိုက်မသိ တွန်နေပြန်ပြီ။
*******************************************
"ဇာတိကဘယ်ကလဲ' လို့မေးလာခဲ့ရင်
"ဝါးတောမ''လို့ ပြန်ဖြေလိုက်တာနဲ့
"ထန်းလျှက် ထွက်တဲ့ရွာကလား''လို့
တန်းမေးခံရတယ်။ဝါးတောမထန်းလျှက်
ကနာမည်ကျော်ပါတယ်။အထက်အညာမှာ
ရွှေဘို၊မုံရွာကို ထန်းလျှက်အဓိက တင်ပို့တာ
ဝါးတောမနယ်က မဟုတ်ပါကလား။ဘယ်မှာ
ရောက်ရောက် ဝါးတောမဆိုရင်ထန်းလျက်နဲ့
တွဲသိကြတာများပါတယ်။
ရွာနီးချုပ်စပ်မှာတော့ ''အပျိုချော ဝါးတော''
လို့ ပြောစမှတ်ပြုကြပါတယ်။တကယ်ချော
မချော သိလိုလျှင်ဖြင့် ကိုယ်တိုင်ကိုယ်ကျ
တစ်အိမ်ဆင်းတစ်အိမ်တက်သွားရောက်
ကြည့်ရှုကြပါကုန်။
'အပျိုချောဝါးတော'ဆိုပြီး ပြောစမှတ်တွင်ခဲ့
ပုံနဲ့ ပတ်သတ်ပြီး ရာဇဝင်လိုလို၊ပုံပြင်လိုလို
ဒဏ္ဍာရီလိုလို စသဖြင့် လိုလို၊လိုလိုတွေနဲ့
ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။
ဒီလိုပါ။ဝါတောမ ရွာတည်သမိုင်းနဲ့ပတ်သတ်
ပြီးခိုင်မာသော သမိုင်းဆိုင်ရာအထောက်
ထားတော့မရှိ။ဘုန်းတော်ကြီးများရဲ့ပြော
စကားနဲ့အစဥ်အဆက်မိရိုးဖလာပြော
စကားများအရ (နော နော နဝ ဝါးတောမ)
လို့ ရွာတည်ခုနှစ်ကိုလက်ခံထားကြပါတယ်။
သချာ် ဂဏန်း အလိုအားဖြင် ၉၉၉ ခုနှစ်မှာ
တည်ခဲ့တဲ့ရွာပေါ့။ဒါကလည်း ဒဏ္ဍာရီ ကို
အခြေခံတဲ့ ပြောစကားပါ။
ခေတ်အလိုအားဖြင့်သာလွန်မင်းမတိုင်မှီ
ခေတ်။ရွာမဖြစ်ခင်က ဝါးတောမရွာနေရာဟာ
တောကြီးမျက်မဲပါ။အထူးသဖြင့် ဝါးတော
ကြီး။ဆင်ကြီးကျားကြီးတွေခိုအောင်းသတဲ့။
တောရိုင်း တိရိစ္ဆာန် တွေရှိရာအရပ်တဲ့။ဒီ
အရပ်နဲ့ခရီးတစ်သောင်းဝေးတဲ့နေရာမှာ
သာစည်၊အင်တိုင်းဆိုတဲ့ ရွာကြီးတွေရှိပါ
တယ်။အင်တိုင်းရွာသူကြီးကဦးရိုး။သူ့သမီး
ကမိငြိမ်း။နတ်သမီးလေးတစ်ပါးလို လှသတဲ့။
လှဂုဏ်သတင်း ကျော်ဇောလာခြင်းဟာလည်း
ပဒေသရါဇ်ခေတ်မှာတော့ ကောင်းလှတဲ့ကိစ္စ
တော့မဟုတ်ဘူး။အာဏာရူး၊တဏှာရူး ဘုရင်
တွေရဲ့ တော်ကောက်ခံရမယ့်ရန်ကိုကြောက်ရ
တယ်။သာလွန်မင်း မတိုင်မီက ပဒေသရါဇ်တွေကြားမှာလည်း အားပြိုင်မှုတွေနဲ့အတူနန်းတော်ထဲမှာ
ဗရုတ်ဗရက်။အကယ်၍ တော်ကောက်ခံရရင် နန်းတွင်းအရှုပ်အထွေးတွေကြားသမီးချောလေး မယ်ငြိမ်း ပဲလှော်ကြားက
ဆားအဖြစ်နဲ့ ရောကျိတ်ခံရမှာ အင်တိုင်း
သူကြီးဦးရိုးက စိုးရိမ်ရှာတယ်။ဒီလိုနဲ့
အင်တိုင်းရွာကိုစွန့်ခွာပြီး ဝါးတောကြီး
ရှိရာအရပ်မှာ ဆွေမျိုးတွေနဲ့အတူ တိမ်း
ရှောင်ခဲ့တယ်။သာလွန်မင်းနန်းတက်တော့
အထောက်တော်တွေဆီကနေတဆင့် မယ်ငြိမ်း
သတင်းကို ကြားသိသွားတယ်။မူးမတ်တွေ
အခေါ်လွှတ်ပြီး သာလွန်မင်းက မယ်ငြိမ်းကို မိဖုရားမြှောက်တာပါပဲ။ခေါ်ဆောင်ရာ
လမ်းတစ်လျောက်မှာအဘယ်
အရပ်က ခေါ်လာတဲ့မိဖုရားလဲလို့မေးတဲ့အခါ
မူးကြီးမတ်ရာသေနာပတိတွေက ပြန်ဖြေရ
တာပေါ့။
"ဝါးတောကြီးရှိရာ အရပ်က ခေါ်လာတာပါ''
တွေ့မြင်ရသူအပေါင်းလည်းမယ်ငြိမ်းရဲ့ လှဂုဏ်ကြောင့် အံသြ မှင်တက်
ကုန်ပါတယ်။ဝါးတောထဲကအပျိုမလေးဟာ ရွှေနန်းတော်က အခေါ်လွှတ်ပြီး မိဖုရားမြှောက် လောက်အောင်ချောမောလှပ လှပါလား။
"အော် အပျိုချောတဲ့ဝါးတော''။''အပျိုချော ဝါးတော''။''အပျိုချော ဝါးတော''။
"အပျိုချော ဝါးတော''
*******************************************
မယ်ငြိမ်း မိဖုရားဖြစ်သွားသော်လည်း အင်တိုင်း သူကြီး ဦးရိုး ရဲ့အဆက်အနွယ်များ
ဟာ ဝါးတောကြီးထဲမှာပဲ အခြေချနေထိုင်
ကြပါတယ်။ရွာနာမည် ကတော့ ဝါးတောကြီး
ရဲ့ ဗဟိုချက်မ မှာရှိလို့ ဝါးတောမလို့ ခေါ်တွင်
ခဲ့ကြပါတယ်။
ယခု ဝါးတောမ ပတ်ဝန်းကျင်မှာ တော့
ဝါးပင်၊ဝါးတောဆိုတာ လုံးဝမရှိသလောက်
ပင်။တမင် စိုက်ပျိုးထားလို့ ဘုန်းကြီးကျောင်း
အချို့က ဝါးရုံပင်တွေနဲ့ ကွတ်တိကွတ်ကြား
ချောင်းကမ်းပါးက ဝါးရုံပင်လေးတွေပဲရှိပါ
တော့တယ်။
သဘာဝတရားကြီးကို အောင်နိုင်မှုဟာ
လူသားတွေရဲ့အောင်နိုင်မှုလို့ လက်ဖမောင်း
တဖောင်ဖောင် ခတ်နေကြသူတွေရှိသလို
လူသားတွေဟာ သဘာဝကြီးကို ဖျက်ဆီးလို့
သဘာဝတရားကြီးရဲ့ ဒဏ်ခတ်တာကို ခံနေရ
ပြီလို့ ပြောဆိုနေသူကြသူတွေလည်းရှိပါ
တယ်။
ဘာပဲဖြစ်ဖြစ် ဝါးတောမသား ကျနော့်အဖို့
အိမ်လွမ်းစိတ်နဲ့ဇာတိသမုဒယဟာ ဝါးပင်
ဝါးတောကို အခြေမခံ၊ထန်းပင်ထန်းတောတွေ
မှာပဲအခြေခံပါတယ်။
ဟို တလောလေး သတင်းတွေတက်လာလို့
ဖတ်လိုက်ရတယ်။ထန်းပင်တွေလည်း
တည်းတည်းလေးပဲကျန်တော့တယ်။မျိုး
ပြုတ်တော့မယ် ဆိုလားပဲ။
နောင်မျိုးဆက်ဟာ ဘာကို အခြေခံ၍
ကျနော်တို့ ရွာကို လွမ်းကြမလဲ။
*******************************************
ဝါးတောမ ထန်းလျှက်လို့ သာနာမည်ကျော်
တာ တကယ်တမ်းတော့လည်း ဝါးတောမက
ထန်းလျှက်ထွက်တဲ့ရွာ မဟုတ်ဘူး။ဝါးတောမ
မှာ ထန်းသမားမရှိဘူး။ဝါးတောမက ထန်းလျှက်ပွဲစားတွေရှိတဲ့ရွာ။
ဝါးတောမ အုပ်စု (၈)ရွာ မှာ ကျန် (၇)ရွာမှာ
ထန်းတက်တဲ့၊ထန်းလျှက်ချက်တဲ့ ထန်းတောင်
သူတွေရှိတယ်။မှော်တောအုပ်စု ၊ရေယိုအုပ်စု
တွေမှာလည်း ထန်းတောင်သူတွေရှိတယ်။ဝါး
တောမနဲ့ အတော်လေး အလှမ်းဝေးတဲ့နောင်
ကြီးအိုင်လို ရွာကြီးကတောင် ဝါးတောမက
ထန်းလျှက်ပွဲစားတွေဆီ ထန်းလျှက်လာရောင်း
ကြတာတွေရှိပါတယ်။
ကျနော်တို့ ကလေး ဘဝက နံနက်မိုးလင်းတာနဲ့
တပြိုင်နက် အိမ်ရှေ့ လမ်းမကြီးမှာ စက်ဘီး
တန်းအရှည်ကြီး။နောင်ကြီးအိုင်တို့၊ရေယိုတို့
က ဝါးတောမကို ထန်းလျှက်ရောင်းလာကြ
သူတွေ။ဝါးတောမ ထန်းလျှက်ရွှေခေတ်ကြီး
ရဲ့နောက်ဆုံးပိုင်းကိုကျနော် ကောင်းကောင်း
ကြီးသိမှီခဲ့တယ်။
အခုတော့ထန်းသမားတွေက ကိုရီးယားသွား
ကုန်ကြပြီ။မလေးရှားသွားကုန်ကြပြီ။ထိုင်း
ကိုထွက်ကုန်ကြပြီ။
"လှေခါးထောင်ပြောင်၊လှေခါးလဲမွဲ'တဲ့။'ထန်း
လျှက်၁ပိဿာဆန်၁ပြီနဲ့ညီမျှမှထန်းသမား
ထမင်းဝသတဲ့။အသက်နဲ့ရင်းပြီးလုပ်ရတဲ့
အလုပ်။မနက်တစ်ကြိမ်၊ညတစ်ကြိမ်သေမင်း
ကိုစိန်ခေါ်ရတဲ့အလုပ်။ထန်းသမား အလုပ်ပါ။
ကိုယ့်နိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးတိုက်ပွဲဟာ
အရမ်းကို သပ္ပံနည်းပညာနဲ့အလှမ်းကွာဝေး
ပြီး အန္တရာယ်များကာ ဝင်ငွေနည်းတဲ့အခါ
ရေကြည်ရာမျက်နုရာ ပြောင်းရွေ့လုပ်ကိုင်
ကြတာဟာလည်း ဆန်းလှတဲ့ကိစ္စတော
မဟုတ်ပါဘူး။အမျိုးသားလုပ်ငန်းဖြစ်တဲ့
ထန်းလုပ်ငန်းကို အချိန်ကုန်၊လူပန်း၊သက်
သာပြီး ဝင်ငွေတိုးအောင် သိပ္ပံနည်းပညာနဲ့
ဆန်းသစ်တီထွှင်ကြရင်ဖြင့်...........။
ဟုတ်ကဲ့။ထန်းလျှက်ဘီယာနဲ့၊ထန်းရည်ကနေ
ထုတ်ယူမယ့် သကြားအကြောင်း သတင်း
တွေထဲမှာဖတ်နေရပါပြီ။
တက်သူမဲ့ထန်းပင်တွေကတော့ အကြောင်း
အမျိုးကြောင့်တဘိုင်းဘိုင်းပြိုလဲနေဆဲ။
နိုင်ငံခြားမှာတော့ ထန်းသားကို အိမ်ထောင်
ပရိဘောဂနဲ့အလှဆင်ပစ္စည်းတွေမှာ အသုံး
ပြုနေကြသတဲ့။
*******************************************
ထန်းလျှက်က ရွှေမဖြစ်တဲ့အခါ ထန်းလျှက်
ပွဲစားတွေလည်း ဓားမတိုခါးထိုးလို့ လျှော်
ဖြူစိုက်ခင်းထဲဆင်းကုန်ကြပြီ။ငွေလုံးငွေရင်း
နဲ့လျှော်ဖြူစိုက်ခင်းတွေထဲမှာရင်းနှီးမြုပ်နှံ
ကြတာတွေလည်းရှိပါတယ်။
တခါကဝါးတောမကို တာဝန်ကြတဲ့ ကျောင်းဆရာ တစ်ယောက်တင်စားပြောခဲ့တဲ့
စကားကို အမှတ်ရမိတယ်။
"ဝါးတောမက စင်ကာပူနဲ့တူတဲ့ရွာ'' တဲ့။
အမှတ်တမဲ့မို့ အဲဒီဆရာ ပြောတဲ့စကားရဲ့
အဓိပ်ပါယျကို ဆုံးခန်းတိုင်အောင်မမေးမိ။
အခုမှ ဆက်စပ်ပြီး စဥ်းစားကြည့်တယ်။
ဝါးတောမ မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်
သူမရှိ။ထန်းတက်တောင်သူမရှိ။ကုန်စည်
ကူးသန်းရောင်းဝယ်သူတွေနဲ့ ပန်းတိမ်၊ပန်းပဲ
စတဲ့ လက်မှုပညာသည်တွေသာ ရှိတယ်။ဒါ
ကြောင့် စင်ကာပူနဲ့ တူတဲ့ရွာလေးလို့ အဲ့ဒီ
ကျောင်းဆရာက တင်စားပြောဆိုခဲ့လေ
သလား။
ထန်းလျှက်ပွဲစားကြီးတွေ လျှော်ဖြူစိုက်ခင်း
ထဲဆင်းနေကြတာကို အဲဒီကျောင်းဆရာမြင်
လျှင်ဘယ်လိုများ မှတ်ချက်ပြုလေမလဲ။လျှော်ဖြူဈေးကွက်ကလည်းသိပ်မခိုင်မာလှ
ဆိုတဲ့အသံတွေကြားနေရတယ်။
စီးပွားရေးဖြစ်စဥ်တွေနဲ့ပတ်သက်ပြီးကျနော်
ဟာ ဘောဂဗေဒ ပညာရှင်မဟုတ်တဲ့ အတွက်
မှတ်ချက်မပြုနိုင်ပါ။
ဇာတိရှာကျို ချစ်တဲ့စိတ်နဲ့ မောင်သစ်တည်
(မြသန်းတင့် )ဘာသာပြန်တဲ့ ဆိုဗီယက်
ကဗျာဆရာ ယက်တူရှင် ရဲ့ ဇီမာလမ်းဆုံ
ကဗျာရှည်ကြီးထဲက အပိုင်းအစအချို့ကို
အမှတ်ရမိတယ်။
"ငါစဥ်းစားကြည့်တယ်
အလားအလာနှစ်ခုကိုကြိုတွေးကြည့်တယ်။
ငါ့ရွာကလေးဟာ အရင်ကထက်ပိုပြီး
ကောင်းမလာသည့်တိုင်
အရင်ကထက်ပိုပြီးဆိုးမှာ မဟုတ်ဘူးလို့
စိတ်ကူးယဥ်မိတယ်။
ဒါပေမယ့်ငါ့မျက်စိထဲမှာတော့
ရွာထဲကစပါးအဝယ်ဒိုင်ဟာပိုငယ်သွားတယ်။
ပရဆေးဆိုင်ဟာလည်းပိုငယ်သွားတယ်။
ရွာလယ်ပန်းခြံကလည်း ပိုကျဥ်းသွားတယ်။
ငါလာစဥ်ခဲ့တုန်းကထက်
ကမ္ဘာကြီးတစ်ခုလုံးဟာပိုငယ်သွားသလိုပဲ။
အဲဒီအရာတွေထဲမှာ
လမ်းတွေပိုတိုမသွားတာ ကတော့
ထူးဆန်းနေတယ်။''
********************************************
ထန်းလျှက်စျေးကောင်းရင်ဝါဆိုလဘုရားပွဲဟာမြိုင်ဆိုင်မယ်။ထန်းလျှက်စျေးမကောင်းတဲ့
နှစ်ဆိုရင်တော့ ဝါဆိုလဘုရားပွဲက ခြောက်ကပ်
ကပ်။အစဥ်အဆက် လက်ခံထားတဲ့ ဝါးတော
မ၊မှော်တော်နှစ်အုပ်စု တည်ထားကိုးကွယ်တဲ့
ရွှေစည်းခုံဘုရားကြီးစျေးပွဲတော်နဲ့ပတ်သက်တဲ့ သီအိုရီ။
ဘုရားပွဲတော်ကြီးကလည်း ထန်းသိမ်းချိန်နဲ့
အချိန်ကိုက်ပြီးကျင်းပရတာကိုး။ထန်းတစ်
ရာသီလုံးပန်ပင်းခဲ့သမျှ အပန်းတော်ဖြေဖို့၊
စုဆောင်းထားသမျှ ဝယ်ဖို့ခြမ်းဖို့၊လှူဒါန်းဖို့။
ကျေးလတ်ဘုရားပွဲတွေက လူမှုစီးပွားဘဝ
နဲ့ ကင်းမှမကင်းနိုင်တာ။ထန်းတစ်ရာသီဟာ တပို့တွဲလမှာစပါတယ်။နယုန်လလယ်
လောက်ဆိုထန်းရာသီကကုန်သလောက်ဖြစ်သွားပြီ။ဝါဆိုလဆန်းဆန်းခြင်းဘုရားပွှဲမှာ
နွှဲရုံသာ။တစ်နှစ်မှတစ်ခါကျင်းပတဲ့ဘုရားပွဲ
ဆိုတော့လည်း ဝါးတောမနယ်တဝိုက်က
ဘယ်သူမဆို ဘုရားပွဲကိုရောက်အောင်လာချင်
ကြတာပဲ။
အခုတော့ဘုရားပွဲ မှာရောင်းပန်းသာပြီး
ဝယ်ပန်းလှဖို့ အရင်လို ထန်းလျှက်စျေး
ကောင်း၊မကောင်းဆိုတာနဲ့မတိုင်းတာတော့
ဘူး။မလေးရှားသွားနေတဲ့ရွာသားတွေ
ပိုက်ဆံများများအိမ်ပြန်ပို့ နိုင်တဲ့နှစ်ဟာ ဘုရား
ပွဲစည်ကား သိုက်မြိုက်ပြီး ဒေသခံတွေ
သုံးနိုင်၊ဖြုန်းနိုင်တဲ့နှစ်ပါပဲ။
*******************************************
မလေးရှားကို ပဲသွားသွား၊ကိုးရီးယားကိုပဲရောက်ရောက်၊စင်ကာပူမှာပဲ
နေနေ ဘယ်ကိုပဲသွားသွား၊ဘယ်မှာပဲ ရောက်
ရောက် ဝါဆိုလ အချိန်ကြရင် ကိုယ့်ရွာဘုရား
ပွဲပြန်လာချင်ကြတာပဲ။မြက်ကောင်း၊ရေကြည်
ပေါတဲ့ရပ်၊ မိုးခေါင်လို့သာ ဇာတိရွာကို စွန့်ခွာ
ခဲ့ကြရတာမဟုတ်ပါလား။ကိုယ့်နိုင်ငံမှာ သယံ
ဇာတတွေဘယ်လောက်ပေါပေါ၊အုပ်စိုးသူ
အဆက်ဆက်က ပြည်သူတွေအပေါ် စေတနာ
မရှိခဲ့လို့ တိုင်းတပါးသွားပြီး အသက်မွေး
အလုပ်ကိုလုပ်ကိုင်နေကြရတာမဟုတ်ပါ
ကလား။
********************************************
"မင့်အဖေလည်း ရွာမှာလုပ်ကိုင်စားရတာ
ဆင်းရဲတွင်းနက်တယ်ဆိုပြီး၊ရှိတဲ့အိမ်တွေခြံတွေရောင်း၊ရန်ကုန်ကို
ဖောင်ဖျက်ပြီးထွက်သွားတာ၊သေတဲ့အထိပဲ၊
ဆွေခန်းမျိုးခန်းကို ပြတ်ကရောဘဲကွာ''။
"လေးသိန်းညီကတော့ ပြောမနေနဲ့ လေးသိန်း
ရေ၊ တစ်ခါတလေ ကျနော်က ရွာကိုပြန်ချင်
လို့ခွင့်တောင်းတာတောင် ဘယ်လိုပြောတယ်
ထင်သလဲ၊မင်းတဲ့ မင်းအတွက်အကျိုးမရှိတဲ့
နေရာဆို ကိုယ့်မွေးတဲ့ဇာတိရွာဖြစ်ပစေ မလွမ်း
နဲ့ တဲ့''
"အေးလေ အဲဒါကြောင်မို့လို့လည်း မင့်အဖေက အစ်ကိုရင်းတစ်ယောက်လုံး
ဖြစ်တဲ့ငါ့ကို လွယ်လွယ်နဲ့မေ့ထားခဲ့နိုင်တာပေါ့
ကွ''
မြို့တော်မောင်ယဥ်အောင်ရဲ့ နာမည်ကျော်
"ကိုးဆယ်သာလိမ့်မယ်'' ရုပ်ရှင်ထဲက
မောင်နေစိုးအဖြစ်သရုပ်ဆောင်တဲ့ ဇော်ဝမ်း
နဲ့ ဘဘိုးသိန်းအဖြစ်သရုပ်ဆောင်တဲ့ မိုးဒီတို့
ရဲ့အပြန်အလှန်ပြောစကားများပါ။ရုပ်ရှင်
ကိုကြည်ရင်းနဲ့ ဒီအပြန်အလှန်ပြောစကား
တွေကို ကြားရတော့ ကျနော် ခတ္တ ခဏ
ကြောင်အမ်းအမ်းဖြစ်သွားတယ်။ရုပ်ရှင်
ထဲက ဇာတိအပေါ် အကျိုးစီးပွားနဲ့ စျေး
တွက် တွက်တဲ့ ဦးနေစိုးဖခင်ရဲ့ နှလုံးသား
ကို အံသြမိတယ်။
အမှန်တိုင်းရိုးရိုးသားသားဝန်ခံတာပါ။ရိုး
သားသောစကားကိုပြောပါရစေ။ကျနော့်
တသက်မှာ ဇာတိမွေးမြေနဲ့ပက်သတ်ပြီး
တခါမှကုန်စိမ်းစျေးတွက် မတွက်မိရိုးအမှန်
ပါ။
ကိုယ့်အတွက် အကျိုးများသည်ဖြစ်စေ၊
အကျိုးနည်းသည်ဖြစ်စေ ဇာတိကိုချစ်
နေဦးမယ်။ကမ္ဘာသားလူထုကြီးကို ချစ်
နေဦးမယ်။ ကျဥ်းမြောင်းတဲ့ဒေသစွဲ မဟုတ်။လူထုကို ချစ်စိတ်နဲ့ ယှဥ်တဲ့ဇာတိသမုဒယ။
ဘယ်မှာနေနေ ၊ဘယ်ကိုရောက်ရောက်
ညောင်ပျင်းနံသင်းသင်းလေးကို မေ့ဖျောက်
နိုင်စွမ်းမရှိပါ ။
အောင်စည်ဟိန်း
(၂၀၁၉ ခုနစ်က ဇာတိရပ်ရွာရဲ့အဝေးတနေရာမှာ
ဆရာ မြသန်းတင့် ရဲ့ ''တမာနုချိန်စစ်တမ်း''ကိုဖတ်ပြီး လေးစားအားကျကြည်နူးစိတ်ဖြင့်ရေးခဲ့သောအက်ဆေးဖြစ်ပါတယ်။)
27/09/2025
'ငါ့တို့'
အရွယ်နှင့်မမျှ ချစ်ခဲ့ကြ
အရွယ်နှင့်မမျှ ရင့်ကျတ်ခဲ့ကြ
သုမနကျောမှာ ဒဏ်ရာတွေဗလဗွ။
ရခဲလှတဲ့လူ့ဘဝမှာ
လူဖြစ်ကျိုးနပ်ချင် စမ်းပါဘိ။
အောင်စည်ဟိန်း
25/09/2025
"နာရေးကြော်ငြာ''
အငြိမ်းစား အရာရှိကြီးတစ်ဦးနှင့် ခရီးသွား
ဟန်လွဲ အမှတ်မထင် ဆုံစည်း ဖြစ်ခဲ့သည်။
ရောက်တက်ရာရာ စကားများ ပြောဆိုရင်း
စကားလမ်းစသည် နိုင်ငံပိုင်သတင်းစာများ
ထဲမှ နာရေးကြော်ငြာများဆီသို့ ရောက်ရှိ
သွားလေ၏။အငြိမ်းစားအရာရှိဟောင်းကြီး
၏ ပြောစကားများတွင်''သူနှင့်ရွယ်တူ အရာ
ရှိကြီးများ တစ်ဦးပြီးတစ်ဦး ကွယ်လွန်သွား
ကြပြီဖြစ်ကြောင်း၊အချို့ကိုလည်း စျာပန
အခမ်းအနားလိုက်ပို့နိုင်ကြောင်း၊အချို့ကား
နယ်မှာသေဆုံးသွားကြ၍လိုက်မပို့နိုင်ကြောင်း၊
နိုင်ငံပိုင်သတင်းစာဖတ်နေခြင်းကြောင့်သာ
လျှင်နာရေးသတင်းတွေကိုသိရကြောင်း''စသဖြင့် ပြောလေသည်။
ကျနော်၏စိတ် အလျင်သည် အတိတ်က နိုင်
ငံပိုင် သတင်းစာများဆီသို့ရောက်သွားခဲ့သည်။
တချိန်က နိုင်ငံပိုင်သတင်းစာများတွင် ခြောက်
လုံးပြူးချိတ်၊ဘောင်းဘီရှည်ဝတ်များ၏ လိုအပ်သည်များကို မှာကြားဟူသော သတင်း
များသာ ကြီးစိုးခဲ့သည်။နာရေးသတင်းများ သာလျှင်အခြားသောအကြောင်းအရာသတင်းအဖြစ်ပါသည်ဟုပြောလျှင် လွန်ကျူး
မည်မဟုတ်ပါ။တဆက် တစပ်ထဲမှာ
''မြန်မာသတင်းစာမဖတ်ဘူး၊အဂ်လိပ်သတင်းစာပဲဖတ်တယ်''
"ဘာလို့လဲ''
"မြန်မာ သတင်းစာက အရုပ်နည်းလို့''
ဆိုသည့်ပျက်လုံးကို အမှတ်ရမိသည်။ပြည်သူ
များက နိုင်ငံပိုင်သတင်းစာများနှင့်ပတ်သတ်၍
မလေးနက်ခဲ့ကြ။အပျင်းပြေသဘောမျိုး
ဖတ်ကြည့်လျှင်တောင်မှနာရေးသတင်း
လောက် သာ ဖတ်ကြည့်ပြီး ကျန်သည့်အပိုင်း
ကို စိတ်မဝင်စားခြင်းမရှိကြပါ။နာရေးသတင်း
တွင်လည်း ပြည်သူနှင့် ရင်းနှီးကျွမ်းဝင်သူများ
ကများများပါသည်မဟုတ်။ဘုရား၊ကျောင်း
၊သိမ်၊ရဟန်း ဒါယကာ ၊ဒါယိကာမ အမည်ခံ
ထား သော ပြည်သူးများနှင့်မနီးစပ်သူများ
သေဆုံးသွားလျှင်သာ နာရေးသတင်းကဏ္ဍတွင်
ပါဝင်လေ့ရှိသည်။ရုပ်ရှင် သရုပ်ဆောင်များ၊
တေးသံရှင် အဆိုတော်များ ၊စာရေးဆရာများ
သေဆုံးသည့် သတင်းပါလာလျှင်ဖြင့် ပြည်
သူများအကြား ပြောစမှတ်တွင် ရစ်သည်။
ဝမ်းနည်ကြေကွဲကြသည်။အခြားပုံမှန် ပါမြဲ
နာရေး သတင်းများကိုဖြင့် ပြည်သူများက
စိတ်မဝင်စားကြပါ။ယင်းနာရေးကြော်ငြာများ
သည် အသိုင်းအဝိုင်းတစ်ခု အလွှာတစ်ခုကို
သာ ကိုယ်စားပြုနေလေသည်။ယင်းနိုင်ငံပိုင်
သတင်းစာ များသည်လည်းရေပေါ်ဆီလူတန်း စားများ၏မသာသတင်းဖလှယ်ဖို့အတွက်သာဖြစ်ခဲ့လေသလား။
လူသည် မွေးဖွားလာခြင်းသည်လည်းမဆန်း၊
သေဆုံးသွားခြင်းသည်လည်းမဆန်း၊ဘယ်လ်ို
နေထိုင်သွားသလဲက ဆန်းသည်ဟု ဆို့ကြသော်
လည်း သေပုံသေနည်းတွေနှင့် ပက်သတ်ပြီး
လည်းစဥ်းစားနေမိသည်။ဟစ်တလာသေဆုံး
သွားခြင်းသည် ကမ္ဘာကြီးအတွက် ဝန်ထုပ်
ဝန်ပိုးတစ်ခုပေါ့သွားသည်။ချေဂွေဗားရား
သေဆုံးမှုသည် ကမ္ဘာကြီး၏ အဖိုးတန်ရတနာ
တစ်ပါးဆုံးရှုံးမှုဖြစ်သည်။ချေဂွေဗားရား
သေဆုံးသွားပြီဆိုသော သတင်း ၊ဟစ်တလာ
သေဆုံးသွားပြီဆိုသော သတင်း တို့သည်
ကမ္ဘာကြီးကို အုတ်အော်သောင်းတင်းဖြစ်
စေခဲ့သည်။တစ်ဦးကား ကမ္ဘာပြုသူ၊တစ်ဦးက
ကမ္ဘာဖျက်သူ။ဟစ်တလာ၏သေနည်း
သည်စက်ဆုပ်ဖွယ်သေနည်းမျိုးဖြစ်သည်။ချေ
ဂွေဗားရားသေနည်းက ဂုဏ်ပြုလေးစားဖွယ်
ဖြစ်သည်။သေဆုံးမှုချင်းအတူတူအနက်
အဓိပ္ပါယ်အားဖြင့်များစွာကွာခြားသည်။
သာမန်လူများကတော့သာမန်မွေးဖွားလာကြ
ပြီးသာမန်သေဆုံးသွားကြသည်ပင်။မွေးဖွားလာခြင်းသည်လည်းလူမသိသူမသိ။
သေဆုံးသွားခြင်းသည်လည်း တိတ်တဆိတ်။
မွေးဖွားလာပြီးနောက် ဆယ်ကျော်သက်
အရွယ်ထိ မိဘရင်အုပ်မှာနေကြသည်။ကျောင်းတွေနေကြမည်။အသက်မွေးဝမ်း
ကျောင်းပညာတွေသင်ကြမည်။အချိန်တန်
အရွယ်ရောက်တော့ အိမ်ထောင်ပြုကြ၏။
သာသမီးများ ပွားစီးကြ၏။မနက်ထမင်း၊
ညထမင်းရှာစားကြ၏။စီးပွားရှာကြ၏။
အိုပြီးနာပြီးနောက် သေကြရ၏။သေပြီးသွား
လျှင် ရပ်ဓလေ့၊ရွာဓလေ့ အရ သဂြိုလ် ကြ၏။ရေပေါ်ဆီမဟုတ်သော သာမာန်
လူများ၏သေဆုံးမှုတွင် သတင်းစာထဲ
နာရေးကြော်ငြာထည့်ဖို့သည် မဆက်မဆိုင်
ကိစ္စ ဟုသာမှတ်ထင်နေကြသည်။
သာမာန်လူကဲ့သို့မနေရ၊သာမာန်လူကဲ့သို့
မသေရသူ များလည်းရှိသေးသည်။ဦးခွေး
၏သေဆုံးခဲ့ပုံနဲ့ပတ်သတ်ပြီး ကျနော့်တသက်
တာတွင် မေ့ပျောက်၍ရနိုင်မည်မဟုတ်ပါ။ဦး
ခွေးကား အမြင်အာရုံချို့တဲ့သူဖြစ်သည်။ဆွေ
ရယ်မျိုးရယ်လို့လည်းမယ်မယ်ရရမရှိ။မမြင်
မကန်းနှင့် လက်သမားလေး၊ဘာလေး အနည်း
ငယ်လုပ်၏။ဗေဒင်လေး၊ဘာလေး မတောက်
တခေါက်ဟော၏။များသောအားဖြင့် ရပ်ရွာ
၏ပေး စာကမ်းစာဖြင့်အသက်ဆက်ရသူဖြစ်
၏။အလှူ၊မဂ်လာရှိလျှင် တောင်ဝှေးတချောင်း
ဖြင့်အရောက်သွားကာ ဝမ်းရေးကိုဖြေရှင်း၏။
အသက်ခြောက်ဆယ်ကျော်ထိတစ်ကိုယ်တည်း
လူပျိုကြီး။အသက်ခြောက်ဆယ်ကျော်ကာမှ
ဘဝတူအမြင်အာရုံချို့တဲ့ရှာသူ မသိန်းလွင်နှင့်
အိမ်ထောင်ဖက်ခဲ့သည်။အချို့ကား''အကျိုး
ဆော့ဆော့၊အကန်းမော့မော့''ကဲ့ရဲ့ကြ၏။
ရွာထဲမှဦးခွေးအိမ်ထောင်ပြုခြင်းနှင့်ပတ်သတ်၍အမြင်မကြည်သူများကဆက်လက်၍ပေး
ကမ်းခြင်းမပြုကြပါ။အထောက်အပံ့
ဖြတ်တောက်လိုက်၏။ဦးခွေးကမမှု။
''မမြင်မကန်းနဲ့အိပ်တော့မြေကြီး၊စားတော ခထစ်သီး၊ဘဝမှာ တိုးတိုးဖော်
တိုးတိုးဘက်လေးတော့လို သေးသဟ''
ဟု ပြန်လည်ကာ တုန့်ပြန်ပြောဆိုလေ့ရှိသည်။
သည်လိုနှင့် ကြီးတောင့်ကြီးမှ မမြင်မကန်းနှင့်
ဇနီးမောင်နှံနှစ်ယောက် လက်သမားလုပ်ရင်း၊ဗေဒင်ဟောရင်း၊သဒ္ဓါသူတို့၏ ပေးစာကမ်းစာ
စားရင်း ဘဝခရီးကိုဆက်ခဲ့ကြသည်။ငါးနှစ်
လောက်ပေါင်းသင်းပြီးနောက်မသိန်းလွင်က
အရင်ကွယ်လွန်သွားသည်။မသိန်းလွင်ကွန်
လွန်ပြီးနောက် ဦးခွေး လည်း ရွာမှာသိပ်မနေ
တော့ပါ။ရွာနီးချုပ်စပ် လှည့်လည်ကာ ဘုရား
ပွဲ၊ကျောင်းပွဲ၊သိမ်ပွဲ၊ကထိန်ပွဲ၊အလှူပွဲ၊မဂ်လာပွဲ
ပွဲမှန်သမျှ အကုန်လိုက်စားသည်။ပွဲစားလုပ်နေ
ခဲ့သည်။စိတ်လေသွားသည်လည်းပါမည်။
တနေ့သ၌ ထင်မှတ်မထားသည့်သတင်းတစ်
ခုကြားလိုက်ရသည်။
"ဦးမြင့် သနပ်ခါးခြံထဲမှာ သေနေတဲ့ ဦးခွေး
အလောင်း တွေ့လို့တဲ့''
တောင်ဘက်ရွာက အလှူသို့ ထမင်းစားသွား
ရင်း မမြင်မကန်းနင့် သနပ်ခါးခြံထဲမှာ မျက်
စိလည်ကာ နှစ်ရက်သုံးရပ် အစာငတ်၊
ရေငတ်ဖြစ်ကာ သေဆုံးသွားခြင်းဖြစ်သည်။
ဦးခွေးမှာ ဆွေရယ်မျိိုးရယ်မယ်မယ်ရရ မရှိ၍
အလောင်းမြေကျဖို့ ရပ်ရွာလူငယ်အချို့ကတာ
ဝန်ယူပြီးစီစဥ်ကြသည်။အလောင်းသွား
ကောက် တော့ ပုံပျက်ပမ်းပျက်ဖြစ်နေပြီ။
ပုရွတ်ဆိတ်တွေတက်နေပြီ။ခွေးကိုက် ထား
သည့် ဒဏ်ရာများလည်းရှိနေသည်။ဒီလိုနှင့်
ပရိတ်သတ်များများမပါ၊ဆရာတော်သုံးပါး
နှင့် ဦးခွေးစျာပနပြီးခဲ့ရသည်။
ထိုစဥ်က ဦးခွေးစျာပန နှင့်ပတ်သတ်ပြီး
ကျနော်ဟာ ကျန်ရစ်သူရွာသားတစ်ဦးအနေ
ဖြင့် သတင်းစာထဲတွင်နာရေးကြော်ငြာထည့်
ခဲ့ပါက ကျနော်အား ရွာသာကြီးစိတ္တဇဆေး
ရုံသို့ ပို့ကြပေလိမ့်မည်။
အောင်စည်ဟိန်း
19.1.21
#အောင်စည်ဟိန်း
#အက်ဆေး
#နာရေးကြော်ငြာ
24/09/2025
ဘဘပေးခဲ့တဲ့အမွေ
--------------------
ဓာတ်ပုံလေးရဲ့နောက်မှာအဓိပ္ပါယ်တွေ
အများကြီးရှိတယ်။
ကျနော်၂နှစ်သားအရွယ်က မုံရွာအနီးက
ဖိုလ်ဝင်တောင်မှာ ဘဘနဲ့အတူရိုက်ခဲ့တဲ့ပုံပါ။
ကျနော်လူလားမမြောက်မီအရွယ်ကတည်းက
မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွား
ခဲ့တယ်။ဘဘကပဲ ကျွေးမွေးပြုစုစောင့်ရှောက်
ခဲ့တယ်။ကျောင်းထားပေးခဲ့တယ်။ကျေးဇူး
ကြီးပါတယ်။တာဝန်မကျေတာ ကျနော်ပါ။
ဘဘ အပေါ်မှာ လူငယ်စိတ်နဲ့ မိုက်ရိုင်းစော်
ကားခဲ့တာတွေရှိတယ်။ကျနော့အမှားပါ။
အခုဘဘ ဆုံးတာ၁လပြည့်တော့မယ်။အရပ်ထဲကအသိမိတ်ဆွေတွေကလှမ်းမေးကြတယ်။ ဘဘ အမွေဘာတွေရလိုက်လဲပေါ့။
ဥစ္စာဓန ရုပ်ဝတ္တုပစ္စည်းအမွေ ဘဘဆီက
ဘာမှ မမျှော့်လင့်ခဲ့ပါ။ယူလည်းမယူခဲ့ပါ။
ဒါပေမယ့် စိတ်ဓာတ်အမွေတော့ရခဲ့တယ်။
အဲဒါတွေက-
၁။ဘယ်လောက်ပဲအခက်ကြုံကြုံ ဘယ်ဆွေမျိုး အပေါင်းအသင်း၊သားသမီးဆီမှ
အောက်ကျို့ခယပြီး ရမှရပါစေတော့ ဆိုတဲ့စိတ်မျိုးမထားဘူး။
ဒါကဒီလိုပါ။ဇနီးသည်ဆုံပါးသွားပေမယ့်
ဘယ်သားသမီးနဲ့မှအတူမနေခဲ့ဘူး။စျေးဆိုင်
ဖွင့်တယ်။ပေါက်စီလုပ်တယ်။၁၂ပွဲစျေးရောင်း
တယ်။ဘိုင်းငင်တယ်။သနပ်ခါးခြံစိုက်တယ်။
ငြုပ်၊ခရမ်း၊ဆူးပုပ် စတဲ့ရာသီပေါ်သီးနှံတွေ
စိုက်တယ်။အသက်၈၅နှစ်ကျော်သည်အထိ
ဒီအလုပ်တွေလုပ်နေဆဲပါ။နောက်ဆုံးကိုယ့်
အရိုးကိုယ် မချီ နိုင်မှသာ သမီးနှင့်အတူနေ
ခဲ့တာ။
၂။ ဆွေမျိုး၊အပေါင်းအသင်း၊ရပ်ရွာအပေါ်မှာ
ဘာတစ်ခုမှမဟုတ်မတရား လုံးဝမလုပ်ဘူး။
ရယ်သောသူအသက်ရှည်၏ ဆိုတဲ့စကားက
မှန်တယ်လို့ ပြောရပါလိမ့်မယ်။ဘဘတသက်
လုံးရယ်ကာမောကာနဲ့ပျော်ပျော်ပဲနေသွားခဲ့တယ်။'မင့်အသက်ငယ်ငယ်လေးနဲ့အဲ့လောက်
စိတ်ရှုပ်စရာတွေမတွေးနဲ့၊အသက်တိုလိမ့်မယ်'
တဲ့။ ကိုယ့်တောင်ဆုံးမလိုက်သေး။ပျော်ပျော်
နေတတ်သလို ဘယ်သူ့ကိုမှလည်းနစ်နာအောင် မလုပ်ခဲ့ဘူး။မတရားမှုတွေ့ရင်သာ ဆန့်ကျင်ဖို့
ဝန်မလေးခဲ့တာ။
မဆလ ခေတ်က ရပ်ရွာရဲ့ဆန္ဒအရ ဘဘက
သမဝါယမလူကြီးအဖွဲ့ထဲမှာပါခဲ့သတဲ့။တခြား
သမလူကြီးတွေက ဆားခိုးကြ၊ငပိခိုးကြ၊ဆပ်
ပြာခိုးကြ။စလုပ်လုပ်ခြင်းဆိုတော့ လုပ်ငန်း
အကြောင်းမသိတဲ့အခါ ဘဘကရိုးရိုးသားသား
ပဲလုပ်ခဲ့တယ်။တနေ့တော့အခြားသမလူကြီး
တစ်ယောက်က တက်ထရွန် အဝတ်စတွေ
အုပ်လိုက်ဖြောင်သတဲ့။ဘဘနဲ့ ပက်ပင်းမိ
တယ်။ဘဘ ကိုဝေစုပေးမယ်။ဘယ်သူ့မှမပြော
ပါနဲ့ ဆိုပြီးညှိနှိုင်းသတဲ့။ဘဘက ဝေစုလည်း
မယူဘူး၊ဒီအလုပ်လည်းဆက်မလုပ်နိုင်ဘူး ဆိုပြီးလုပ်သက်၁လမပြည့်မီမှာပဲ သမလူကြီးအဖြစ် ကနှုတ်ထွက်ခဲ့တယ်။
အဲဒီနောက် မဆလ၊ရဝတ၊ရယက အဲဒီကကြီး
ခခွေးတွေနဲ့လုံးဝ မပတ်သတ်တော့ဘူး၊၊တသက်လုံး ဝေးဝေးမှာပဲနေသွားခဲ့တယ်။
"ကလိမ် ကကျစ်ကြမှ အလုပ်ဖြစ်တဲ့အလုပ်တွေကွ၊ငါနဲ့မဖြစ်ဘူး"
ဆိုပြီးဝေးဝေးနေသွားခဲ့တယ်
၃။စစ်အာဏာရှင်စနစ်ကိုတူးတူးခါးခါးမုန်း
တီးခြင်းပါပဲ။
စစ်အာဏာရှင်စနစ်ကိုတူးတူးခါးခါးမုန်းတာ
ဘဝပေးအသိကြောင့်ပါ။ရှစ်လေးလုံးမတိုင်မီ
ငွေစက္ကူတွေမဲတော့ဘဘအနေနဲ့အတော်အထိ
နာခဲ့တယ်။သာမန်ခေါင်းရွက်ဗျက်ထိုး စျေးသည် ဘဝက နေ လူလတ်တန်းစား
ဘဝကိုရောက်ရှိချိန်။အိမ်ဝန်းဝယ်ဖို့ပိုက်
ဆံစုထားတယ်။အားလုံးက ၂၅ကျပ်တန်၊
၃၅ကျပ်တန်၊၇၅ကျပ် တွေချည်းပဲ။အိမ်ဝန်း
ဝယ်ဖို့ စျေးညှိပြီး၊ငွေချေဖို့ပဲ ကျန်တော့တဲ့
အချိန်မှာ စုထားတဲ့ပိုက်ဆံတွေ သုံးစွဲခွင့်မရှိ
တော့ဘူးလို့ နေဝင်းမဆလ အစိုးရက ကြေ
ငြာလိုက် တဲ့အခါ အရှိုက်ကို လက်သီးပြင်း
ပြင်းနဲ့ ထိုးတာကမှသက်သာလိမ့်ဦးမယ်။ဘဘ
အနေနဲ့အတော်အထိနာခဲ့တယ်။စစ်အုပ်စု
အပေါ်မှာလည်း တူးတူးခါးခါးမုန်းတီးခဲ့တယ်။
သုံးမရတဲ့ငွေမဲတွေက်ိုနောက်ဆုံးအချိန်ထိသေတ္တာထဲမှာသိမ်းထားဆဲ။'တို့တိုင်းပြည်ဒီမို
ကရေစီရရင်ဒီပိုက်ဆံတွေပြန်သုံးခွင့်ရရင်ရမှာ'
တဲ့။အသက်၉၁နှစ်နဲ့သေ သာသွားတယ်၊တိုင်း
ပြည်ကလည်း ဒီမိုကရေစီစစ်စစ်မရသေးဘူး။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲကို
တိုက်နေရဆဲ။၂၅ကျပ်တန် ၊၃၅ကျပ်တန် ၊
၇၅ကျပ်တန် ငွေမဲတွေကတော့ ဘဘ သေပြီး
သည့်တိုင် ထင်းရှုးသေတ္တာလေးထဲမှာ အထုတ်
လိုက်ရှိနေဆဲ။
ဘဘက
သေသည်အထိ စစ်အုပ်စု၊စစ်အစိုးရ၊စစ်အာ
ဏာရှင်စနစ်အပေါ်မှ တခွန်းမှ ကောင်းတယ်
လို့ပြောမသွားခဲ့ဘူး။BBC၊VOA၊RFA
နောက်ဆုံးအချိန်နီးပါးထိနားထောင်ပြီး
စစ်အုပ်စုကိုဆန့်ကျင်စကားသာဆိုသွားခဲ့
တယ်။
ဒီစိတ်ဓာတ်အမွေတွေ ဘဘဆီက ရခဲ့ပါတယ်။
အရေးတော်ပုံကြီးအောင်ပြီးလို့ မသေသေးရင်
ဒီအကြောင်းတွေကို ဝတ္တုတပုဒ်ရေဦးမယ်။
ဘ ဘရဲ့ဘဝဖြစ်စဥ်တော်တော်များများကို
အိပ်ရာဝင်ပုံပြင်တွေအနေနဲ့ မှတ်သားနာယူ
ခဲ့ဖူးပါတယ်။စိတ်ဝင်စားဖို့ကောင်းမှာပါ။
၁၃၀၀ပြည့်အရေးတော်ပုံကြီးမတိုင်မီမှာ
လူဖြစ်လာတဲ့ဘဘ၊၊မိဘက ထန်းသမား
တောင်သူမိသားစု။ဘဘရဲ့အဖေဟာ
ဂျပန်ခေတ်မှာ ဆင်းရဲလွန်းလို့ ချွေးတပ်
အငှားလိုက်စားရသတဲ့။သံဖြူဇရပ်ဘက်
ကျေးတောငှက်တောမှာ အကြိမ်ကြိမ်
ချွေးတပ်အငှားလိုက်၊ဂျပန်လစ်ရင်
ထွက်ပြေး၊နောက်တခေါက် နာမည်တမျိုး
နဲ့အငှားလိုက်။ဒီလိုနည်းနဲ့ဘဘတို့ မိသားစု
ကို လုပ်ကြွေးခဲ့တဲ့ဘဘရဲ့အဖေပါ။သေနတ်
မှန်လို့ မသေခဲ့ပေမယ့်၊နောက်ဆုံး ငှက်ဖျား
ဖြစ်ပြီးသေခဲ့ရတယ်။တခုရယ်စရာကောင်း
တာက ဘဘက သူ့ရဲ့အဖေဟာသေနတ်ပြီး
တယ်လို့သေသည့်အချိန်ထိယုံကြည်သွား
တယ်။ကျနော်က သိပ္ပံနည်းကျရှင်းပြပေမယ့်
မရ။ရှင်းပြရင်စိတ်ဆိုးမြဲ။သူ့ရဲ့အဖေ ချွေး
တပ်က အကြိမ်ကြိမ်ပြန်ခဲ့ပြီး ကျဥ်မထိခဲ့
တာ ဘုန်းကြီးထိုးပေးတဲ့သေနတ်ပြီးဆေး
ကြောင့်တဲ့။'အဲဒါဆို ကျနော်ကိုယ်တိုင်
သေနတ်နဲ့ပစ်စမ်းကြည့်ချင်တာ'လို့များ
ပြောလိုက်ရင်ဒေါသက ငယ်ထိပ်ထိရောက်
ပြီးဆဲဆိုတော့တာ။ထားပါတော့။
ဂျပန်ခေတ်မှာဘဘက ဘုန်းကြီးကျောင်းသား။
"ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့နှစ်
မှာငါ ရှင်လူထွက်တာပဲကွ'တဲ့။ပြည်တွင်းစစ်
ကာလမှာအိမ်ထောင်ကျ။ထန်းတက်၊တောင်သူ
လုပ်၊ခေါင်းရွက်ဗျက်ထိုးစျေးသည်၊မုန့်
ဖုတ်သူ၊ငံပြာရည်ချက်သူ၊၁၂ပွဲစျေးသည်၊
ဘဝမျိုးစုံကျင်လည်ရင်း အိမ်ဆိုင်လေးနဲ့
ဟန်ကျပန်ကျ လူလတ်တန်းစား ဘဝကို
တက်လှမ်းနိုင်ဖို့ ကြိုးစားခဲ့တဲ့ဘဘ။
ဖက်ဆစ်တော်လှန်ရေးခေတ်၊လွတ်လပ်ရေး
ခေတ်၊ပြည်တွင်းစစ်ကာလ၊မဆလခေတ်၊
နဝတ၊နအဖအုပ်စိုးမှုကာလ၊စစ်တပိုင်း
ဒီမိုကရေစီခေတ်တွေမှာ ငတ်မသေအောင်
ကြိုးစားရုန်းကန်ရင်း နွေဦးတော်လှန်ရေး
ကာလ မဟာသင်ကြန် အတက်နေ့မှာ
လူကြီးရောဂါနဲ့ ဘဘဆုံးပါးသွားခဲ့တယ်။
ဒီမိုကရေစီစစ်စစ်ရဲ့အရသာ၊ငြိမ်းချမ်းရေးရဲ့
အရသာ ၉၁ နှစ်တာလူ့ဘဝမှာ လုံးဝမခံစား
သွားခဲ့ရ။တမလွန်မှာငြိမ်းချမ်းပါစေ ဘဘရေ။
နွေဦးတော်လှန်ရေးမျိုးဆက်ဟာ
ပြည်သူ့ဒီမိုကရေစီအတွက်၊ငြိမ်းချမ်းရေး
အတွက် တိုက်ပွဲဝင်နေကြပြီ။
အရေးတော်ပုံ
အောင်ရမည်။
အောင်စည်ဟိန်း
11-5-21
11.00pm
11/09/2025
''ဆင်းရဲဖူးသလား''.......................................
''ခင်ဗျား ဆင်းရဲဖူးသလား၊ဆင်းရဲတယ်ဆိုတာ ဘာလဲသိသလား''တဲ့။နာမည်ကျော် ဥပါယ်တံမျဥ် ဇာတ်လမ်းထဲမှာ ဗီလိန် သိန်းစိုးရဲ့စကား။
ကျနော့်ကို "ဆင်းရဲဖူးသလား၊ဆင်းရဲတယ်ဆိုတာဘာလဲ သိသလား''လို့မေးလာခဲ့ရင်''ဟုတ်ကဲ့ဆင်းရဲဖူးပါတယ်၊ဆင်းရဲတယ် ဆိုတာဘာလဲ ကောင်းကောင်းသိပါတယ်''လို့ ပြန်ဖြေပါရစေ။
လူပျိုဘဝမှာ အင်မတန်ဆင်းရဲတာ၊အိပ်တော့မြေကြီး၊စားတော့ ခထစ်သီး၊တိုးတိုးဖော်တိုးတိုးဖက်လေးရအောင် ၊အိမ်ထောင်ပြုလိုက်တာ ၊လင်ရောမယားပါ ခထစ်သီးနဲ့မြေကြီးတောင်နပ်မမှန်တော့ဖူးဆိုတာလို။
ကျနော်တို့အိမ်ထောင်ကျတော့အတော်လေးရုန်းကန်ခဲ့ရတယ်။နှစ်ဖက်အသိုင်းအဝိုင်းကသဘောမတူ ၊မကြည်ဖြူတော့ ၊အိမ်ထောင်ဦးဘဝမှာ ရုန်းကန်ရခြင်းတွေ၊အဆင်မပြေခြင်းတွေ၊ဆင်းရဲ ခြင်းတွေနဲ့ပြည့်နှက်နေတယ်။
ဆယ်နှစ်ပွဲစျေးသည်၊လမ်းဘေးစျေးသည်၊ကျပန်းအလုပ်သမား၊ရွှေမျှောတိုက်သူ၊ကျောက်သွေးသမား၊
အလွတ်တန်းကျောင်းဆရာ ဝါသနာဗီဇနဲ့ကိုက်ညီသည်ဖြစ်စေ၊မကိုက်ညီသည်ဖြစ်စေ
ခါနာတလုပ်အတွက် ဝါစာကမာလုပ်ခဲ့ရတယ်။
အိမ်ထောင်ဦးလေးမှာ ကောလင်း၊ဝန်းသို၊မုံရွာ၊မန္တလေး၊ချင်းတောင် လူးလာခေါက်တုန် လွန်းထိုးသလိုသွားလာခဲ့ရတယ်။
အခုပြန်တွေးကြည့်တော့ စက်ဘီး ဖရီးချော်သလို
လှုပ်လေ မြှုပ်လေ နှစ်ကာလများပါပဲ။လူတိုင်းရဲ့ဘဝမှာ ကြုံဖူးမှာပါ။ ဇနကမင်း သင်းဘော ပျက်တဲ့ကိန်းမျိုး။
သားဦးလေးမွေးတော့ ''သားဦးစနေ မီးလိုမွှေ''ဆို
ပြီး ရက်ကွပ်အိမ်နီးချင်းတွေက ဓားထမ်းပြီး
သုံးခေါက်ကျော်ဖို့ အကြံပေးခဲ့တယ်။အယုံအကြည်နည်းလို့ မလုပ်ခဲ့ဘူး။ကိုယ်ရင်သွေး ကိုချစ်တယ်၊
ပြုစုပျိုးထောင်မှုကောင်းရင် လိမ္မာရေးခြားရှိလိမ့်မယ်။ ဒီလိုပဲယုံကြည်ခဲ့တယ်။လူတစ်ယောက်ရဲ့ဘဝဆိုးခြင်းကောင်းခြင်းကို သူဖြတ်သန်းကြီးပြင်းရတဲ့ ဘဝ၊ပတ်ဝန်းကျင်ကပြဌာန်းတယ် လို့ယုံကြည်ပါတယ်။
အိမ်ထောင်ဦးမှာ အခက်အခဲတွေကြုံရတော့လည်း
သားဦးစနေ ကြောင့်ဆိုတာ မျိုးလုံးဝ မတွေးမိခဲ့ဘူး။
တချိန်တုန်းက ဒုက္ခတွေဟာနောင်တချိန်မှာ ဟာသတွေ၊လွမ်းမောအမှတ်ရစရာတွေဖြစ်လာတယ်ဆိုတာ
အမှန်ပါ။
မန္တလေးကဝါခင်းကုန်း၊မုံရွာက ချမ်းမြဝတီ၊ကောလင်း၊ဝန်းသိုက (ကင်း ဘူတာ)၊ချင်းတောင်က(လိုင်လင်းပီ)။အခုတော...စိတ်သာရောက်တယ်၊ကိုယ်မရောက်နိုင်တော့။တချို့နေရာတွေဟာ တွေဟာ
ပြည်တွင်းစစ်ကြီးကြောင့် တစ်ကမ္ဘာဆီခြားသွားပြီ။
လွမ်းမောစရာ။
မန္တလေးကဝါခင်းကုန်း ဘုန်ကြီးကျောင်းမှာနေ၊
ထီးလေးတလက်နဲ့စျေးတကာလည်ပြီးသနပ်ခါးတုံးရောင်းခဲ့ရတဲ့နေ့စွဲတွေ၊ကျောက်သွေးပညာသင်၊
ကြုံရာကျပန်းလုပ်၊ကူညီခဲ့ကြတဲ့ ဘုန်းဘုန်းဦးရေဝတနှင့်အတူ ရဲဘော်ရဲဘက်ကောင်းတွေကို ဘယ်သောအခါမှမေ့ဖျောက်၍မရနိုင်ပါ။
မုံရွာ ချမ်းမြဝတီရက်ကွပ်က လောကဓံတရားများကိုဘယ်သောအခါမှမမေ့နိုင်ပါ။
ကောလင်း၊ဝန်းသို၊ ပင်လည်ဘူး၊ဗန်မောက် သံလမ်းရိုးတလျောက်က ညယ်တွေ၊မောင်တွေနဲ့ဒုတ်ထိုးအိုးပေါက် ရှင်းရှင်းဘွင်းဘွင်းပြောတက်သူများနှင့်အတူရိုးရာဟင်းပေါင်းရဲ့အရသာ သတိရနေဆဲပါ။
ချင်းတောင်ကရိုးသားပျော်ရွှင်တက်တဲ့ ၊ချစ်တပည့်လေးတွေရဲ့မျက်နှာ အောင့်မေ့မိတာအခါခါ။
အတိတ်ဆိုတာ ဖမ်းဆုပ်လို့မရတဲ့တိမ်တဆုပ်ပါ။
ဒါမေယ့် လွမ်းခွင့်ရှိတဲ့ ပန်ချီကားတချပ်ပါ။
အိမ်ထောင်ဦးမှာ အခက်ခဲတွေ၊ဆင်းရဲခြင်းတွေ၊
အဆင်မပြေမှုတွေကြုံခဲ့ရပေမယ့်၊ညူစူခြင်းမရှိတဲ့
လက်တွဲဖော်ကို အခုလိုဝေးကွာနေချိန်မှာ ထူးထူးလည်လည် လွမ်းပါတယ်။
မနော လေသံနဲ့ ဆိုရရင်
"လွမ်းတယ်...
ချိုဇင်ရယ်''.........ပေါ့။
(ရဲဘော်ခိုင်မေဇင်က ဓာတ်ပုံလေးပို့ပေးလို့၊တစ်ခါကတစ်ဘဝကို လွမ်းလို့ရေးတဲ့ ၊အက်ဆေးလေးပါ)
အောင်စည်ဟိန်း
9.9.2025
09/08/2025
"ထီ''
မန္တလေး၊၅၆လမ်း၊အောင်ပင်လယ်စျေးက
ငါးရောင်းသည့် ၁၉ နှစ်အရွယ် အမျိုးသမီး
လေးတစ်ဦး သိန်းတစ်သောင်းခွဲ ထီဆုကြီး
ပေါက်သည် ဆိုသော သတင်းကိုဖတ်ရသည့်
အခါ မုဒိတာပွားမိပါသည်။၅၆လမ်း၊အောင်
ပင်လယ် စျေးဆိုသည်မှာ မိမိနှင့်သိပ်မစိမ်းလှ။
မန္တလေးမှာကျင်လည်ခဲ့စဥ်က အလုပ်သွား၊
အလုပ်ပြန် မနက်၊ည ဖြတ်သန်းသွားလာနေကျ
စျေး။စျေးသည်၊စျေးဝယ်များနှင့် ၅၆လမ်း
အောင်ပင်လယ်စျေး၏ ပုံရိပ်များက စိတ်ထဲ
မှာစွဲလို့နေသည်။မြို့ပြဆင်ခြေဖုံးရပ်ကွပ်ရှိ
စျေး၌ငါးရောင်းပြီးအသက်မွေးရသူအဖို့သိန်းတစ်သောင်းခွဲဆိုသည့်ငွေပမာဏ
သည်ရိုးရိုးသားသား သမရိုးကျရှာဖွေမည်ဆို
ပါကအိမ်မက်ထဲတောင်ထည့်မမက်ဝံ့သည့် ပမာဏပါ။ သတင်းကိုဆက်လက်၍ဖတ်
ကြည့်သောအခါကံထူးရှင်အမျိုးသမီးလေးလည်းအပြည့်အဝ ပျော်ရွှင်ပုံမရ။'ဆွေမျိုး
များကအတင်းအကျပ်ထီလက်မှတ်ကို
တောင်းကြသည်၊၊ဖိအားပေးကြသည်'ဟု
ဖတ်ရသည်။မျက်နှာအမူအရာမှာလည်း
စိတ်ပျက်၊လက်ပျက်နှင့်လောကကြီးကိုစိတ်
ကုန်နေဟန်ပေါ်သည်။ထီပေါက်ပြီးကာမှ သီလ
ရှင်ဝတ်လိုသည်ဟုအင်တာဗျူးဖြေသွားသည်။
ကျနော် အံသြ မှင်သက် မိသည်။
ကျနော့် တစ်သက်မှာတစ်ခါမှ ထီမထိုးဖူးပါ။ကျောင်းတက်စဥ်က သူငယ်ချင်းတစ်ယောက်
ကအမြဲ တိုက်တွန်းလေ့ရှိသည်။
"ဟေ့ကောင်၊ထီထိုးပါဟ၊ပေါက်ခြင်း၊
မပေါက်ခြင်းက နောက်ကိစ္စ၊တစ်လတစ်ခါ
စိတ်ကူးယဥ်ရတာနဲ့ကိုတန်တယ်''
တခါသား အဆိုပါတိုက်တွန်းစကားကို အခြား
သူငယ်ချင်းတစ်ယောက်က ကြားသွားပြီး
ဤကဲ့သို့မှတ် ချက်ပြု၏။
"ငါကတော့ဘယ်တော့မှထီမထိုးဘူး၊လိုက်ထရက် ကားနဲ့ အပြည့်ထီလက်မှတ်တွေ
သယ်လာတာတောင်မှ ပေါက်မဲတစ်ခုပါချင်မှ
ပါတာ၊မသေချာတဲ့ အလုပ် မလုပ်ချင်ဘူးကွာ၊
ရော့ပတ္တမြား၊ရော့နဂါး ဖဲရိုက်လိုက်ချင်သေး''
သူတို့နှစ်ယောက်၏ဝိရောဓိကြားမှာ ဝင်ရောက် ငြင်းခုံခြင်းမပြုခဲ့သော်လည်း ကျနော်ကား
ထီထိုးပြီးစိတ်ကူးယဥ်ဖို့ တစ်ခါမှ ဦးနှောက်
ထဲမထည့်ခဲ့ပါ။ထိုစဥ်က ''ထီ''ဆိုတာ သွေးစုပ်
သူအစိုးရ၏ ယန္တရားလည်ပတ်ဖို့ အကြီးမား
ဆုံးထောက်ကန်ပေးသည့်ထောက်တိုင်''ဆိုသော နိုင်ငံရေးဗေဒ ဒဿနပညာရှင်တစ်ဦး
၏အဆို အမိန့်ကိုလည်းမဖတ်ဖူးသေးပါ။ထီ
ဆိုတာ အစိုးရနှင့် ပြည်သူကြားက တရားဝင်
လောင်းကစား ဆိုတာကိုလည်း နားမလည်
သေးပါ။'ကျားရဲရာ ကြမ္မာမယိုးသာ' ဆိုတာ
လောက်တော့သိထားပြီ။ကံဆိုးမသွားရာ
မိုးလိုက်လို့ရွာမှာ ကိုလည်း ကြောက်မိသည်။
ထီထိုးမည့်အစား လက်ဖက်ရည်သောက်မည်
ဆိုသော ဆုံးဖြတ်ချက်က အခိုင်အမာရှိသည်။
ဟိုတနေ့က ကျနော့်ဇနီး မအိမ်သူက ထီလက်မှတ် နှစ်စောင်ထိုးလာသည်။
"တစ်စောင်ကို ဘယ်လောက်လဲ''ဟု မေးကြည့်
မိသည်။''၁၃၀၀''ဟု တုံးတိတိပြန်ဖြေသည်။
"ဟ မင့်ထီလက်မှတ်တစ်စောင်ကလည်း
ဆန်တစ်ပြည်ဖိုးနဲ့ညီမျှနေပါလား"ဟု အတွန့်တက်မိသည်။"နင် အဲ့လို တွက်ကပ်နေလို့မွဲတာရှည်နေတာ'လို့ ပြန်ပြောသဖြင့် ဆက်
လက်၍ စောဒက မတက်ဝံ့တော့ပါ။အသာ
လေး ဇက်ပု၍နေရသည်။
ထီအကြောင်းပြောရရင် အမေ့ကို အမှတ်ရ
မိသည်။အမေကားထီပေါက်ဖူးသည်။ထီဆု
ကြီး သိန်းသုံးရာ ခေတ်ကဖြစ်သည်။နှစ်သောင်းဆုပေါက်သည်။စီးပွားရေးကျပ်
နေချိန်ဖြစ်၍ထိုနှစ်သောင်းဆုက တော်တော်
လေးတာသွားသည်။တစ်စုံတစ်ရာ အသက်ရှူ
ချောင်သည်။ဘုန်းကြီးကျောင်းဆွမ်းပ်ို့နိုင်
သည်။အမေ့တူသား မောင်မယ် အချို့ကိုမုန့်
ဖိုး၊ပဲဖိုး ပေးနိုင်သည်။ထိုခေတ်က ထီနှစ်သောင်းဆု ကံထူးမှု၏ ဂယက်က
ဒီထက်မပို။ထို နှစ်သောင်းဆုကံထူးပြီး
နောက် လစဥ်မပြတ် အမေထီထိုးခဲ့သည်။
အချိန်တန်လို့ ထီသည်မလာလျှင်မျှော်ရသည်။
"စက်ဘီးနဲ့လာရောင်းတဲ့ ကျောက်ပေါက်ခွက်
နဲ့ထီသည်ကြီးက ဗေဒင်လည်းမှန် သဟဲ့''
ဟု အမေ အမြဲပြောလေ့ရှိသည်။ထီထိုးလျှင် ဗေဒင် အခမဲ့ တွက်ပေးသည်။ထီသည်ကြီး၏ promotionအရောင်းမြှင့်တင်ရေးဝန်ဆောင်မှုဖြစ်သည်။ထီရောင်းခြင်းဟာ ကံကြမ္မာကို
ရောင်းခြင်းဖြစ်သလို၊ဗေဒင်ဟောခြင်းသည်
လည်း ကံကြမ္မာကို ဟောခြင်းဖြစ်သည်။နှစ်
ခုစလုံးကား အနိစ္စ။သို့သော် အမေက ဘယ်လို
ကံကြမ္မာအကျိုး ပေးတွေကြောင့်ထီသည်ကြီး
ကိုယ်တိုင် ဗေဒင်ဟောရင်းထီရောင်းနေရသည်
ကို တစ်ခါမှ စဥ်းစားမိပုံမပေါ်။နှစ်တွေကြာလာ
ပြီးနောက် တစ်ခါမှထပ်ပြီး ထီမပေါက်သော အခါ အမေက တွေးတွေးဆဆ နှင့်ပြောသည်။
"ငါ သား အမေတို့ ထီ ထိုးကြေးတွေများနေပြီ၊
ပေါက်ကြေး ထက်မကတော့ဘူး၊ခုနေချိန် အဲ့ဒီ
ပိုက်ဆံတွေစုထားရင်တော်တော်စုမိနေ
လောက်ပြီ''
ကျနော်ထီမထိုးဖြစ်ခဲ့ခြင်းမှာ အမေ့သံဝေဂနှင့်
အနည်းနှင့်အများ သက်ဆိုင်နေကြောင်းကို
အခုမှစဥ်းစားမိသည်။
ကျနော်အနေ့ဖြင့် တစ်ကြိမ်တစ်ခါမှထီမထိုးခဲ့
ဖူးပေမယ့်၊ထီ၏သမိုင်းကားဆက်ထုံး
ရှည်လျားခဲ့ပြီ။ပဒေသရာဇ် များ၏နေဝင်ချိန်။
အရှင်နှစ်ပါး ပါတော်မူချိန် မတိုင်မီ ကဖြစ်သည်။အတိအကျ ဆိုရပါလျှင်
သီပေါမင်းခေတ်။
သီပေါမင်းခေတ် ထီစတင်ပေါ်ပေါက်လာပုံ၊
နိဂုံး ချုပ်သွားပုံနှင့်ပတ်သက်ပြီးဒေါက်တာ
သန်းထွန်းက 'နယ်လှည့် ရာဇဝင်'' ဤကဲ့သို့
မှတ်တမ်းပြုခဲ့သည်။
"သီပေါမင်းလက်ထက် မန္တလေးမှာဖွင့်တဲ့
ထီတော်ဟာ ၁၂၄၀ပြည့် တပေါင်းလဆန်း
၆ရက်၊၂၅ရက် ဖေဖော်ဝါရီ ၁၈၇၉မှစဖွင့်
တယ်။၁၂၄၃ ပြာသိုလ၊ဒီဇင်ဘာ၁၈၈၁မှာ
ထီရုံတွေပိတ်၊ထီကြွေးငွေ နှစ်သောင်းကို
ရွှေတိုက်တော်ကထုတ်ပေးစေလို့ အမိန့်
ချတယ်''ဟူ၍ မှတ်တမ်းပြုထား၏။သီပေါ
ခေတ် မှာ တိုင်းသူပြည်သားတွေ ထီကြောင့်
ကြွေးတင်နွံနစ် ပြီး အလုပ်ပျက်အကိုင်ပျက်
ဆင်းရဲတွင်းနက်ခဲ့ရခြင်းကြောင် ထီရုံတော်
တွေ မင်းအမိန့်နှင့်ပိတ်ပစ်ခဲ့ရ၏။
သီပေါခေတ် ထီနှင့်ပတ်သက်ပြီး သစ်လွင်
အငြိမ့်၏ အော်ပရာထဲမှ ဒိုင်ယာလော့
အချို့ကို အမှတ်ရမိသေးသည်။
"သီပေါ ကိုယ်တော်လေးဘုရား''
"သီပေါ ကိုယ်တော်လေးဘုရား''
"မပေါက်တက်တဲ့ ထီလက်မှက်တွေထိုးပြီး
တိုင်းသူပြည်သားတွေ မွဲကုန်ကြပါပြီဘုရား''
သရုပ်ဆောင်သူ၏ လေနှင့်မျက်နှာ ထိမိမှုကြောင့် မှတ်မှတ်ထင်ထင်ဖြစ်နေသည်။
သီပေါထီ၏ လက်မှတ်ခနှုန်းထားသည်
၁စောင်လျှင်၅ကျပ်ဖြစ်၏။စောင်ရေ ၁၂၀၀၀
(တစ်သောင်းနှစ်ထောင်)ရိုက်နှိပ်၏။
လက်မှတ်ပေါင်း ၁၂၀၀၀လျှင် ရောင်းရငွေ
ခြောက်သောင်း။ယင်းခြောက်သောင်ထဲမှ
အခွန်တော် တစ်သောင်းနှုတ်ယူ၏။ရာခိုင်
နှုန်းအားဖြင့် တွက်လျှင် ၁၆.၆ရာခိုင်နှုန်း
သည် အခွန်တော်အတွက်ဖြစ်၏။ကျန်ငွေ
ငါးသောင်းကိုကား ထီပေါက်သူ ရ၏။ဆုငွေ
ငါးသောင်းကို ဆင်ပေါ်တွင်တင်ကာခမ်းနား
စွာဖြင့် ထီပေါက်သူ နေအိမ်သို့ သွားရောက်
ပေးအပ်ရာ အများပြည်သူတို့ ထီထိုးခြင်း
ကိုပိုမို စိတ်ဝင်စားလာကြသည်။ထီရုံတော်
များ၁၀ရုံထိတိုးချဲ့ဖွင့်လှစ်ရလေတော့သည်။
ထီရုံ၁ရုံ ၁လလျှင် ၁၀ကြိမ်ဖွင်ရာ ရတနာပုံ
မင်းနေပြည်တော်၏သြဇာ အောက်တွင်
၁လလျှင် ထီဖွင့်သည်အကြိမ်ရေပေါင်း
၁၀၀ဖြစ်သွားခဲ့သည်။တိုင်းသူပြည်သား
များသည် အလုပ်အကိုင် စိတ်မဝင်စားကြ
တော့ဘဲ ၊ထီကိုသာစိတ်ဝင်စားနေကြသဖြင့်
ကြွေးတင်နွံနစ်ပြီး ခိုးသားဓားပြ ထူပြောကာ
တရားတဘောင်ပြဿနာများ များစွာပေါ်
ပေါက်လာခဲ့သည်။နောက်ဆုံးတွင်ထီရုံတော်
များပိတ်ပစ်ခဲ့ရလေသည်။ယင်းကား
သီပေါ်ဘုရင်ခေတ် ထီ၏နိဂုံးချုပ်ပုံ။
လက်ရှိ ခေတ်မှာလည်း ထီလက်မှတ်ရောင်း
ရငွေ၏ပျမ်းမျှ ၄၀ ရာခိုင်နှုန်းသည် နိုင်ငံတော်၏အခွန်အတွက် ဖြစ်ကြောင်း၊အခွန်ပမာဏစုစုပေါင်း၏ ပျမ်းမျှ၁၀ ရာခိုင်နှုန်းသည် ထီမှရရှိကြောင်းကို စစ်တမ်းအချို့ကဆိုနေသည်။
ကျနော် အနေဖြင် သီပေါ်ခေတ်ထီနှင့်နှိုင်း
ယှဥ်စဥ်းစားနေမိသည်။
သီပေါ်ဘုရင် စွန့်လွှတ်လိုက်သည့်ထီကို ၁၉၃၈
မှာ အဂ်လိပ် အစိုးရကပြန်ဖွင့်ပါသည်။၁စောင်
လျှင်၂ကျပ်နှုန်းနှင့်။တစ်လကို ၄ကြိမ်။စောစောပိုင်း၁၉၂၀ မတိုင်မီကပင် အဂ်လိပ်
အစိုးရ၏အုပ်ချုပ်မှုအောက်မှာ လောင်းကစား
ဝိုင်းများက ရှိနေလေပြီ။ရန်ကုန်တက္ကသိုလ်
ကြီးတည်ထောင်ဖို့ ကုန်ကျစရိတ်အဝဝကို
အဂ်လိပ်အစိုးရက လောင်းကစားဝိုင်းများ
ဖြင့်ရန်ပုံငွေရှာသည်ဟု မှတ်သားဖူးသည်။
၁၉၄၈၊လွတ်လပ်ရေးရပြီးနောက် ဖဆပလ
အစိုးရ က အဂ်လိပ်အမွေ အောင်ဘာလေထီ
ကိုစွန့်လွတ်ခြင်း မရှိခဲ့ပါ။ပြည်တွင်းစစ်ဖြစ်
နေသည့်တိုင်းပြည်။တိုင်းသူပြည်သားများ
က မွဲသထက်မွဲလာသည်။မွဲလေထွက်ပေါက်
ရှာလေဖြစ်သည်။ထီသည် ဆင်းရဲသားပြည်
သူများအဖို့ မျှော်လင့်စရာ အိမ်မက်တစ်ခု
ဖြစ်လာသည်။စစ်အစိုးရ ခေတ်မှာ ထီလက်
မှတ်တန်ဖိုးတွေ တဆင့်ပြီးတဆင့် တက်လာ
ပြီးနောက် ဆုငွေပမာဏလည်း များလာ
သည်။အခွန်ကောက်ခံမှုနှုန်းထားလည်းများ
လာသည်။တိုင်းသူပြည် သားလူများစုကြီး
ကတော့ ဆင်းရဲတွင်းကမလွတ်နိုင်။
ထီနှင့်ပတ်သတ်၍အကျိုးအမြတ်အရဆုံးက
အစိုးရဖြစ်သည်။ထို့နောက် အစိုးရလက်ဝေခံ
ငွေရှင်ကျေးရှင် ထီပင်ရင်းဆိုင်ကြီးများဖြစ်
သည်။
ကျန်သောထီလက်လီရောင်းသူများက
စားလောက်ရုံမှအနိုင်နိုင်။ဗေဒင်ဆရာနှင့်
နတ်ကတော် အချို့လည်းအလုပ်ဖြစ်သည်။
သို့သော်သူတို့တတွေမှာ တာဝန်မရှိ။ထီပင်စည်
ကြီးခက်လက်ဝေ ဆာနေခြင်းသည် အစ်ိုးရ၏
ရေလောင်း ပေါင်းသင် မှုကြောင့်ဖြစ်သည်။အသီး
အပွင့်ကိုလည်း အစိုးရကအခံစားရဆုံးဖြစ်
သည်။
စစ်အစိုးရခေတ်ကစပြီး အောင်ဘာလေ သိန်း
ဆုထီအပြင် ထိုင်းချဲထီ၊နှစ်လုံးထီ များလည်း
ပေါ်ပေါက်လာသည်။ဘောလုံး လောင်းကစား
ခြင်းလည်းတွင်ကျယ်လာသည်။တရားဝင်
ကားမဟုတ်။သို့သော် လူထု၏ နေ့စဥ်ဘဝ
ထဲတွင် အထိုးဖောက်နိုင်ဆုံးသောလောင်း
ကစားနည်းမျိုးတွေဖြစ်သည်။တစ်လုံး၊နှစ်လုံး
၊သုံးလုံးနှင့်ပက်သက်သော အဂတိတရားများ
လည်း အစိုးရ ဌာနဆိုင်ရာ အဆင့်ဆင့်မှာရှိ
နေသည်။အဖမ်းအဆီးများရှိသော်လည်း ကိုင်းဖျားကိုင်းနားတွေသာထိသည်။ငွေလုံးငွေရင်းတက်နိုင်သူ၊အဆက်အသွယ်ကောင်းသူများ
အနေဖြင့် လောင်းကစားမှု
တွေနှင့် ပန်းပန်လျှက်ပါ။
ထီအပါအဝင် လောင်းကစားမှုတွေကြောင့်
အဘယ်သူတွေအဓိကအားဖြင့်အကျိုးရှိ
သလဲ၊အဘယ်သူတွေ ထိခိုက်နစ်နာရသလဲ
ဆိုသည့် မေးခွန်းသည် ဖြေဖို့မလိုလောက်အောင်
ထင်ရှားပေါ်လွင်လှပေသည်။
အောင်စည်ဟိန်း
(အာဏာမသိမ်းမှီကရေးခဲ့တဲ့ အက်ဆေး
ဖြစ်ပါတယ်။အကြောင်းတိုက်ဆိုင်လာလို့
ပြန်တင်ပါတယ်)
Click here to claim your Sponsored Listing.