Zin’s Cozy World

Zin’s Cozy World

Share

healthy and beauty ( skinfood for us)

31/07/2026

#လစာတစ်ခုတည်းမကြည့်ပါနဲ့

ကျွန်မ ELV & IT လောကထဲမှာ အလုပ်လုပ်ရင်း
ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းလာခဲ့ပါတယ်။

Local Company တွေလည်း လုပ်ဖူးတယ်။

Overseas Company တွေလည်း လုပ်ဖူးတယ်။

အတွေ့အကြုံတွေက သင်ခန်းစာများစွာ ပေးခဲ့ပါတယ်။

အဲဒီနှစ်တွေထဲမှာ သင်ယူခဲ့ရတဲ့
သင်ခန်းစာတွေ အများကြီးရှိပေမယ့်၊
အခုထိ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုတော့ ရှိတယ်။

လစာများတဲ့အလုပ်တိုင်းက
ကျမတို့ အတွက် အကောင်းဆုံးအလုပ် မဟုတ်ဘူး။

ငွေက အရေးကြီးတယ်။
ဘယ်သူမှ ငွေမလိုဘူးလို့ မပြောကြဘူး

လစာများတဲ့အလုပ်ကို လူတိုင်းလိုချင်ကြပါတယ်။
ဒါက သဘာဝပါ။

မနက် အိပ်ရာနိုးတိုင်း…

👩‍💻“ဒီနေ့လည်း အလုပ်သွားရဦးမယ်…🥴”
ဆိုတဲ့ အတွေးနဲ့ ညကတည်းက ရင်လေးနေရတယ်💁‍♀️

👩‍💻တနင်္လာနေ့ရောက်မှာကို ကြောက်နေတယ်။💁‍♀️

👩‍💻နေ့တိုင်း အလုပ်သွားရမှာကို စိတ်ဖိစီးလာတယ်။💁‍♀️

👩‍💻အလုပ်ပတ်ဝန်းကျင်က Toxic ဖြစ်တယ်။💁‍♀️

👩‍💻အတင်းအဖျင်းတွေ၊ ရုံးတွင်းနိုင်ငံရေးတွေကြားမှာ နေ့စဉ် စိတ်ပင်ပန်းနေရတယ်။💁‍♀️

ဒီလိုနေ့တွေကို နေ့တိုင်း ဖြတ်သန်းနေရရင်…💁‍♀️

လစာကောင်းတာတစ်ခုတည်းနဲ့
အဲဒီအလုပ်ကို ရေရှည်ဆက်လျှောက်နိုင်ဖို့ မလွယ်တော့ဘူး။

တကယ်ကောင်းတဲ့ အလုပ်ဆိုတာ…

📍လစာပေးရုံတင်မဟုတ်ဘဲ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့
တန်ဖိုးကို အသိအမှတ်ပြုပေးတဲ့ နေရာ။📈🏆

📍နေ့တိုင်း အလုပ်လုပ်ရင်း Skill တွေ တိုးတက်လာပြီး အနာဂတ်အတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးတဲ့ နေရာ။ ⭐️🏆

📍စိတ်ဖိစီးမှုထက် စိတ်အေးချမ်းမှုကို ပိုရစေပြီး
ကိုယ့်အလုပ်ကို အာရုံစိုက်နိုင်တဲ့ နေရာ။ 👩‍💻⭐️

📍အဲဒီလို နေရာမျိုးကသာ
ကိုယ့်ကို ရေရှည်ကြီးထွားစေတယ်🌾🏆

🍀လစာက
ဒီနေ့အတွက် အရေးကြီးပါတယ်။✨

ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး၊
ကိုယ့်ရဲ့ တန်ဖိုးနဲ့ အနာဂတ်ကို ပေးဆပ်ပြီး မှ
ရလာတဲ့လစာကတော့ မတန်ပါဘူး။🙅‍♀️

✨အလုပ်ရွေးတဲ့အခါ လစာကို ကြည့်ပါ။

ဒါပေမယ့် လစာတစ်ခုတည်းကိုတော့ မကြည့်ပါနဲ့။🙅‍♀️

ကျွန်မကတော့ ရုံးတွင်း နိုင်ငံရေးတွေ၊
အတင်းအဖျင်းပြောတတ်သူတွေနဲ့ ခပ်ဝေးဝေးနေပါတယ်။

ဘယ်သူ့ ရဲ့အချစ်တော် ဆိုတာ…….
ဖြစ်ရမယ်ဆိုတာမျိုး မရှိပါ🙅‍♀️
ဖြစ်ဖို့လည်း မကြိုးစားပါဘူး။🙅‍♀️

အဲဒီအစား ကိုယ့်အလုပ်ကို
အကောင်းဆုံးလုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်ပါတယ်။✨

ဘာကြောင့်လဲဆိုတော့…

လုပ်ငန်းခွင်တိုင်းက
နောက်ဆုံးမှာ အလုပ်ဖြစ်တဲ့သူကိုပဲ တန်ဖိုးထားကြလို့ပါ✨

နောက်ဆုံးမှာ လုပ်ငန်းခွင်တိုင်းက
စကားများတဲ့သူကို မမှတ်မိဘူး။🙅‍♀️ 🤭 (ဒါ အမှန်တရားပဲ)

🍀အလုပ်ဖြစ်တဲ့သူကိုပဲ မှတ်မိတယ်။✨👩‍💻🏆

ကိုယ် တကယ်အာရုံစိုက်ရမှာက…

• 📍ဒီနေ့ထက် …..’’မနက်ဖြန်
Skill ဘယ်လိုပိုကောင်းလာမလဲ🏆

• 📍 ကိုယ့်တာဝန်ကို ဘယ်လောက်
အကောင်းဆုံး လုပ်ပေးနိုင်လဲ။ 👩‍💻
အဲဒါတွေကိုပဲ အာရုံစိုက်ပါ။⭐️

တစ်နေ့မှာ…

သင်ဟာ အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့သူတစ်ယောက် ဖြစ်လာတဲ့အချိန်…💁‍♀️

သင့်နေရာကို ဘယ်သူမှ အလွယ်တကူ
အစားထိုးလို့ မရတော့ပါဘူး။

လူတွေကို လိုက်ယှဉ်ပြိုင်မနေပါနဲ့။✨

မနေ့က ကိုယ့်ထက်
ဒီနေ့ ကိုယ် ပိုကောင်းလာအောင်ပဲ ကြိုးစားပါ။👩‍💻⭐️

အဲဒီကြိုးစားမှုကပဲ…
သင့်ရဲ့ အနာဂတ်ကို တိတ်တိတ်လေး
ပြောင်းလဲပေးနေပါလိမ့်မယ်။🏆✨

ဒါကြောင့် အရေးမပါတဲ့
လူတွေဆီမှာ အချိန်မဖြုန်းပါနဲ့။🙅‍♀️

ကိုယ့်ရဲ့ Skill၊ ကိုယ့်ရဲ့ တန်ဖိုးနဲ့
ကိုယ့်ရဲ့ အနာဂတ်ကို မြှင့်တင်ပေးမယ့် နေရာမှာပဲ
အချိန်နဲ့ စွမ်းအားကို ရင်းနှီးမြှုပ်နှံပါ။👩‍💻✨🏆

25/07/2026

နိုင်ငံခြားကို ရောက်နေတဲ့ လူတိုင်းရဲ့ စိတ်ထဲမှာ
ပိုက်ဆံရှာဖို့ ရည်မှန်းချက်တစ်ခုပဲ ပါလာကြတာ မဟုတ်ပါဘူး။

အဲ့ငွေထည့်ဖို့ အိတ်လေးတစ်အိတ်စီ မှာ label ကိုယ်စီ ရှိကြတယ်

🌸တချို့ရဲ့ အိတ်ထဲမှာ…
မိဘရဲ့ ဆေးဖိုးရှိတယ်။

🌸တချို့ရဲ့ အိတ်ထဲမှာ…
လာခဲ့တုန်းက အကြွေး ဘောင်ချာ/ စာချုပ် တွေ ရှိတယ်။

🌸တချို့ရဲ့ အိတ်ထဲမှာ…
ကိုယ်ပိုင်အိမ်လေး တစ်လုံးဆောက်ချင်တဲ့ အိပ်မက် ရှိတယ်။

🌸တချို့ရဲ့ အိတ်ထဲမှာတော့…
တစ်ခါတုန်းက ရှုံးနိမ့်ခဲ့တဲ့ ဘဝကို
အစက ပြန်တည်ဆောက်ချင်တဲ့ သတ္တိလေးပဲ ပါလာတယ်။

ဒါကြောင့်…တခြားသူရဲ့ ခြေလှမ်းကို ကြည့်ပြီး
ကိုယ့်ကိုယ်ကို မဆုံးဖြတ်ပါနဲ့။💁‍♀️

တစ်ယောက်က ကားဝယ်နိုင်တာ မြန်တယ်။💯
တစ်ယောက်က အိမ်ဝယ်နိုင်တာ မြန်တယ်။💯

နောက်တစ်ယောက်ကတော့…
လတိုင်း ရတဲ့လစာကို အိမ်ပြန်ပို့လိုက်ရလို့ ကိုယ့်အတွက် အသစ်တစ်ခုတောင် မဝယ်နိုင်သေးဘူး။💯

အဲဒါ အရှုံးမဟုတ်ဘူး။
တာဝန်တွေကို ထမ်းထားရတာမို့💯

ပြည်ပမှာ နေလာတာ
နှစ်အနည်းလေး ကြာလာတော့…💬

ပိုက်ဆံထက် တန်ဖိုးကြီးတဲ့
အရာတွေ အများကြီးရှိမှန်း ပိုသိလာတယ်……💯

“နောက်မှလုပ်မယ်” ဆိုတဲ့ အချိန်ဆွဲမိတဲ့
စကားလေး က…တစ်နှစ်ပြီး တစ်နှစ်
အချိန်ကို ခိုးယူသွားတယ်။💸

Overtime များများလုပ်ပြီး ရတဲ့ ပိုက်ဆံက…
အိပ်ရေးပျက်တဲ့ ညတွေကို ပြန်မဝယ်ပေးနိုင်ဘူး။💸

ကိုယ်ရှာတဲ့ကငွနဲ့ မကျန်းမာရင် ဆေးပြန်ကုရတယ်ဆိုရင်
တန်ပါဦးမလား ဘဝကြီး မှာ ကြိုးစားလိုက်ရတာကြီးက…..💸

Video Call နဲ့ အမေတို့ကို မြင်ရပေမယ့်…📞
CCTV ကနေ အမေတို့ အိုလာတာ မြင်နေရပေမဲ့….💬

ထမင်းတစ်ဝိုင်း အတူစားရတဲ့ နွေးထွေးမှုကိုတော့
ဘာနဲ့မှ အစားထိုးလို့ မရတော့ဘူး။🥴

လစာတိုးတာက ကောင်းပါတယ်။
ဒါပေမယ့်…ဘဝတိုးတက်တာက လစာတိုးတာနဲ့ မဆုံးဖြတ်ဘူး။

ကိုယ့်စိတ် တိုးတက်လာတာ…
အလေ့အကျင့် ကောင်းလာတာ…
ငွေကို စနစ်တကျ သိမ်းတတ်လာတာ…
အဲဒါတွေက ပိုတန်ဖိုးရှိတယ်။

အဆိုးဆုံးကတော့…
“ငါ……ခဏပဲ လာတာပါ…” ဆိုတဲ့ စကားလေး။

အဲဒီ “ခဏ” က…
တစ်နှစ်ဖြစ်သွားတယ်။
ငါးနှစ်ဖြစ်သွားတယ်။
ဆယ်နှစ်ဖြစ်သွားတယ်။

လှည့်ကြည့်လိုက်တော့…
အချိန်က ကိုယ့်ကို မစောင့်တော့ဘူး။

မိဘတွေက ကျမတို့ကို အမြဲစောင့်နေနိုင်မယ်လို့ ထင်ခဲ့တာ။

အခူ အဖေဆုံးသွားတော့ အဖေ့ ခန္ဓာကိုယ်ပဲ မြင်ခွင့်ရလိုက်တာ
အဖေ့ကို ငွေပုံကြီး ချပေးပြီး အစားထိုး ပြန်လဲလို့ မရတော့ဘူး။

ဒီစာက…
ပြည်ပမှာ အလုပ်လုပ်ကြတာကို ကန့်ကွက်တာ မဟုတ်ဘူး။

ကျွန်မတို့အားလုံးက…
ချစ်ရတဲ့သူတွေအတွက်
ကိုယ့်ဘဝကို ရင်းပြီး ကြိုးစားနေကြသူတွေပါ။

ဒါပေမယ့်…
ကျမတို့ ပိုက်ဆံရှာရင်း ဘဝကို မပျောက်စေချင်ဘူး။

အနာဂတ်ကို တည်ဆောက်ရင်း
ဒီနေ့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို မလွတ်သွားစေချင်ဘူး။

တခြားသူထက် မြန်စရာ မလိုအပ်ပါဘူး။

မနေ့ကထက် ဒီနေ့ ပိုရင့်ကျက်လာတယ်။

ဒီနေ့ထက် မနက်ဖြန် ပိုကောင်းလာတယ်ဆိုရင်…

အဲဒါကပဲ လူတစ်ယောက်ရဲ့ အောင်မြင်မှု အစစ်ပါ။ 🌿

မိသားစုနဲ့ကိုယ်စီ အတူတကွ မခွဲမခွါ ပြန်ဆုံဆည်းနိုင်ကြပါစေ🙏🏻💯🥰

📍zin’s cozy world 🥰✨💯🍀

#အားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်😘😘😘

25/07/2026

Slow Living ဆိုတာက
စျေးကြီးတဲ့ luxury lifestlye တစ်ခုဆိုတာ
အသက်ကြီးမှသဘောပေါက်လာခဲ့တယ် 🤭

vietnam, Thailand , Malaysia တောင်ပေါ်ဒေသ
cozy ဖြစ်တဲ့ coffee ဆိုင်သေးသေးလေးတွေရောက်တိုင်း

ငါ ဒီလိုဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်းလေး
ဘဝကိူဖြတ်သန်းချင်တော့တယ်ဆိုတဲ့
အတွေးကဝင်လေ့ရှိတယ် 🥰

ငယ်ငယ်တုန်းကတော့ ပြင်ဦးလွင်၊ ရွာငံဖက်ရောက်တုန်းက
ကိုယ့်မှာလဲ အဲ့လို romantic ဆန်တဲ့ စိတ်ကူးလေးရှိခဲ့တာပေါ့ 🥰

ဒါပေမဲ့ Slow Living ဆိုတာက ဒီလို……
စျေးကြီးတဲ့ luxury lifestlye ဆိုတာ ကိုယ်မှ မသိခဲ့တာလေ။🤭

အဲ့လို coffee ဆိုင် လှလှလေးတွေပုံနဲ့
ရွာငယ်လေးတစ်ခုမှာ အေးအေးချမ်းချမ်း ကော်ဖီဆိုင်လေးဖွင့်ချင်တယ်ဆိုတဲ့ post viral ဖြစ်တော့ ✨

ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်
ချက်ကျလက်ကျ ကုန်ကျစရိတ် တွေကို
တွက်ပြတဲ့ post ကို မှတ်မိသေးတယ် ✨✨

😩ကော်ဖီစက်တန်ဖိုး
😩ထိန်းသိမ်းပြုပြင်စရိတ်
😩ဆိုင်ခန်းခ
😩ဝန်ထမ်းခ
etc စသည်ဖြစ်ပေါ့………😁😁😁

💯ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆို အရင်းဘယ်လောက်ထားရလဲ
💯အရင်းကျေဖို့ တစ်လတစ်လ ရောင်းအား
တလ ဘယ်လောက် ဝင်ငွေရှိရမလဲဆိုတာကို
သေချာတွက်ပြီးရှင်းပြထားတာ သဘောကျလို့ ✨

အပူအပင် မရှိ Peaceful Lifestyle ရဖို့ဆိုတာက
Financial Security ဖြစ်ဖို့လိုတယ် 🍀✨

ဒီလိုဖြစ်ဖို့က နှစ်တွေအများကြီး ကြိုးစားပြီး
ပြင်ဆင်ထားမှရနိုင်တဲ့အရာပေါ့ 💁‍♀️

မိဘက ချမ်းသာတဲ့ background
ရှိတဲ့သူကိုတော့ မဆိုလိုဘူးပေါ့ 💁‍♀️

ကိုယ်တွေလို ကိုယ့်အားကိုယ်ကိုး
ရုန်းကန်နေရတဲ့သူတွေကိုပြောတာပါ 🤭

Slow Living ဖြစ်နိုင်ဖို့အတွက်
စိတ်အေးချမ်းနေမှရမယ် 💯 🍀✨

စိတ်ကူးထားတဲ့အတိုင်း ကော်ဖီဆိုင်လေးဖွင့်ထားပြီး
တစ်လတစ်လ အရင်းကျေဖို့ လောင်နေရရင် တော့🤭

ဆိုင်ကလေးကတော့ အေးချမ်းတယ်ထင်ရပေမဲ့
ဆိုင်ရှင်ကတော့ စရိတ်တွေအတွက် လောင်မြိုက်နေရတာပေါ့ 😖😖

ကိုယ့်မယ် ပိုက်ဆံ လုံလုံလောက်လောက်ရှိပြီး
အဲ့ ဆိုင်ရဲ့ ဝင်ငွေတစ်ခုကိုပဲအားကိုးစရာမလိုမှ 💯

ကိုယ့်စိတ်ကူးထဲကအတိုင်း
“ရွာငယ်လေးတစ်ခုမှာ အေးအေးချမ်းချမ်း
ကော်ဖီဆိုင်သေးသေးလေးဖွင့်ရင် ဘဝကို အေးချမ်းစွာဖြတ်သန်းမယ်”ဆိုတဲ့
အရာက တကယ် ဖြစ်လာနိုင်မယ် မို့လား😁

မြို့ပြကြီးတွေထက်
ဒီလို Mon Jam လိုလှတဲ့ တောင်တန်းတစ်ခုမှာ
ကိုယ်နိုင်သလောက် campsite အသေးလေး ဒါမှမဟုတ်

cafe ဆိုင်ပိစီလေးဖွင့်ပြီး အပူပင်မရှိ
ဖြတ်သန်းဖို့ စိတ်ကူးရှိတယ် 🍀✨

Chiang Mai လို / Dalat လို
Slow Living Lifestyle လိုချင်တယ်🍀✨

ဒါကြောင့်
💯ဒီလိုဖြစ်နိုင်ဖို့ ငယ်ရွယ်တုန်း ခွန်အားရှိတုန်းမှာ
အသားကုန် ကြိုးစား လုပ်ရတာပေါ့

💯ပိုက်ဆံရှာပြီး ရှိတဲ့ပိုက်ဆံကို
ဘယ်လိုပွားအောင်လုပ်မလဲဆိုပြီး ကြိုးစားရတဲ့ ကာလပေါ့

😖ကိုယ်က အပျင်းလဲ ကြီးတယ်
😖မိဘ ကလဲ ပြည့်စုံချမ်းသာပြီးသား
😖တစ်သက်လုံး အဲ့လို ကြိုးစားရုန်းကန်ပြီး
😖ဘဝကို မဖြတ်သန်းချင်ဘူး ဆို
ဒီpost ကို ကျော်ခွ သာသွား …….😁

အသက်ကြီးလာရင်တော့
ကိုယ်သဘောကျတဲ့ အလုပ်လုပ်ချင်လဲရ ၊
ဘာမှကို မလုပ်ချင်လဲရတယ်✨💯

အသက်ကြီးမှ အေးဆေးနေနိုင်ဖို့
အခုချိန်မှာ ကိုယ့်ကို မညှာတန်း မနားတန်း ခိုင်းရတာပေါ့💯

တစ်နေ့တော့ financial freedom ဖြစ်ချင်လို့ပါ✨💯

📍zin's cozy world🍀✨💯💸

21/07/2026

ပြီးခဲ့တဲ့ရက်ပိုင်းက စာတစ်ပုဒ် ဖတ်လိုက်ရတယ်။အမျိုးသမီးတစ်ယောက်ကို သူ့အသိတစ်ယောက်က…

“နင့်ခင်ပွန်းသာ မရှိရင် နင့်မှာ အခုရှိနေတဲ့ ပိုင်ဆိုင်မှုတွေ ဘာမှ ရှိမှာ မဟုတ်ဘူး။”

လို့ ပြောသတဲ့။ သူမကတော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့…”ဒါဆို ဘာဖြစ်လဲ…” လို့ပဲ ပြန်ဖြေလိုက်တယ်။

အဲဒီ အဖြေ တိုတိုလေးထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါနေခဲ့တယ်။

လူတော်တော်များများက
မိန်းမတစ်ယောက်ရဲ့ ဘဝကို ကြည့်တဲ့အခါ…

သူမ ဘာလုပ်ခဲ့သလဲဆိုတာထက်…

သူမ ဘယ်သူ့ဇနီးလဲဆိုတာကိုပဲ အရင်မြင်တတ်ကြတယ်။

တကယ်တော့…ဘဝတစ်ခုဆိုတာ လူတစ်ယောက်တည်းရဲ့ လက်နဲ့ ဆောက်လို့ မရပါဘူး။

အခု ကျွန်မတို့အိမ်မှာလည်း
ကျွန်မနဲ့ ကျွန်မခင်ပွန်း နှစ်ယောက်စလုံး အလုပ်လုပ်ကြတယ်။ လစာလည်း သိပ်မကွာဘူး။ အိမ်မှု့ကိစ္စတွေရော၊ ချက်ပြုတ်ရတာရော၊ အိမ်ရဲ့တာဝန်တွေ၊ စိတ်ပင်ပန်းမှုတွေကိုလည်း နှစ်ယောက်သား အတူထမ်းကြတယ်။
ဒါပေမယ့်… သူလဲငွေရှာပေးသလို အိမ်အလုပ်တွေကို ကူလုပ်ပေးတယ်။

တချို့အိမ်တွေမှာတော့ အမျိုးသမီးက အိမ်မှာပဲ နေတယ်။
အဲဒီအခါ လူတချို့က…
“သူက ဝင်ငွေမရှိဘူး။”
“သူ ဘာမှ မတည်ဆောက်ဘူး။”
“ခင်ပွန်းကိုပဲ အရာရာ မှီခိုနေတာ။” လို့ အလွယ်တကူ သူများဘဝကို judge ဝင်လုပ် တတ်ကြတယ်။

တကယ်လို့
အိမ်တစ်အိမ်ကို ဝင်ငွေတခုတည်းနဲ့ပဲ တိုင်းတာမယ်ဆိုရင်…
အိမ်ထဲက မမြင်ရတဲ့ တန်ဖိုးတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။

သူမ မနက်စာ ပြင်ပေးတဲ့လက်တစုံ
သားသမီးကို ပြုစုပျိုးထောင်ပေးတဲ့ အချိန်။
အိမ်ကို သန့်ရှင်းနွေးထွေးနေအောင် ထိန်းသိမ်းပေးတဲ့ စေတနာ။
မိသားစု အားလုံးရဲ့ စိတ်ခံစားချက်တွေကို ဟန်ချက်ညီအောင် ထိန်းထားတဲ့ သည်းခံမှု။

အဲဒါတွေကို လစာပေးမယ့်
အလုပ်တစ်ခုလို တိုင်းတာလို့ မရပေမယ့်…

ဒါတေက ချပြဖို့ သိပ်ခက်ပြီး မိသားစုတစ်ခု တည်ငြိမ်အေးချမ်းစွာ ရပ်တည်နိုင်ဖို့ အရေးအကြီးဆုံး အလုပ်တွေပါပဲ။

ဒါကြောင့်…
ဘယ်သူက ပိုက်ဆံရှာလဲဆိုတာထက်…
ဘယ်သူက ကိုယ့်နေရာကနေ မိသားစုအတွက်
အကောင်းဆုံး ကြိုးစားနေလဲဆိုတာက ပိုအရေးကြီးပါတယ်။

အိမ်ထောင်ရေးဆိုတာ
အနိုင်၊ အရှုံး ပြိုင်ပွဲ မဟုတ်ဘူး။

“ငါက ရှာတယ်၊
မင်းက သုံးတယ်၊ ဖြုန်းတယ်
ဆိုတဲ့ ဆက်ဆံရေး မျိုးလည်း မဟုတ်ဘူး။

“ငါတို့နှစ်ယောက် အတူတည်ဆောက်ထားတာ”
ဆိုတဲ့ ယုံကြည်မှုနဲ့ ယှဉ်တွဲပြီး လျှောက်ရတဲ့ ခရီးတစ်ခုပါ။

တစ်ယောက်ကို တစ်ယောက် စုံမက်ချစ်ခင်လို့ယူထားကြတာပဲ
တစ်ဦးကို တစ်ဦးကလဲ ကျေးဇူးလဲ တင်တတ်ရမည်။

မိမိရဲ့ ဖြစ်တည်မှု့ကိုလဲ မမေ့သင့်ပါ။
မိမိရဲ့ အရည်အချင်းကို ဂုဏ်ယူတတ်ပါစေ။
မိမိသည်လည်း တန်ဖိုးရှိသော အမျိုးသမီးတစ်ဦးဖြစ်ပါသည်။

ကျွန်မက
ကျွန်မခင်ပွန်းကို အမြဲ ကျေးဇူးတင်ပါတယ်။🤍

ဒါပေမယ့်…
ကျွန်မကိုယ်ကျွန်မလည်း ဂုဏ်ယူပါတယ်။🍀

ကျွန်မတို့နှစ်ယောက်
ဒီနေ့ရောက်လာတဲ့နေရာဟာ…
သူတစ်ယောက်တည်းရဲ့ အောင်မြင်မှုလည်း မဟုတ်သလို…
ကျွန်မတစ်ယောက်တည်းရဲ့ အောင်မြင်မှုလည်း မဟုတ်ပါဘူး။

တစ်ယောက် ကို တစ်ယောက်
ဖေးမရပ်တည်ပေးခဲ့ကြလို့…

တစ်ယောက်ရဲ့
အားနည်းချက်ကို တစ်ယောက်က ဖြည့်ပေးခဲ့ကြလို့…

ဒီနေ့ဆိုတဲ့ နေရာကို ရောက်လာခဲ့တာပါ။

ဒါကြောင့်…
“နင့်ခင်ပွန်း ကြောင့် နင်မှာ ဒါတွေ ရှိတာ။” လို့ ပြောရင်…

ကျွန်မကတော့ အပြုံးလေးနဲ့ပဲ ပြန်ဖြေမိမယ်။
“မဟုတ်ဘူးရှင့်…ကျွန်မခင်ပွန်းနဲ့အတူ ကျွန်မတို့ နှစ်ယောက် တည်ဆောက်ထားတာပါ။”

အဲဒီ “နဲ့အတူ” ဆိုတဲ့ စကားလုံးလေးက…

အိမ်ထောင်ရေးတစ်ခုလုံးရဲ့ အဓိပ္ပာယ် ဖြစ်နေပါတယ်။

နောက်ဆုံးမှာ…

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို သူ ဘယ်လောက်
ဝင်ငွေရှာနိုင်သလဲဆိုတာနဲ့ မတိုင်းတာသင့်သလို…

ယောကျ်ားတစ်ယောက်ရဲ့ ဉာဏ်ရည် ဉာဏ်သွေး နဲ့
လူကြီးလူကောင်းဆန်မှုကိုလည်း

သူ့ဇနီးအပေါ် ဘယ်လောက် တန်ဖိုးထားသလဲဆိုတာနဲ့ တိုင်းတာရပါတယ်။

📍မိမိဇနီးကို လေးစားစွာ ဆက်ဆံဖူးသလား။

📍ကြုံလာတဲ့ ပြဿနာတိုင်းကိုအတူတိုင်ပင်ဖြေရှင်းဖူးသလား။

📍တခြားသူရဲ့ စော်ကားစကားရှေ့မှာ ဇနီးသည်ဘက်က မားမားမတ်မတ် ရပ်တည်ပေးဖူးပါသလား။

အဲဒီအဖြေတွေက…

သူ ဘယ်လောက်အောင်မြင်တဲ့
ယောကျ်ားတစ်ယောက်လဲဆိုတာထက်…

သူ ဘယ်လောက် တန်ဖိုးရှိတဲ့
ခင်ပွန်းတစ်ယောက်လဲဆိုတာကို ပိုပြီး ပြောပြနေပါတယ်။

Photos from Zin’s Cozy World's post 15/07/2026

📍အိမ်မက်ထဲက အိမ်ကလေး…🏠🪴

အခုတော့ တကယ်ရလာပြီ။

တစ်ချိန်က စိတ်ကူးထဲမှာပဲ ရှိခဲ့တဲ့နေရာက
ဒီနေ့ လက်နဲ့ထိလို့ရတဲ့ အမှန်တရား ဖြစ်လာတယ်။

ပြီးပြည့်စုံနေသေးတာတော့ မဟုတ်ဘူး။

ပိုအသက်ဝင်လာဖို့…
ရယ်မောသံတွေ၊ နွေးထွေးမှုတွေ….
ချစ်ရတဲ့သူတွေရဲ့ ခြေရာတွေ…..
နေ့စဉ်ဘဝရဲ့ အမှတ်တရလေးတွေ……
တစ်စစီ ဖြည့်ဆည်းဖို့ အချိန်တစ်ခုတော့ လိုဦးမယ်။

ဒါပေမယ့်…
အရေးကြီးဆုံးက
အိမ်မက်တစ်ခုဟာ အိမ်မက်အဖြစ်ကနေ
အမှန်တရားတစ်ခု ဖြစ်လာခဲ့ပြီဆိုတာပါပဲ။

ကျန်တာတွေက…
အချိန်ရဲ့ လက်ထဲမှာ လှလှပပ ပွင့်ဖို့ စောင့်နေရုံပါ။

24/06/2026

ကိုယ့်ရဲ့ခိုလှုံရာဟာ မိမိကိုယ်တိုင်ဖြစ်လာတဲ့တစ်နေ့ကျ...

တစ်ချိန်က…
ဝမ်းနည်းတဲ့အခါ
နားထောင်ပေးမယ့်သူကို ရှာခဲ့ဖူးတယ်…

အထီးကျန်တဲ့အခါ
လက်တွဲပေးမယ့်သူကို မျှော်လင့်ခဲ့ဖူးတယ်…

ပင်ပန်းတဲ့အခါ
နားလည်ပေးမယ့်သူကို တောင့်တခဲ့ဖူးတယ်…

ဒါပေမဲ့…
လောကမှာ လူတိုင်းက
ကိုယ့်ဘေးမှာ အမြဲရှိနေပေးနိုင်တာ မဟုတ်ဘူး…

တချို့လူတွေက ခဏပဲ ဝင်လာတာ..
တချို့လူတွေက သင်ခန်းစာပဲ ပေးသွားတာ..

နောက်ဆုံးမှာ နားလည်လိုက်ရတာက…

ကိုယ်အလိုအပ်ဆုံး အချိန်တိုင်း
ကိုယ့်ဘေးမှာ ရှိနေပေးရမယ့်သူက
တခြားဘယ်သူ မဟုတ်ဘူး…
ကိုယ်တိုင်ပဲဆိုတာ...

စိတ်ပင်ပန်းတဲ့နေ့မှာ ကိုယ့်ကိုယ်ကို နားလည်ပေးပါ…

ဝမ်းနည်းတဲ့နေ့မှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးပါ…

လဲကျတဲ့နေ့မှာ ကိုယ့်ကိုယ်ကို ပြန်ထူပေးပါ…

လောကကြီးက
အမြဲတမ်း ကိုယ်စိတ်ကြိုက် ဖြစ်မလာနိုင်ဘူး…

ဒါပေမဲ့…
ကိုယ့်စိတ်ကို ကိုယ်စောင့်ရှောက်တတ်တဲ့နေ့ကစပြီး

ဘယ်သူ့ကိုမှ မတောင်းဆိုရတဲ့
ငြိမ်းချမ်းမှုကို ရလာလိမ့်မယ်…

နောက်ဆုံးမှာ…
ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူဟာ

ဘယ်သူထွက်သွားသွား
မပြိုလဲတော့ဘူး… 🤍

#ရတနာတောရဆရာတော်

22/06/2026

Yangon မြို့မှာ လက်ရှိ အိမ်ငှားဈေးကွက် အရ

#ဘာကြောင့်အိမ်ငှားရင်ပွဲစားခပေးရတာလဲ?

၁) အိမ်ရှင်ကိုယ်စား ဆောင်ရွက်ပေးနေလို့

အိမ်ရှင်က ပြည်ပမှာ ဖြစ်စေ၊ နယ်ဝေးမှာ ဖြစ်စေ နေထိုင်နေရင် အိမ်ပြသခြင်း၊ အိမ်ငှားရှာဖွေခြင်း၊ စာချုပ်ပြင်ဆင်ခြင်း၊ Deposit နှင့် လစဉ်ငှားရမ်းခ ကိစ္စများကို အကျိုးဆောင် (ပွဲစား) က ကိုယ်စားဆောင်ရွက်ပေးရပါတယ်။
ပွဲစားများ အနေဖြင့်လည်း အထပ်မြင့်များပေါ် အိမ်များစွာ လိုက်လံပြသရသောကြောင့် ထီးဖြူ ၊ ဖိနပ်ပါးဖြင့်
အိမ် ရှာဖွေပြီး အဆင်ပြေအောင် ချိတ်ဆက်ပေးရတဲ့ ဝန်ဆောင်မှုအတွက် ပွဲစားခပေးရခြင်းဖြစ်ပါတယ်။

၂) အိမ်ရှင်နှင့် အိမ်ငှားကြား ညှိနှိုင်းပေးသူ ဖြစ်လို့

အိမ်ငှားနေစဉ်အတွင်း အိမ်ပြုပြင်ရန်လိုအပ်ခြင်း၊ ပစ္စည်းပျက်စီးခြင်း၊ စာချုပ်ဆိုင်ရာကိစ္စများ စသည့် အဆင်မပြေမှုများ ဖြစ်လာပါက ပွဲစားက ကြားခံအဖြစ် ညှိနှိုင်းပေးနိုင်ပါတယ်။

သို့သော် ပွဲစားတိုင်းက After Service ကောင်းကောင်း မပေးနိုင်ကြပါဘူး။
တချို့ပွဲစားများက ပွဲတည့်ပြီးနောက်
“အိမ်ရှင်နဲ့ တိုက်ရိုက်ပြောပါ” ဟု ပြောဆိုကာ တာဝန်ယူမှု နည်းပါးတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် ပွဲစားရွေးချယ်ရာမှာ ယုံကြည်စိတ်ချရပြီး တာဝန်ယူမှုရှိသူကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

၃) အချိန်နှင့် စရိတ်စက သက်သာစေလို့

အိမ်ငှားတစ်ယောက်အနေနဲ့ ကိုယ်တိုင် အိမ်ရှာမယ်ဆိုရင် အချိန်ကုန်၊ လမ်းစရိတ်ကုန်ပြီး အိမ်များစွာ သွားကြည့်ရနိုင်ပါတယ်။
ပွဲစားကတော့ ကိုယ့် Budget၊ Location နှင့် လိုအပ်ချက်များအတိုင်း ရွေးချယ်ပေးနိုင်တာကြောင့် အချိန်နှင့် အားထုတ်မှု သက်သာစေပါတယ်။

၄) Yangon တွင် အများအားဖြင့် ယူကြသော ပွဲစားခ

* ၆ လ စာချုပ် — အိမ်ငှားခ လဝက်စာ (½ Month Rental)
* ၁ နှစ် စာချုပ် — အိမ်ငှားခ ၁ လစာ (1 Month Rental)

သို့သော် ပွဲစားတစ်ဦးနှင့်တစ်ဦး သဘောတူညီချက်အရ ကွာခြားနိုင်ပြီး ၊ အချို့အိမ်များတွင် အိမ်ရှင်ဘက်မှ ပွဲစားခ ပေးသည်ရှိသလို၊ တစ်ယောက် တစ်ဝက် ပေးချေသည့် စနစ်လည်း ရှိပါသည်။

အကယ်၍ အိမ်ရှင် နှင့် အိမ်ဌား တိုက်ရိုက် အဌားဖြစ်သွားပါက ပွဲစားခ သက်သာနိုင်မည် ဖြစ်ပါသည်။

အကြံပြုချက်

အိမ်ငှားမတိုင်မီ ပွဲစားခ မည်မျှပေးရမည်၊
ပွဲတည့်ပြီးနောက် ဝန်ဆောင်မှုများ ဆက်လက်ပေးမည်လား ဆိုတာကို ကြိုတင် မေးမြန်းသဘောတူထားသင့်ပါသည်။

မှတ်ချက်အနေနဲ့ Yangon မှာ လက်ရှိအခြေအနေအရ

“ပွဲစားခကို အိမ်ငှားဘက်က ပေးရမယ်ဆိုတဲ့ ဥပဒေသတ်မှတ်ချက် မရှိသလို၊
အိမ်ရှင်ကပဲ 💯 % ပေးရမယ်ဆိုတာရယ် မရှိပါဘူး”

အများအားဖြင့် ဈေးကွက်ထုံးစံ (market practice)
အရ ၂ဦး ၂ဖက် ၊ အဆင်ပြေအောင် ရောင်းသူ ဝယ်သူ
အသံတူလို့ ပေးကြတာမှ အိမ်ဌား စျေးကွက်ပေါ်လာတာ ဖြစ်ပြီး၊

မည်သူက ပေးမလဲဆိုတာ အိမ်ရှင်၊ အိမ်ငှား၊ ပွဲစား
သုံးဦး ၏ သဘောတူညီချက်ပေါ် မူတည်ပါတယ်။

#သင်တို့ရောဘာတွေများဖြည့်စွက်ချင်ပါသလဲ။

#အိမ်ရှင် #အိမ်ဌား #ပွဲစားခ


21/06/2026

အချိန်က လူတစ်ယောက်အကြောင်းကို
ရှင်းရှင်းလင်းလင်း မြင်လာအောင် သင်ပေးတယ်။

ဒုက္ခတွေကတော့ နှလုံးသားထဲက မှန်တစ်ချပ်လို…
ကိုယ့်အမှား၊ ကိုယ့်အားနည်းချက်တွေကို ပြန်ကြည့်ခိုင်းတယ်။

သိလို့ မှားခဲ့တာတွေ ရှိသလို
မသိလို့မှားခဲ့တာတွေလည်း ရှိခဲ့တယ်။

အဲဒီအမှားတွေနဲ့ပဲ
လူဟာ တဖြည်းဖြည်း ရင့်ကျက်လာရတာပါ။

အမှား လုံးဝ မရှိတဲ့ဘဝကို မတောင်းပါဘူး။

ပြင်ခွင့်မရှိတဲ့ အမှားတွေကိုသာ
မမှားမိအောင် သတိနဲ့ နေသွားချင်တယ်။

နေ့တစ်နေ့ကုန်ဆုံးသွားတဲ့အခါ
အမှားနည်းနည်း နဲ့ နေထိုင်နိုင်ခဲ့မယ်ဆိုရင်
ကိုယ့်ကိုကိုယ် ပိုကျေနပ်မိလာမယ်လေ

19/06/2026

🍃 One step at a time. ✨

တစ်လှမ်းချင်းသာ လျှောက်ပါ။ 🚶‍♀️🚶

အောင်မြင်မှုဆိုတာ
ပြေးရင်းရောက်သွားတာ မဟုတ်ဘူး။ 🏃‍♀️

လဲကျရင် ပြန်ထ၊
ပင်ပန်းရင် ခဏနား၊
ဒါပေမဲ့ မရပ်ပစ်လိုက်နဲ့။

ဆရာ နေဝင်းမြင့် ပြောခဲ့ဖူးသလို

“ခွန်အားဆိုတာ
ကိုယ့်စိတ်ထဲက စတင်ပေါက်ဖွားတာ” ပါ။

ယုံကြည်ချက်နဲ့ ရှေ့ဆက်ရင်
မနက်ဖြန်က ပိုလင်းလာမယ်။ ✨

14/06/2026

💕 မိတ်ဆွေစစ်ဆိုတာ
အကူအညီလိုအပ်တဲ့အခါ
ကူညီမှုပေးနိုင်မှု/ မပေးနိုင်မှုအပေါ် မမူတည်ပါဘူး။

စိတ်ရင်းမှန်ဖြင့်
မကောင်းတာကိုတားမယ်
ကောင်းတာကိုပြောပြမယ်။

တစ်ပါးသူမကောင်းပြောနေတာ
မမှန်ကန်လဲ ကာကွယ်ပေးရမယ်။

ကိုယ့်မိတ်ဆွေလမ်းမှားရောက်နေရင်လဲ
လမ်းမှန်ပေါ် ပြန်တင်ဖို့လမ်းညွှန်ရပါမယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon