Nexus Legal Service
We navigate, you succeed.
02/03/2026
ကိုယ်ဝန်ပျက်စေခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်ကို ကာကွယ်ကယ်ဆယ်လိုတဲ့သဘောရိုးနဲ့ မဟုတ်တဲ့ မည့်သည့် ကိုယ်ဝန်ပျက်စေခြင်းကိုမဆို မြန်မာနိုင်ငံရဲ့ရာဇသတ်ကြီးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကိုယ်ဝန်ပျက်အောင်လုပ်ခြင်းကို တားမြစ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်အန္တရာယ်ကိုသော်လည်းကောင်း၊ နိုင်ငံရဲ့ လူဦးရေတိုးပွားမှုကို အဟန့်အတားဖြစ်စေတဲ့အတွက်ကြောင့်သော်လည်းကောင်း တားမြစ်ထားတာဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်အောင်လုပ်တဲ့ မည်သူမဆို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၂ အရ အရေးယူခံရမှာပဲဖြစ်ပါတယ်။
📌 ရာဇသတ်ကြီးပုဒ်မ ၃၁၂
"မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမ၏ အသက်ကိုကယ်ဆယ်လိုသော သဘောရိုးဖြင့်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်စေရန် မိမိအလို
အလျောက်ပြုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ မိန်းမသည် လှုပ်ရှားသောကိုယ်ဝန် နှင့်ဖြစ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။
ရှင်းလင်းချက်။ မိမိ၏ ကိုယ်ဝန်ကို မိမိပျက်စေသည့်မိန်းမသည် ဤပုဒ်မပါ အဓိပ္ပာယ်တွင် အကျုံးဝင်သည်။" လို့ပြဌာန်းထားပါတယ်။
📌 ဤပုဒ်မနှင့် အကျုံးဝင်ရန် အင်္ဂါရပ်များ
(၁) မိန်းမသည် ကိုယ်ဝန်နှင့်ဖြစ်ခြင်း။ (ဒုတိယပိုင်းအတွက် မိန်းမသည် လှုပ်ရှားသော ကိုယ်ဝန်နှင့်ဖြစ်ခြင်း)
(၂) တရားခံသည် ထိုမိန်းမ၏ ကိုယ်ဝန်ကိုပျက်စေရန် ပြုခြင်း။
(၃) တရားခံသည် အလိုအလျောက်ပြုခြင်း။
(၄) ထိုမိန်းမ၏ ကိုယ်ဝန်ပျက်ခြင်း။
(၅) ထိုမိန်းမ၏ အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့်မဟုတ်ဘဲ ပြုခြင်း။ တို့ပဲဖြစ်ပါတယ်။
🔷 ဒီပုဒ်မရဲ့ရှင်းလင်းချက်အရ အခြားလူတစ်ယောက်က ပြုလုပ်ရင်လည်း ဒီပုဒ်မနဲ့ အရေးယူနိုင်သလို ကိုယ်ဝန်ဆောင်အမျိုးသမီးကိုယ်တိုင် ကျူးလွန်ပါကလည်း ဒီပုဒ်မနဲ့ အရေးယူရမှာဖြစ်ပါတယ်။
🔷 ဤပုဒ်မမှာ အပိုင်း နှစ်ပိုင်းခွဲထားပြီး ပထမပိုင်းတွင် လနုသေးသည့် ကိုယ်ဝန်ဆောင် မိန်းမနှင့် အကျုံးဝင်ပြီး ဒုတိယပိုင်းသည် လရင့်သော ကိုယ်ဝန်ဆောင်မိန်းမနှင့် သက်ဆိုင်ပါတယ်။ သာမန်အားဖြင့် ပဋိသန္ဓေရှိပြီး လေးလနှင့် ငါးလကြားတွင် သန္ဓေသားသည် လှုပ်ရှားလေ့ရှိပေသည်။ လရင့်သည့် သန္ဓေသားကိုဖျက်ဆီးခြင်းသည် လနုသည့် သန္ဓေသားကို ဖျက်ဆီးခြင်းထက် ပို၍ အန္တရာယ်ကြီးမားသောကြောင့် ပြစ်ဒဏ်ကိုလည်း ခုနစ်နှစ်ထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။
📌 ဒီပုဒ်မက-
-ရဲအရေးမပိုင်တဲ့ပုဒ်မဖြစ်တယ်။
-ကနဦး ဝရမ်းထုတ်ပေးနိုင်တယ်။
-အာမခံပေးနိုင်တယ်။
-ကျေအေးခွင့်မရှိဘဲ စက်ရှင်တရားရုံးကသာ စစ်ဆေးစီရင်နိုင်မှာဖြစ်ပါတယ်။
ကိုယ်ဝန်က လနုသည်ဖြစ်စေ၊ ရင့်သည်ဖြစ်စေ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သဘောတူညီချက်မပါဘဲ ကိုယ်ဝန်ပျက်စေရင်တော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၃ အရ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။
📌 ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၃
"မည်သူမဆို ကိုယ်ဝန်လှုပ်ရှားသည်ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြသည့် ပြစ်မှုကိုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"လို့ ပြဌာန်းထားပါတယ်။
📌ဤပုဒ်မနဲ့အကျုံးဝင်ရန် အင်္ဂါရပ်တွေကတော့-
-ပုဒ်မ ၃၁၂ မှာပါတဲ့အင်္ဂါရပ်တွေအပြင်
-ကိုယ်ဝန်ဆောင်အမျိုးသမီးက သဘောမတူဘဲ ကိုယ်ဝန်ပျက်စေခြင်းပဲ ဖြစ်ပါတယ်။
📌 ရာဇဝတ်ကျင့်ထုံးမှာတော့ ပုဒ်မ ၃၁၂ နဲ့နည်းတူပဲဖြစ်ပါတယ်။
🔷 ကိုယ်ဝန်ဖျက်တာ၊ ပျက်တာပဲ အထက်ပါပုဒ်မများနဲ့အကျုံးဝင်တာဖြစ်ပြီး ကိုယ်ဝန်မရအောင် တားဆီးတာ၊ အကာအကွယ်ယူတာ၊ သဘာဝအလျောက်ပျက်ကျတာတွေက ပြစ်မှုမမြောက်ပါဘူး။
🔷 ဘယ်ဆေး ဘယ်ဆေးကတော့ ကိုယ်ဝန်ပျက်စေတယ်၊ အာနိသင်ရှိတယ်လို့ စတဲ့ ပြောဆိုအကြံပေးခြင်းတွေက အထက်ပါပုဒ်မများအရ ပြစ်မှုမမြောက်သော်လည်း ကိုယ်ဝန်ပျက်စေရန် အားပေးကူညီခြင်း လို့ တော့ ဆိုနိုင်ပါတယ်။
23/02/2026
မြန်မာနိုင်ငံမှာ အမျိုးသမီးများကို အကာအကွယ်ပေးထားတဲ့ ဥပဒေ၊ ပုဒ်မတွေ အများကြီးရှိပါတယ်။ ဒီပုဒ်မတွေထဲက တစ်ခုဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၉၃ အကြောင်း ပြောပြပေးချင်ပါတယ်။
📌 ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၉၃ မှာ-
"မည်သည့်ယောက်ျားမဆို၊ မိမိနှင့် တရားဝင်ထိမ်းမြားခြင်း မပြုသောမိန်းမကို မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ ယုံကြည်စေသဖြင့် မိမိနှင့် ကာမစပ်ယှက်စေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။" လို့ ပြဌာန်းထားပါတယ်။
📌 ဒီပုဒ်မနှင့် အကျုံးဝင်ရန် အင်္ဂါရပ်များကတော့-
( ၁) တရားခံသည် အမျိုးသမီးနှင့် တရားဝင် ထိမ်းမြားမှု မရှိခြင်း။
(၂) တရားခံက အမျိုးသမီးအား တရားဝင် ထိမ်းမြားခဲ့သည်ဟု လှည့်ဖြားယုံကြည်စေခြင်း။
(၃) ယင်းသို့ယုံကြည်စေသဖြင့် အမျိုးသမီးက ကာမစပ်ယှက်ခွင့်ပြုခြင်း။
(၄) တရားခံက အမျိုးသမီးအား ကာမစပ်ယှက်ခဲ့ခြင်း - စတဲ့အချက်တွေ ရှိနေရပါမယ်။
🔷 ဒီပြစ်မှုက အတုအယောင် ထိမ်းမြားလက်ထပ်ပြီး လိမ်လည်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို တရားဝင်ထိမ်းမြားပြီးဖြစ်တယ်လို့ လှည့်ဖြား၍ ယုံကြည်စေတယ်၊ အမျိုးသမီးက အဲ့ဒီယုံကြည်ချက်ကြောင့် အမျိုးသားကို ကာမစပ်ယှက်ခွင့်ပြုရင် ဒီပုဒ်မအရ အရေးယူနိုင်ပါတယ်။
🔷 သို့ပေမဲ့ တရားမဝင် ထိမ်းမြားလက်ထပ်ပြီး ကာမစပ်ယှက်တိုင်း ဒီပုဒ်မနှင့် အကျုံးမဝင်ပါဘူး။ အမျိုးသားဖြစ်သူက မသိနားမလည်ဘဲ တရားမဝင်တဲ့လက်ထပ်မှုကို တရားဝင်တယ်လို့ယူဆပြီး ပြုလုပ်ခဲ့ခြင်းလဲ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရ ထိမ်းမြားမှုဟာ တရားဝင်တယ်၊ မဝင်ဘူးဆိုတဲဲ့အချက်က လက်ထပ်မဲ့သူတွေရဲ့
- အသက်အရွယ်ကန့်သတ်ချက်
- နှစ်ဦးနှစ်ဖက်ရဲ့ လွတ်လပ်တဲ့ သဘောတူညီချက်
- လက်ထပ်မည့်သူများ ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးဆိုင်ရာ သတ်မှတ်ချက်တွေ
- အသိသက်သေတွေ စတဲ့ စတဲ့အချက်တွေနဲ့ တရားဝင်၊ မဝင် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဥပမာ-
မဟာမေဒင် ဥပဒေအရ မဟာမေဒင်ယောက်ျားနှစ်ဦး
ရှေ့တွင် ထိမ်းမြားလက်ထပ်ရမည်ဖြစ်သော်လည်း တရားလိုနှင့် တရားခံတို့က ဗလီဆရာတစ်ဦးရှေ့မှာ ထိမ်းမြားခဲ့ရင် မဟာမေဒင် ဥပဒေအရ နည်းလမ်းမကျသော ထိမ်းမြားမှုသာဖြစ်တာကြောင့် တရားမဝင် ထိမ်းမြားမှု မဟုတ်ပါဘူး။ ဒါကြောင့် ပုဒ်မ ၄၉၃ နှင့် အကျုံးမဝင်ပါဘူး။
ဒီပုဒ်မဟာ-
-ရဲအရေးမပိုင်ပါ။
-ကနဦးကပင် ဝရမ်းထုတ်ပေးနိုင်တယ်။
-အာမခံ မပေးနိုင်ပါဘူး။
-ကျေအေးခွင့်လဲ မရှိပါဘူး။
-စက်ရှင်ရုံးကသာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။
ဤပုဒ်မအရ အရေးယူရန် လျှောက်ထားချက်ကို နစ်နာသူက ပြုလုပ်ခြင်းမရှိရင် တရားရုံးသည် အရေးယူခြင်း ပြုနိုင်မှာ မဟုတ်ပါဘူး။
လူအများသိကြတဲ့ ကာမလိမ်လည်မှုဆိုတဲ့ ပုဒ်မ ၄၁၇ နဲ့ခြားနားတဲ့အချက်က ပုဒ်မ ၄၁၇ က လက်ထပ်မယ် ယုံအောင်ပြောပြီး ကာမလိမ်လည်ရယူတာပါ။ ပုဒ်မ ၄၉၃ ကတော့ အမျိုးသမီးကို တရားဝင်လက်ထပ်ထားတယ် ထင်အောင် လိမ်လည်လှည့်ဖြားပြီး ကာမရယူတဲ့အချက်ဖြစ်ပါတယ်။
15/02/2026
ခိုးရာပါပစ္စည်းကို ခိုးရာပါပစ္စည်းမှန်းမသိဘဲ သဘောရိုးနဲ့ ဝယ်ယူခြင်း၊ အပေါင်ခံခြင်း၊ ပေးကမ်းခြင်းကို လက်ခံခဲ့တာ စတဲ့ တနည်းနည်းနဲ့ ပိုင်ဆိုင်မှု ပြုထားတဲ့သူတွေဟာ အမှန်တကယ် ပိုင်ဆိုင်သလား၊ အငြင်းပွားမှုတွေဖြစ်လာတဲ့အခါ ဘယ်သူတွေက အမှန်တကယ် ပိုင်ဆိုင်သူတွေလဲ။
ဦးမြအောင် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ ၂ (၂၀၁၂ခုနှစ်၊ မတစ၊ စာ-၃၈) စီရင်ထုံးအား အကျဉ်းချုပ်၍ ဖော်ပြပါမည်။
🔷 အမှုမှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်နေ ဦးမှတ်က ၎င်းပိုင်ဆိုင်တဲ့မြေနဲ့ ပတ်သက်တဲ့စာချူပ်တွေ၊ ဆိုင် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ကျခံစေရန် နှင့် ခိုးယူခံရတဲ့မြေကွက်ရဲ့စာရွက်စာတမ်းတွေ၊ ဆိုင်ခန်းပိုင်ဆိုင်ခွင့်စာအုပ်ခန်းပိုင်ဆိုင်ခွင့်စာအုပ်တွေကို သားဖြစ်သူ မြင့်ဦးနှင့် ချွေးမဖြစ်သူ မာမာဦးတို့က ခိုးယူလျက် ပွဲစား ဦးမြင့်အောင်နှင့်ပူးပေါင်းပြီး ပေါင်နှံအလွဲသုံးစားပြုခဲ့ကြောင်းဖြင့် အရေးယူပေးရန် အမှတ် (၆) ရဲစခန်းသို့ တိုင်တန်းခဲ့ရာ
ချမ်းအေးသာစံမြို့နယ်တရားရုံး၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၅၈၉/၂၀၁၁ တွင် တရားခံ မြင့်ဦး အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ အရ အလုပ်နှင့်တွေကို တရားလို ဦးမှတ်သို့ ပေးစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။
- အပေါင်ခံသူ ဦးမြအောင်က မကျေနပ်၍ မန္တလေးခရိုင်တရားရုံးသို့ပြင်ဆင်တက်ရာ မြို့နယ်ရုံးအမိန့်ကိုပယ်ဖျက်ပြီး ဦးမြအောင်ကို ပြန်ပေးစေရန် အမိန့်ချခဲ့ပါတယ်။
- ထိုအမိန့်ကို တရားလို ဦးမှတ်က မကျေနပ်၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကို တက်တဲ့အခါမှာတော့ ခရိုင်ရုံးအမိန့်ကိုပယ်ဖျက်ပြီး မြို့နယ်ရုံးက ချမှတ်တဲ့ ဦးမှတ်ကိုပြန်ပေးရန် အမိန့်ကိုသာ အတည်ပြုပေးခဲ့ပါတယ်။
- ဒါကြောင့် အပေါင်ခံသူ ဦးမြအောင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ပါတယ်။
🔷 လျှောက်ထားသူ ဦးမြအောင်၏ရှေ့နေက ဦးမှတ်၊ မြင့်ဦးနှင့် မာမာဦး တို့က ငွေကျပ်သိန်း ၃၅၀ ချေးယူရာတွင် အိမ်ပိုင်ဆိုင်မှုစာချုပ်စာတမ်းကို အာမခံအဖြစ် ပေးအပ်ထားရကြောင်း ဦးမှတ်ကိုယ်တိုင်သိရှိခဲ့ပြီးဖြစ်ပါလျက် သားအဖနှစ်ဦး ပူးပေါင်း၍ အမှုဖွင့်တရားစွဲဆိုကာ စာရွက်စာတမ်းများပြန်လည်ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
"အချင်းဖြစ်သက်သေခံပစ္စည်းနှင့်ပတ်သက်၍ ပြစ်မှုအထမြောက်လျှင် ထိုသက်သေခံတင်ပြသော ပစ္စည်းကို ပစ္စည်းတင်ပြသူထံ ပြန်လည်ပေးအပ်ရန် ဖြစ်သည်" ဟု စီရင်ထုံးများ ထုံးဖွဲ့ထားပါ၍ ပစ္စည်းတင်ပြသူထံသို့သာ ပြန်လည်ပေးအပ်သင့်ပါကြောင်း၊
သို့ဖြစ်၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ အမိန့်ကို ပြင်ဆင်ပယ်ဖျက်၍ မန္တလေးခရိုင်တရားရုံး၏ အမိန့်ကို ပြန်လည်အတည်ပြုသင့်ပါကြောင်းလျှောက်လဲ တင်ပြသည်။
🔷လျှောက်ထားခံရသူ (၁) ၏ရှေ့နေက ဦးမှတ်တို့သားအဖက အကွက်ဆင်၍ စာချုပ်စာတမ်းများပြန်ရအောင် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြချက်သည် လျှောက်ထားသူ၏ ထင်မြင်ချက်သာဖြစ်ကြောင်း ထိုသို့ အကွက်ဆင်ဖန်တီးခဲ့သော အထောက်အထားရှိပါက ပြစ်မှုကြောင်းအရ အမှုဖွင့်တရားစွဲဆိုရန်သာဖြစ်ပါကြောင်း၊
လျှောက်ထားသူက ကိုးကားသည့် စီရင်ထုံးတွင် "ပစ္စည်းတင်ပြသူထံ ပြန်လည်ပေးအပ်ရန်ဖြစ်သည်" ဟူသော စကားရပ်သာမက “သို့ရာတွင် အထူးအကြောင်းရှိက ပြန်လည်ပေးအပ်ရန်မဟုတ်” ဟူ၍လည်း ပါရှိပြီး အဆိုပါစီရင်ထုံးမှာ တရားခံအားအပြီးအပြတ်လွှတ်ခဲ့သော အမှုဖြစ်၍ သဘာဝမတူပါကြောင်း၊
သို့ဖြစ်၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ခိုးရာပါပစ္စည်းဖြစ်သော သက်သေခံစာရွက်စာတမ်းများဖြစ်သောကြောင့် တရားလို ဦးမှတ်သို့ ပြန်ပေးစေရန် အမိန့်ကို အတည်ပြုခဲ့ခြင်းမှာ မှန်ကန်ပါကြောင်း၊
လျှောက်ထားသူ၏ ပြင်ဆင်မှုကို ပလပ်သင့်ပါကြောင်း လျှောက်လဲတင်ပြသည်။
🔷 လျှောက်ထားခံရသူ (၂) ၏ ရှေ့နေက အမှုတွင် စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးမှတ်ပိုင်ဆိုင်သည့်စာရွက်စာတမ်းများကို မြင့်ဦးက ခိုးယူပြီး ဦးမြအောင်ထံငွေများ ချေးယူခဲ့ခြင်း ဖြစ်သဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၀ အရ ခိုးရာပါပစ္စည်းဖြစ်ပါကြောင်း၊
တရားခံမြင့်ဦးအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ ဖြင့် ထောင်ဒဏ် ၁ နှစ် နှင့် ၆ လ ချမှတ်ခဲ့သော အမိန့်မှာလည်း အတည် ဖြစ်လျက်ရှိပါကြောင်း၊
ဦးမြအောင်က တရားခံကို ငွေချေးပေးရာ၌ အာမခံအဖြစ် ရယူထားသောပစ္စည်းမှာ ခိုးရာပါပစ္စည်းဖြစ်သဖြင့် ဦးမြအောင်သည် ပြန်လည်ရထိုက်ခွင့်မရှိပါကြောင်း၊
သို့ဖြစ်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၏ အမိန့်ကို အတည်ပြုလျက် ပြင်ဆင်မှုကို ပလပ်သင့်ပါကြောင်း လျှောက်လဲတင်ပြသည်။
📌 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၀ ၏ ဖွင့်ဆိုချက်အရအချင်းဖြစ် သက်သေခံစာရွက်စာတမ်းများမှာ ခိုးယူခြင်းဖြင့် လက်ပြောင်းခဲ့သော ပစ္စည်းများ ဖြစ်ပြီး ခိုးရာပါပစ္စည်း သည် ဥပဒေအရ လက်ရှိဖြစ်ထိုက်သူ၏ လက်သို့ပြန်လည်ရောက်ရှိသည့်အခါမှသာ ခိုးရာပါပစ္စည်း အဖြစ်မှ ရပ်စဲမည်ဖြစ်သည်။
ထို့ကြောင့် အဆိုပါပစ္စည်းများသည် ဦးမြအောင်၏ လက်ဝယ်၌ ထားရှိနေသမျှကာလပတ်လုံး ခိုးရာပါ ပစ္စည်းအဖြစ်မှ ရပ်စဲသွားမည်မဟုတ်ပေ။
📌 စီရင်ထုံးများ ထုံးဖွဲ့ထားမှုအရ သဘောရိုးဖြင့် ဝယ်ယူသည်ဆိုစေကာမူ ရောင်းပိုင်ခွင့်မရှိသောသူထံမှ ဝယ်ယူခဲ့သောကြောင့် ပိုင်ဆိုင်ခွင့်ရရှိမည်မဟုတ်ကြောင်း၊ သဘောရိုးဖြင့် ဝယ်ယူကြောင်း ထင်ရှားလျှင် ခိုးရာပါပစ္စည်း လက်ခံမှုနှင့် အရေးယူခံရခြင်းမှ ကင်းလွတ်မည်ဖြစ်သော်လည်း “ဥပဒေအရ လက်ရှိ ရထိုက်သူ” အဖြစ်သို့ ရောက်မလာနိုင်သည့်အတွက် ပစ္စည်းပြန်ရနိုင်ရန်အတွက် အရေးမဆိုနိုင်ကြောင်း ထုံးဖွဲ့ထားသည်။
📌သို့ဖြစ်ရာ သက်သေခံစာရွက်စာတမ်းများကို ဦးမြအောင်သို့ ပြန်လည်ပေးအပ်စေခဲ့သည့် မန္တလေး ခရိုင်တရားရုံး၏ အမိန့်ကို ပယ်ဖျက်လျက် လျှောက်ထားသူ ဦးမြအောင်အနေဖြင့် ငွေချေးပေးရာတွင် မြင့်ဦးထံမှ လက်ခံရယူထားသော စာရွက်စာတမ်းများကို လက်ဝယ်ထားခွင့်ရှိမည်မဟုတ်ကြောင်း သုံးသပ်ကာ ချမ်းအေးသာစံမြို့နယ်တရားရုံး၏ အမိန့်ကို ပြန်လည်အတည်ပြုခဲ့သော မန္တလေး တိုင်းဒေသကြီးတရားလွှတ်တော်၏ အမိန့်မှာ မှားယွင်းခြင်းမရှိသဖြင့် ဝင်ရောက်စွက်ဖက်ပြင်ဆင်ရန် အကြောင်းမရှိပေ။
📌 ထို့ကြောင့် လျှောက်ထားသူ၏ ပြင်ဆင်မှုကို ပလပ်လိုက်သည်။ "လို့ ဆုံးဖြတ်ထားပါတယ်။
ဒါဆိုရင် ခိုးယူခြင်းဖြင့် လက်ပြောင်းခဲ့တဲ့ ခိုးရာပါပစ္စည်းဟာ ဥပဒေအရ လက်ရှိဖြစ်ထိုက်သူလက်ထဲ ပြန်လည်ရောက်ရှိသည့်အခါမှသာ ခိုးရာပါပစ္စည်းအဖြစ်မှ ရပ်စဲကြောင်း၊ ခိုးရာပါပစ္စည်းကို သဘောရိုးနဲ့ ဝယ်ယူထားခဲ့ရင်တောင် မိမိမှာ ပိုင်ဆိုင်ခွင့်မရှိကြောင်း သဘောပေါက်ရမှာ ဖြစ်ပါတယ်။
#စီရင်ထုံးများ
02/02/2026
မမှန်သက်သေခံခြင်း၊ မမှန်သက်သေဖန်တီးခြင်းတွေက ဘယ်လိုအရေးယူခံရနိုင်လဲ။ ပြစ်ဒဏ်တွေက ဘာတွေလဲ။
🔷 ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၉၁ နှင့် ၁၉၂ တွင် မမှန်သက်သေခံခြင်းနဲ့ မမှန်သက်သေဖန်တီးခြင်းဆိုတာ ဘယ်လိုမျိုးတွေလဲ ဆိုတာ အသေးစိတ်ရှင်းလင်းထားပြီးဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၉၃ မှာတော့ မမှန်သက်သေခံရင် ၊ ဖန်တီးရင် ဘယ်လိုပြစ်ဒဏ်တွေကျခံရနိုင်လဲ ဆိုတာ ပြဌာန်းထားပါတယ်။
🔷 ရာဇသတ်ကြီး ပုဒ်မ ၁၉၃ -
"တရားစီရင်သော မှုခင်းကိစ္စတွင် မည်သည့်အဆင့်၌ဖြစ်စေ၊ မည်သူမဆို မမှန် သက်သေခံလျှင် သို့တည်းမဟုတ် မည်သည့်အဆင့်၌ဖြစ်စေ သက်သေခံအဖြစ် အသုံးပြုရန် မမှန်သက်သေကို တမင်ဖန်တီးလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့ပြင် အခြားမှုခင်းကိစ္စတွင် တမင် မမှန် သက်သေခံလျှင်၊ သို့တည်းမဟုတ် မမှန်သက်သေကို တမင်ဖန်တီးလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"
ရှင်းလင်းချက် -၁။ ။စစ်တရားရုံးတွင် စစ်ဆေးစီရင်သော မှုခင်းကိစ္စသည် တရားစီရင်သော မှုခင်း ကိစ္စမည်၏။
ရှင်းလင်းချက် -၂။ ။ တရားရုံးတွင် အမှုစစ်ဆေးစီရင်ခြင်း မပြုမီ၊ ဥပဒေ ညွှန်ကြားချက်အရ ကြိုတင် မေးမြန်း စုံထောက်ခြင်းသည် တရားရုံးတွင် မေးမြန်းစုံထောက်မှု ပြုခြင်း မဟုတ်သော်လည်း တရားစီရင်သော မှုခင်းကိစ္စ၏ အဆင့်တစ်ဆင့်ဖြစ်သည်။
ရှင်းလင်းချက် - ၃။ ။ ဥပဒေအရ တရားရုံးက ညွှန်ကြား၍ တရားရုံးအမိန့်အရ ဆောင်ရွက်သော မေးမြန်းစုံထောက်ခြင်းသည် တရားရုံး မေးမြန်း စုံထောက်မှုပြုခြင်းမဟုတ် သော်လည်း တရားစီရင်သော မှုခင်းကိစ္စ၏ အဆင့်တစ်ဆင့်ဖြစ်သည်။
ဒီပုဒ်မက-
-ရဲအရေးမပိုင်ပါ။
-ကနဦး ဝရမ်းထုတ်ပေးနိုင်တယ်။
-အာမခံ ပေးနိုင်တယ်။
🔷 ဥပမာ-
၁။ အမှန်ထွက်ဆိုပါမယ်လို့ ကျမ်းသစ္စာပြုပြီး A က ရေးထိုးထားတဲ့လက်မှတ် တစ်ခုကို B ရဲ့လက်မှတ်ဖြစ်တယ်လို့မိမိ မယုံကြည်ပါလျက်နဲ့ B ရဲ့လက်မှတ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း ထွက်ဆိုတယ်။
ဒီနေရာမှာ Aသည် B ရဲ့လက်မှတ် မဟုတ်တာကို သိလျက်နဲ့ B ရဲ့လက်မှတ်လို့ ထွက်ဆိုခြင်း ဖြစ်သည်။ ဒါ့ကြောင့် A ဟာ မမှန်သက်သေခံခြင်း ဖြစ်ပါတယ်။
၂။ A သည် B ရဲ့ ထိုးမြဲလက်မှတ်၊ လက်ရေးလက်သားကို သိလို့ ရေးထိုးထားတဲ့ လက်မှတ်တစ်ခုကို B ရဲ့ လက်မှတ်ဖြစ်တယ်လို့ သဘောရိုးဖြင့် ယုံကြည်သည့်အတိုင်း B ရဲ့ လက်မှတ်ဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ထွက်ဆိုတယ်။
A ရဲ့ထွက်ဆိုချက်သည် သူ၏ ယုံကြည်ချက်နှင့်သာ သက်ဆိုင်သည့်အပြင် B ရဲ့လက်မှတ်လို့ သူတကယ် ယုံကြည်တာလဲဖြစ်တယ်။ ဒါ့ကြောင့် အဆိုပါ ရေးထိုးထားသော လက်မှတ်သည် B ရဲ့ လက်မှတ်မဟုတ်စေကာမူ A သည် မမှန်သက်သေခံတယ်လို့ မဆိုနိုင်ပါဘူး။
၃။ A က B ကို ငွေ သိန်း ၁၀၀ လိမ်လည် အလွဲသုံးစားလုပ်တယ်လို့ တရားစွဲထားတယ်။ C က A ဘက်က သက်သေလိုက်ပြီး B က ငွေယူထားတာ မှန်တယ်၊ သူသိတယ်၊ မြင်တယ် လို့ ထွက်ဆိုတယ်။ တကယ်တော့ C က တကယ်လဲ မသိသလို၊ B နဲ့ မတွေ့ခဲ့ဘူး။ ဒါဆိုရင် C က မမှန်မှန်းသိရဲ့နဲ့ လိမ်လည်ထွက်ဆိုတာဖြစ်တယ်။ ပြစ်မှုထင်ရှားရင် ဒီပုဒ်မအရ ပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်
ဒီလောက်ဆိုရင် မမှန်သက်သေခံခြင်းဆိုတာဘာလဲ၊ ဘယ်လို ပြစ်ဒဏ်တွေခံရနိုင်လဲဆိုတာ သိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။
#မမှန်သက်သေခံခြင်း
19/01/2026
ဒီတစ်ပတ်မှာတော့ အလုပ်သမားတွေ ဥပဒေအရ ဘယ်ခွင့်တွေ ခံစားခွင့်ရှိသလဲ...ဆိုတာကို ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ နှင့်
၂၀၁၈ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများ အရ ခွင့်အမျိုးမျိုးနဲ့ ပတ်သက်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
အလုပ်သမားက ဥပဒေနှင့်အညီ ခွင့်တိုင်ကြားလျှင် အောက်ပါအတိုင်း ခွင့်ခံစား ခွင့်ရှိပါတယ်။
🔷 ခွင့် အမျိုးအစားများ
(၁) ရှောင်တခင်ခွင့်
(၂) ဆေးလက်မှတ်ခွင့်
(၃) လုပ်သက်ခွင့်
(၄) မီးဖွားခွင့်
🔷(၁) ရှောင်တခင်ခွင့် (ပုဒ်မ-၅)
- အလုပ်စဝင်တဲ့နေ့မှ ၁၂ လအတွင်း လစာပြည့်ဖြင့် (၆) ရက် ရထိုက်ခွင့်ရှိသည်။
- တစ်ကြိမ်လျှင် (၃) ရက် ထက် ပိုပြီး ခံစားခွင့်မရှိ။ (နည်းဥပဒေအရ အကြောင်းထူးရှိမှသာ ၃ ရက်ထက်ပိုရနိုင်။)
- အခြားခွင့်နှင့် ပေါင်းစပ်ယူခွင့်မရှိ။
- သက်ဆိုင်ရာနှစ်တွင် မယူက ပျက်ပြယ်သည်။
🔷(၂) ဆေးလက်မှတ်ခွင့်ရက် (ပုဒ်မ-၆)
- လုပ်သက် (၆) လ ပြည့်သူသည် လုပ်ခလစာပြည့်နဲ့ တစ်နှစ်လျှင် (၃၀) ရက် ရရှိပါသည်။
- လုပ်သက် (၆) လ မပြည့်က လစာမဲ့ဖြင့် ခံစားနိုင်သည်။
- လုပ်သက်ခွင့်နှင့် ပေါင်းယူနိုင်သည်။ (ပုဒ်မ-၇)
- သက်ဆိုင်ရာနှစ်တွင် မယူက ပျက်ပြယ်သည်။
- သက်ဆိုင်ရာ ဆရာဝန်၏ ဆေးလက်မှတ် တင်ပြရမည်။
- လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင် အာမခံအလုပ်သမားဖြစ်ပါက ယင်းဥပဒေပါခံစားခွင့်အတိုင်း ခံစားခွင့် ရှိသည်။
🔷(၃) လုပ်သက်ခွင့် (ပုဒ်မ-၄)
- တစ်ဆက်တည်း (၁၂) လပြည့်အောင် လုပ်ကိုင်ခဲ့ပြီး လတိုင်း ရက်(၂၀) ပြည့်အောင်လုပ်ခဲ့လျှင် လုပ်သက်ခွင့် ၁၀ ရက်ကို တစ်ဆက်တည်း အခကြေးငွေ သို့ လစာငွေဖြင့် ခံစားခွင့်ရှိသည်။
- ရက် (၂၀) ပြည့်အောင်မလုပ်ခဲ့တဲ့ လတိုင်းအတွက် (၁) ရက်နှုန်း ဖြတ်တောက်ခံရမည်။
(ခြွင်းချက်- ထို 12 လအတွင်း အလုပ်သမား မကျန်းမာ၊မတော်တဆထိခိုက်၊ အခြားပျက်ကွက်မှု ထိုပျက်ကွက်မှု သုံးမျိုးပေါင်း ရက် 90 မကျော်ရ။ သို့
- အလုပ်ရှင်က အလုပ်ပိတ်၊သပိတ်မှောက်ကြတာ၊အလုပ်မှာ အလုပ်မရှိတာတွေကြောင့် အလုပ်သမားဘက်မှ ထိုပျက်ကွက်မှု သုံးမျိုးပေါင်း ရက် 30 မကျော်ဘဲ ပျက်ကွက်ပါက ထိုသူကို တစ်ဆက်တည်း 12 လပြည့်အောင် လုပ်ခဲ့တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။)
- ခွင့်မယူမှီ ခွင့်လစာငွေကို ကြိုတင်ထုတ်ပေးရမည်။
- ခွင့်မယူမှီ အလုပ်မှ ထွက်၊ ထုတ်၊ သေဆုံးပါက ထိုသူရသင့်သည့် လုပ်သက်ခွင့်များအတွက် လွန်ခဲ့သည့် ရက်ပေါင်း (၃၀) က ရရှိသည့် လစာငွေနှုန်းထားအတိုင်း တွက်ချက်၍ ပေးရမည်။
-အလုပ်ရှင် အလုပ်သမားသဘောတူပါက လုပ်သက်ခွင့်ကို 3 နှစ်ထိ စုဆောင်းနိုင်သည်။
- နည်းဥပဒေရဲ့ ပြဌာန်းချက်အရ လုပ်ငန်း သဘော သဘာဝကြောင့် တဆက်တည်း 12 လပြည့်အောင် မလုပ်ရတဲ့သူတွေက လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို လုပ်သက်ရဲ့ အချိုးကျအတိုင်း ခံစားခွင့်ရှိပါတယ်။
(ဥပမာ- ၆ လပဲ လုပ်ရမဲ့ construction project တစ်ခုမှာ အလုပ်လုပ်ရတဲ့သူတွေက တစ်နှစ်မှာ အများဆုံး ၆ ရက်ပဲရတဲ့ ရှောင်တခင်ခွင့်ကို အချိုးကျ ၃ ရက်ပဲရမယ်ပေါ့။)
🔷(၄) မီးဖွားခွင့်
-လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွား မီ (၆)ပတ် ၊ မီးဖွားပြီး (၈)ပတ်ခံစားခွင့်ရှိသည်။
-ကိုယ်ဝန် ပျက်ကျပါက ပျက်သည့်နေ့မှ ၆ ပတ် ခံစားခွင့်ပြုရမည်။ (ဖျက်ချတာ မဖြစ်ရပါဘူး။)
🔷 နောက်တစ်ခုက အလုပ်သမား၏ မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံး အခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ရှိသည်။ အလုပ်သမား၏ ဥပဒေ ပါခွင့်ခံစားမှု ကုန်ဆုံးပါက လစာမဲ့ခွင့်အနေဖြင့် ညှိနှိုင်းခံစားခွင့်ရှိပါတယ်။
🔷 ဒီအက်ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်၊ အလုပ်ပိတ်ရက်တွေ အောက် လျော့နည်းရယူဖို့ ချုပ်ဆိုထားတဲ့ အလုပ် သဘောတူစာချုပ် သို့ အလုပ်ပဋိညာဉ်စာချုပ်သည် ပျက်ပြယ်ရမည်။
🔷 ခွင့်ခံစားနေစဉ် အလုပ်သမားကို အလုပ်နေရာပြောင်းခြင်း၊ ရာထူးလျော့ခြင်း၊ အလုပ်ထုတ်ခြင်းများ မပြုရ။
နောက်အပတ်မှာလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဥပဒေတွေ ဖော်ပြသွားမှာမို့ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
12/01/2026
အလုပ်ခန့်ထားမှုဆိုင်ရာသဘာတူညီချက်စာချုပ်
Employment contract (EC) ဆိုတာ ဘာလဲ?
အလုပ်ခန့်ထားမှုဆိုင်ရာသဘာတူညီချက်စာချုပ် (EC) …ဆိုတာ အလုပ်ရှင် နဲ့ အလုပ်သမား အကြား တရားဝင်စည်းနှောင်မှုရှိတဲ့ သဘောတူညီချက် တစ်ခု ဖြစ်ပါတယ်။
💠အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃)၊ အခန်း(၃)၊ ပုဒ်မ ၅(က) မှာ-
(၁) အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃ဝ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘာတူညီချက် စာချုပ်ချုပ်ဆိုရမည်။ သို့ရာတွင် အစိုးရဌာန၊အစိုးရအဖွဲ့အစည်းတွင် အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(၂) အလုပ်ခန့်ထားခြင်းမပြုမီ အကြိုသင်တန်းကာလ နှင့် အစမ်းခန့် ကာလသတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁) ပါသတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ ...လို့ပြဌာန်းထားပါတယ်။
ပုဒ်မ ၅(ခ)မှာတော့ EC စာချုပ်ချုပ်ဆိုပါက အလုပ်အကိုင်အမျိုးအစား၊ အစမ်းခန့်ကာလ၊ လုပ်ခ/လစာ၊.......စတဲ့ EC မှာ ပါဝင်ရမဲ့အချက် (၂၁)ချက် ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ၃၁-၈-၂၀၁၅ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၂၀၁၅ ဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရန် ကြေညာခဲ့ပါတယ်။ သို့သော်လည်း စာချုပ်ချုပ်ဆိုရန် အခက်အခဲများရှိ၍ ၂၉-၇-၂၀၁၇ ရက်နေ့မှာ EC စာချုပ်မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက အတည်ပြုခဲ့ပြီး uniform ဖြစ်တဲ့ EC စာချုပ်ပုံစံ ထွက်လာခဲ့ပါတယ်။ EC ပုံစံကို အောက်ပုံတွင်ဖော်ပြထားပါတယ်။
💠 EC ဘယ်အချိန်မှာချုပ်ရမလဲ၊ EC သက်တမ်း:
- အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) အရ ပုဂ္ဂလိကကဏ္ဍ မှာ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာန၊ကုမ္ပဏီ၊လုပ်ငန်းများမှာ ဝန်ထမ်း (၅)ဦးနဲ့ အထက်ရှိရင် EC ချုပ်ဆိုရမှာဖြစ်ပါတယ်။
- EC သက်တမ်းကို ဘယ်ရွေ့ဘယ်မျှဆိုပြီး မသတ်မှတ်ထားပေမဲ့ အနည်းဆုံး တစ်နှစ်ရှိရပါမယ်။ တချို့က EC ကို (၁)နှစ် တစ်ကြိမ် သက်တမ်းတိုးတဲ့သူများရှိသလို EC ပါ မည့်သည့်အချက်အလက်များမပြောင်းလဲပါက အသစ်ချုပ်ဆိုခြင်းမပြုဘဲ ယခင်ချုပ်ဆိုထားတဲ့အတိုင်း ထားကြပါတယ်။
- ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အတည်ပြုပေးခဲ့ EC စာချုပ် အပိုဒ်(၅)(ခ)မှာ-
အလုပ်သမားဘက်မှစာချုပ်ပါ အချက်များကိုဖောက်ဖျက်ခြင်းမရှိပါက ဤသဘောတူစာချုပ်သက်တမ်းကာလ တိုးပေးနိုင်သည်။ သို့ရာတွင်အလုပ်ရှင်သည် စာချုပ်သက်တမ်းတိုးပေးခြင်းကိုအကြောင်းမဲ့ငြင်းပယ်ခြင်းမပြုရ"လို့ပါရှိပြီးဖြစ်ပါတယ်။
💠 EC ပုံစံ မှာပါရှိတဲ့ အချက်များကိုပြင်ဆင်၊ ဖြည့်စွက်ခြင်းလိုပါက:
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃) အခန်း(၃)၊ အပိုဒ် (၅-စ) မှာ-
“အလုပ်ရှင်နှင့်အလုပ်သမား (သို့)အလုပ်သမားများ သည်နှစ်ဖက်သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါ လုပ်ငန်းခွင်စည်းကမ်းနှင့်အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလို ပြင်ဆင်နိုင်သည်။ “ဟုလည်းကောင်း၊
EC စာချုပ်အပိုဒ်(၂၁) (ဂ) မှာ-
" အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်အား လုပ်ငန်း၏ သဘောသဘာဝအရ တည်ဆဲ အလုပ်သမား ဥပဒေများပါ ရပိုင်ခွင့်နှင့် အခွင့်အရေးများ အောက်ယုတ်လျော့ခြင်း မရှိဘဲ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းမှ အလုပ်ရှင်နှင့် ၅၀ ရာခိုင်နှုန်း ထက်ကျော်သော အလုပ်သမားများ၏ သဘောတူညီချက်ဖြင့်ပြင်ဆင်ဖြည့်စွက်နိုင်သည်။ "လို့ ဖေါ်ပြထားပြီးဖြစ်ပါတယ်။
ဒီနေရာမှာ EC ကို ပြင်ဆင်/ဖြည့်စွက်နိုင်တယ်။ ဒါပေမယ့် တည်ဆဲဥပဒေတွေနဲ့ညီပြီး ဥပဒေပါ ရပိုင်ခွင့်နှင့်အခွင့်အရေးများ အောက်ယုတ်လျော့ခြင်း မရှိရပါဘူး။ ပြင်ဆင်/ဖြည့်စွက်ချက်တွေကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ခရိုင် (သို့) မြို့နယ်ဦးစီးမှုးထံ တင်ပြပြီးအတည်ပြုချက်ရယူရမှာဖြစ်ပါတယ်။
💠 EC အတည်ပြုခြင်း။
EC ကို (၃)အုပ် ပြင်ဆင်ရမှာဖြစ်ပြီး စာချုပ်မှာ အလုပ်ရှင်၊အလုပ်သမား၊ သက်သေ (၂)ဦး အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနခရိုင်(သို့) မြို့နယ်ဦးစီးအရာရှိမှ အတည်ပြု လက်မှတ်ရေးထိုးရတဲ့ စာချုပ်ဖြစ်ပါတယ်။ ထိုသူများအားလုံး လက်မှတ်ထိုးပြီး လိုအပ်တဲ့ တံဆိပ် (seal) ရိုက်
နှိပ်ပြီးရင် အလုပ်သမား ကို (EC) တစ်အုပ်၊အလုပ်ရှင်ဘက်က တစ်အုပ် နဲ့ သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ခရိုင်(သို့) မြို့နယ်ရုံးမှာ တစ်အုပ် သိမ်းဆည်းထားမှာဖြစ်ပါတယ်။
💠 EC စာချုပ် မချုပ်ဆိုပါက ပြစ်မှု၊ ပြစ်ဒဏ်။
၂၀၁၃ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၃၈(က) အရ-
"မည်သည့်အလုပ်ရှင်မဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည် -
(က) ပုဒ်မ ၅၊ ပုဒ်မခွဲ(က)အရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခြင်း၊" လို့ပါရှိပါတယ်။ ဒါဆိုရင် EC စာချုပ်ဆိုတာ ဘာလဲ၊ ဘာပုံစံ ရှိသလဲ၊ ဘာတွေ ပါဝင်ရမလဲဆိုတာ သိရှိသွားမယ်လို့မျှော်လင့်ပါတယ်။
#စာချုပ်
29/12/2025
လူတစ်ဦးတစ်ယောက် ကို လိမ်လည်တဲ့နေရာမှာ ဘယ်နည်းဘယ်ပုံနဲ့လိမ်လည်သလဲဆိုတဲ့အပေါ်မူတည်ပြီး ပြစ်မှု၊ ပြစ်ဒဏ်များ ကွာခြားသွားမှာဖြစ်ပါတယ်။ ဒါဆို ယနေ့ခတ် အတွေ့ရများလာတဲ့ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ကို ဘယ်အချိန်မှာ အသုံးပြုတရားစွဲဆိုနိုင်သလဲ၊ ဘာတွေကို ပြုလုပ်မိတဲ့အခါ ဤပုဒ်မအရ တရားစွဲဆိုခံရနိုင်သလဲ။ လောင်းကစားငွေနဲ့ပတ်သက်ပြီး လိမ်လည်မှုဖြစ်လာတဲ့အခါရော ဒီပုဒ်မနဲ့တရားစွဲဆိုနိုင်သလား။
ရာဇသတ်ကြီးပုဒ်မ ၄၂၀ မှာ အောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
"မည်သူမဆို လှည့်ဖြားခြင်းခံရသောသူအား တစ်ခုခုသောပစ္စည်းကို သူတစ်ဦးသို့ ပေးအပ်စေရန်သော်လည်းကောင်း၊ အဖိုးတန်စာတမ်းအမှတ်အသားအားလုံးကို သို့မဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ လက်မှတ်ရေးထိုးခြင်းသော်လည်းကောင်း၊ တံဆိပ်ခတ်နှိပ်ခြင်းသော်လည်းကောင်း ရှိသည်လည်းဖြစ်၍ အဖိုးတန်စာတမ်း အမှတ်အသားအဖြစ်သို့ ပြောင်းလဲနိုင်သည်လည်းဖြစ်သော အရာအားလုံးကို သို့မဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြုစေရန် သို့မဟုတ် ပြင်ဆင်စေရန် သို့မဟုတ် ဖျက်ဆီးစေရန်သော်လည်းကောင်း ထိုလှည့်ဖြားခြင်းခံရသူအား လိမ်လည်၍ မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်လျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။" ဟု ပြဌာန်းထားပါတယ်။
အောက်ပါ အင်္ဂါရပ်များနှင့် အကျုံးဝင်ပါက ပုဒ်မ ၄၂၀ အရတရားစွဲဆိုနိုင်မှာဖြစ်ပါတယ်။
၁။ တရားခံသည် တစ်ဦးတစ်ယောက်အား လှည့်ဖြားခြင်း။
၂။ ယင်းသို့လှည့်ဖြားသဖြင့် ထိုသူက ပစ္စည်းတစ်စုံတစ်ရာကို သူတစ်ပါးအား အဖိုးတန် စာတမ်းအမှတ်အသားအဖြစ်သို့ ပြောင်းလဲနိုင်သည့် အရာဝတ္ထုကို ပြင်ဆင်ခဲ့ရခြင်း၊ ပြုခဲ့ရခြင်း၊ ဖျက်ဆီးခဲ့ရခြင်း။
၃။ မရိုးမဖြောင့်သောသဘောဖြင့် လှည့်ဖြားခြင်း။
📌ဒီပုဒ်မဟာ-
-ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိတယ်။
-အာမခံပေးလို့ရပါတယ်။
-ကျေအေးခွင့်မရှိပါဘူး။
📌 ပုဒ်မ ၄၂၀ အရ လိုအပ်သည့်အင်္ဂါရပ်များနှင့်ပြည့်စုံမှသာ ဤပုဒ်မနှင့်အရေးယူနိုင်မှာဖြစ်ပြီး ဤပုဒ်မအရ လိုအပ်သောအင်္ဂါရပ်နှင့် ပြည့်စုံခြင်းမရှိလျှင် သာမန်လိမ်လည်မှုဖြစ်တဲ့ ပုဒ်မ ၄၁၇ အရသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လိမ်လည်မှုတွင် မရိုးမဖြောင့်သောသဘောဖြင့် ပြုလုပ်ခြင်းသာ သက်ဆိုင်ပြီး လိမ်လည်စဉ်အချိန်က မတရားရယူခြင်းသော်လည်းကောင်း၊ မတရားဆုံးရှုံးခြင်းသော်လည်းကောင်း အကြံရှိသည်ဟု ထင်ရှားခြင်းမရှိပါက မရိုးမဖြောင့်သောသဘောနှင့် ပြုသည်ဟု မဆိုနိုင်၍ ပုဒ်မ ၄၁၇ အရသာ အပြစ်ပေးသင့်ကြောင်း စီရင်ထုံးများထုံးဖွဲ့ထားပါတယ်။ လိမ်လည်မှုဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေက လိမ်လည်မှုဖြစ်သလဲဆိုတာကို ရာဇသတ်ကြီးပုဒ်မ ၄၁၅ မှာ အသေးစိတ်ဖော်ပြထားပြီးဖြစ်ပါတယ်။
📌 လူတစ်ဦးတစ်ယောက်က လိမ်လည်လှည့်ဖြားရာမှာ နည်းအမျိုးမျိုးသုံးစွဲနိုင်ပါတယ်။ ဒါဆို လောင်းကစားငွေနဲ့ပတ်သက်တဲ့အမှုကရော ဒီပုဒ်မအရ တရားစွဲဆိုခွင့်ရှိသလား။
[ဦးထီပါ ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ -၄၈] မှာ-
တရားမမှုများတွင် ပဋိညာဉ်အရ လောင်းကစားနှင့်ပတ်သက်၍ ပြုလုပ်သော ပဋိညာဉ်သည် ပျက်ပြယ်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ပြစ်မှုဆိုင်ရာအမှုများ၌ ယင်းပြဋ္ဌာန်းချက်သည် အကျုံးမဝင်သဖြင့် နွားလှည်းပြိုင်ပွဲအတွက် လောင်းကြေးငွေကို လိမ်လည်ရယူလျှင် ပုဒ်မ ၄၂ဝ အရ ပြစ်ဒဏ်ထိုက်သင့်သည်။" ဟု ဆုံးဖြတ်ထားပါတယ်။
📌 ဒီနေရာမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ရဲ့ လိမ်လည်ခြင်းနဲ့ ပုဒ်မ ၄၀၆ ရဲ့ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကလည်း တူမယောင်နဲ့ကွာခြားပါတယ်။ တခါတရံ အချင်းဖြစ်အကြောင်းအရာ အပေါ် မူတည်ပြီး ပုဒ်မ ၄၀၆ အရလား တရားစွဲဆိုရမည်လား၊ ပုဒ်မ ၄၂၀ အရ တရားစွဲဆိုရမည်လား ဒွိဟဖြစ်လာတတ်ပါတယ်။
ဦးအေးသိန်း နှင့် ပြည်ထောင်စုသမ္မ မြန်မာနိုင်ငံတော်ပါ ၂ (၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၇၇)မှာ-
ရာဇသတ်ကြီးပုဒ်မ ၄၀၆၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုနဲ့ ပုဒ်မ ၄၂၀၊ လိမ်လည်မှု ကွာခြားချက်ကို
ဖော်ပြထားပြီး မည်သည့်ပုဒ်မနဲ့ တရားစွဲဆိုသင့်ကြောင်း ဆုံးဖြတ်ထားပါတယ်။
ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဆိုတဲ့နေရာမှာ လူတစ်ဦးတစ်ယောက်ကို ယုံကြည်လို့ ပစ္စည်းအပ်နှံထားပြီး ထိုလူဟာလဲ အပ်နှံထားတဲ့ပစ္စည်းကို ပစ္စည်းပိုင်ရှင်အား မည်သည့်သွေးဆောင်မှုမှ မပြုဘဲ အပ်နှံခံရသူထံ အလိုအလျောက် ရောက်လာပြီးမှ အပ်နှံခံရသူဟာ မရိုးမဖြောင့်တဲ့သဘောနဲ့ အလွဲသုံးစားပြုလုပ်လိုက်တာဖြစ်ပါတယ်။
ပုဒ်မ ၄၂၀ အရ လိမ်လည်မှုဆိုတာကတော့ အစတည်းက လိမ်လည်လှည့်ဖြားလိုတဲ့သဘောနဲ့ ပစ္စည်းပိုင်ရှင်ရဲ့ပစ္စည်း၊ ငွေ၊ စာရွက်စာတမ်း စသည်များကို သွေးဆောင်ပြီးလုပ်ဆောင်၊ ပြုပြင်၊ ပြောင်းလဲစေတာ ဖြစ်ပါတယ်။ ယင်းအမှုက ပုဒ်မ ၄၂၀ ရဲ့အင်္ဂါရပ်တွေနဲ့ကိုက်ညီပြီး ပိုမိုကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်နိုင်တာကြောင့် ဤပုဒ်မ ၄၂၀ ဖြင့်သာ တရားစွဲဆိုစေခဲ့ပါတယ်။
ဒါဆိုရင် ယနေ့ခတ်အတွေ့ရများလာတဲ့ 420 ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးကိုပြောတာလဲဆိုတာ ယေဘုယျ လေ့လာနိုင်လိုက်မယ်လို့မျှော်လင့်ပါတယ်။
#420
22/12/2025
ဒီတစ်ပတ်မှာတော့ "လိမ်လည်မှုဆိုတာ ဘာလဲ ၊လိမ်လည်မှုအတွက် ပြစ်ဒဏ်တွေက ဘာတွေလဲ၊ ဘယ်လိုတွေရှိလဲ" ဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။
📌ရာဇသတ်ကြီး ပုဒ်မ ၄၁၇
မည်သူမဆို လိမ်လည်မှုကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဒီပုဒ်မက-
- ရဲအရေးပိုင်သည်။
- ကနဦး ဝရမ်းထုတ်ပေးနိုင်။
- အာမခံ မပေးနိုင်။
- ရုံး၏ ခွင့်ပြချက်အရ ကျေအေးလိုက ကျေအေးနိုင်။
ဥပမာ-
A သည် B ကို သူပိုင်ဆိုင်သည့် မြေတစ်ကွက်အား ရောင်းချပြီး လွှဲပြောင်းပေးခဲ့သည်။ ထို့ကြောင့် A သည် ယင်းမြေကွက်နှင့်ဆက်စပ်၍ ပိုင်ဆိုင်ခွင့်မရှိတော့သည်ကို သိလျက်နှင့် C အား ထိုမြေကွက်ကို တနည်းနည်းဖြင့် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဌားရမ်းခြင်း စသည်များ ပြုလုပ်ပြီး C ထံမှ ငွေကို ယူလျှင် A သည် ဤပုဒ်မအရ လိမ်လည်ခြင်းကို ကျူးလွန်ခြင်း ဖြစ်သည်။
သို့ဖြစ်၍ သာမန်လိမ်လည်မှုတစ်ရပ်ကို ကျူးလွန်ပါက အထက်ပါ ပုဒ်မအတိုင်း ပြစ်ဒဏ်ကျသင့်ခံရမည်ဖြစ်သည်။ လိမ်လည်မှုရဲ့ အဓိပ္ပာယ်ကို ရာဇသတ်ကြီး ပုဒ်မ ၄၁၅ မှာ အသေးစိတ်ဖော်ပြထားပါတယ်။
📌ရာဇသတ်ကြီး ပုဒ်မ ၄၁၅
မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသူက သူတစ်ပါးအား ပစ္စည်းတစ်ခုခုကို ပေးအပ်စေရန်ဖြစ်စေ၊ သူတစ်ပါးထံတွင် ပစ္စည်းတစ်ခုခု ဆက်လက်ထားရှိသည်ကို သဘောတူစေရန်ဖြစ်စေ ထိုသို့လှည့်ဖြားခံရသောသူအား လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်သော်လည်းကောင်း၊ မရိုးမဖြောင့်သောသဘောဖြင့်သော်လည်းကောင်း သွေးဆောင်လျှင် သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းခံရသောသူက အကယ်၍ လှည့်ဖြားခြင်း မခံခဲ့ရသော် မိမိပြုမည်မဟုတ်သော၊ သို့တည်းမဟုတ် မိမိပျက်ကွက်မည် မဟုတ်သောအရာကို ပြုစေရန်သော်လည်းကောင်း၊ မပြုဘဲပျက်ကွက်စေရန် သော်လည်းကောင်း၊ ထိုသို့ လှည့်ဖြားခြင်းခံရသောသူအား တမင်သွေးဆောင်လျှင် ထို့ပြင် ထိုပြုလုပ်မှုက၊ သို့တည်းမဟုတ် ထိုပျက်ကွက်မှုက ထိုသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီး နစ်နာစေခြင်းသော်လည်းကောင်း၊ အန္တရာယ်သော်လည်းကောင်း ဖြစ်စေလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာလျှင် ထိုသူသည် လိမ်လည်သည်မည်၏။
ရှင်းလင်းချက်။ ။ မရိုးမဖြောင့်သောသဘောနှင့် ကြောင်းခြင်းရာကို ထိမ်ချန်ခြင်းသည် ဤပုဒ်မ၏ အဓိပ္ပာယ်အရ လှည့်ဖြားခြင်းမည်၏။
📌ဤပုဒ်မနဲ့အကျုံးဝင်ဖို့ အင်္ဂါရပ်များ
- တစ်ဦးတစ်ယောက်ကို လိမ်လည်လှည့်ဖြားခြင်း။
- လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သော်လည်းကောင်း၊ မရိုးမဖြောင့်သော သဘောဖြင့်သော် လည်းကောင်း လှည့်ဖြားခြင်းခံရသူက သူတစ်ပါးကို ပစ္စည်း တစ်ခုခုအား ပေးအပ်စေခြင်း (သို့) သူတစ်ပါးထံ ပစ္စည်းတစ်ခုခုအား ဆက်လက်ထားရှိသည်ကို သဘောတူစေခြင်း။
- လှည့်ဖြားခံရသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီးနစ်နာစေရန်၊ အန္တရာယ်ဖြစ်စေရန် တမင်သွေးဆောင်၍ ပြုစေခြင်း၊ ပျက်ကွက်စေခြင်း။
📌 အထွေထွေ
- လိမ်လည်မှုတွင် အဓိကအချက်မှာ သွေးဆောင်စဉ်က တရားခံသည် လိမ်လည်လှည့်ဖြားလိုသော သဘောရှိခြင်းဖြစ်သည်။
- သာမန်ပဋိညာဉ်ချိုးဖောက်သည့်ကိစ္စသည် ပြစ်မှုကြောင်းအရ လိမ်လည်မှုတွင် အကျုံးမဝင်ပါ။
- ပစ္စည်းဆိုသော စကားရပ်တွင် ရွေ့ပြောင်းနိုင်သောပစ္စည်း သာမက မရွေ့မပြောင်းနိုင်သောပစ္စည်းလဲ ပါဝင်နိုင်သည်ဟု လက်ခံထားကြသည်။ (ဦးအောင်တင်ပါ ၂ နှင့် ဦးလှနီ၊ ၁၉၉၁ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အထူးအယူခံအမှတ် ၂။)
- ပစ္စည်းပိုင်ရှင်အားသွေးဆောင်မှသာ ပြစ်မှုမြောက်မည်ဖြစ်ပြီး ပိုင်ရှင်မဲ့ပစ္စည်းနှင့်ပတ်သက်၍ လိမ်လည်မှုကျူးလွန်နိုင်မည်မဟုတ်။
- အလိမ်ခံရသူကိုယ်တိုင် ပျက်စီးဆုံးရှုံးနစ်နာမှုကို ခံစားရမှသာ ဤပုဒ်မနှင့် အကျုံးဝင်မည်ဖြစ်သည်။ အလိမ်ခံရသူ ကိုယ်တိုင်မဟုတ်ဘဲ အခြားလူတစ်ဦးတစ်ယောက်ကို ပျက်စီးဆုံးရှုံး နစ်နာစေပါက ဤပုဒ်မနှင့် သက်ဆိုင်မည်မဟုတ်ပေ။ အလိမ်ခံရသူအား တကယ် ပျက်စီးဆုံးရှုံး နစ်နာစေရန် မလိုပေ။ ပျက်စီးဆုံးရှုံးနစ်နာစေရန် အကြောင်းပေါ်ပေါက်ကလည်း ပြစ်မှု မြောက်သည်။
- နှုတ်ဖြင့်သော်လည်းကောင်း၊ အပြုအမူဖြင့်သော်လည်းကောင်း လိမ်လည်နိုင်မည်ဖြစ်သော်လည်း သာမန်ထိမ်ချန်ထားခြင်းဖြင့် လိမ်လည်ရာမရောက်ပေ။ မရိုးမဖြောင့်သော သဘောဖြင့် ထိမ်ချန်ခြင်းပြုမှသာ လိမ်လည်ရာရောက်သည်။
- ပြုလုပ်မှုတစ်ခုသည် လိမ်လည်မှု မမြောက်သော်လည်း လိမ်လည်ရန် အားထုတ်မှု၊ အားပေးကူညီမှု ဖြစ်နိုင်သည်။ မီးအာမခံ ကုမ္ပဏီသို့ မီးလောင်သည့် ကိစ္စနှင့်ပတ်သက်၍ လောင်သည်ထက်ပို၍ တောင်းခံခြင်းသည် လိမ်လည်ရန် အားထုတ်မှုမြောက်သည်။
- ချက်လက်မှတ်နှင့် ငွေပေးချေသည့်ကိစ္စတွင် ကြိုတင်ရက်စွဲဖြင့် ရေးသားထားသည့်ချက်လက်မှတ်ကို ပေးခြင်းအားဖြင့် ထိုချက်လက်မှတ်နှင့် ငွေထုတ်၍မရစေကာမူ ပြစ်မှုကြောင်းအရ လိမ်လည်မှုဖြင့် အရေးမယူနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ချက်လက်မှတ်ပေးသူသည် ဘဏ်၌ ငွေစာရင်းရှိပြီး ယင်းချက်လက်မှတ်သည် ငွေထုတ်ယူနိုင်ကြောင်း သက်သေဖြစ်သည်။ ချက်လက်မှတ်ပါ ငွေသည် ငွေစာရင်းတွင် အပြည့်ရှိပြီးသားဟု ကတိပြုရာ မရောက်ပါ။ စာရင်းပိုင်ရှင်/ချက်လက်မှတ်ပေးသူမှာ ကြိုတင်ရက်စွဲမတိုင်မှီ ငွေကို တစ်နည်းနည်းဖြင့် ဖြည့်စွက်နိုင်ခြင်းနှင့် အထက်ပါအကြောင်းများကြောင့် လိမ်လည်မှုဖြင့် အရေးမယူနိုင်ပါ။
- ကိုယ် စိတ်၊ သို့မဟုတ် ဂုဏ်သရေကို နစ်နာစေခြင်း အပိုင်းတွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို လက်ထပ်ယူပါမည် ဟု အယုံသွင်း၍ ကာမရယူပြီးနောက် လက်ထပ်ရန်ငြင်းဆိုခြင်းသည် အမျိုးသမီး ကိုယ်၊ စိတ်နှင့် ဂုဏ်သရေကို ထိခိုက်နစ်နာစေသောကြောင့် လိမ်လည်မှုမြောက်သည်။
🟨 ရာဇသတ်ကြီး ပုဒ်မ ၄၁၇ နှင့် ပုဒ်မ ၄၂၀ မှာ ဆင်တူပြီး ပစ္စည်းကို အပ်ပေးခဲ့ရလျှင် ပိုမိုကြီးလေးတဲ့ပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၂၀ ကို အသုံးပြုလေ့ရှိပါတယ်။ နောက်တစ်ပတ်မှာ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ အကြောင်း ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။
#လိမ်လည်မှု
ယနေ့ မျှဝေချင်တဲ့ ဥပဒေပုဒ်မကတော့ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြစ်ပါတယ်။ ရာဇသတ်ကြီးမှာပါတဲ့ ပုဒ်မ ၄၀၉ ရဲ့ အဓိပ္ပာယ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
📌ရာဇသတ်ကြီးပုဒ်မ ၄ဝ၉
ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်လုပ်ငန်းရှင်ကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်က ဖြစ်စေ ရာဇဝတ် မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု။
မည်သူမဆို ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့်သော်လည်းကောင်း၊ ဘဏ်လုပ်ငန်းရှင်၊ ကုန်သည်၊ အရောင်းအဝယ်ကိုယ်စားလှယ်၊ ပွဲစား၊ အကျိုးဆောင်ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်လျက်သော်လည်းကောင်း ပစ္စည်းကို သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် ယုံကြည်အပ်နှံခံရသည်တွင် ထိုပစ္စည်းနှင့်စပ်လျဉ်း၍ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အကျဉ်းချုပ်
ပြည်သူ့ဝန်ထမ်း၊ ဘဏ်တိုက်စိုး၊ ကုန်သည်၊ အရောင်းကိုယ်စားလှယ် စတဲ့သူတွေဟာ ပစ္စည်း သို့မဟုတ် ပစ္စည်းစီမံပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ရင် ဒီပုဒ်မအရ ပြစ်မှုကျူးလွန်ရာရောက်ပါတယ်။ ထိုသူရဲ့ ပြုလုပ်ဆောင်ရွက်မှုက လူတစ်ဦးတစ်ယောက်ထဲကို ထိခိုက်စေသည်သာမက အများပြည်သူကို ထိခိုက်နစ်နာစေတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၄၀၆၊ ၄၀၇၊ ၄၀၈ စတဲ့ ပုဒ်မများထက် ပိုမိုကြီးလေးတဲ့ပြစ်ဒဏ်ကို ချမှတ်ထားပါတယ်။
ဥပမာ - အစိုးရဘဏ်မှာ ငွေလက်ခံရသူ တစ်ယောက်ဟာ သူလက်ခံရရှိတဲ့ငွေများကို ဘဏ်၌ မအပ်နှံဘဲ မိမိပိုင်ပစ္စည်းအဖြစ် ပြောင်းလဲပြီးအလွဲသုံးစားပြုလုပ်လျှင် ဒီပုဒ်မအရ ပြစ်မှုကျူးလွန်ရာ ရောက်ပါတယ်။
ဤပုဒ်မနဲ့အကျုံးဝင်ဖို့ အင်္ဂါရပ်များ
- တရားခံက ပြည်သူ့ဝန်ထမ်း၊ဘဏ်တိုက်စိုး၊ကုန်သည်၊အရောင်းကိုယ်စားလှယ် တစ်ယောက်ဖြစ်ရမည်။
- ပစ္စည်း သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် အပ်နှံခဲ့ရမည်။
- မိမိကိုအပ်နှံထားတဲ့ပစ္စည်းကို အလွဲသုံးစားပြုလုပ်ထားတဲ့အထောက်အထား ရှိရမည်။
📌 ဒီပုဒ်မက -
- ရဲအရေးပိုင်တဲ့အမှုဖြစ်တယ်။
- ကနဦး ဝရမ်းထုတ်ပေးနိုင်တယ်။
- အာမခံ မပေးနိုင်ပါ။
- ကျေအေးခွင့် မရှိပါ။
📣📣 အာမခံ မပေးနိုင်တဲ့ပုဒ်မဖြစ်တဲ့အတွက် စွပ်စွဲခံရသူက အချုပ်ထဲမှ ထုချေရမည့်အခြေအနေဖြစ်ပြီး ဒီပုဒ်မဖြင့် စွပ်စွဲခံရနိုင်တဲ့ အခြေအနေမျိုးကို အထူးသတိထားသင့်ပါတယ်။ စွပ်စွဲခံရသူသည် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်နိုင်ပြီး ချမှတ်ခံရမည့် ထောင်ဒဏ်ဟာလည်း မြင့်မားပါတယ်။
📌 ၎င်းပုဒ်မနဲ့ပတ်သက်တဲ့စီရင်ထုံးတစ်ခုကို လေ့လာကြည့် ရအောင် အကျဉ်းချုံး ဖော်ပြပေးလိုက်ပါတယ်။ ပထမဦးစွာ ဥပဒေ မသိသေး၊ မရင်းနှီးသေးသော သူများအဖို့ စီရင်ထုံးကို နားလည်လွယ်အောင် ဖော်ပြရလျှင် -
ဦးခင်မောင်အေးဆိုတဲ့သူက ဦးကျော်ကျော်အောင်ထက် ရာထူးကြီးပြီး သူတို့ဟာ သီဟရာဇာ-၂ ဆိုတဲ့ရေယာဥ် ပေါ်က ရေယာဉ်မှူးတွေဖြစ်တယ်။ ဦးခင်မောင်ကျော်၊ ဦးကျော်စိုးလှိုင်၊ ဦးမိုးကျော်သူနှင့် ဦးအေးလွင် တို့ဟာ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ကြတယ်။ သူတို့တွေ ပင်လယ်ပြင် စစ်ဆင်ရေးထွက်တဲ့အချိန်မှာ စည်သူ-၉ ဆိုတဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေတင်လာတဲ့ ရေယာဉ်ကို ဖမ်းမိတယ်။ ဖမ်းဆီးရမိတဲ့ ယာဉ်နဲ့ ပစ္စည်းတွေကို တပ်မတော်(ရေ)ကို တစ်ခုမကျန် အပ်နှံရမှာ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ တစ်ချို့သော ပစ္စည်းတွေကို လက်ဝါးချင်းရိုက်ရောင်းချလိုက်ပြီး ခွဲဝေယူလိုက်ကြတယ်။ နောက်တော့ အထက်အရာရှိတွေက သိသွားပြီး တရားစွဲတယ်ပေါ့။
အဲ့ဒီမှာ တရားရုံးက ဦးခင်မောင်အေးဟာ ဦးကျော်ကျော်အောင်ထက် ရာထူးကြီးတဲ့သူဖြစ်ပြီး သူရဲ့ခွင့်ပြုချက်မရှိဘဲ ဒီလိုဆောင်ရွက်မှုတွေ ဖြစ်လာမှာမဟုတ်သလို အကောက်ခွန်ဦးစီးဌာနက သူများကလဲ ဖမ်းမိထဲက ပစ္စည်း အမျိုးအစား၊ အရေအတွက် စတဲ့အသေးစိတ် အချက်အလက်တွေကို ဖမ်းမိပြီး စာရင်းမှတ်တမ်းများ ပြုလုပ်ထဲက အတိအကျလုပ်ဆောင် အပ်နှံရမှာဖြစ်တယ်။ ဒါတွေကို ပျက်ကွက်ပြီး ဖမ်းဆီးရမိတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တာ ထင်ရှားတဲ့အတွက် သူတို့ကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး အယူခံအပြင် အထွေထွေ လျှောက်လွှာလျှောက်ထားခြင်းများကိုပါ တရားရုံးချုပ်က ပလပ်ခဲ့ပါတယ်။
ဦးကျော်ကျော်အောင်ကတော့ ထောင်ဒဏ် ၁၀ နှစ်ချခံရပြီးနောက် အယူခံထပ်တက်ပါတယ်။ သူက ဦးခင်မောင်အေး လက်အောက်အရာရှိဖြစ်သည်က တစ်ကြောင်း၊ ထို လုပ်ဆောင်မှုများ ပြုလုပ်ခြင်းမှာ သူ မပါဝင်ခဲ့သည်ကတစ်ကြောင်း အယူခံဝင်ခဲ့ပါတယ်။ တရားရုံးက ဖမ်းဆီးရမိတဲ့ပစ္စည်းတွေဟာ သီဟရာဇာ-၂ ပေါ်မှာ ရှိနေသေးမှန်းသိရဲ့နဲ့ သူရဲ့ အထက်အရာရှိများကို သတင်းပေးဖို့ ပျက်ကွက်တာက ဖမ်းဆီးရမိတဲ့ အကောက်ခွန်မဲ့ပစ္စည်းများကို ဦးခင်မောင်အေးတို့တစ်စု ခိုးထုတ်ရာမှာ အားပေးကူညီရာ ရောက်တယ်ဆိုပြီး ထောင်ဒဏ် ၇ နှစ်ပြောင်းလဲ ချမှတ်လိုက်ပါတယ်။
📌ဦးကျော်ကျော်အောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၉၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ - ၁)
ရန်ကုန်တိုင်းတရားရုံးမှ တရားခံ ဦးကျော်ကျော်အောင်အား ရာဇသတ်ကြီး ပုဒ်မ ၄၀၉ အရ ထောင်ဒဏ် ၁၀ နှစ်ကျခံရန်အမိန့်ကို တရားရုံးချုပ်သို့ အယူခံဝင်ပြီး ရာဇသတ်ကြီး ပုဒ်မ ၄၀၉/၁၀၉ အရ ထောင်ဒဏ် ၇ နှစ်ကျခံစေရန် ပြောင်းလဲအမိန့်ချမှတ်ခဲ့သည်။
တရားခံ ဦးခင်မောင်ကျော်၊ ဦးကျော်စိုးလှိုင်၊ ဦးမိုးကျော်သူ၊ ဦးအေးလွင်၊ ဦးခင်မောင်အေးတို့က အယူခံမှုများ အသီးသီးဝင်ရောက်ရာ မအောင်မြင်သဖြင့် အထူးအယူခံဝင်ခွင့် ရရှိရန် ဤအထွေထွေ လျှောက်လွှာများကို တင်သွင်းကြခြင်းဖြစ်သည်။
ဦးကျော်ကျော်အောင်သည် ဦးခင်မောင်အေး ရေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်သော သီဟရာဇာ-၂ ပေါ်တွင် ဖမ်းဆီးပစ္စည်းများရှိနေကြောင်းသိရှိခဲ့သည်။ ဖမ်းဆီးရမိသော စည်သူ-၉ကို တပ်မတော် (ရေ) သို့ လွှဲပြောင်းပြီးချိန်တွင် သီဟရာဇာ-၂ ပေါ်၌ အကောက်ခွန်မဲ့ပစ္စည်းများကျန်ရှိသည်ကို ၎င်းကိုယ်တိုင်သိရှိကြောင်း အငြင်းမထွက်၍ အထက်အရာရှိများထံ ၎င်းက သတင်းပို့မှု မရှိခြင်းသည် တမင်ထိန် ချန်ခြင်း (သို့မဟုတ်) ဦးခင်မောင်အေးနှင့် ဦးသန်းထွေး၊ ဦးမျိုးမြင့်ဦး တို့ပစ္စည်းများ ခိုးထုတ်ရာတွင် လွယ်ကူစေရန်အကြောင်းခိုင်လုံသည်။
ဦးခင်မောင်ကျော်၊ ဦးကျော်စိုးလှိုင်၊ ဦးမိုးကျော်သူနှင့် ဦးအေးလွင် တို့သည် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ကြ၍ ၎င်းတို့သည် စည်သူ-၉ ပေါ်မှ အကောက်ခွန်မဲ့ပစ္စည်းများကို စတင်ဖမ်းဆီးသည့် အချိန်မှစ၍ စာရင်းကောက်ယူခြင်း၊ အကောက်ခွန်သိုလှောင်ရုံသို့ မကြွင်းမကျန် အပ်နှံစေရေးကို ဆောင်ရွက်ရန် တာဝန်ရှိသူများဖြစ်ကြ သည်။ ဖမ်းဆီးပစ္စည်းကို စာရင်းအင်းနှင့် တိတိကျကျမှန်မှန်ကန်ကန် အပ်နှံရန် မဆောင်ရွက်ဘဲ ဦးခင်မောင်အေးထံမှ ခိုးထုတ်ပစ္စည်းများ ရောင်းချငွေကို တရားသဖြင့်ရရှိသော ငွေဖြစ်သည်ဟု မယုံကြည်နိုင် လောက်ဘဲ လက်ခံခြင်း၊ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းသို့ ယင်း အဖြစ်အပျက်များကို သတင်းပေးပို့မှု မရှိခြင်းမှာ ရာဇဝတ်မှု ကျူးလွန်သည်ကို သိလျှက်နှင့် တမင်ထိန်ချန်ခြင်းပင်ဖြစ်၍ အားပေးကူညီခြင်းမြောက်သည်ဟု တရားရုံးချုပ်က ကောက်ယူခဲ့ခြင်းသာဖြစ်သည်။
လျှောက်ထားသူများတင်ပြသည့် သတင်းပေးရန်ပျက်ကွက်မှုသည် ရာဇသတ်ကြီးပုဒ်မ ၂၀၂ နှင့်သက်ဆိုင်ပါသည်ဆိုသော အချက်နှင့်စပ်လျဉ်း၍ ဆင်ခြင်သုံးသပ်ပါက ယင်းပုဒ်မသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၄ တွင် ပြဋ္ဌာန်းထားသော ရာဇဝတ်မှုများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်။ ထိုပုဒ်မ ၄၄ တွင် ရာဇသတ်ကြီးပုဒ်မ ၄ဝ၉ အရ ကျူးလွန်သည့် ရာဇဝတ်မှု ပါဝင်သည်ကို မတွေ့ရှိရချေ။ သို့အတွက် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ ပြစ်ဒဏ်စီရင်ထိုက်သည်ဆိုသော အချက်ကို လက်ခံစဉ်းစားရန် မဖြစ်နိုင်သောကြောင့် လျှောက်ထားသူများအပေါ် တရားရုံးချုပ်က စီရင်ဆုံးဖြတ်ခဲ့သည့်အမိန့်တွင် စုံညီခုံဖြင့် ပြန်လည်ကြားနာရန် အရေးယူလောက်သည့် ပြဿနာပေါ်ပေါက်မှုရှိသည်ကို မတွေ့ရှိရ၍ ဤအထွေထွေ လျှောက်လွှာများကို ပယ်သည့်အမိန့်အား တရားရုံးချုပ်မှ ဆုံးဖြတ်ထားသည်။
ဦးကျော်ကျော်အောင် အယူခံဝင်တဲ့ အကြောင်းဟာ စိတ်ဝင်စားဖို့ကောင်းသလို ဦးခင်မောင်အေးတို့တစ်စု အထွေထွေလျှောက်လွှာတင်တဲ့အကြောင်းတွေဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် စီရင်ထုံးအပြည့်အစုံကို ရှာဖွေ လေ့လာနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Opening Hours
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |