Mommy Tips by Arfiyah’s Mom
Let’s Fun With Our Little Treasure ��
18/06/2025
“ဘေဘီလေး မွေးပြီးစ မေမေများနဲ့ ပတ်ဝန်းကျင်”
ဒီတခေါက် Sharing လုပ်ပေးမှာလေးကတော့ ဘေဘီလေး မွေးကာစ မိခင်များနဲ့ ပတ်ဝန်းကျင် အကြောင်းဘဲ ဖြစ်ပါတယ်။
ဘေဘီလေး မီးဖွားပြီးစ မေမေတို့ အနေနဲ့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲ တွေအများကြီး ကြားထဲမှာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေဟာ တကယ့်က်ိုစိတ်ဒါဏ်ရာ ရစေပြီး စိတ်ဓာတ်ကျ ဝေဒနာ ရရှိနိုင်တဲ့အထိ ဆိုးဝါးစေနိုင်ပါတယ်။
ဘေဘီလေးမွေးပြီးစ မေမေတွေဟာ
၁။ ခန္ဓာကိုယ်နာကျင်မှု နှင့် ဟော်မုန်း အပြောင်းအလဲ
၂။ ဘေဘီလေး ကို ဂရုစိုက်နေရတဲ့အတွက် ကိုယ့်အတွက် အချိန် မပေးနိုင်မှု၊
၃။ မိမိ ကိုယ်ကို အားကိုးလို့ မရနိုင်ခြင်းများ
၄။ မီးဖွားပြီး ခန္ဓာကိုယ် အပြောင်းအလဲများ တို့ကြောင့် မိမိကိုယ်ကို လဲ ယုံကြည်မှု ပျောက်ဆုံးတတ်သလို ပတ်ဝန်းကျင်ကရော ဘယ်လိုမြင်နေမလဲ ဆိုတဲ့ စိုးရိမ်စိတ်ကလဲ ရှိနေတတ်ပါတယ်။
၁။ ခန္ဓာကိုယ်နာကျင်မှု
ယောကျာ်း ဖောင်စီး မိန်းမ မီးနေဆိုတဲ့ ဆိုရိုးအတိုင်း မီးနေသည် အမျိုးသမီးတယောက်ရဲ့ ခန္ဓာကိုယ်က မီးဖွားစဉ်က နာကျင်မှုတွေ ခံစားထားရတဲ့အတွက် အားအင် နဲ နေတတ်ပါတယ်။ ဒါ့အပြင် ဟော်မုန်းအပြောင်းအလဲတွေလဲရှိနေတဲ့အတွက် အားငယ်နေတတ်ပါတယ်။ အဲ့လိုအချိိန်မျိုးမှာ ကလေး လာကြည့်တဲ့သူများက အပြုသဘော မဆောင်တဲ့စကားတွေဖြစ်တဲ့ “မွေးပြီးတာတောင် ၆ လဗိုက်လောက် ကျန်ခဲ့တာလား၊ ကလေးက သေးတယ်နော်၊ အမေက မညှစ်နိုင်လို့ ခွဲရတာလား “ စသည်ဖြင့် စကားတွေဟာ မေမေတို့ စိတ်ရှုပ် စိတ်ညစ်ရပါတယ်။
၂။ ဘေဘီလေး ကို ဂရုစိုက်နေရတဲ့အတွက် ကိုယ့်အတွက် အချိန် မပေးနိုင်မှု၊
လူသားသေးသေးလေး လောကထဲ ဝင်ရောက်လာချိန်မှာ ဒီမေမေတွေဟာ ဒီ လူသားလေးဘာဖြစ်ချင်မှန်း မသိသေးခင် နေ့ရက်တွေက ခက်ခဲ လှပါတယ်။ ကိိုယ့်ရဲ့ လုပ်နေကျ schedule တွေပျောက်သွားမယ်၊ ထမင်းစားချိန်တွေ မမှန်တော့ဘူး။ ကိုယ်တိုင် အတွက်အချိန်တွေ နဲသွားတယ်။ ဘေဘီလေး လိုအပ်သမျှ အနားမှာ တကုတ်ကုတ် လုပ်ဆောင်နေရတဲ့အတွက် ရေချိုးချိန်တောင်မမှန် အစားစားချိန်တောင် မမှန်ဘဲ ဖြစ်တဲ့အခါမှာ me time ပျောက်ဆုံးပြီး ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးလာသလို ခံစားလာရပါတယ်။
၃။ မိမိ ကိုယ်ကို အားကိုးလို့ မရနိုင်ခြင်းများ
အရင်က အမြဲ ကိုယ့်လက်ကိုယ့်ခြေ ကိုယ်တိုင်လုပ်လာခဲ့တဲ့ မေမေက အခုအခါ ခန္ဓာကိုယ် အင်အား နဲနေတဲ့အတွက် တခြားသူထံမှ အကူအညီ ယူရတဲ့အခါ စိတ်အဆင်မပြေတာ၊ စိတ်ကျေနပ်အားရမှုမရှိတာမျိုး ဖြစ်ပြီး ကိုယ့်လုပ်နိုင်စွမ်းတွေကို ပြန်တမ်းတရင်းစိတ်အားငယ်မှုတွေဖြစ်တတ်ပါတယ်။
၄။ မီးဖွားပြီး ခန္ဓာကိုယ် အပြောင်းအလဲများ
မီးဖွားပြီးစ မိခင်ဟာ ခန္ဓာကိုယ်မှာ အပြောင်းအလဲ များစွာရှိပါတယ်။ ၉ လ လုံးလုံး ကိုယ်ဝန်ဆောင်ခဲ့တဲ့ ဗိုက်ကလဲ ကလေးမွေးမွေးပြီးချင်းမှာ ချက်ချင်း မချပ်သေးဘဲ ကျန်နေတတ်ပါတယ်။ ဘေဘီလေးကို ဂရုစိုက်နေရတဲ့အတွက် ကိုယ့်ဘာသာလဲ မပြင်ဆင်နိုင်ဘဲ ဘိုသီဘက်သီ ဖြစ်နေတဲ့အခါ ယုံကြည်မှု ပိုမိုပျောက်ဆုံးတတ်ပါတယ်။
ဒါတွေကတော့ မီးဖွားပြီးစဉ်မှာ ရှိနေတဲ့မေမေတို့ရဲ့ စိုးရိမ်စိတ်တွေဘဲ ဖြစ်ပါတယ်။
မေမေတို့နဲ့ ပတ်ဝန်းကျင်❤️❤️
အဲ့လိုတွေ ကြုံတွေ့နေရတဲ့ စိတ်ဖိစီး ပြီး စိုးရိမ်စိတ်များနေရတဲ့ မေမေတို့အတွက် ကူညီဖေးမပေးမယ့် ပတ်ဝန်းကျင်ကလဲ အထူးဘဲ အရေးကြီးပါတယ်။ မေမေ့ကို အားပေးတတ်တဲ့ အပြုသဘောဆောင်တဲ့ စကား ပြောတတ်တဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့က တကယ် ကို အရေးကြီးပါတယ်။
ဥပမာအနေနဲ့ဆို
မေမေက မွေးကင်းစ ဘေဘီလေးကို အကောင်းဆုံးကြိုးစားထိန်းနေချိန် အငိုမတိတ်ဘဲ အရမ်း ငိုနေတဲ့အခါ အနားက အဖိုးအဖွား ယူချီလိုက်လို့ အငိုတိတ်သွားရင်တောင် မေမေတို့က ကိုယ့်ဘာသာ အပြစ်တင်နေတတ်ပါတယ်။ ငါလုပ်တာ အဆင်မပြေလို့လား၊ မှားနေလား၊ ငါ ကလေးကောင်းကောင််း မကြည့်တတ်တာလား အစရှိသဖြင့်တွေးနေမိတတ်ပါတယ်။ အဲ့တာကိုမှ အဖိုးအဖွားက “နင့်ဆီမနေချင်လို့ ငိုတာ”၊”နင်မှ မထိန်းတတ်တာ” စသည်ဖြင့်ပြောလိုက်ရင်တော့ မေမေတို့ ရင်ကွဲမတတ်ပါဘဲ။ ဒါ့ကြောင့် ဒီလို အပြောအဆို အပြုအမူမျိုးကို ရှောင်ရှားသင့်ပါတယ်။
ဒါအပြင် ပတ်ဝန်းကျင်အနေနဲ့ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကို ဝေဖန်တာကလဲ အထူးဂရုစိုက်သင့်ပါတယ်။ “နို့တိုက်နေရလို့လား ဝလာတယ်နော်”၊ “ဆံပင်ကျွတ်လို့လား ပါးသွားတယ်နော်”၊ “ကလေး ညမအိပ်လို့လား မျက်တွင်း ဟောက်ပက်နဲ့” စသည့် စကားတွေကလဲ မေမေတို့ကို ယုံကြည်မှု ပျောက်ဆုံးစေပြီး အရမ်းကို စိတ်ညစ်ရစေပါတယ်။ ဒါကြောင့် ဒီလိုစကားတွေ
မပြောမိဖို့သတိပြုရန် လိုအပ်ပြီး ပင်ပန်းနေတယ် ထင်တဲ့အခါ အားဆေး လက်ဆောင်ပေးတာမျိုးလေး လုပ်ပြီး မေမေတို့ကို Support လုပ်နိုင်ပါတယ်။
Working Mom မေမေတို့ အလုပ်ပြန်လုပ်တဲ့အခါမှာလဲ “ကလေးကိုထားခဲ့တာ ဘယ်လိုအမေလဲ မသိဘူး”၊ “ကလေးက အမေနို့ မသောက်ရတာ သနားပါတယ်”၊ “ကလေးက အမေနဲ့ နေချင်ရှာမှာ “ စတဲ့ စကားတွေကလဲ မေမေတို့ကို နာကြင်စေပါတယ်။ ဘယ်မိခင်မှတော့ ကိုယ့်ကလေးလေးကိုထားခဲ့ပြီး အလုပ်လုပ်ချင်မှာလဲနော်။ သူ့ရည်ရွယ်ချက် သူ့ရည်မှန်းချက်တွေကိုလေးစားသော အားဖြင့် မဝေဖန်ဘဲ အကောင်းမြင်ပေးဖို့ရန်လဲ လိုအပ်ပါတယ်။
အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်မှာ နေရတဲ့ မေမေတို့အနေနဲ့လဲ ဘေဘီလေးထိန်းရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီး စိတ်ဖိစီးမှုတွေလျော့ပါးနိုင်မှာ ဖြစ်ပါတယ်။
မေမေတို့ အနေနဲ့လဲ ပတ်ဝန်းကျင် ဝေဖန်သံများကို ကြားရတဲ့အခါမှာ အကုန်လုံး လိုက်ခံစားဖို့မလိုအပ်ကြောင်းလဲ သတိပေးပါရစေ။
❤️ သင့်ရဲ့ ခန္ဓာကိုယ်က လူသား သက်ရှိလေးကို မွေးဖွားထားတာပါ
❤️ သင် အချိန်မရွေး ပြန်လှပ နိုင်ပါတယ်။ ဘေဘီလေး ငယ်နေသေးလို့ပါ။
❤️ သင့်ကို ဝေဖန်နေတဲ့သူတွေလဲ သင့်နေရာ ရောက်ခဲ့ရင်ရော သင့်လောက် လုပ်နိုင်ပါမလား ပြန်တွေးကြည့်ပါ။
❤️❤️ You are incredibly awesome ❤️❤️
မေမေတို့အားလုံး ပတ်ဝန်းကျင်နဲ့ အဆင်ပြေ စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျမှုတွေ ကင်းစင်စေဖို့မျော်လင့်ရင်း …
#နို့တိုက်မိခင်
#ပတ်ဝန်းကျင်
15/06/2025
ဒီတစ်ခါ Sharing လုပ်ပေးမယ့် အကြောင်းအရာကတော့ Mastitis လို့ခေါ်တဲ့ နို့ချောင်းပိတ်ခြင်းအကြောင်းကို ပြောပြပါမယ်။
ဘေဘီလေးတွေ မွေးကင်းစ အချိန်အဖြစ်များတတ်ပြီး အထူးသဖြင့် သက်ဦးမေမေတွေဆိုရင် ဂရုစိုက်နည်း မသိတဲ့အတွက် ပိုမိုဖြစ်တတ်လေ့ရှိပါတယ်။
နို့ချောင်းပိတ်တာ ဘာလို့ဖြစ်ရလဲဆိုရင်တော့ မေမေဖြစ်ပြီး ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကလဲ ဘေဘီလေးတွေအတွက် နို့ရည် ဘယ်လောက်ထုတ်ပေးရမလဲ မသိသေးချိန်မို့ နို့မဝ မဖြစ်ရအောင် အများကြီး ထုတ်ပေးတယ်၊ ဘေဘီလေးတွေကလဲ ငယ်သေးတော့ အများကြီး မစို့နိုင်သေးချိန်၊ နို့တွေ နို့ပြွန်တွေထဲ ကျန်နေတတ်တယ် အဲ့လို ကျန်နေရာကနေ နို့သီးခေါင်းကွဲရာကနေ တဆင့် ဒါမှမဟုတ် နို့ရည်တွေလျံပြီး ပေထားတဲ့ အကျီ ကိုမလဲမိရာမှ တဆင့် နို့ရည်ထွက်တဲ့လမ်းကြောင်းတွေကို ပိုးဝင်ပြီး mastitis လို့ခေါ်တဲ့ နို့ချောင်းပိတ်တာ ဖြစ်နိုင်ပါတယ်။
Symptoms တွေ အနေနဲ့ဆိုရင်တော့ ပထမဆုံး အနေနဲ့ ဘေဘီလေး နို့စို့တဲ့အခါ စပ်မယ် နာမယ်၊ နို့ချောင်းပိတ်တဲ့နေရာက နာနေမယ်၊ ခဲနေမယ်။ အဲ့ဒီအချိန်မှာ သေချာ ဂရုစိုက်ဖို့ရန် လိုအပ်ပါတယ်။ ဘေဘီလေး နို့စို့နေချိန် ခဲနေတဲ့နေရာကို နို့သီးခေါင်းဘက် ဆွဲချပြီး နှိပ်နယ်ပေးတာတာ၊ ဘေဘီလေးနို့သောက်တာ မကုန်ရင် နို့ညှစ်ပေးတာ၊ Warm Compress လို့ခေါ်တဲ့ ရေနွေးနွေးလေး စိမ်ထားတဲ့ သဘက်နဲ့ ကပ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒီထက်ပိုဆိုးပြီး ပိုးဝင်သွားပြီဆိုရင်တော့ နီရဲလာမယ်၊ ဘေဘီလေး နို့စို့ရင် မခံနိုင်အောင် နာမယ်၊ ပိတ်တဲ့နို့ချောင်းတလျောက်ယောင်နေမယ်၊ လက်နဲ့ ထိမိရင်တောင် နာမယ်၊ ကိုယ်ပူလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အဲ့လိုဖြစ်လာပြီဆိုရင်တော့ OG နဲ့ ပြန်ပြတာမျိုး OG ကတဆင့် သက်ဆိုင်ရာ ဆရာဝန် လွဲပေးတာမျိုး လုပ်ပေးတတ်ပါတယ်။ ဆရာဝန် ညွှန်တဲ့ ပိုးသတ်ဆေးကို ၁၀ ရက်ကနေ ၁၄ အထိ သောက်ရပြီး မသက်သာရင်တော့ ခွဲစိတ်ရတဲ့အထိပါ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် နို့ချောင်းပိတ်ခြင်းမဖြစ်ရအောင် မေမေတို့အနေနဲ့လဲ အထူးဂရုစိုက်သင့်ပါတယ်။ ဘေဘီလေးမွေးမွေးပြီးချင်းမှာ ဘေဘီလေးကို ဂရုစိုက်ရင်း ကိုယ့်ဘာသာ ဂရုမစိုက်မိရာကနေ နို့ချောင်းပိတ်တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အကူမရှိတဲ့ မွေးကင်းစ ဘေဘီလေးမေမေတို့ အနေနဲ့ ပိုသတိထားသင့်ပါတယ်။
ဒါဆို နို့ချောင်းပိတ်တာ မဖြစ်ရအောင် ဘယ်ဘိုလုပ်ကြမလဲ….
နို့ချောင်းပိတ်တာ မဖြစ်ရအောင်
ဘေဘီလေးကို နို့သေချာတဖက်စီကို ကုန်အောင်တိုက်ပေးပါ။ မကုန်ပါက နို့ညှစ်စက်နဲ့ ညှစ်ပြီး သိမ်းထားသင့်ပါတယ်။ မွေးကင်းစ မေမေတို့အနေနဲ့ ကလေးနို့တိုက်ရင်း နို့လျံတတ်တာမို့ နို့တိုက်ဘော်ဘီဝတ်ရင်း နို့ခံ pad လေး ခံထားသင့်ပါတယ်။ နို့ခံ pad ကိုလဲ 4 နာရီ ကြားတခါ လဲပေးသင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူး ဂရုပြုသင့်ပါတယ်။ နို့သီးခေါင်းလေးတွေ နာတဲ့အခါ နို့တိုက်တာကို မရပ်လိုက်ဘဲ နို့ဆက်တိုက်ရင်း သက်သာသွားတာမို့ ဆက်တိုက်သင့်ပါတယ်။ ဘေဘီလေးတွေ အိပ်ချိန်မှာတော့ မိခင်နို့ရည် ပြန်သုတ်လိမ်းထားတာမျိုး၊ ဆေးလိမ်းထားတာမျိုး လုပ်နိုင်ပါတယ်။
ဘေဘီလေးမွေးထားတဲ့ မေမေတွေက စိတ်ပင်ပန်း လူပင်ပန်းနဲ့ ကိုယ့်ဘာသာ ဂရုမစိုက်ဖြစ်တတ်တာမို့ ကိုယ့်ဘာသာလဲ အချိန်ပေးပါ။ ဖြစ်နိုင်ရင် အကူအဖော်တစ်ယောက်ထားပါ။ အရမ်းပင်ပန်းနေပြီဆို အနားယူပါ။ ဝါသနာပါတာ စိတ်ဝင်စားတာလေးတွေ လုပ်ဖို့လဲ အချိန်ပေးပါ။ မေမေနေကောင်း ကျန်းမာမှ ဘေဘီလေးကိုလဲ ကောင်းကောင်း ဂရုစိုက်နိုင်မှာမို့ ကိုယ့်ဘာသာ အကောင်းဆုံး ဂရုစိုက်ပါ။
မေမေတို့အားလုံး နို့ချောင်းပိတ်ခြင်း ခေါ် Mastitis ဖြစ်ခြင်းကို ယခုဖော်ပြပါ Tips လေးတွေ သုံးပြီး အကောင်းဆုံး ကျော်ဖြတ်နိုင်ကြပါစေ…..
#နို့ချောင်းပိတ်
#နို့တိုက်မိခင်
14/06/2025
ဒီတစ်ခါမှာတော့ ဘေဘီလေးကို ဖြည့်စွက်စာ ကျွေးတဲ့ အကြောင်းလေး Sharing လုပ်ပေးချင်ပါတယ်။
မီးမီးလေးက 4 လကျော် 5 လထဲ ဝင်လာချိန်မှာ လူကြီးတွေစားရင် ပါးစပ်ပြင်ပြီ စားချင်ပြီ လိုက်တောင်း လိုက်ဆွဲ လုပ်လာပြီ ဖြစ်တဲ့အတွက် ကလေးဆရာဝန် အမ နဲ့ တိုင်ပင်ပြီး အသီး puree လေးတွေ လုပ်ကျွေးဖြစ်တယ်။ ပန်းသီးလေး ပေါင်းတယ် ကြိတ်ကျွေးတယ်။ ဥနီ ပေါင်းပြီး ထောပတ်သီးနဲ့ရောကျွေးတယ်။ အသီး 3 မျိုးလောက် ရောပြီး ကြိတ်ကျွေးတယ်။ တချို့အသီးလေးတွေကျ အသီးစုတ် ချိုလိမ်လေးထဲ ထည့်စုတ်စေပါတယ်။
အဲ့ကနေမှ ၆ လ ပြည့်တဲ့အခါမှာတော့ ထမင်း စတင်ပြီး ကျွေးပါတယ်။ ထမင်းနဲ့ Formula ကနေ စပြီး နဲနဲစီ စကျွေးကြည့် ပြီး Item တမျိုးစီ တိုးရင်း Allergy ရှိမရှိကိုပါ စမ်းကြည့်ပါတယ်။ အထူးသဖြင့် ကြက်ဥ၊ ပင်လယ်စာငါး၊ ပုစွန်တွေကိုဆို တခါတည်းအများကြီး မလုပ်ဘဲ နဲနဲစီ စစမ်းပါတယ်။ သမီးလေးက ဘာကိုမှ ထူးထူးခြားခြား Allergy မရှိတဲ့အတွက် သာမန်အတိုင်း ဝါစိမ်းနီ ပါအောင် အမြဲ ကျွေးဖြစ်ခဲ့ပါတယ်။
ချက်ဖို့ အိုးကိုတော့ ထွေထူး ဝယ်မနေတော့ဘဲ သမီးလေးအတွက် သီးသန့် အိုးလေးတလုံးဖယ်ပြီး အဲ့ဒီ အိုးလေးနဲ့ဘဲ ချက်ဖြစ်ပါတယ်။ ကြိတ်ဖို့ ကြိတ်စက်ကိုတော့ Pony Bear လေး ဝယ်ဖြစ်ပါတယ်။
ဆန်၊ပဲနီလေး နဲ့ အာလူးက အမြဲထည့်ပြီး အချိုအဖြစ် ဥနီနဲ့ ရွှေဖယုံကို တလှည့်စီ ထည့်ရင် ထည့်တယ်၊ တခါတလေကျရင်လဲ နှစ်မျိုးလုံး ထည့်ဖြစ်ပါတယ်။ နောက်ပြီး အရွက်တစ်မျိုး ကနေ နှစ်မျိုးအထိ ထည့်ပေးပါတယ်။ အဲ့တာကိုမှ အသား၊ ငါး ၊ ပုစွန်တို့နဲ့ ရောကျွေးဖြစ်ပါတယ်။
ဆီကတော့ Coco Health အုန်းဆီလေး သုံးပေးဖြစ်ပြီး ကုန်နေရင်တော့ ပဲဆီ စစ်စစ်လေး သုံးပေးဖြစ်ပါတယ်။
ကြက်သွန်ဖြူလေး ဆီသတ်၊ ကြော်မယ့်အသား၊ငါး၊ ပုစွန်ထည့် ဆန်ပါထည့် ရောဆီသတ်၊ပြီးမှ အသီးတွေထည့် ဆီသတ်၊ ရေထည့်ပြီး တည်ပါတယ်။ အပူချိန် 500 လောက်နဲ့ဘဲ နူးသွားအောင်တည်ဖြစ်ပါတယ်။
သတိထားရမှာကတော့ ငါးဆို အရိုးသတိထားရမှာဖြစ်ပြီး ပုစွန်ဆို ခေါင်းကို ပြုတ်ပြီး ပြဲသွားတဲ့အခါ ထုတ်ရမှာ ဖြစ်ပါတယ်။
ရလာတဲ့ ထမင်းလေးကို ခဏအအေးခံ ကြိတ်စက်လေးနဲ့ ရောကြိတ်ပြီးရင်တော့ ဘာအရသာမှ မထည့်ထားပေမယ့် မွေးပျံ့ချိုမြနေတဲ့ ဘေဘီလေး မန်မန်း ရပါပြီ။ တကယ့်ကို အာဟာရနဲ့ ပြည့်စုံလှပါတယ်
လိုအပ်သလောက် ယူထားပြီး ကျန်တာကို အခဲခွက်လေးတွေနဲ့ ခဲထားလို့ရပါတယ်။
ဘေဘီလေးကိုတော့ ကိုယ်တိုင်ချက်တာဘဲ အမြဲကျွေးဖြစ်ပြီး ဘေဘီလေးလဲ ကြိုက်တာမို့ ပါဝင် ပစ္စည်း အမျိုးအစားတွေ ပြောင်းပြီး အမြဲ ချက်ကျွေးဖြစ်ပါတယ်။ ဘေဘီလေးဝါးနိုင်လာတာနဲ့အမျှ ကြိတ်တာ ကို လျော့ပြီး အဖက် ပိုများလာအောင် ကျွေးလို့ရပါတယ်။
ဘေဘီလေးတို့အများကြီး စားပြီး အားပိုရှိဖို့ ရည်ရွယ်ရင်း။။
#ကလေးဖြည့်စွက်စာ
#ဝါစိမ်းနီ
13/06/2025
ဘေဘီလေး သောက်တဲ့ အားဆေး Review ပေးချင်လို့ပါ။
ဘေဘီလေးတွေ ၁၀ လကျော် ၁၁ လောက် သွားပေါက်တဲ့အခါ သွားနာတာလို့ရော နေလို့မကောင်း မအီမသာဖြစ်တာမျိုးနဲ့ ထမင်းမစားတာ မအိပ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်
ညီမ သမီးလေးလဲ အရင် ဘာကျွေးကျွေး အကုန်စားတဲ့ကလေးက အဲ့အချိန်လောက်မှာ ဘာကျွေးကျွေးမစားဘဲ နို့ဘဲ ဆက်တိုက်စို့ပါတယ်။ စိတ်ပူလို့ မျိုးစုံ ပြောင်းကျွေးလဲ မစား အစားကို ငြင်းဘဲ ငြင်းနေလို့ စိတ်ပူလာလို့ အားဆေးပါ ၂ မျိုးလောက် ပြောင်းခဲ့ပါတယ်
MIM လေး တိုက်ပြီးခဲ့အခါမှာတော့ result က အတော် ကျေနပ်ရပါတယ်။ အဓိက ဘေဘီလေးတွေက ml များများတိုက်ရတဲ့အားဆေးမျိုးဆို အဆင်မပြေတော့ MIM က 1 နှစ်အောက်ဆို 1 ml ဘဲ တိုက်ရတော့ ဆေးတိုက်ရလဲ အရမ်းလွယ်တယ်။
Iron ပါတယ်ဆိုပေမယ့် အရသာကလဲ လက်မခံနိုင်လောက်အောင် မဆိုးဘဲ ကလေးသောက်လို့အေးဆေး အဆင်ပြေပါတယ်။ Multivitamins and Minerals တွေလဲ ပါပါတယ်။
အဓိက ကတော့ အစား ပြန်စားလာတယ်။ ညဆို နှစ်နှစ်ချိုက်ချိုက် ပြန်အိပ်လာပါတယ်။ စျေး အနေနဲ့ဆိုလဲ 13500 ဘဲ ရှိတဲ့အတွက် အရမ်းစျေးမကြီးဘဲ ကလေးအတွက် တကယ်ကို အဆင်ပြေပါတယ်။
ကလေး တယောက်နဲ့တယောက်တော့ တုံ့ပြန်ပုံခြင်းမတူတဲ့အတွက် တခြားကလေးလေးတွေမှာတော့ မပြောတတ်ပေမယ့် ညီမ သမီးလေးအတွက်တော့ တကယ့်ကို အဆင်ပြေလို့ Review ပေးတာပါ။ တခြားကလေးလေးတွေအတွက်လဲ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
ဘေဘီလေးတွေ ဘာကျွေးကျွေးစားပြီး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ကျဖို့ ရည်ရွယ်ရင်း ။။
Baby_Arfiyah_MarMar
Click here to claim your Sponsored Listing.