Thet Hmue Eaindra

Thet Hmue Eaindra

Share

health and beauty

Photos from Thet Hmue Eaindra's post 16/11/2021

ကထိန်သင်္ကန်းကပ်လှူပူဇော်ခြင်းအကျိုးကျေးဇူးများတင်ပေးလိုက်ပါတယ်နော် # # # # #

30/10/2021

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ
~~~~~~~~~~~~~~~~~~~~
ဝက်ခြံလို့ ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံက ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။

ဆားဝက်ခြံလို့ခေါ်တဲ့ အဆံ မဲမဲလေးတွေ ထွက်တာမျိုး ရှိသလို အခုပြောပြမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေလည်း ရှိပါတယ်။

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကို အများစုက အဆီဖုလေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံ
~~~~~~~~~~~~~~~
လူတော်တော်များများက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဟာ အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူဘူးဆိုတာကို မသိကြပါဘူး။ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။

တကယ်ကတော့ ပုံမှန် ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံအတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။

ဒီတော့ ဝက်ခြံကို ကုသမှု မလုပ်ခင် ရိုးရိုး ဝက်ခြံလား မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံလားဆိုတာကို သိရှိဖို့ လိုပါမယ်။ အခုလို လက္ခဏာလေးတွေ ရှိမယ်ဆိုရင်တော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပါ။

အရွယ်အစား
~~~~~~~~
မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေက အရွယ်အစား တူကြပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံက အရွယ်အစား အမျိုးမျိုး ရှိပြီး ထိပ်နားမှာ ပြည်လို အဆံဖြူဖြူတွေ ရှိနေတတ်ပါတယ်။

နေရာ
~~~~
မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက လက်မောင်း၊ ရင်ဘတ်၊ နောက်ကျောတွေမှာ အပေါက်များပါတယ်။ မျက်နှာ အထူးသဖြင့် နဖူးမှာ အပေါက်များပါတယ်။

ယားယံတယ်
~~~~~~~~
သာမန် ဝက်ခြံတွေက မယားယံပေမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကတော့ ယားယံတာမျိုး ခံစားရစေနိုင်ပါတယ်။

အစုလိုက် ပေါက်တယ်
~~~~~~~~~~~~~
မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက အခြား ဝက်ခြံတွေနဲ့ မတူဘဲ အစုလိုက် ပေါက်တတ်ကြပါတယ်။ အဖြူဆံလေးတွေလို အဖုသေးသေးလေးတွေ အစုလိုက် ပေါက်နေတယ်ဆိုရင်တော့ အဆီဖု မဟုတ်သလို ဆားဝက်ခြံလည်း မဟုတ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပါ။

နောက်ထပ် သိနိုင်တဲ့ လက္ခဏာတစ်ခုက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ မှိုပိုးကူးစက်ခံရတဲ့ အခြား လက္ခဏာတွေ ဖြစ်တဲ့ ဗောက်ထတာ၊ ဆိုရီရေးစစ် အရေပြားပြဿနာတွေကိုပါ ခံစားရနိုင်ပါသေးတယ်။

မျက်နှာ အပါအဝင် ခန္ဓာကိုယ်ပေါ်မှာ
အဖုသေးသေးလေးတွေပေါက်မယ်။ ယားယံမယ်။ အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူနေမယ်ဆိုရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပြဿနာကို ခံစားနေရတာပါ။

ဒီလိုလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ စနစ်တကျ အရေပြားဆိုင်ရာဆရာဝန်ပြသတိုင်ပင်ပြီး ကုသတာအကောင်းဆုံးပါပဲ။

Dr.Phyo Wai Lynn

23/10/2021

💁အမာရွတ် အကြောင်း တစေ့တစောင်း
===================
အမာရွတ်ကို မဖယ်ခင် အမာရွတ်ကို အကြောင်းကို အရင်လေ့လာကြည့်ရအောင်။ အမာရွတ်ဆိုတာ သဘာဝအတိုင်း အနာကျက်တဲ့ နည်းလမ်းပါ။ အရေပြားရဲ့ ဒုတိယအလွှာထိ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် အဲ့အလွှာမှာရှိတဲ့ ကော်လာဂျင်တွေက အနာကျက်ဖို့ လုပ်ပေးရပါတယ်။ ဒါကြောင့် အမာရွတ်ဆိုတာ ဖြစ်လာတာပါ။ သိစေချင်တဲ့ အချက်တချို့ကတော့

များသောအားဖြင့် အနာကျက်တာ မြန်လေလေ ကော်လာဂျင်ထွက်တာ နည်းလေလေ အမာရွတ်ကျန်တာ နည်းလေလေပါပဲ။
နောက်တစ်ခုက အကြမ်းဖျင်း ပြောမယ်ဆိုရင် ဒဏ်ရာပြင်းလေလေ အမာရွတ်များလေလေပါပဲ။
အမာရွတ်တွေက ခန္ဓာကိုယ် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။
ဖြစ်တဲ့သူရဲ့ အသက်အရွယ်ပေါ်လည်း မူတည်ပါသေးတယ်။
အမာရွတ် အမျိုးအစားတွေ အများကြီး ရှိပါတယ်။
🌺အမာရွတ် အမျိုးအစားများ🌺
---------------------------
💁ချပ်သွားတဲ့အမာရွတ် (Atrophic scar)
ဒီအမာရွတ်က နဂိုရှီပြီးသား တစ်ရှူးတွေ ဆုံးရှုံးသွားတဲ့အတွက် အရေပြားမှာ ချိုင့်ဝင်တာ၊ ပြားပြားကြီး ဖြစ်နေတာမျိုး တွေ့ရမှာပါ။ ဘေးအရေပြားထက် အရောင်လည်းရင့်ပါတယ်။ ဥပမာ ဝက်ခြံအမာရွတ်၊ ရေကျောက်အမာရွတ်။

💁ဖောင်းကြွအမာရွတ် (Hypertrophic scar)
ဖောင်းကြွလို့ ပြောရတာက တကယ်ဖြစ်တဲ့ ဒဏ်ရာထက် အမာရွတ်က ပိုကြီးလို့ပါ။ Keloid အမာရွတ်နဲ့ မတူတာက ဘေးကို ပြန့်ကားမသွားပါဘူး။ ဘေးအရေပြားထက် အရောင်ပိုရင့်ပါတယ်။

💁Keloidအမာရွတ်
Keloidအမာရွတ်က အနာကျက်တဲ့ အချိန်မှာ တစ်ရှူးတွေ အများကြီး ထုတ်လိုက်လို့ ဖြစ်ရတာပါ။ ဖောင်းကြွပြပြီး ဘေးကို ကားထွက်နေပါတယ်။ အရောင်လည်း ရင့်ပါတယ်။

💁အနာရွတ် (Contracture scar)
ထိခိုက်တဲ့ အရေပြား များရင် ဖြစ်တတ်ပါတယ်။ ဥပမာ မီးလောင်တာမျိုးပေါ့။ အနာရွတ်တွဲနေတာကြောင့် လှုပ်ရှားရခက်တတ်ပါတယ်။

အမာရွတ်သက်သာစေမည့် သဘာဝနည်းလမ်းများ
ခုပြောမယ့် နည်းလမ်းတွေက သာမန် အမာရွတ်အတွက်ပဲ အဆင်ပြေမှာပါ။ ဖောင်းကြွနေတဲ့ အမာရွတ်ကြီးတွေအတွက်ဆိုရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။ နောက်တစ်ခုက ရလဒ်က ချက်ချင်းမရပါဘူး။ စိတ်ရှည်ရှည်နဲ့ ပုံမှန် လုပ်ပေးဖို့ လိုပါတယ်။ နည်းလမ်းတွေကတော့

💁ရှားစောင်းလက်ပတ်
-အပြင်က အစိမ်းခွံကို ဖယ်လိုက်ပါ။

-အထဲက ဂျယ်လီအနှစ်ကို ခြစ်ထုတ်ပါ။

-အမာရွတ်ရှိတဲ့ နေရာကို အဝိုင်းပုံစံ လိမ်းပေးပါ။

-တစ်နာရီလောက်ကြာရင် ရေဆေးချပါ။

-တစ်နေ့ ၂ခါ လုပ်ပါ။

💁ဗီတာမင် အီး
–ဗီတာမင် အီး ဆေးလုံးကို ညှပ်ပြီး အထဲက အရည်တွေနဲ့ အမာရွတ်ကို ၁၀မိနစ်ခန့် လိမ်းပေးပါ။

-မိနစ် ၂၀လောက်ထားပြီး ရေကြက်သီးနွေးနဲ့ ပြန်ဆေးပါ။

-တစ်နေ့ ၃ခါလောက် လုပ်ပါ။

💁ပျားရည်
-အိပ်ရာ မဝင်ခင် အမာရွတ်ပေါ်ကနေ ပျားရည် သုတ်လိမ်းပါ။

-ပြီးရင် အပေါ်ကနေ ပတ်တီးစည်းပါ။

-တစ်ညလုံး ဒီတိုင်းထားပါ။

-မနက်ရောက်ရင် ပတ်တီးဖြည်ပြီး ရေနွေးလေးနဲ့ ဆေးချပါ။

-ညတိုင်းလုပ်ပေးပါ။

💁အုန်းဆီ
–အုန်းဆီခဲနေရင် အရည်ပျော်အောင် မီးနည်းနည်း ပြပါ။

-အမာရွတ်ပေါ်မှာ ၁၀မိနစ်လောက် လိမ်းပါ။

-၁နာရီလောက်ကြာမှ ရေဆေးချပါ။

-တစ်နေ့ ၄ခါလောက်လုပ်နိုင်ရင် ပိုကောင်းပါတယ်။

💁ပန်းသီး ရှာလကာရည်
-ပန်းသီးရှာလကာရည် ၂ဇွန်းနဲ့ ရေ၄ဇွန်း ရောပါ။

-အမာရွတ်ပေါ်ကို ဂွမ်းနဲ့ အသာအယာ သုတ်ပေးပါ။

-ခြောက်အောင် ထားလိုက်ပါ။

-ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပြီး မနက်ကျရင် ရေဆေးချပါ။

💁လာဗင်ဒါ အဆီနဲ့ သံလွင်ဆီ
-လာဗင်ဒါအဆီ ၃စက်နဲ့ သံလွင်ဆီ ၃ဇွန်းရောပါ။

-အမာရွတ်ပေါ် လိမ်းပြီး ၅မိနစ်လောက် နှိပ်နယ်ပါ။

-နာရီဝက်ထားပါ။

-ပြီးရင် ရေနွေးနွေးနဲ့ ဆေးပါ။

-တစ်နေ့ ၃ကြိမ်လုပ်ပါ။

💁အာလူး
–အာလူးကို မထူမပါး လှီးပါ။

-အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။

-အာလူး ခြောက်သွားရင် နောက်တစ်ခုလဲပါ။

-မိနစ် ၂၀လောက် နှိပ်နယ်ပြီး ၁၀မိနစ်လောက် အခြောက်ခံထားပါ။

-ရေအေးနဲ့ ဆေးချပါ။

-အနည်းဆုံး တစ်နေ့ တစ်ကြိမ်လောက်လုပ်ပါ။

💁မုန့်ဖုတ်ဆိုဒါ
–မုန့်ဖုတ်ဆိုဒါကို အနှစ်ရအောင် ရေနဲ့ ဖျော်ပါ။

-အမာရွတ်ကို ရေစိုအောင်လုပ်ပြီး အပေါ်ကနေ သုတ်လိမ်းပါ။

-အပေါ်ကနေ ရေနွေးဝတ်နဲ့ ၁၅မိနစ်လောက် ဖိထားပါ။

-ပြီးရင် ရေဆေးချပါ။

ဒီနည်းလမ်းတွေနဲ့ ပတ်သတ်ပြီး သိထားရမှာက အရင်ဆုံး အမာရွတ်ကို သေချာဆေးပြီး ခြောက်အောင် သုတ်ဖို့ပါပဲ။ နောက်ပြီး ဒါတွေက အမာရွတ်မှာပဲ သုံးရမှာပါ။ အနာတွေမှာ မသုံးရပါဘူး။ သုံးနေရင်းနဲ့ ဓာတ်မတည့်ဘူးဆိုရင် ချက်ချင်းရပ်လိုက်ပါ။
#မူရင်း
Dr.Htet Htet Zaw Win

20/10/2021

သီတင်းကျွတ်လပြည့်နေ့ 🙏
( သို့မဟုတ် )
အဘိဓမ္မာအခါတော်နေ့ သမိုင်း
***************************
ဖတ်ကြည့်နော်…☺

သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်
အဖြစ်
အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြသည်။

ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌ ဆီမီးများ ထွန်းညှိကာ
မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။

ထိုအစဉ်အလာကား မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ
မယ်တော်မိနတ်သားအား ကျေးဇူးဆပ်သော
အားဖြင့်
အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော်မူပြီး
သင်္ကဿနဂိုရ်ပြည်တောင်တံခါးသို့ ဆင်းသက်တော်မူရာအခါ၌
နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည့် အစဉ်အလာကို
ဆက်လက်ထိန်းသိမ်းကာဖြင့်
ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်း ဖြစ်၏။

ဘိုးဘွား မိဘ ဆရာသမားများအား…
ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှားမိခဲ့သည်
ရှိသော်…
အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့်
မိဘဆရာ ပူဇော်ပွဲများ၊

ဝါတွင်းသုံးလ ဝါဆို ဝါကပ်တော်မူကြသည့်
သံဃာတော်များ
ဝါကျွတ်သည့်အခါ
အပြစ်ရှိက အချင်းချင်း တောင်းပန် ပြောကြားကြသော
ပဝါရဏာနေ့ အခမ်းအနားများ၊

မီးထွန်းပွဲအခမ်းအနား စသည်ဖြင့်
ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့်
နေထူးနေ့မြတ်ပင် ဖြစ်သည်။

မဟာသက္ကရာဇ်(၁ဝ၉)ခုနှစ်၊ဝါဆိုလပြည့်
သာဝတိံပြည် ကောသလမင်းကြီး၏ ကဏ္ဍဥယျာဉ်မှူး
မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း
စိုက်ပျိုးအပ်သော
ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူရန်
ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။

ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို ပြတော်မူပြီး၍
ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင်
ရှေးမြတ်စွာဘုရားရှင်တို့နည်းတူ တာဝတိံသာနတ်ပြည်
၌ ဝါကပ်တော်မူ၍
မယ်တော်မိနတ်သားအား အဘိဓမ္မာတရား ဟောကြားတော်မူရန်
တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့်
ကြွသွားတော်မူ၏။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌
ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန်
ပယ်လယ်ကသစ်ပင်ရင်းရှိ
သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌
သီတင်းသုံးတော်မူ၏။

ဤသို့ တာဝတိံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင်
ကြွတော်မူလျှင်
လူ့ပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့ စုဝေးရောက်ရှိကြကုန်သော လူအပေါင်းတို့က
ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့
ကြွတော်မူပါသနည်းဟု မေးလျှောက်သဖြင့်…

ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါမထေရ်က…

ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ဝယ်
သိကြားမင်း၏
ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူပြီး
မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား
အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူ၏ဟု ဖြေကြား၏။

လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရသမျှ
ဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင်
သာဝတိံပြည်အနီးဝယ် အသီးသီး သစ်ခက်တဲမဏ္ဍပ်ကို
ပြု၍ နေကြကုန်၏။

မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင်
အရှင်မောဂ္ဂလာန်အား…
သင်ချစ်သားသည်…
ဤပရိတ်သတ်အား တရားဟောရစ်ရမည်ဟု
မိန့်တော်မူခဲ့ပြီး ဖြစ်၏။

မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပေါ်၌
( ၇ )ဝါမြောက် ဝါကပ်တော်မူ၍
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူခဲ့၏။

တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား
အကျဉ်း ဟောတော်မူ၏။

အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာအား
မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာအကျဉ်းကို
မိမိဉာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ် အလယ်အလတ်အားဖြင့်
ပြန်လည်ဟောကြားတော်မူပါတယ်။

မြတ်စွာဘုရားရှင် တာဝတိံသာ၌
အဘိဓမ္မာတရား ဟောကြားခြင်းပြီးဆုံးသည်နှင့်
တပြိုင်နက်အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို အဘိဓမ္မာတရား
သင်ပြပို့ချပေးမှုလည်း ပြီးဆုံးလေတော့၏။

ထိုနေ့ကား…သီတင်းကျွတ်လပြည့်နေ့ပင်တည်း။

အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသော်
သိကြားမင်းအား…
မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏ နတ်ပြည်၌
ငါဘုရား ပြုဖွယ်ကိစ္စကို ပြုပြီးပြီ။

လူ့ပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရား ဆင်းသက်တော်မူအံ့ဟု မိန့်တော်မူ၏။

သီတင်းကျွတ်လဆန်း( ၈ )ရက်နေ့တွင် အရှင်မောဂ္ဂလာန်မှ တာဝတိံသာနတ်ပြည်သို့ တက်တော်မူပြီး

မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်းဟု မေးလျှောက်သဖြင့်

မြတ်စွာဘုရားရှင်က…
ချစ်သား သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ
သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌
သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက်တော်မူမည်ဟု မိန့်တော်မူပါတယ်။

လူအပေါင်းတို့ဟာ ထိုအကြောင်းကို အရှင်မောဂ္ဂလာန်မှ
တဆင့် ကြားသိရဖြင့်
သီတင်းကျွတ်လဆန်း( ၉ )ရက်နေ့၌ပင် သင်္ကဿနဂိုရ်ပြည်
တောင်တံခါးသို့ ရှေးရှုသွားကြကုန်၏။

သီတင်းကျွတ်လပြည့်နေ့ရောက်သော်…
သိကြားမင်းသည် တာဝတိံသာနတ်ပြည် သုဒဿနမြို့မှသည်
သင်္ကဿနဂိုရ်ပြည်တောင်တံခါးဝထိ
ရွှေစောင်းတန်း၊ပတ္တမြားစောင်းတန်း၊
ငွေစောင်းတန်းဟူသော
စောင်းတန်းလှေကားသုံးသွယ်ကို တင့်တယ်စွာ စီရင်၏။

မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ်
တပြိုင်နက် ထွန်းလင်းစေလျက်
အတုမရှိသော အသရေတော်ကို ပြတော်မူ၍
ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ကြွတော်မူပါတယ်။

ဗြဟ္မာကြီးတို့က ဘုရားရှင်အား
ရွှေထီး ငွေထီး၊သန္တာထီး တို့ဖြင့် အသီးသီးမိုးလျှက်
လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်၊

သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ
ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို ကိုင်လျှက်
မြတ်စွာဘုရားရှင်အား ပူဇော်ကာ
လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက်လာကုန်၏။

ဤသို့အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို
ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့သည်
အားရဝမ်းသာဖြစ်၍
ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင် မရှိပေ။

အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာနှင့်တကွ
မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။

အရှင်သာရိပုတ္တရာက…
မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော လူနတ်ဗြဟ္မာတို့သည်
အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ကြရ၍
လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တကြကုန်၏။

မြတ်စွာဘုရားရှင်က…
အရှင်သာရိပုတ္တရာအား…ချစ်သား ကိလေသာမီးတို့၏
ငြိမ်းရာအေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော
သဗ္ဗညုတဘုရားရှင်တို့အား
ဗြဟ္မာ နတ် လူအပေါင်းတို့က
ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု
မေးကာ ဖြေကာဖြင့် တရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။

ထိုတရားကိုနာကြားကြရ၍ အရှင်သာရိပုတ္တရာ၏
တပည့်ငါးရာသည်
ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။

ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်နေ့ပေတည်း။

အချုပ်အားဖြင့်…
သီတင်းကျွတ်လပြည့်နေ့ကို
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌
မယ်တော် သန္တုဿိတနတ်သားအမှူးရှိသော နတ်ဗြဟ္မာအပေါင်းအား
အဘိဓမ္မာတရား ဟောကြားတော်မူပြီးခဲ့သည့်နေ့။

အရှင်သာရိပုတ္တရာအား အဘိဓမ္မတရားအကျဉ်း
ဟောတော်မူပြီးခဲ့သည့်နေ့။

အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား
မကျဉ်းမကျယ် အဘိဓမ္မာတရားကို ဟောတော်မူပြီးခဲ့သည့်နေ့။

အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီးနောက်
တာဝတိံသာ နတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့သည့်နေ့။

ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ
အပြစ်ရှိက အချင်းချင်း ပြောကြားကြရသော ပဝါရဏာနေ့။

မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူရာအခါ၌
ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာနှင့်လူအပေါင်းတို့
ဘုရားဆုပန်ကြသောနေ့များသည်
သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း စသည်ဖြင့်

နေ့ထူး နေ့မြတ်ပေါင်းများစွာမှ ရှေးဘုရားရှင်တို့၏
ထုံးစံအတိုင်း
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား
ကျေးဇူးဆပ်သောအားဖြင့်
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ဟု
မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။

#မူရင်း-Credit

မေတ္တာဖြင့်

Like & Share
***************************************

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon