Chic n Chill
Relax, Smart, Professional, Happy and Healthy.
10/11/2025
Drama ဆိုတာ များသောအားဖြင့် ကျွန်မတို့ရဲ့ စိတ်ခံစားမှု လွန်ကဲစွာနဲ့ ဖြစ်လာသမျှပြဿနာတွေ အခြေအနေတွေကို လိုအပ်တာထက် ပိုကြီးအောင် ချဲ့ကားမှု တွေကနေဖြစ်ပေါ်လာတာပါ။ လိုအပ်တာထက်ပိုပြီးချဲ့ကားလိုက်ရင် ပြဿနာတွေက သေးမသွားဘဲ ပိုကြီးသွားတတ်တာပါ။ Drama ခင်းလိုက်ခြင်းက တစ်ဖက်လူကိုပြဿနာပိုကြီးအောင်၊ အပြစ်ပိုရှိတယ်လို့ခံစားရအောင်လုပ်နိုင်တယ်ဆိုတာထက် ကျွန်မတို့ရဲ့စိတ်က အားနည်းသွားတာပါ။
Drama ခင်းတယ်ဆိုတာ ကျွန်မတစ်ကိုယ်စာအမြင်အတွက်ကတော့ အကျင့်ဆိုးတစ်ခုပါပဲ။ ပတ်ဝန်းကျင်မှာ ဘယ်ကိစ္စမဆို drama ခင်းတတ်တဲ့သူတွေနဲ့ကြာကြာမနေနိုင်သလိုမျိုး ကျွန်မတို့ drama တွေသိပ်များနေရင်လည်း ကျွန်မတို့ပတ်ဝန်းကျင်ကလူတွေဟာ ဒီလိုပဲခံစားကြရမှာပါ။ ဒါဆို ကျွန်မတို့မှာ ဒီအကျင့်ဆိုးဖြစ်နေရင် ဘယ်လိုမျိုးဖယ်ထုတ်ကြမလဲ။
Drama ဖြစ်စေတဲ့ အဓိကအချက်က ချက်ချင်း တုံ့ပြန်ခြင်း ဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှု မြင့်မားနေချိန်မှာ ချက်ချင်း စကားပြောဆိုခြင်း၊ တုံ့ပြန်မှုလုပ်ဆောင်ခြင်းကို ရှောင်ပါ။ တစ်စုံတစ်ယောက်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားပြောလာရင် သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စရာ အခြေအနေတစ်ခု ကြုံလာရင် ချက်ချင်း ပြန်မပြောဘဲ ၁၀ စက္ကန့်လောက် ငြိမ်ပြီးစဉ်းစားလိုက်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကိုမေးပါ။ "ဒီကိစ္စက ငါ့ရဲ့ စိတ်ခံစားမှုကို ဒီလောက်ထိ ဖျက်ဆီးပစ်ရမယ့် အရေးကြီးတဲ့ ကိစ္စလား" ။ အဲ့ဒီလိုစဉ်းစားပြီး စိတ်ခံစားချက် နဲ့ အမှန်တကယ် ဖြစ်ရပ် ကို ခွဲထုတ်ပြီး စဉ်းစားပါ။ လိုအပ်သလောက်ပြန်ပြောပါ ၊ ပြန်တုံ့ပြန်ပါ။ပြီးရင် လျစ်လျူရှုလိုက်ပါ။ ပြဿနာတိုင်းကို လျစ်လျူရှုတာ မဟုတ်ဘဲ၊ အဲဒီပြဿနာအပေါ် စိတ်လွန်ကဲစွာ မတုံ့ပြန်ဖို့ ပြောချင်တာပါ။ဖ
နောက်တစ်ချက်က Victim Mentality လို့ခေါ်တဲ့ ကိုယ့်ကိုယ့်ကိုယ်သားကောင်အဖြစ်ခံစားရတဲ့စိတ်ပါ။ ဒါက ကျွန်မတို့ရဲ့စိတ်ကိုပျော့ညံ့စေတာပါ။ တစ်ခါတစ်လေမှာ မလိုအပ်ပါဘဲ "ငါက အမြဲတမ်း ကံမကောင်းတာပဲ၊ ငါ့ကိုမှ အမြဲတမ်း ဒီလိုဖြစ်တာပဲ၊ လူတွေက ငါ့ကို ဒုက္ခပေးနေတာပဲ" လို့ တွေးမိတတ်ပါတယ်။ ဒါက drama ခင်းတယ်လို့သတ်မှတ်လို့ရပြီး ကျွန်မတို့ကို ပိုပြီးအားနည်းစေမယ့်အချက်တစ်ခုလည်းဖြစ်ပါတယ်။
ပြဿနာကို အရှိကိုအရှိအတိုင်းမြင်ပြီး လိုအပ်သလောက်ပဲပြောဆိုဖြေရှင်းဖို့ကြိုးစားပါ။
ကိုယ့်ကိုယ်ကို Victim အနေနဲ့မြင်ရင် ကိုယ်က Victim ပါ၊ ဒီအခြေအနေကို ငါကပြောင်းလဲနိုင်တယ်လို့မြင်ရင် ကိုယ်ကကိုယ့်ဘဝရဲ့အရှင်သခင်ဖြစ်သွားတာပါ။ "ဘယ်သူ့ကြောင့်၊ ဘာကြောင့်" ဆိုပြီးတွေးမယ့်အစား "ဒီအခြေအနေမှာ ငါ ဘာကို ပြောင်းလဲနိုင်မလဲ၊ငါဘာကို သင်ယူနိုင်မလဲ" ဆိုပြီးပြောင်းတွေးပါ။
စိတ်တည်ငြိမ်လွန်းတဲ့လူတွေဟာ drama သိပ်မခင်းပါဘူး။ စိတ်တည်ငြိမ်မှု နည်းပါးလေလေ၊ သေးငယ်တဲ့ ပြဿနာလေးတွေက Drama ကြီး ဖြစ်သွားလေလေပါပဲ။ စိတ်တည်ငြိမ်အားကောင်းလေလေ ပြဿနာတွေဖြေရှင်းဖို့ နည်းလမ်းများများတွေ့လေလေပါ။ ဒါကြောင့် ဘာပြဿနာပဲဖြစ်ဖြစ် အရင်ဆုံး စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားတတ်ဖို့လိုပါတယ်။
ပြဿနာကြုံလာတိုင်း ဒီလိုမျိုးအချက်လေးတွေကိုသေချာစဉ်းစားပြီး ကျော်ဖြတ်မယ်ဆိုရင် ကျွန်မတို့လည်း drama ကင်းတဲ့လူတစ်ယောက်ဖြစ်သွားမှာပါ။
ဘဝမှာ drama တွေကင်းလာလေလေ ပိုပျော်ရွှင်ရလေလေပါပဲ။ ပျော်ရွှင်တဲ့ဘဝကိုပိုင်တိုင်ကြပါစေရှင်။ ကျွန်မတို့နောက်နေ့တွေမှာပြန်တွေ့ကြမယ်နော်။
်းပြီးပျော်ရွှင်တဲ့ဘဝ...
28/10/2025
ကျွန်မတို့ဘဝမှာ သည်းမခံနိုင်လောက်အောင် ဖြစ်နေတဲ့ဖြစ်ရပ်၊ နာကျင်ပြီးရင်း နာကျင်နေစေတဲ့ ဆက်ဆံရေး၊ ဒါမှမဟုတ် ဘယ်လိုမှပြန်လည်ပြုပြင်လို့မရအောင် ပျက်စီးနေတဲ့ အခြေအနေတစ်ခုကို ဆုပ်ကိုင်ထားမိတတ်ကြပါတယ်။ "အဆင်ပြေသွားမှာပါ" ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောရင်းနဲ့ နေသားတကျဖြစ်အောင် အောင့်အီးနေတတ်ကြတယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့... ကျွန်မတို့တကယ်တမ်း အဆင်ပြေနေရဲ့လား။ ဒီလိုအခြေအနေတွေနဲ့ကြုံရင် ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကိုကျဉ်းကြပ်နေစေတဲ့ အခြေအနေတွေမှာ ကျွန်မတို့တကယ်အဆင်ပြေရဲ့လား။ အဆင်ပြေသွားမယ်ဆိုတာကရော တကယ်လား။
ငါနာကျင်နေပြီ။ အဲ့ဒီနောက် ဘာကို ဆက်သည်းခံနေဦးမှာလဲ။ဒီနာကျင်မှုကို ဆက်ပြီး သည်းခံနေတာက အနာဂတ်မှာ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို ရရှိစေနိုင်မှာလား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့အခါ အဖြေက 'မဟုတ်ဘူး' ဆိုရင်.. ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချပြီး အစက ပြန်စလိုက်ပါ။ နာကျင်မှုဟောင်းတွေကို စွန့်ပစ်ပြီး ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုကိုလုပ်ကြည့်ပါ။ ကျွန်မတို့ဟာ ပိုကောင်းတဲ့ အရာတွေနဲ့ ထိုက်တန်ပါတယ်။
အစကပြန်စရတယ်ဆိုတာ ခက်ခဲတယ်လို့ထင်ကောင်း ထင်နေလိမ့်မယ်။ ဒါပေမယ့် နာကျင်မှုတွေကိုသည်းခံနေရတဲ့နေ့ရက်တွေကပိုခက်ပါတယ်။ နာကျင်တဲ့ အခြေအနေတစ်ခုကို အောင့်အီးသည်းခံနေရတာဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ စွမ်းအင်တွေကို နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း ဆုံးရှုံးနေရတာပါ။
အစကပြန်စဖို့ ဆုံးဖြတ်လိုက်တာက နာကျင်မှု သံသရာထဲကနေ လွတ်မြောက်ပြီး ကျွန်မတို့ဘဝကို ကိုယ်လိုသလိုပြန်လည်စီမံခန့်ခွဲနိုင်ဖို့ အခွင့်အရေးရလာတာပါ။အစတစ်ခုက မအောင်မြင်သေးတဲ့ အရာတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပုံဖော်ခွင့် ပေးလိုက်တာပါ။ ကိုယ်လိုချင်သလိုပြန်လည် တည်ဆောက်ခွင့်ရှိပါတယ်။ ခဏတာအဆင်မပြေမှုတွေ ရှိနိုင်ပေမဲ့ အဲဒီနောက်မှာ ရေရှည် ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု ရှိပါတယ်။ နာကျင်မှုတွေထဲက ရဲရဲဝံ့ဝံ့သတ္တိရှိရှိနဲ့သာ ရုန်းထွက်လိုက်ပါ။ ပိုပျော်ရွှင်ရတဲ့နေ့တွေကို ပိုင်ဆိုင်ဖို့ ကျွန်မတို့ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။
#အစကပြန်စရတာကနာကျင်မှုတွေကိုသည်းခံနေရတာထက်ပိုလွယ်ကူပါတယ်
24/10/2025
လူ့ဘဝဆိုတာ လက်ထဲက သဲတွေလိုပဲ။ကျွန်မတို့က ဖမ်းဆုပ်ထားနိုင်တယ် ထင်ရပေမယ့် အချိန်တန်ရင် ကြားထဲကနေ လွတ်ထွက်သွားတတ်တယ်။ ပိုင်ဆိုင်မှု၊ အခွင့်အရေး၊ ဆက်ဆံရေး၊ ကျန်းမာရေး... ဒီအရာအားလုံးဟာလည်း ထိုနည်းအတိုင်းပါပဲ။ ကျွန်မတို့လက်ထဲမှာ ရှိနေတုန်း၊ ကျွန်မတို့ဘေးမှာ ရှိနေတုန်း တန်ဖိုးမထားမိရင်၊ လစ်လျူရှုထားမိရင်၊ ဆုံးရှုံးသွားတဲ့အခါမှ နောင်တတွေနဲ့ မျက်ရည်ကျနေရတတ်တယ်။
မိဘ၊ ညီအစ်ကိုမောင်နှမ၊ ချစ်သူခင်သူ၊ သူငယ်ချင်း... ဒီလူတွေဟာ ကိုယ့်ဘဝရဲ့ ရတနာတွေပါ။ အလုပ်များလို့၊ စိတ်ဓာတ်ကျလို့၊ စကားများလို့စတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ကို အချိန်မပေးဘဲ နေမိတာ၊ စိတ်ကုန်စကားတွေ ပြောမိတာတွေ ရှိတတ်ကြတယ်။ ဘယ်သူ့ရဲ့ ဘဝမှ အာမခံချက်မရှိပါဘူး။ မနက်ဖြန်ဆိုတာ ရှိချင်မှ ရှိမှာ။ ဒါကြောင့် လက်ရှိအချိန်မှာ သူတို့ရဲ့ အရေးပါမှုကို သိပါ။ ဖုန်းဆက်ပါ၊ စကားပြောပါ၊ မေတ္တာကို ထုတ်ဖော်ပါ။ ပိုင်ဆိုင်ထားရတုန်းမှာ သူတို့ကို နွေးထွေးတဲ့ အပြုံးလေးတွေနဲ့ ဆက်ဆံပေးပါ။ ဆုံးရှုံးသွားမှ "ဒီလိုလုပ်ပေးခဲ့ရမှာ" လို့ တွေးနေရတာဟာ အလွန်နာကျင်ရပါတယ်။
အခြားသောကျန်းမာရေး၊ ပိုင်ဆိုင်မှု၊ အခွင့်အရေးတွေဟာလည်း ဒီအတိုင်းပါပဲ။ လက်ရှိပိုင်ဆိုင်ရတဲ့အချိန်တွေမှာ တန်ဖိုးထားဖို့လိုပါတယ်။ ဘဝဆိုတာ ရေစီးကြောင်းပေါ်က လှေငယ်လေးလိုပါပဲ။ ဘယ်တော့ ဘယ်နေရာကို ရောက်သွားမယ်၊ ဘယ်အရာတွေ ပြောင်းလဲသွားမယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ဒါကြောင့် ပိုင်ဆိုင်ထားရတုန်း တန်ဖိုးထားပါ။ မပြောဖြစ်သေးတဲ့ ချစ်ခြင်းမေတ္တာစကားကို ပြောလိုက်ပါ။
ကျွန်မတို့ပတ်ဝန်းကျင်က တန်ဖိုးရှိတဲ့အရာတွေကို မြင်အောင်ကြည့်ပြီး ပိုင်ဆိုင်မှုတိုင်းဟာ ထာဝရ မဟုတ်ဘူးဆိုတဲ့ အသိနဲ့ နေထိုင်ရင်း လက်ရှိဘဝကို အကောင်းဆုံး ဖန်တီးကြဖို့လိုပါတယ်။ ပိုင်ဆိုင်ထားတုန်း အကောင်းဆုံး တန်ဖိုးထားမှသာ နောင်တမဲ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
#ပိုင်ဆိုင်ထားရတုန်းတန်ဖိုးထားပါ
23/10/2025
ချစ်ခြင်းမေတ္တာမှာ ရိုးသားမှုရှိခြင်းက အရေးအကြီးဆုံးလိုအပ်ချက်ပါ။ ရိုးသားခြင်းမရှိဘဲ တည်ဆောက်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ ကြာရှည်ခံမှာ မဟုတ်ပါဘူး။
ရိုးသားမှုကသာ အပြန်အလှန် ယုံကြည်မှုကို ဖန်တီးပေးပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ယုံကြည်မှုအပေါ်မှာ တည်ဆောက်ထားတာပါ။ တစ်ဦးနဲ့တစ်ဦး လိမ်လည်မှု၊ ဖုံးကွယ်မှုတွေမရှိဘဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဆက်ဆံမှသာ ခိုင်မာတဲ့ယုံကြည်မှု ရရှိနိုင်မှာပါ။
ကိုယ့်ရဲ့ခံစားချက်တွေ၊ အားနည်းချက်တွေ၊ အတိတ်ကအမှားတွေ၊ မျှော်လင့်ချက်တွေကို ရိုးသားစွာ ဖွင့်ဟပြောဆိုခြင်းအားဖြင့် နှစ်ဦးသားကြားက ဆက်ဆံရေးဟာ စစ်မှန်ပြီး နက်ရှိုင်းလာပါတယ်။ ဟန်ဆောင်မှုတွေနဲ့ နေထိုင်ရခြင်းမှ ကင်းဝေးစေပါတယ်။ ဟန်ဆောင်မှုတွေကင်းလေလေ ဆက်ဆံရေးတွေမှာ ပိုပြီးပျော်ရွှင်ရလေလေပါပဲ။
ကျွန်မတို့အနေနဲ့ ကိုယ်ချစ်ရသူအပေါ် ရိုးသားခြင်းဟာ ကိုယ့်ရဲ့အစစ်အမှန်ကို သူတို့နားလည်လက်ခံဖို့ အခွင့်အရေးပေးတာပါပဲ။ ကိုယ့်ရဲ့ ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ရောကို သိပြီး လက်ခံနိုင်မှသာ အချစ်စစ်ဖြစ်လာနိုင်ပါတယ်။ ရိုးသားစွာနဲ့ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းပြောပြမှသာ တစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်နိုင်ပြီး လေးစားမှုလည်း တိုးလာပါတယ်။
ပြဿနာတွေပေါ်လာတဲ့အခါမျိုးမှာလည်း ရိုးသားစွာ ဆွေးနွေးမှသာ ဖြေရှင်းနိုင်မှာပါ။ အမှန်တရားကို ဖုံးကွယ်ထားခြင်း၊ လိမ်လည်ပြောဆိုခြင်းက ပြဿနာကို ပိုကြီးစေပြီး ဆက်ဆံရေးကို ပျက်စီးစေပါတယ်။
ရိုးသားတဲ့ relationship နဲ့ နေထိုင်ရသူဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုကို ပိုမိုခံစားရပါတယ်။ ဖုံးကွယ်စရာ မလိုတဲ့အတွက် ပူပန်သောကတွေ၊ သံသယတွေ ကင်းဝေးစေပါတယ်။
#ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင် ရိုးသားပါ
22/10/2025
ဒီနေ့ခေတ်မှာတော့ စိတ်ဖိစီးမှုဆိုတာ လူတိုင်းနေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အရာတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ကျွန်မတို့ဘဝမှာ အမျိုးမျိုးသောဖိအားတွေကြောင့် လူကောစိတ်ကောပင်ပန်းနေကြရတယ်။ အလုပ်၊ ကျောင်း၊ မိသားစု၊ ငွေကြေး ဒါမှမဟုတ် လက်ရှိ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါ ကိုယ်ရောစိတ်ပါ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။
ဆိုတော့ စိတ်ဖိစီးမှုတွေကိုလျော့ချဖို့ အကောင်းဆုံးနည်းလမ်းလေးတွေကို ကျွန်မကပြန်လည်မျှဝေပေးလိုပါတယ်။
၁။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
အိပ်ချိန် မှန်အောင်ဂရုစိုက်ပါ။ အရွယ်ရောက်သူတစ်ဦးအတွက် တစ်ညကို ၇-၈ နာရီ အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝခြင်းက စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
အစားအသောက်ကို မျှတစွာ စားသောက်ပါ။ သကြားဓာတ်များတဲ့ အစားအစာတွေနဲ့ ကဖိန်းဓာတ်တွေကို လျှော့ချပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ အများကြီး စားပေးပါ။
နေ့စဥ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။ နေ့စဉ် မိနစ် ၃၀ လောက် လမ်းလျှောက်တာ၊ ယောဂကျင့်တာ (သို့) ကိုယ်လက်လှုပ်ရှားမှု လုပ်တာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။
၂။ စိတ်ဖိစီးမှုရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ပါ။
ဘာကြောင့် ဖိစီးနေတာလဲဆိုတာကို စာအုပ်ထဲမှာ ချရေးပြီး ကျွန်မတို့ထိန်းချုပ်နိုင်တဲ့အရာ နဲ့ မထိန်းချုပ်နိုင်တဲ့အရာ ဆိုပြီး ခွဲခြားလိုက်ပါ။ ထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် အစီအစဉ်ဆွဲပြီး ဖြေရှင်းဖို့လိုအပ်သလို မထိန်းချုပ်နိုင်တဲ့ အရာတွေကိုတော့ လက်ခံပြီး လွှတ်ချတတ်အောင် ကြိုးစားကြည့်ပါ။
၃။ နားနေချိန် သတ်မှတ်ပါ။
အလုပ်များနေတဲ့ကြားကနေ ကိုယ့်အတွက် အနားယူချိန်ကို သတ်သတ်မှတ်မှတ် ဖန်တီးပါ။ ကိုယ့်ဝါသနာပါတာလေးတွေကိုလည်း လုပ်ကြည့်ပါ။
တရားထိုင်ခြင်း (Meditation) သို့မဟုတ် အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။
၄။ လူမှုဆက်ဆံရေးကို အားကောင်းစေပါ။
ယုံကြည်ရတဲ့မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ စကားပြောပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုခြင်းက စိတ်သက်သာရာရစေပြီး စိတ်ဖိစီးမှုတွေသက်သာစေပါတယ်။
၅။ အချိန်ကို စီမံခန့်ခွဲပါ။
လုပ်စရာရှိတာတွေကို စီစဉ်ပါ။ အရေးကြီးတာကို အရင်လုပ်ပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ အလုပ်ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ဖို့လိုတာကိုလုပ်ပါ။ ကိုယ်မတတ်နိုင်တဲ့အရာတွေ ကိုယ်မလုပ်ချင်တဲ့အရာတွေကို "မလုပ်နိုင်ဘူး" လို့ပြောပါ။ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းထက်ပိုတဲ့ တာဝန်တွေကို မယူဖြစ်အောင် ကြိုးစားပါ။
၆။ Social media တွေ အလွန်အကျွံ မသုံးဖြစ်အောင်နေပါ။
မရေရာမှုများ၊ စိတ်ဖိစီးမှုဖြစ်စေတဲ့ သတင်းတွေကို အချိန်ကြာကြာ လိုက်လံကြည့်ရှုနေတာက စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ Social media ပေါ်မှာ ဟိုသတင်းလေးဖတ်လိုက် ဒီvd လေးကြည့်လိုက်နဲ့ အချိန်ဖြုန်းနေခြင်းကိုလည်း တတ်နိုင်သမျှလျော့ချပါ။
၇။ လိုအပ်ရင် အကူအညီရယူပါ။
ကိုယ်တိုင်ဖြေရှင်းလို့ မရနိုင်တဲ့အဆင့်အထိ စိတ်ဖိစီးမှုတွေ များပြားလာရင်တော့ စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်၊ ဆရာဝန် သို့မဟုတ် အကြံပေးပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီး အကူအညီယူဖို့ ဝန်မလေးပါနဲ့။
စိတ်ဖိစီးမှုဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ အဲဒီဖိစီးမှုတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မယ်ဆိုရင် ပိုမိုကျန်းမာပြီး ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာတွေရဲ့ကြား၊ အဆင်မပြေမှုတွေရဲ့ကြားမှာ ကျွန်မတို့နေပျော်အောင် ကြိုးစားကြည့်ကြရအောင်လားရှင်။
နောက်နေ့တွေမှာ ပြန်တွေ့ကြမယ်နော်။
#စိတ်ဖိစီးမှုတွေများနေလျှင်....
15/10/2025
ကျွန်မတို့မှာလေ အခြားသူကပေးတဲ့ဖိအားတွေရှိသလို၊ ကိုယ့်ကိုယ်ကိုယ်ပေးတဲ့ဖိအားတွေလည်းရှိတယ်။ ကျွန်မတို့က အမြဲတမ်း ကောင်းမွန်အောင်နေရမယ်၊ အောင်မြင်နေရမယ်၊ ဘာအမှားအယွင်းမှ မရှိရဘူးဆိုတဲ့ အတွေးတွေနဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်ကို ဖန်တီးဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးပြီး ပင်ပန်းအောင် လုပ်နေတတ်ကြတယ်။ ဒါတွေဟာ ကျွန်မတို့တကယ်လိုချင်တဲ့အစစ်အမှန်တွေလား၊ ကျွန်မတို့ဘဝမှာ ကျွန်မတို့ဟာဘယ်လိုလူသားလဲဆိုတဲ့ စစ်မှန်ခြင်းတွေက ပြီးပြည့်စုံဖို့ကြိုးစားမှုတွေနောက်မှာ ပျောက်ကွယ်နေတတ်တယ်။
တကယ်တော့ ဘယ်သူမှ အမြဲတမ်း မပြည့်စုံပါဘူး။ အမြဲတမ်းလည်းမှန်ကန်မနေကြဘူး။ ကျွန်မတို့ဟာ လူသားတွေဖြစ်လို့ အားနည်းချက်၊ အမှားအယွင်းတွေ ရှိနေတာက သဘာဝပါပဲ။ ဒီလို သဘာဝကျတဲ့ ကိုယ့်ရဲ့ ချို့ယွင်းချက်၊ အမှားတွေကို လက်ခံဖို့ကသာ ပိုပြီးအရေးကြီးတယ်လို့ထင်တယ်။ အမှားတွေလုပ်မိပါစေ လက်ခံလိုက်၊ အမှားတွေကနေအမှန်ကိုသင်ယူလိုက် ဒါပါပဲ။ အမှားတွေလုပ်မိရကောင်းလားလို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နောင်တရနေဖို့မလိုပါဘူး။
ပြီးပြည့်စုံဖို့ ကြိုးစားနေတာက ကိုယ့်ရဲ့စစ်မှန်ခြင်း၊ ကိုယ်ဟာဘယ်လိုလူလဲဆိုတာတွေကို ပျောက်ကွယ်စေပြီး ကျွန်မတို့ရဲ့အစစ်အမှန်တွေပျောက်ကွယ်နေနိုင်တယ်။ ကျွန်မတို့ရဲ့ဖြစ်တည်မှုအားလုံးကို ကိုယ့်ကိုယ်ကို အမှန်အတိုင်း လက်ခံပြီး ရိုးသားစွာ နေထိုင်ခြင်းကသာ ပိုပြီးနေပျော်တဲ့ဘဝကိုရမှာပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အမှားတွေကနေ သင်ယူပြီး ရှေ့ဆက်တိုးတက်နိုင်ပါတယ်။ စံသတ်မှတ်ချက်တွေ၊ ဘောင်တွေအတိုင်း ပြီးပြည့်စုံတဲ့သူ ဖြစ်ဖို့ မကြိုးစားဘဲ၊ ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ "ကိုယ်" ဖြစ်ဖို့သာ အာရုံစိုက်ကြရမှာပါ။
" အပြစ်ကင်းနေဖို့မလိုပါဘူး၊ အစစ်အမှန်ဖြစ်နေဖို့ပဲလိုတာပါ။ "
#အပြစ်ကင်းနေဖို့မလိုပါဘူးအစစ်အမှန်ဖြစ်နေဖို့ပဲလိုတာပါ
14/10/2025
ဖက်ရှင်ကျကျဝတ်ဆင်တတ်ခြင်းဟာ လူတိုင်းအတွက် အရေးပါတဲ့ အချက်တစ်ခု ဖြစ်တယ်လို့ကျွန်မကတော့ ထင်တယ်။ ဒီနေရာမှာ ဖက်ရှင်ကျကျဝတ်ဆင်တယ်ဆိုတာ branded တွေ၊ စျေးကြီးတာတွေမဟုတ်ဘဲ ကိုယ့်ဝင်ငွေနဲ့ကိုက်ညီတဲ့ အဝတ်အစားတွေကို ကိုယ့်ခန္ဓာကိုယ်မှာ စမတ်ကျကျနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်တာကို ဆိုလိုတာပါ။
ဖက်ရှင်ကျကျ လိုက်ဖက်ညီညီ ဝတ်ဆင်ခြင်းက ကိုယ့်ကိုယ်ကို ပိုပြီးလှပတယ်လို့ ခံစားရစေပါတယ်။ ဒါက ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေပြီး လူအများနဲ့ ဆက်ဆံတဲ့အခါ ပိုပြီး ပွင့်လင်းရဲရင့်လာစေပါတယ်လို့ ကျွန်မကတော့ခံစားမိတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်မှာ ကျွန်မနဲ့လိုက်ဖက်တယ်လို့ခံစားရတဲ့ အဝတ်အစားကိုဝတ်ဆင်ထားတဲ့အခါမှာ ကျွန်မရဲ့ခြေလှမ်းတွေဟာ ဘယ်နေရာကိုပဲလှမ်းရလှမ်းရ သွက်သွက်လက်လက်ဖြစ်နေစေတယ်။
ကျွန်မအနေနဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာလည်း ဝတ်စားဆင်ယင်မှုကို သတိထားပြီး ကြည့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖက်ရှင်ကျကျ ဝတ်ဆင်တတ်မှုက ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ဖော်ပြပေးနိုင်တာကြောင့် တွေ့ဆုံမှုနဲ့လိုက်ဖက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုးဖြစ်နေခဲ့ရင် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတင် သူ့ကိုတိတ်တိတ်လေးအမှတ်ပေးထားလေ့ရှိတယ်။
ဝတ်စားဆင်ယင်မှုဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်နေစိတ်ထား၊ အကြိုက်၊ ဝါသနာနဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ဖော်ပြပေးနိုင်သလို အလုပ်ခွင်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးတွေရဲ့ လေးစားမှုကို ရရှိစေပါတယ်။ နောက်ပြီး ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တဲ့သူတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပိုပြီးအာရုံစိုက်ခံရလေ့ရှိတယ်။ ဒါက လူမှုရေးနဲ့ စီးပွားရေး ဆက်ဆံရေး အသစ်တွေကို တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။
တောင်းမှအကွပ် လူမှာအဝတ် ဆိုတဲ့စကားလိုပဲ ကျွန်မတို့နေ့စဉ်ဘဝတွေမှာ ကိုယ်သွားလာနေတဲ့နေရာတွေနဲ့ပတ်သတ်ပြီး လိုက်လျောညီထွေရှိစွာ၊ ရာသီဥတုနဲ့ကိုက်ညီစွာ၊ ကိုယ်နဲ့လိုက်ဖက်စွာ ဝတ်စားဆင်ယင်လိုက်ရင် ရုပ်အရမ်းကြီးလှမနေရင်တောင် လူအမြင်မှာအဆင်ပြေနေစေမှာပါ။ ဖက်ရှင်ဆိုတာ ကျွန်မတို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။
12/10/2025
ဘဝမှာ တချို့အရာတွေဟာ ကိုယ့်အတွက်မဟုတ်ဘူး။ တချို့လူတွေဟာ ကိုယ့်အပိုင်မဟုတ်ဘူး။ တချို့နေရာတွေဟာလည်း ကိုယ်ရှိနေသင့်တဲ့နေရာတွေမဟုတ်ဘူး။ ကျွန်မတို့အတွက်မဟုတ်တဲ့ အရာတွေကို ကျွန်မတို့တွယ်ကပ်ဖက်တွယ်နေခဲ့ရင်၊ ကျွန်မတို့အပိုင်မဟုတ်ခဲ့တဲ့လူကို အပိုင်ဖြစ်ဖို့ကြိုးစားနေခဲ့ရင်၊ ကျွန်မတို့မရှိနေသင့်တဲ့နေရာမှာ ရှိနေဖို့ တစ်ချိန်လုံးကြိုးစားနေခဲ့ရင် ဓားအသွားကိုကိုင်ထားသလိုဖြစ်နေမှာပဲ။ ဓားသွားကိုဆုပ်ကိုင်မိတဲ့လက်ဟာ နာကျင်သလို ကိုယ့်အပိုင်မဟုတ်တဲ့အရာတွေကို ဆုပ်ကိုင်ထားတဲ့ ကျွန်မတို့နှလုံးသားတွေဟာ နာကျင်နေရမှာပဲ။
ကိုယ့်အတွက်မဟုတ်တာတွေရဲ့အနားမှာ ကျွန်မတို့တွယ်ကပ်နေလေလေ ကျွန်မတို့ပိုပင်ပန်းလေလေပါပဲ။ ပျက်စီးသွားတဲ့ အချစ်ရေး၊ မအောင်မြင်တဲ့ အလုပ်အကိုင် ဒါမှမဟုတ် ပြန်မရနိုင်တော့တဲ့ အခြေအနေတစ်ခုကို အတင်းအဓမ္မ ဆက်လက်တွယ်ကပ်နေခြင်းဟာ ကိုယ့်ကိုတိုးတက်ရာ တိုးတက်ကြောင်းတွေလုပ်ဖို့ရာအတွက် တားဆီးထားနိုင်ပါတယ်။
ကိုယ့်ရဲ့တန်ဖိုးကို နားမလည်တဲ့သူတွေကြားမှာ အချိန်မကုန်ပါနဲ့။ ကိုယ့်ကို အားပေးမြှင့်တင်မပေးတဲ့၊ ကိုယ့်ကို အမြဲတမ်းစိတ်ဖိစီးမှုတွေ ပေးနေတဲ့ ပတ်ဝန်းကျင်ကနေရုန်းထွက်ဖို့ကြိုးစားကြည့်ပါ။ အခုချက်ချင်းမလုပ်နိုင်ရင်တောင်တွယ်ကပ်နေတတ်တဲ့ကျွန်မတို့စိတ်ကို တစ်နေ့မှာဖြတ်ပစ်နိုင်အောင်ကြိုးစာပါ။
မွေးခြင်းနဲ့သေခြင်းကြားက အပိုင်ခြားကာလလေးတစ်ခုမှာ ကျွန်မတို့အချိန်တွေ သိပ်မရဘူး၊ ကျွန်မတို့ လုပ်စရာတွေအများကြီးရှိတယ်။ ကျွန်မတို့အချိန်တွေဟာ အဖိုးတန်တယ်။
ကိုယ့်အတွက်မဟုတ်တဲ့အရာတစ်ခုကို တွယ်ကပ်နေတာဟာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ၊ ခွန်အားတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေကို လျော့ကျစေပါတယ်။ကိုယ့်စိတ်ကိုယ်ပင်ပန်းစေတဲ့အရာမှန်သမျှဆီကနေ ရုန်းထွက်နိုင်ဖို့ ကျွန်မတို့တတ်နိုင်သမျှလုပ်ရမှာပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကိုယ်နဲ့ထိုက်တန်တဲ့ ပိုကောင်းတဲ့ အခွင့်အရေးတွေ၊ ဆက်ဆံရေးတွေဆီကို လျှောက်လှမ်းဖို့ သတ္တိရှိပါ။
တစ်ခါတစ်ရံမှာ 'လက်လွှတ်လိုက်ခြင်း' ဟာ 'ရှုံးနိမ့်ခြင်း' မဟုတ်ဘဲ 'ကိုယ့်ကိုယ်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ ဦးတည်စေခြင်း' ဖြစ်ပါတယ်။ ကျွန်မတို့အတွက် စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပေးနိုင်မယ့် နေရာကို ရဲရဲဝံ့ဝံ့ ရှာဖွေပါ။နောက်နေ့တွေမှာ ကျွန်မတို့ပြန်တွေ့ကြမယ်နော်။
#ကိုယ့်အတွက်မဟုတ်တာသေချာရင်တွယ်ကပ်မနေပါနဲ့ # HappyLife
11/10/2025
ဒီနေ့ခေတ်မှာ အရင်ကရှိနေခဲ့တဲ့ ဖက်ရှင်လောကရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဖန်တီးမှုနဲ့ စရိုက်လက္ခဏာကို ဖော်ပြတဲ့ လွတ်လပ်တဲ့ ဖက်ရှင်ပုံစံတစ်မျိုးဖြစ်တဲ့ street fashion က trend ဖြစ်နေပါတယ်။
Street fashion ဆိုတာက စတူဒီယိုတွေ ဒါမှမဟုတ် ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဖန်တီးမှုတွေကနေ ထွက်ပေါ်လာတာမျိုး မဟုတ်ဘဲ လူထုကြားထဲကနေ ပေါ်ထွက်လာတဲ့ ဖက်ရှင်ပုံစံတစ်မျိုး ဖြစ်ပါတယ်။ အများအားဖြင့် လူငယ်ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်နေပြီး မြို့ပြတွေမှာ အများဆုံး တွေ့ရပါတယ်။
Street fashion ဟာ ကိုယ့်ရဲ့ စိတ်နေသဘောထား၊ စိတ်ကူးစိတ်သန်းနဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာကို ဖော်ပြတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဘယ်လိုဝတ်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ မရှိဘဲ လွတ်လွတ်လပ်လပ် ပေါင်းစပ်ဝတ်ဆင်နိုင်ပါတာဟာလည်း street fashion ရဲ့အားသာချက်ပဲ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီ၊ တီရှပ်၊ Hoodie၊ Sneakers နဲ့ ဦးထုပ်စတဲ့ အဝတ်အစားတွေက street fashionရဲ့ အခြေခံအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
Street fashion ဟာ မတူညီတဲ့ လူမှုအဖွဲ့အစည်းတွေကနေ အများကြီး လွှမ်းမိုးမှု ရယူပါတယ်။ လူငယ်ယဉ်ကျေးမှုများ၊ Hip-hop၊ Skateboard နဲ့ အခြားသောလူမှုအဖွဲ့အစည်းများရဲ့ လွှမ်းမိုးမှုနဲ့အတူ မြို့ပြတွေရဲ့ လမ်းမတွေပေါ်ကနေ ပေါက်ဖွားလာတဲ့ Street Fashion ဟာ သက်တောင့်သက်သာရှိမှုနဲ့ ပေါ့ပေါ့ပါးပါး ပေါင်းစပ်ဝတ်ဆင်နိုင်မှုဆိုတဲ့ အားသာချက်တွေကြောင့် လူကြိုက်အလွန်များပါတယ်။
ဒါကြောင့် Street Fashion ဟာ ခေတ်ရေစီးကြောင်းတစ်ခုအနေနဲ့ ရပ်တည်နေရုံသာမကဘဲ၊ ကမ္ဘာတစ်ဝန်းက လူတွေအတွက် မိမိကိုယ်ကို ယုံကြည်မှုရှိရှိ၊ လွတ်လပ်စွာ ဖော်ပြနိုင်တဲ့ ယဉ်ကျေးမှုလှုပ်ရှားမှုတစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။
10/10/2025
လူတိုင်းက ပျော်ရွှင်ချင်ကြတာပါပဲ။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ပျော်ရွှင်မှုဆိုတာ ရာထူး၊ ငွေကြေး၊ ဒါမှမဟုတ် တခြားသူဆီက ရရှိမယ့်အရာတစ်ခုလို့ မှားယွင်းစွာ ယူဆတတ်ကြပါတယ်။ တကယ်တော့ တည်မြဲတဲ့၊ စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ကျွန်မတို့ရဲ့ အတွင်းစိတ်ကနေ လာတာ ဖြစ်ပြီး၊ လေ့လာသင်ယူလို့ရတဲ့ ကျွမ်းကျင်မှု (Skill) တစ်ခုပါပဲ။
ဒါဆို ကျွန်မတို့ တကယ်ပျော်တတ်အောင် ဘယ်လိုသင်ယူရမှာလဲ။
၁။ ပျော်ရွှင်မှုရဲ့ အဓိပ္ပာယ်ကို နားလည်ပါ။
ပထမဆုံးအနေနဲ့၊ ပျော်ရွှင်မှု ဆိုတာ တစ်သက်လုံး အမြဲတမ်း ပြုံးနေတာမျိုး မဟုတ်ဘူးဆိုတာ လက်ခံပါ။ ဘဝမှာ စိတ်ပျက်စရာတွေ၊ စိန်ခေါ်မှုတွေ ရှိနေဦးမှာပါပဲ။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ အဆိုးထဲကနေ အကောင်းကို မြင်နိုင်စွမ်း၊ ကျေးဇူးတင်စရာတွေကို ရှာဖွေနိုင်စွမ်းနဲ့ လက်ရှိဘဝကို တန်ဖိုးထားနိုင်စွမ်းကိုဆိုလိုတာပါ။
၂။ ကျေးဇူးတရားကို နေ့စဥ်လေ့ကျင့်ပါ။
ပျော်ရွှင်မှုရဲ့ အဓိကသော့ချက်တစ်ခုကတော့ ကျေးဇူးတင်တတ်ခြင်းပါပဲ။ ကျွန်မတို့မှာရှိတဲ့ အရာတွေကို အာရုံစိုက်ပါ။ နေ့တိုင်း စာအုပ်တစ်အုပ် ဒါမှမဟုတ် ဖုန်းထဲမှာပဲဖြစ်ဖြစ် ကောင်းတဲ့အချက် ၃ ချက် ကို ချရေးပါ။ ဥပမာ-
- "ဒီနေ့ မိုးအေးအေးလေးမှာ ကော်ဖီကောင်းကောင်းတစ်ခွက် သောက်လိုက်ရတာ"
- "သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး စကားပြောတာ"
- "ကျန်းမာနေသေးတာ"
ဒီလိုသေးငယ်တဲ့ ကိစ္စလေးတွေကို တန်ဖိုးထားတတ်လာရင် ကျွန်မတို့ရဲ့ပျော်ရွှင်မှုအဆင့် သိသိသာသာ မြင့်တက်လာပါလိမ့်မယ်။
၃။ အပြုသဘောဆောင်တဲ့ စိတ်ကို မွေးမြူပါ။
လူတစ်ယောက်ရဲ့ စိတ်ထားက သူ့ရဲ့ဘဝကို ပုံဖော်ပါတယ်။ အဆိုးမြင်တဲ့အတွေးတွေ ပေါ်လာတိုင်း သတိထားပြီး အပြုသဘောဆောင်တဲ့ အတွေးတစ်ခုနဲ့ အစားထိုး လိုက်ပါ။ "ငါ ဒါကို မလုပ်နိုင်ဘူး" လို့ တွေးမိရင်၊ "ဒါက ခက်ပေမယ့် ငါကြိုးစားကြည့်မယ်" လို့ ပြောင်းလဲတွေးခေါ်ပါ။ ဒီလို စိတ်နေစိတ်ထား လေ့ကျင့်မှုက ကျွန်မတို့ရဲ့ ဦးနှောက်ကို ပျော်ရွှင်မှုဆီ ပိုပြီး ညွှတ်သွားစေပါတယ်။
၄။ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
စိတ်ဟာ အတိတ်ဒဏ်ရာတွေနဲ့ အနာဂတ်စိုးရိမ်မှုတွေကြားမှာ လူးလွန့်နေတတ်ပါတယ်။ ပျော်ရွှင်မှုဟာ ပစ္စုပ္ပန်အချိန် မှာသာ တည်ရှိပါတယ်။ ထမင်းစားတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ ဒါမှမဟုတ် အလုပ်လုပ်တဲ့အခါ သင်လုပ်နေတဲ့အရာအပေါ် အပြည့်အဝ အာရုံစိုက်ပါ။ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေရင် ဖုန်းကိုဘေးချပြီး စကားဝိုင်းကိုသာ စိတ်နှစ်ပါ။ အခုလက်ရှိအချိန်ကို တန်ဖိုးထားတတ်လာရင် စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားပါလိမ့်မယ်။
၅။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
ကိုယ်ခန္ဓာနဲ့ စိတ်ဟာ ချိတ်ဆက်နေပါတယ်။ ပျော်ရွှင်ဖို့အတွက် အခြေခံအချက်တွေက-
- အိပ်ရေးဝအောင် အိပ်ပါ။ (ပျော်ရွှင်မှုကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေအတွက် အရေးကြီးပါတယ်)
- ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။ (စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်ခံစားမှု ကောင်းစေပါတယ်)
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ စားပါ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဟာ ပိုမိုပျော်ရွှင်ပြီး ခွန်အားပြည့်ဝတဲ့သူ ဖြစ်လာဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
ပျော်ရွှင်တတ်အောင် သင်ယူခြင်းဟာ တစ်ညတည်းနဲ့ ပြီးဆုံးသွားမယ့် ခရီးစဉ်မဟုတ်ပါဘူး။ နေ့စဥ်ဘဝရဲ့ သေးငယ်တဲ့ အလေ့အကျင့်လေးတွေကို စတင်ပြောင်းလဲခြင်းအားဖြင့် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်ပါတယ်။ ပြောင်းလဲမှုဟာ ကျွန်မတို့ဆီမှာပဲ ရှိပါတယ်။ ပိုပျော်ရွှင်တဲ့နေ့ရွက်တွေမှာ ကျွန်မတို့ပြန်တွေ့ကြမယ်နော်။
#တကယ်ပျော်တတ်ဖို့သင်ယူပါ
09/10/2025
ကျွန်မတို့ဘဝမှာ အရေးအကြီးဆုံးသော ခရီးတစ်ခုရှိတယ်ဆိုရင် အဲဒါဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်း ခရီးပါပဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာ မာနကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးကို သိရှိပြီး၊ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက် အားလုံးကို လက်ခံတာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။
ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ချစ်မှသာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြိုလဲမသွားဘဲ ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှသာ သူတစ်ပါးနဲ့ ကျန်းမာတဲ့ ဆက်ဆံရေးမျိုးကိုလည်း တည်ဆောက်နိုင်မှာပါ။ ကိုယ့်တန်ဖိုးကို ကိုယ်သိရင် သူတစ်ပါးရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံမှုမျိုးကို လက်ခံမှာ မဟုတ်တော့ဘူး။ ကျွန်မတို့ ကိုယ့်ရဲ့ စိတ်ဆန္ဒနဲ့ လိုအပ်ချက်တွေကို အလေးထားမှသာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ဒါဆို ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ဘဝကို ဖန်တီးဖို့အတွက် ကျွန်မတို့ကဘာတွေပြင်ဆင်ရမလဲ။
၁။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝလက်ခံပါ။
ကျွန်မတို့ ကိုယ့်ရဲ့အမှားတွေကို ခွင့်လွှတ်ပါ။လူတိုင်း အမှားလုပ်တတ်ပါတယ်။ အတိတ်က မှားယွင်းမှုတွေ၊ ချို့ယွင်းချက်တွေကို ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးပါ။ အမှားတွေဟာ သင်ခန်းစာတွေပဲ ဖြစ်တယ်လို့ မှတ်ယူပါ။
သူများနဲ့နှိုင်းယှဉ်ခြင်းကို ရှောင်ပါ။သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ပါနဲ့။ လူတိုင်းမှာ ကိုယ်ပိုင်အားနည်းချက်၊ အားသာချက်တွေ ရှိပါတယ်။ ကိုယ်ဟာ ကိုယ်ပဲ ဖြစ်ပါတယ်။
၂။ စိတ်ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်ပါ။
ကျွန်မတို့ရဲ့ လိုအပ်ချက်ကို နားထောင်ပါ။ကိုယ်တိုင် လိုအပ်နေတဲ့ အနားယူမှု၊ လှုပ်ရှားမှုတွေကို ဖြည့်ဆည်းပေးပါ။ ကိုယ်ခန္ဓာနဲ့ စိတ်က ဘာကို လိုအပ်နေသလဲဆိုတာကို ဂရုစိုက်ပါ။
"မလုပ်နိုင်ဘူး" လို့ ပြောရဲပါစေ။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို လျော့ကျစေတဲ့ အရာတွေ၊ လူတွေဆီကနေ ခပ်ဝေးဝေးနေဖို့၊ ကိုယ်မလုပ်ချင်တဲ့ ကိစ္စတွေကို ယဉ်ကျေးစွာ ငြင်းပယ်တတ်ဖို့ လေ့ကျင့်ပါ။
၃။ အကောင်းမြင်တဲ့ အတွေးအခေါ်ကို ကျင့်သုံးပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောတဲ့ စကားလုံးတွေဟာ အလွန် အရေးကြီးပါတယ်။ "ငါလုပ်နိုင်တယ်" "ငါ့မှာ အရည်အချင်းရှိတယ်" စတဲ့ အားပေးစကားတွေကို ပြောဆိုပါ။ ကိုယ့်မှာရှိနေတဲ့ ကောင်းမွန်တဲ့ အရာတွေကို နေ့စဉ် ကျေးဇူးတင်ပါ။ ကျေးဇူးသိတတ်ခြင်းက ပျော်ရွှင်မှုကို တိုးစေပါတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းဆိုတာ တစ်နေ့တည်း၊ တစ်ညတည်းနဲ့ ပြီးသွားတဲ့ အရာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း သတိရှိရှိနဲ့ လေ့ကျင့်ယူရမယ့် ဘဝနေထိုင်မှုပုံစံ တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတဲ့အခါမှာမှ ကိုယ်ပတ်ဝန်းကျင်က လူတွေကိုလည်း အကောင်းဆုံး ပေးစွမ်းနိုင်မှာ ဖြစ်ပြီး ပိုမိုပြည့်စုံတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်မတို့ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ ကျွန်မတို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ကိုယ့်ရဲ့တန်ဖိုးကို အသိအမှတ်ပြုကာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဂရုစိုက်ပါ၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကျွန်မတို့နောက်နေ့တွေမှာ ပြန်တွေ့ကြမယ်နော်။
#ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
Click here to claim your Sponsored Listing.