Ye Myint Win
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ye Myint Win, Health/Beauty, Yangon.
08/07/2022
စကားဝါပန်းတို့ပွင့်လန်းရာပုပ္ပားတောင်
ရနံ့သင်းထုံတဲ့ စကားဝါပန်းတွေပေါများသော ပုပ္ပါးတောင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ထဲမှာရှိပါတယ်။ မိုးခေါင်ရေရှားပြီး ပူပြင်းခြောက်သွေ့တဲ့ အညာဒေသ ဖြစ်တဲ့ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ပုဂံ-ညောင်ဦး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်းစတဲ့ နေရာတွေကြားထဲက တခုတည်းသော အမြဲစိမ်းတောဖြစ်ပါတယ်။ ပုပ္ပားတောင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ငါးထောင်ခန့်မြင့်မားပြီး ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်အဟောင်းကြီးတခုပဲဖြစ်ပါတယ်။ ပုပ္ပါးတောင် ဟာ ရှေးယခင်ကမီးတောင်တစ်ခုအဖြစ် အကြိမ်ကြိမ်ပေါက်ကွဲခဲ့ပြီး နောက်ပိုင်းမှ မီးငြိမ်းတောင် ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ ပုပ္ပါးတောင်၏ မီးတောင်ဝတွင်းချိုင့်ကြီးမှာ ပေ ၃၀၀၀ ခန့်နက်ပါတယ်။ ပုပ္ပားတောင်ဟာ မှိုင်းညှို့ညှို့တိမ်တိုက်ကြီး တွေနဲ့အတူ မြူခိုးတွေကြားမှာ မြန်မာ့ရိုးရာနတ် ကိုးကွယ်မှု များကြီးစိုးပြီး ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်း များလည်းရှိတာမို့ တမူထူးခြားနေတာအမှန်ပါ။ တောင်ထိပ်မှာတော့ ဘုရားစေတီနဲ့ သာသနိက အဆောက်အအုံတွေကို နေရာအပြည့်တွေ့ ရမှာဖြစ်ပါတယ်။ တစ်ချိန်က တောင်ကတုံးဖြစ်ခဲ့သော ပုပ္ပားတောင်ကလပ်ကို အစိုးရ အဆက်ဆက်က “ပုပ္ပားမောင်တောင်ကတုံးကို သျှောင်ထုံးရန်” ဟူ၍ သစ်ပင်များ စိုက်ပျိုးခဲ့ပါတယ်။
၁၉၈၉ ခုနှစ်တွင် သစ်တောဦးစီးဌာနက ဘေးမဲ့တောဥယျာဉ်အဖြစ် တည်ထောင်ခဲ့ပါတယ်။ အဆိုပါ ဘေးမဲ့တောဥယျာဉ်၌ နို့တိုက်သတ္တဝါ ၁၀ မျိုး၊ ငှက်မျိုးစိတ် ၁၈၅ မျိုး၊ လိပ်ပြာမျိုးပေါင်း ၁၀၀၊ အပင်မျိုးစိတ် ၃၀၀၊ သစ်ခွမျိုးစိတ်ပေါင်း ၈၆ မျိုးနှင့် ဆေးဖက်ဝင် အပင်ပေါင်း ၃၆၃ မျိုးတို့ ရှင်သန်လျက်ရှိပါတယ်။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရှားပါးမျောက်မျက်ကွင်းဖြူ အကောင် ၅၀၀ ခန့်လည်း မီးတောင်ဝ ကြီးထဲရှိ လျှိုမြောင်၊ ချိုင့်ဝှမ်းများတွင် နေထိုင်ကျက်စားလျက်ရှိတယ်လို့ ဆိုကြပါ တယ်။ ခရီးသွားများ အနေဖြင့် သဘာဝဘေးမဲ့တောဥယျာဉ် တောတွင်းလမ်းတစ်လျှောက် မျောက် မျက်ကွင်းဖြူတို့၏ နေထိုင်စားသောက်မှုများအား လေ့လာခြင်း၊ မြန်မာ့ရွှေသမင်ခြံသို့ လည်ပတ်ခြင်း၊ မြင်းစီးခြင်းတို့ကို လေ့လာခြင်း၊ ရှားပါးစန္ဒကူးခြံများ၊ ပရဆေးဥယျာဉ်နှင့် ဒေသခံများ၏မိရိုးဖလာသယံဇာတ အသုံးပြုမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လွတ်လပ်စွာ လည်ပတ်ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်နိုင်ပါတယ်။ ထို့ပြင် သုတေသနပြုလုပ်လိုသူများ အနေဖြင့်လည်း မျောက်မျက်ကွင်းဖြူတို့၏ ဂေဟဗေဒနှင့် ဇီဝဗေဒ၊ လိပ်ပြာမျိုးစိတ်များ ပျံ့နှံ့မှု၊ ဆေးဖက်ဝင်အပင်နှင့်သစ်ခွပန်းပင်များ၊ ပင်လယ်ေရမျက်နှာပြင်အမြင့် အလိုက်ေတာပြောင်းလဲမှု အခြေအနေများ၊ သဘာဝရေထွက်စမ်းများကို လေ့လာနိုင်ပါတယ်။ ဘေးမဲ့တောဥယျာဉ်သို့ သွားရောက်လည်ပတ်ခြင်းဖြင့် သဘာဝတရားကြီး၏ အလှတရားများကို တဝကြီးခံစားနိုင်မည် မှာ အမှန်ဘဲဖြစ်ပါတယ်။
ထို့ပြင်ပုပ္ပားတောင်မှာ သဘာဝအတိုင်း စိမ့်ထွက်နေသော ရေထွက်ပေါက် ၂၀၀ ခန့်ရှိရာ မောင်တော်ရေထွက်၊ နှမတော်ရေထွက်၊ ငဝစမ်းရေထွက်၊ ရေဆူရေထွက်နှင့် ကြို့ချောင်းရေ ထွက်တို့မှာ လူသိများပါတယ်။ “စံကားဝါမြေ” ဆိုသည့်အတိုင်း ရွှေဝါရောင်စံကားဝါပန်း ရနံ့များဖြင့် ထုံမွမ်းလျက်ရှိသည့် စိမ်းစိုအုံ့ဆိုင်းနေသော တောအုပ်များအကြား တသွင်သွင် စိမ့်ထွက်နေသော ကြည်လင်အေးမြလှသည့် ရေထွက်များသည့် သဘာဝ အလှတရားကို ချစ်မြတ် နိုးသူများအနေဖြင့် ပုပ္ပားသို့ သွားရောက်အပန်းဖြေလည်ပတ်သင့်သည့် အချက်တစ်ချက်ပင် ဖြစ်ပါတယ်။ ရေထွက်များမှ တသွင်သွင်စီးဆင်းနေသော ရေစီးသံများ၊ ကျေးငှက်လေးများ၏ တေးသံသာများကိုနားဆင်ရခြင်းဖြင့်လည်း စိတ်နှလုံး ပင်ပန်းနွမ်းနယ် မှုများကို ပြေပျောက်ေစ မည်မှာမလွဲဧကန်ပင်။ ဤသည်မှာပုပ္ပားဒေသကို “အညာမြေ၏အိုအေစစ်” ဟုပင် တင်စားခေါ်ဝေါ် ကြရသည့် အကြောင်းတရား ဖြစ်လိမ့်မယ်ထင်ပါတယ်။
ဒီတောင်ကြီးဟာ ဆယ့်နှစ်ရာသီ စိမ်းလန်းနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ အဖိုးတန် သဘာဝ ပန်းချီကား တချပ်ဖြစ်ကြောင်း Myanmar.Travel မှ ဖော်ပြလိုက်ပါတယ်။
#ပုပ္ပါးတောင် #မန္တလေးတိုင်း #စွဲမက်ဖွယ်ရာပြည်မြန်မာ .Travel
Click here to claim your Sponsored Listing.