My Dear - Lifestyle

My Dear - Lifestyle

Share

ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ဗဟုသုတများ ပြန်လည်ဝေမျှပေးမယ့် နေရာလေးတစ်ခု💗

15/09/2026

👶 ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု

အသားအရေထိန်းသိမ်းတာကို အရွယ်မရွေးလုပ်သင့်ပါတယ်။ အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ကိုတော်တော်လေး သက်ရောက်မှုရှိစေနိုင်တဲ့အရာပါ။ လူကြီးတွေက အသားအရေကို ကိုယ်တိုင်စောင့်ရှောက်နိုင်တယ်ဆိုပေမယ့်ဘေဘီလေးတွေကိုတော့မေမေတို့ကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။

ကလေးတွေရဲ့ အသားအရေက လူကြီးတွေအသားအရေထက်တုံ့ပြန်လွယ်တာကြောင့်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အရမ်းဂရုစိုက်ပေးရလို့အလုပ်ရှုပ်မယ်လို့တော့မထင်ပါနဲ့။ လွယ်လွယ်ကူကူနဲ့ ကလေးအသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။ ဒါကတော့ ကလေးငယ်ကို Baby Lotionလူးပေးတာပါပဲ။ Baby Lotionက နူးညံ့ပါးလွှာပြီးထိခိုက်လွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။

ကလေးလေးတွေကို Baby Lotion လူးပေးတာက ဘယ်လိုအကျိုးရှိစေမလဲ 💫
ကလေးငယ်တွေကို Baby Lotionအသုံးပြုပေးတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

၁) အသားအရေမခြောက်သွေ့အောင်ကာကွယ်ပေးတယ်
Baby Lotionတွေက ကလေးငယ်တွေရဲ့ အသားအရေကိုခြောက်သွေ့ကြမ်းတမ်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့တာက ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေရဲ့အကြောင်းရင်းခံဖြစ်တာကြောင့် အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မရတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ကလေးအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ကလေးကို Baby Lotionလေးပုံမှန်လူးပေးပါ။

၂) နေမလောင်အောင်ကာကွယ်ပေးတယ်
ကလေးငယ်လေးတွေဟာ ငယ်စဉ်အရွယ်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ခြေတော်တော်လေးများလာပါတယ်။ ကလေးငယ်လေးတွေရဲ့ အသစ်စက်စက်အရေပြားကနေရောင်ဒဏ်ကိုကာကွယ်နိုင်စွမ်းတော်တော်လေးနည်းပါတယ်။ ကလေးတွေကိုမွေးကင်းစကနေ ၆လအထိ ခရမ်းလွန်ရောင်ခြည်နဲ့မထိတွေ့မိအောင်သတိထားပေးရပါမယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း ကလေးတွေကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီတွင်းနေရောင်နဲ့ပေးမထိသင့်ပါဘူး။ ကလေးငယ်ဟာ အပြင်ထွက်မှမဟုတ်ဘဲ အိမ်ထဲမှာနေရင်းနဲ့လည်းနေလောင်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် ခရင်မ်တစ်မျိုးမျိုးလူးပေးသင့်ပါတယ်။

၃) အသားအရေကို အစိုဓါတ်ထိန်းပေးတယ်
ကလေးငယ်ကို ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်စေချင်တဲ့မေမေတွေအနေနဲ့မေ့မထားသင့်တဲ့အချက်က ကလေးအသားအရေကိုလုံလောက်တဲ့ အစိုဓါတ်ရရှိအောင်လုပ်ပေးဖို့ပါ။ ကလေးကိုရေချိုးပေးပြီးရင်ပဲဖြစ်ဖြစ် အပြင်ခေါ်သွားခါနီးပဲဖြစ်ဖြစ် အသားအရေမှာ အစိုဓါတ်ရရှိစေဖို့ Baby Lotion လူးပေးပါ။ ကလေးငယ်ကို တစ်နေ့နှစ်ကြိမ် Baby Lotion လူးပေးတာက အသားအရေအတွက် လုံလောက်တဲ့အစိုဓါတ်ရရှိစေမှာဖြစ်ပါတယ်။

၄)သေးခံလောင်တာကို သက်သာစေနိုင်တယ်
သေးခံလောင်တာကြောင့် အရေပြားပွန်းပဲ့နေတဲ့နေရာတွေကိုလည်း Baby Lotion ခပ်ပါးပါးလေးလူးပေးလို့ရပါတယ်။သေးခံလောင်တာကြောင့်အရေပြားပွန်းတာနဲ့အဝတ်အစားတင်းကျပ်တာကြောင့် ကလေးအရေပြားမှာ ပွန်းပဲ့တာမျိုးတွေကိုလည်း Baby Lotionလူးပေးရင်သက်သာပါတယ်။

၅) ပိုးကောင်ကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေနိုင်တယ်
လာဗင်ဒါဆီထည့်သွင်းထုတ်လုပ်ထားတဲ့ Baby Lotionက ပိုးမွှားကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ခြင်နဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုတွေကိုလည်း Baby Lotionလူးပေးရင်သက်သာစေမှာပါ။

၆) အရေပြားအဖတ်လန်တာတွေကို သက်သာစေနိုင်တယ်
ဆောင်းရာသီမှာဖြစ်တဲ့ အရေပြားခြောက်သွေ့တာ၊ အဖတ်လန်တာတွေမဖြစ်စေဖို့ ကလေးငယ်ကို Baby Lotionလူးပေးလို့ရပါတယ်။ Baby Lotionက ကလေးအသားအရေခြောက်သွေ့တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို အသားအရေကိုလည်း ကြည်လင်စေမှာဖြစ်ပါတယ်။

၇) သွားရည်လောင်တာကိုသက်သာစေနိုင်တယ်
ကလေးလေးတွေက စားရင်းသောက်ရင်း ၊သွားကြိတ်ရင်းနဲ့ သွားရည်တွေကျနေတတ်ပါတယ်။ ကလေးက ငယ်လွန်းတဲ့အခါ သွားရည်တွေကို သုတ်ပစ်ရမယ်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ လူကြီးတွေက အချိန်မီမသုတ်ပေးနိုင်တဲ့အခါ ကလေးငယ်တွေမှာ သွားရည်ကြောင့် အရေပြားပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်စေဖို့က ကလေးငယ်ကို သွားရည်တွေသတိထားပြီးသန့်စင်ပေး ဖို့လိုသလို ကလေးအသားအရေနဲ့လိုက်ဖက်မယ့် Baby Lotionတစ်မျိုးမျိုးကိုလူးပေးလို့ရပါတယ်။

၈) အသားအရေကိုနူးညံ့ချောမွေ့စေနိုင်တယ်
Baby Lotionလူးတဲ့ကလေးငယ်တွေက အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေခံစားရမှုကနေကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Baby Lotionက ကလေးအသားအရေအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကိုဖြည့်ပေးနိုင်တာကြောင့် အသားအရေကို ကျန်းမာစေတဲ့အပြင် နူးညံ့ချောမွေ့မှုကိုပါရရှိစေနိုင်မှာဖြစ်ပါတယ်။

ကလေးငယ်ကိုရေချိုးပြီးချိန်တစ်ကြိမ် အိပ်ယာမဝင်ခင်တစ်ကြိမ်လောက် Baby Lotionလူးပေးမယ်ဆိုရင် အရေပြားဓါတ်မတည့်တာမျိုးတွေ၊အရေပြားခြောက်သွေ့တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးကို တစ်နေ့ နှစ်ကြိမ်ထက်ပိုပြီးတော့လည်း Baby Lotionလူးပေးလို့ရပါတယ်။

31/08/2026

💖 မညီမညာ အသားအရေ ပြဿနာ ဒီလို ဖြေရှင်းပါ

အသားအရေက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။ ဝက်ခြံ ထွက်တာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ ထိခိုက်လွယ်တာ စသဖြင့် အမျိုးမျိုးသော အသားအရေ ပြဿနာတွေ ရှိနေပါတယ်။ ဒီလီု အသားအရေ ပြဿနာတွေထဲမှာ နောက်ထပ် အသားအရေ ပြဿနာ တစ်ခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အသားအရေ မညီညာတဲ့ ပြဿနာပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ မညီမညာ အသားအရေ ပြဿနာ ဖြေရှင်းနည်းလေးကို မျှဝေပေးချင်ပါတယ်။

မညီမညာ အသားအရေ ပြဿနာ ဆိုတာ 💭
မညီမညာ အသားအရေ ပြဿနာ ဆိုတာ အရေပြား အခြေအနေ တစ်ရပ်ပါ။ အသားအရေက ညီညာချောမွေ့မနေတာမျိုးပါ။ အသားအရေကို လက်နဲ့ စမ်းကြည့်တဲ့အခါ အဖုအပိမ့်လေးတွေ ရှိနေတာမျိုး ရှိနိုင်သလို ချွေးပေါက်ကျယ်တာ၊ ကြက်သီးထသလို မွေးညှင်းပေါက်လေးတွေက စူးလေးတွေလို အဖုငယ်လေးတွေ ဖြစ်နေတာမျိုးပါ။ အသားအရေကို ကြည့်ရတာ မွဲခြောက်ခြောက် နိုင်နေတာမျိုးပေါ့။ အစက်အပြောက်တွေလည်း ရှိနေနိုင်ပါတယ်။
ဘာကြောင့် မညီမညာ အသားအရေ ဖြစ်ရတာလဲ!
အသားအရေကို မညီမညာဖြစ်စေနိုင်တဲ့ အချက်တွေက တစ်ခုမက ရှိပါတယ်။ အပျိုဖော် လူပျိုဖော်ဝင်တာကြောင့် အသားအရေ ပြောင်းလဲချိန်မှာ အသားအရေ မညီမညာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အသစ်အသစ်သော အဆီဂလင်းတွေက ချွေးပေါက်ပိတ်ဆို့တာမျိုးတွေကို ဖြစ်စေနိုင်လို့ပါ။ အထူးသဖြင့်တော့ နဖူး နဲ့ နှာခေါင်းတွေမှာပါ။
တစ်ခါတလေမှာတော့ အဆီထွက် နည်းပြီး အသားခြောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ အရေပြားမှာ ဆဲလ်သေတွေ စုပုံလာခြင်းကလည်း အသားအရေကို မညီမညာဖြစ်စေရတဲ့ အကြောင်းအရင်းပါ။
အခြား အကြောင်းအရင်းတွေကတော့ နေရောင်နဲ့ ထိတွေ့မှု များတာ၊ အရွယ်ရလာတာ၊ ဆေးလိပ်သောက်တာ တွေပါ။

မညီမညာ အသားအရေ ပြဿနာ ဒီလို ဖြေရှင်းပါ
မညီမညာ အသားအရေ ပြဿနာကို အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ရင်း ဖြေရှင်းလို့ ရပါတယ်။ အသားအရေ ပြဿနာတိုင်းရဲ့ ဖြေရှင်းနည်းက လူတိုင်း သိပြီးဖြစ်မယ့် အသားအရေ အမျိုးအစားနဲ့ ကိုက်ညီအောင် အသားအရေ ထိန်းသိမ်းတာပါ။ အခုတစ်ခေါက်မှာလည်း မညီမညာ အသားအရေ ပြဿနာကို အခုလိုလေး ဖြေရှင်းကြရအောင်နော်။

၁ – တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ပါ 💦
အသားအရေ အမျိုးအစားနဲ့ ကိုက်ညီမယ့် မျက်နှာသစ် ဆပ်ပြာကို အသုံးပြုပြီး တစ်နေ့ကို ၂ ကြိမ် – မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသားအရေကို သန့်စင်ပါ။ ဒီလို လုပ်ဆောင်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာ ရောက်သလို အဆီတွေ၊ ချွေးတွေ နဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားရာ ရောက်ပါတယ်။
မျက်နှာသစ်တဲ့အခါ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ဘဲ ညင်ညင်သာသာလေး နှိပ်နယ်ပေးပါ။ ပြီးရင်ရေလေး စင်အောင် ဆေးချလိုက်ပါ။ ပြီးတဲ့အခါမှာလည်း မျက်နှာကို တဘက်စနဲ့ ပွတ်သုတ်တာမျိုး မလုပ်ဘဲ ခပ်ဖွဖွလေးပဲ တို့သုတ်ပေးပါ။

၂ – ဆဲလ်သေတွေကို ဖယ်ရှားပါ 🥀
အသားအရေကို ကျန်းမာစေဖို့ဆိုရင် အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။ ဆဲလ်သေတွကို ဖယ်ရှားပေးနိုင်တဲ့ AHAs နဲ့ BHAs လိုမျိုး ဓာတုပစ္စည်းတွေကို အသုံးပြုပေးလို့ ရပါတယ်။ ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာမျိုးက အသားအရေကို ထိခိုက်စေနိုင်တာကြောင့် ခဏခဏ ဆဲလ်သေ ဖယ်ရှားတာမျိုး မလုပ်ပါနဲ့။
နောက်ပြီး အပေါ်မှာ ပြောခဲ့သလို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ အသားအရေနဲ့ လိုက်ဖက်မှာမျိုးကို ရွေးချယ်ဖို့လည်း မမေ့ပါနဲ့။

၃ – အဆီပါတာတွေကို မသုံးပါနဲ့ 🚫
အသားအရေက မညီညာသလို ဝက်ခြံလည်း ဖြစ်လွယ်မယ်ဆိုရင်တော့ အဆီပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်တွေ၊ Serum တွေက အသားအရေပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် အဆီပါတာတွေကို ရှောင်ပါ။ ချွေးပေါက်မပိတ်စေမယ့် Non-comedogenic အမျိုးအစားကို ရွေးချယ် ပေးပါ။

၄ – ဗီတာမင် C ပါတာကို အသုံးပြုပါ 🍋
ဗီတာမင် C က အသားအရေကို ညီညာ ဝင်းပစေပါတယ်။ ဒါကြောင့် အသားအရေ မညီညာတာကို သက်သာချင်တယ်ဆိုရင် ဗီတာမင် C ပါတဲ့ အသားအရေ ထိန်းပေးတာမျိုးကို ရွေးချယ်ပေးပါ။
ဗီတာမင် C အသုံးပြုမယ်ဆိုရင်တော့ နေရောင်ကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ SPF 30 ထက်ပါတဲ့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။

၅ – နေလောင်ကာခရင်မ် အမြဲသုံးပါ ☀
အသားအရေ မညီမညာ ဖြစ်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ ဒါကြောင့် အသားအရေကို မညီမညာဖြစ်တာမျိုး မဖြစ်စေဖို့ဆိုရင် ၂ နာရီခြား တစ်ခါ နေလောင်ကာခရင်မ် လိမ်းပေးပါ။
ခရမ်းလွန် ရောင်ခြည်က အသားအရေကို မညီမညာ ဖြစ်စေရုံတင် မဟုတ်ဘဲ အရွယ်မတိုင်ခင် အိုမင်းတာကိုပါ ဖြစ်စေနိုင်ပါတယ်။
# အမှာစကား
အသားအရေ ထိန်းသိမ်းတာကို ပုံမှန် လုပ်ဆောင်မယ်။ နည်းစနစ် မှန်မှန် လုပ်ဆောင်မယ်ဆိုရင် အသားအရေက ကျန်းမာလှပလာမှာ အသေအချာပါ။ ဒါပေမယ့် အသားအရေက နေ့ချင်းညချင်း ပြောင်းလဲကောင်းမွန်လာမှာ မဟုတ်တာကြောင့် အချိန်ပေးဖို့ လိုမယ်ဆိုတာကိုတော့ သတိရစေချင်ပါတယ်။

10/08/2026

🍲 အစားအသောက်နဲ့ ဝိတ်ချမယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

1. ဝိတ်ချမယ်ဆိုရင် မေးရမယ့် မေးခွန်းတွေက
2. ဘာတွေ မှားလေ့ရှိသလဲ။
3. ဒါဆိုရင် အခြေခံစည်းမျဉ်းတွေက
ဝိတ်ချမယ်ဆိုရင် အရင်ဆုံး လုပ်လေ့ရှိတာက အစားလျှော့တာပါ။ မှားတော့ မမှားပေမယ့် အလုံးစုံမှန်တာတော့လည်း မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဝိတ်ချတဲ့ planတွေ အကြောင်းကို ဆွေးနွေးသွားမှာတေ့ာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်နည်းနဲ့ ချချ ဝိတ်ချမယ်ဆိုရင် ဘာတွေ အရင်စဉ်းစားရမလဲ၊ ဘာတွေ မှားနေတတ်သလဲ၊ အစားအသောက်နဲ့ ချမယ်ဆိုရင် အခြေခံ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။

ဝိတ်ချမယ်ဆိုရင် မေးရမယ့် မေးခွန်းတွေက
🎯 ဝိတ်ချဖို့ တကယ်လိုအပ်နေပြီလား။
အများက ဝတယ်ဆိုတိုင်း တကယ်ဝချင်မှ ဝတာပါ။ ဒါကြောင့် BMI ဆိုတာ တွက်ကြတာပေါ့။ BMIမကျော်ဘူးဆိုရင် သင် ဝနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ စဉ်းစားရမှာက ကိုယ်အလေးချိန်ချင်း တူရင်တောင် အရပ်ကွာရင် BMI မတူပါဘူး။ ပေါင် ၁၀၀၊ ၅ပေနဲ့ ပေါင် ၁၀၀၊ ၆ပေနဲ့ တခြားစီပါပဲ။
ဒါကြောင့် ကိုယ်တွင်း အဆီ (ဥပမာ ဗိုက်ခေါက်)ကို ကြည့်ဖို့ လိုပါတယ်။ ဗိုက်တို့၊ လက်မောင်းတို့မှာ အဆီတွေများနေရင်လည်း ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်လို့ သင့်တော်တဲ့ နည်းလမ်းနဲ့ ချသင့်ပါတယ်။

🍽 ဘယ် diet planကို ရွေးမှာလဲ။
ဝိတ်ချဖို့ ကီတိုdiet၊ အစာအငတ်ခံတဲ့ intermittent fasting စတဲ့ နည်းလမ်း များစွာရှိတဲ့ အတွက် ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုခုကို ရွေးပြီးတာနဲ့ အရင်ဆုံး သုံးသပ်ရမှာက
-ငါဘယ်လောက် ကြာကြာ စားနိုင်မှာလဲ။ ဥပမာ ကီတိုdietလို အဆီဓာတ်ပါဝင်မှု များတာကို စားမယ်ဆိုရင် ဘယ်လောက်ကြာကြာ စားနိုင်မှာလဲ။ မြန်မြန်ကျတာ မှန်ပေမယ့် စားလိုက်တာ ရပ်လိုက်လို့ ပြန်ဝသွားမယ်ဆိုရင် ငါဒါကို စစားသင့်ပါ့မလား။
-အာဟာရရှိတဲ့ အာဟာရတွေ ပါဝင်ရဲ့လား။ ကျန်းမာတဲ့ ဝက်ကြီးရှိသလို ကျန်းမာတဲ့ LCDလေးတွေ ဖြစ်လာဖို့ လိုပါတယ်။ ဝိတ်တော့ကျပါရဲ့။ အာဟာရတွေ ချို့တဲ့ပြီး ကျန်ခဲ့မယ်ဆိုရင် ဒါနည်းလမ်းမှားနေပါပြီ။
-အလွယ်တကူဝယ်လို့ရတဲ့ အစားအစာမျိုးတွေ ဖြစ်ရပါမယ်။ ငွေရေး ကြေးရေး ကိုယ်နိုင်တဲ့ ပမာဏ ဖြစ်ရပါမယ်။ ကိုယ်ကြိုက်တာလေးတွေလည်း ပါရပါမယ်။ ဘာလို့ အဲ့ဒီလောက် ချေးများနေရတာလဲဆိုရင် ရေရှည်သွားရမယ့် ခရီးဖြစ်လို့ပါ။ ရေရှည် လုပ်ရမှာဖြစ်လို့ ကိုယ်ရေရှည်စားနိုင်တဲ့ အစားအစာတွေနဲ့ ဝိတ်ချနိုင်ရင် ပိုကောင်းပါတယ်။
ဒီမေးခွန်းတွေအတွက် ကိုယ့်ကိုယ်ကို ကျေနပ်လောက်တဲ့ အဖြေပေးနိုင်တယ်ဆိုရင် ဝိတ်စချလို့ ရပါပြီ။

ဘာတွေ မှားလေ့ရှိသလဲ။⁉
🔹 စိတ်မရှည်တာ
တစ်သက်လုံး စားလာသမျှက တစ်ရက် နှစ်ရက်နဲ့ မကျပါဘူး။ ဒါကြောင့် စိတ်ရှည်ပြီး ဇွဲရှိဖို့ လိုပါတယ်။ ဖြစ်တတ်တာက အစပိုင်းမှာ ဟန်ကျ ပန်ကျ စားပြီး နောက်ပိုင်းကျရင် အဖျားရှူးသွားတာပါပဲ။ ဒါကလည်း ခုနက ပြောခဲ့တဲ့ မေးခွန်းတွေကို မမေးကြည့်လို့ပါ။ နေ့တိုင်း စားရမယ့် အစားအစာက ကိုယ့်အတွက် အဆင်မပြေဘူး၊ စျေးကြီးတယ်၊ ကိုယ်စားနေကြတွေ မဟုတ်ဘူးဆိုရင် ရေရှည်စားနိုင်မှာ မဟုတ်ပါဘူး။
🔹 အမြန်ကျချင်တာ
ပုံမှန်ဆို တစ်ပတ်ကို တစ်ပေါင်၊ နှစ်ပေါင်ထက် ပိုမချသင့်ပါဘူး။ ဒါပေမယ့် အတင်းတွေ အစားလျှော့ပြီး အများကြီး ချမိတတ်ပါတယ်။ လျှော့ပြီးတော့ ပြန်စားတော့လည်း ပြန်ဝလာတာပါပဲ။ ဒီလို ခန္ဓာကိုယ်မှာ ဝိတ်တွေ တရကြမ်း အပြောင်းအလဲ ဖြစ်နေတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။
ခန္ဓာကိုယ်မှာ တစ်ခုခု အပြောင်းအလဲ ဖြစ်ရင် ကျန်တဲ့ ကိုယ်တွင်း အင်္ဂါတွေက လိုက်ညှိနေရတာကြောင့် ဝိတ်အတက်အကျ ကြမ်းလို့ မဖြစ်ပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် metabolism ကိုယ်တွင်းဇီဝဖြစ်စဉ် မတူတဲ့အတွက် တချို့က မြန်မြန်ကျပေမယ့် တချို့က အကျနှေးတတ်ပါတယ်။
🔹 လေ့ကျင့်ခန်း မလုပ်တာ
အစားလျှော့တယ်ဆိုတာ ကယ်လိုရီ အဝင် (intake) ကို လျှော့တာပါ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကယ်လိုရီအထွက် (output)ကို မြှင့်တင်တာပါ။ Effectine weight loss ဝိတ်မြန်မြန်ကျပြီး လှလှပပ ပိန်ချင်တယ်ဆိုရင် လေ့ကျင့်ခန်း ကူမှရပါမယ်။ ဝိတ်ကျပြီး အသားတွေ လျှော့ရဲ လာတယ်ဆိုတာ လေ့ကျင့်ခန်း မလုပ်လို့ပါ။ လေ့ကျင့်ခန်းပါ လုပ်မှ အသားတွေကျစ်လာမှာပါ။
🔹 ဝိတ်ပြန်မထိန်းတာ
လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်သွားပြီဆိုရင် ဒီအလေးချိန်ကို ဆက်ထိန်းထားဖို့ လိုပါတယ်။ ဆက်ထိန်းဖို့ဆိုရင် လက်ရှိစားနေတာတွေ၊ လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကို ရပ်ပစ်လို့ မရပါဘူး။ ရပ်ပစ်ပြီး အရင်လို စားချင်တာ ပြန်စားရင် သေချာပေါက် ပြန်တက်လာမှာပါ။
ပိုဆိုးတာက အရင်ကဝိတ်ကျဖို့ အစားကို အတင်း ချုပ်တည်းခဲ့ရတဲ့သူတွေဆိုရင် ဝိတ်လည်း ကျရော လွှတ်စားတော့ reboundတွေ ဖြစ်ပြီး အရင်ကထက် ပိုတောင်ဝလာပါသေးတယ်။ Gymလည်း မသွားတော့ ကယ်လိုရီလည်း မလောင်။ ပိုတက်တော့ တာပါပဲ။ ဒါကြောင့် ဝိတ်စချကတည်းက ကိုယ်ရေရှည်စားနိုင်တဲ့ dietကို ရွေးဖို့ အတန်တန်မှာနေရတာပါ။

📌 ဒါဆိုရင် အခြေခံစည်းမျဉ်းတွေက
ဝိတ်မချခင် မေးရမယ့် မေးခွန်းတွေလည်း မေးပြီးပြီ၊ မှားတတ်တဲ့ အမှားတွေကိုလည်း သိပြီဆိုတော့ အခြေခံစည်းမျဉ်းကို ပြောပြပါတော့မယ်။
🍚 ကာဘိုဟိုက်ဒရိတ်လျှော့ပါ။
မြန်မာ့ စားသောက်မှု ပုံစံက ထမင်းများများ ဟင်းနည်းနည်းပါ။ ပြီးတော့ တစ်နေ့ကို ထမင်းချည်းပဲ နှစ်နပ်၊ တစ်ခါတလေ သုံးနပ်လောက် ဖြစ်သွားတတ်တော့ တကယ်ဝိတ်ချမယ်ဆို portion size ထမင်းပမာဏကို လျှော့ရမှာပါ။
လုံးဝဖြတ်လိုက်တာထက် လျှော့လိုက်တာက ပိုကောင်းပါတယ်။ မွေးကတည်းက ထမင်းစားလာကြတာဆိုတော့ ထမင်းဖြတ်လိုက်ရင် အဆင်မပြေပါဘူး။
တခြား အချိုကဲထားတဲ့ အစားအစာတွေ၊ အသင့်စားတွေကတော့ ကျန်းမာရေးအတွက်လည်း မသင့်တော်တာတာကြောင့် တတ်နိုင်ရင် ဖြတ်လိုက်ပါ။

🥗 အသား၊ အသီးအရွက်ကို ပိုစားပါ။
ထမင်းလျှော့လိုက်တဲ့အတွက် ဗိုက်ပြည့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားနဲ့ အသီးအရွက်တွေကို ပိုစားပေးပါ။ ကာဘိုဟိုက်ဒရိတ်လောက် ဝိတ်မတက်တဲ့အပြင် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ ပြည့်ဝစေပါတယ်။ ဗိုက်မြန်မြန်ပြည့်အောင် အချိန်ဆွဲစားပါ။ ထမင်းတစ်ခါစားရင် မိနစ် ၂၀လောက် အချိန်ယူပါ။ ကြေညက်အောင် ဝါးစားပါ။

🏸 လေ့ကျင့်ခန်းကို မမေ့ပါနဲ့။
အစားလျှော့တာနဲ့ ဝိတ်ချတဲ့ ဝာာဝန်မပြီးမြောက်သေးပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းကိုပါ တွဲလုပ်ပေးပါ။ အိမ်မှာပဲ လုပ်လုပ်၊ Gymပဲ သွားသွား လုပ်ဖြစ်အောင် လုပ်ပါ။
Takeaways
ခြုံပြောရရင် ဝိတ်ချမယ်ဆိုရင် စဉ်းစားစရာတွေ စီစဉ်စရာတွေ အများကြီးပါ။ အရေးကြီးဆုံးက ရေရှည်လုပ်နိုင်မယ့် planကို ရွေးနိုင်ဖို့ လိုပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ စားသောက်မှုပုံစံကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ လေ့ကျင့်ခန်းအတွက်လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပါ။

30/07/2026

☕ တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ⁉
ကော်ဖီချစ်သူတွေအတွက်ကတော့ မိုးလင်းတာနဲ့ ကော်ဖီသောက်လိုက်ရမှ ဘဝကြီးက ပြည့်စုံသလိုပါပဲ။ မနက်ခင်းမှာတင် မဟုတ်ပါဘူး။ တစ်နေ့တာလုံးမှာလည်း တစ်ခွက်ပြီး တစ်ခွက် သောက်တတ်ကြပါတယ်။ တချို့ဆို တစ်ရက်ကို ကော်ဖီကို ၁၀ခွက်နီးပါးလောက် သောက်တတ်ကြ‌တော့ ကော်ဖီတွေ ဒီလောက်အများကြီးသောက်တာ ကောင်းရဲ့လား။ လူတစ်ယောက်က တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ။

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ🤔
တစ်နေ့ကို ကော်ဖီ ဘယ်နှခွက်ဆိုတာထက် ကဖင်းဘယ်လောက်သောက်လို့ရတယ်ဆိုပြီး ပြောတာက ပိုပြီး တိကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ဖီကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာတွေက ကဖင်းကြောင့် ဖြစ်တာကိုး။
FDAရဲ့ အဆိုအရတော့ တစ်ရက်ကို ကဖင်း ၄၀၀ မီလီဂရမ်လောက်ထိ သောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါက လက်ဖက်ရည်ဆိုင်မှာ သောက်တဲ့ ကော်ဖီခွက်နဲ့ တွက်ရင် ၄-၅ခွက်စာလောက်ပေါ့။ ဒီလောက်ကတော့ အန္တရာယ်မရှိတော့ သောက်လို့ ရပါတယ်။
ပြောရရင်တော့ ကော်ဖီအမျိုးအစား၊ ကိုယ်သောက်တဲ့ ခွက်ပေါ် မူတည်ပြီး ကဖင်းပမာဏက ကွဲပြားတာကြောင့် ဘယ်နှခွက်ဆိုတာထက် တစ်နေ့တာ ကဖင်းဘယ်လောက် သောက်မိပြီလဲဆိုတာကို တွက်ချက်ပြီး သောက်တာက ပိုကောင်းပါတယ်။
ဥပမာ အသင့်သောက်ကော်ဖီတွေမှာဆိုရင် တစ်ထုပ်ကို ကဖင်းဘယ်လောက်ပါတယ်ဆိုပြီး ရေးထားတတ်ပါတယ်။

🍫 ကဖင်းက ကော်ဖီမှာတင် ပါတာ မဟုတ်ပါ
ဟုတ်ပါတယ်။ ကဖင်းကို ကော်ဖီအပြင် နေ့စဉ်သောက်တတ်ကြတဲ့
• လက်ဖက်ရည်
• ချောကလက်
• စွမ်းအားဖြည့်အချိုရည်
• နောက်ဆုံး ကဖင်းထုတ်ထားတဲ့ Decaf ကော်ဖီတွေမှာပါ တွေ့ရတတ်ပါတယ်။
ဥပမာ စွမ်းအားဖြည့်အချိုရည်တွေမှာဆိုရင် ကဖင်း ၄၀-၂၅၀ မီလီဂရမ်ထိပါတတ်ပါတယ်။
တစ်ရက်ကို ကော်ဖီ ၅ခွက်လောက် သောက်လို့ရတယ်ဆိုပြီး ကော်ဖီလည်း သောက်မယ်၊ စွမ်းအားဖြည့်အချိုရည်တွေလည်း သောက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ကဖင်းတွေ များနေမှာပါ။ ဒါကြောင့် ကဖင်းလို့ ပြောရင် ကော်ဖီကိုပဲ မမြင်ဘဲ တခြားကဖင်းပါတဲ့ သောက်စရာတွေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။
ကော်ဖီကရတဲ့ ကဖင်းကိုတင် တွက်တာမဟုတ်ဘဲ နေ့စဉ် သောက်သမျှထဲက ကဖင်းပမာဏစုစုပေါင်းကို တွက်ပြီး တစ်ရက်ကို ၄၀၀ မီလီဂရမ်မကျော်အောင် သတိထားရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက Decaf ကော်ဖီပါ။ ရုတ်တရက်ကြည့်ရင် ကဖင်းထုတ်ထားတဲ့ ကော်ဖီလို့ ထင်စရာရှိပေမယ့် တကယ်က သူ့မှာ ကဖင်းပါနေပါသေးတယ်။ ပါတဲ့ ပမာဏပဲ လျော့သွားတာပါ။ Decaf လုပ်ထားရင်တောင် တစ်ခွက်ကို ကဖင်း ၂-၁၅ မီလီဂရမ်လောက်တော့ ပါနေပါသေးတယ်။ Decafလုပ်ထားတယ်ဆိုပြီး စိတ်ကြိုက်သောက်မယ်ဆိုရင် မသိလိုက်ဘဲ ကဖင်းတွေ များနေဦးမှာပါပဲ။

💥 ကဖင်း လွန်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ
တစ်ရက်ကို ကဖင်း ၄၀၀ မီလီဂရမ် သောက်လို့ရတယ်ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခံနိုင်ရည်က မတူတာကြောင့် တချို့က ၄၀၀ မီလီဂရမ် မပြည့်ခင်မှာပဲ ကဖင်းလွန်တဲ့ ဒဏ်ကို ခံစားရပါတယ်။ သိသာတဲ့အချက်တွေကတော့
• အိပ်မပျော်တာ
• ဂဏှာမငြိမ်တာ
• စိတ်လှုပ်ရှားတာ
• ရင်တုန်တာ
• ဗိုက်မကောင်းတာ
• ပျို့တာ
• ခေါင်းကိုက်တာ
• နေလို့မကောင်းတာတွေ ခံစားရပါတယ်။
ဒါတွေ ခံစားနေရပြီဆိုရင် တစ်နေ့လုံးသောက်တာ ကော်ဖီ ၅ခွက်မပြည့်သေးရင်တောင် ရပ်လိုက်ဖို့ လိုပါတယ်။ ဒါကဖင်းလွန်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
သာမန်လူတစ်ယောက်အနေနဲ့ တစ်ရက်ကို ကဖင်း ၄၀၀ မီလီဂရမ် သောက်လို့ ရတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဒီထက်လျှော့သောက် (တစ်ရက်ကို ၃၀၀ မီလီဂရမ်) ဖို့ လိုပါတယ်။ အထူးသဖြင့် ဆေးတွေ သောက်ရင်၊ သွေးအားနည်းရောဂါရှိနေရင် ပိုလျှော့ဖို့ လိုပါတယ်။ အသေးစိတ်ကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
👶 ကလေးတွေနဲ့ မြီးကောင်ပေါက်အရွယ်တွေကတော့ ကဖင်းကို မသောက်သင့်ပါ။ မိဘတွေက ကလေးကို ကော်ဖီမတိုက်ကြပေမယ့် အားဖြည့်အချိုရည်တွေ တိုက်တတ်ကြတော့ ဒီထဲမှာကဖင်းပါဝင်မှုများလို့ သတိထားဖို့ လိုပါတယ်။
ကော်ဖီက သင့်တင့်တဲ့ ပမာဏသောက်ရင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဖြစ်တာကြောင့် ကိုယ့်ကျန်းမာရေးပေါ် မူတည်ပြီး ချင့်ချိန်သောက်ဖို့ လိုပါတယ်။

15/07/2026

🧠 ဦးနှောက်ကို ကျန်းမာစေဖို့
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတာဝန်အားလုံးကို ထိန်းချုပ်နေရတာမို့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တယ် ဆိုတာကိုတော့ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်တာမို့လည်း ပုံမှန်အခြေအနေရှိအောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။

ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊၊ ဆီးချို စတဲ့အခြေအနေများဟာ ဦးနှောက်ကို ထိခိုက်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းလာတဲ့ ပြဿနာမျိုး ကြုံနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း၊ သွေးတိုး၊ ဆီးချို စတာတွေဟာ သွေးကြောတွေကို ဒုက္ခပေးရာကတဆင့် ဦးနှောက်ကို ထိခိုက်စေခြင်း ဖြစ်ပါတယ်။ သုတေသနတွေအရ အဆိုပါအချက်သုံးချက်စလုံးနဲ့ တိုက်ဆိုင်သူများဟာ သာမန်လူများထက် ဦးနှောက်ရဲ့အညိုရောင်အပိုင်း ထုထည်ပိုမိုလျော့နည်းပါတယ်။

အဆိုပါအပိုင်းဟာ အာရုံကြောဆဲလ်အများဆုံးရှိတဲ့အပိုင်းဖြစ်လို့ ထိခိုက်မှုရှိလာရင် အာရုံကြောတုံ့ပြန်မှုနဲ့ ဖြစ်စဉ်များ နှေးကွေးလာတယ်လို့ သိရပါတယ်။
တကယ်တော့ သွေးကြောများကိုဒုက္ခပေးတဲ့ အဆိုပါပြဿနာတွေဟာ ဦးနှောက်ဖွဲ့စည်းပုံတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အပြင်ပန်းအရ ကျန်းမာရေးကောင်းတယ်လို့ ယူဆရသူတွေကိုတောင် ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်အသက်အရွယ်မှာဖြစ်စေစေ၊ ဘယ်ကျန်းမာရေး အခြေအနေမှာဖြစ်စေ ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကို ပြုပြင်သင့်ပါတယ်။

နေထိုင်မှုပုံစံကို အနည်းငယ်မျှစီ ပြောင်းလဲပေးခြင်းအားဖြင့် သင့်ဦးနှောက်နဲ့ အာရုံကြောတွေကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်သင့်တဲ့ နေထိုင်မှုပုံစံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
🚴 များများ လှုပ်ရှားပေးပါ
တစ်ပတ်မှာ စုစုပေါင်း မိနစ် ၁၅၀ ခန့် အနည်းဆုံး ကိုယ်လက်လှုပ်ရှား ပြုလုပ်သင့်ပါတယ်။ ကာဒီယိုလေ့ကျင့်ခန်း၊ အေရိုးဗစ်ကစားခြင်း၊ ပြေးခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။
ဒီ လေ့ကျင့်ခန်းတွေကို ပုံမှန်မလုပ်ဖြစ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ လမ်းလျှောက်ခြင်းဟာလည်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှာ အကျုံးဝင်ပါတယ်။ သုတေသနအချို့အရ တနှစ်ခန့် ပုံမှန်လမ်းလျှောက်ပေးတဲ့ အသက်ကြီးပိုင်းတွေမှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနည်းပါးတယ်လို့ သိရပါတယ်။

🏋 ကြွက်သားများ သန်မာအောင်လုပ်ပါ
အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ တွဲဖက်ပြီး အင်အားသုံးရတဲ့၊ သန်မာအောင်လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းမျိုးဟာ နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ အဲဒီကတဆင့် ဦးနှောက်ကို အားဖြည့်ပေးပါတယ်။

🍒 အာဟာရပြည့်ဝစွာ စားပါ
ဘလူးဘယ်ရီ၊ အခွံမာသီးများ၊ အဆီဓာတ်များသောငါးများ စတာတွေဟာ ဦးနှောက်ကို အားဖြစ်စေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အေးခဲထားတဲ့ အစားအသောက်တွေ၊ အသင့်စား စားစရာတွေ စတာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ အဆိုပါ အစားအစာတွေမှာ ဆိုဒီယမ်များပြီး သွေးကြောများကို ထိခိုက်စေရာကတဆင့် ဦးနှောက်ကို သက်ရောက်မှုဖြစ်စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ပရိုတင်း စတာတွေကိုလည်း မျှတစွာ စားသောက်ရပါမယ်။

📿 သတိနဲ့နေထိုင်ပါ
သင့်စိတ်ကို သတိကပ်ကြည့်ပါ။ စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း စတာတွေဟာ ဦးနှောက်ကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတာမို့ ဖြေဖျောက်ရပါမယ်။ တရားထိုင်ခြင်း၊ သတိကပ်နေထိုင်ခြင်း စတာတွေဟာ ဦးနှောက်ကို အကျိုးပြုပါတယ်။

😴 အိပ်ရေး၀၀အိပ်ပါ
အိပ်ရေးပျက်ပါများရင် ကိုယ်အလေးချိန်တက်ခြင်း၊ သွေးတိုးခြင်း စတာတွေကတဆင့် ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ဟာ အာရုံကြောဆဲလ်တွေကို ပြန်လည်ဖြည့်တင်းဖို့၊ မှတ်ဉာဏ်တွေကို အစီအစဥ်တကျ ပြန်လည်မှတ်သားဖို့ အနားယူချိန်လိုအပ်ပါတယ်။ ဒီအတွက် တနေ့ကို အိပ်ချိန် ၈ နာရီလောက် လိုအပ်ပါတယ်။

📝 သင့်ဦးနှောက်ကို အသုံးချပါ
သင့်ဦးနှောက်ကို ဒီအတိုင်း ပစ်မထားဘဲ သင်ယူတွေးခေါ်ရာမှာ အသုံးချပေးနေခြင်းဟာ ကောင်းတဲ့အကျင့်တစ်ခုပါပဲ။ စာဖတ်အသင်းဝင်ခြင်း၊ အချက်အပြုတ်သင်တန်းတက်ခြင်း၊ အကြောင်းအရာသစ်တွေကို စူးစမ်းမှတ်သားခြင်း စတာတွေဟာ သင့်ဦးနှောက်ကို ထက်သန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

01/07/2026

ခဏခဏ မေ့တတ်နေပြီလား❗ ဒါတွေစားပါ

တစ်နေ့တာမှာ လုပ်စရာရှိတာတွေ လုပ်နေရင်း
ဟော …ဘာလေးတော့ မေ့သွားပြန်တယ်။ ဒီနေ့ ဒါလုပ်ရမှာကို သတိထားရက် မေ့ပြန်ပြီ စိတ်ညစ်လိုက်တာဆိုပြီး နေ့တိုင်းလိုလို ညည်းတွားမိနေပြီလား။ မေ့တတ်တာက လူတိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ခဏခဏ မေ့တတ် တာကတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီတစ်ခေါက်တော့ ခဏခဏ မေ့တတ် ရင် ဘာတွေ စားသုံးပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 💛

လူတိုင်းနီးပါး ခဏခဏ မေ့တတ်ပါတယ် 🤔
သတိ မေ့တတ် တာက လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် သတိမေ့နိုင်သလို ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ ဘဝနေထိုင်မှု ပုံစံ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း မေ့တတ် ပါတယ်။ ဒီလို မေ့တတ် တာကို အနေအထိုင်၊ စားအသောက်နဲ့ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

❇ အကြောင်းကတော့ စားသောက်မှု မှန်ကန်မယ်ဆိုရင် ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာဖြစ်သလို မှတ်ဉာဏ်ကောင်းစေပြီး မေ့တတ်တာကို ကာကွယ်ပေးနိုင်လို့ပါ။ နေ့စဉ်စားသောက်မှုတွေကို မှန်ကန်စွာ စားသောက်ပေးမယ်ဆိုရင် တက်ကြွနိုးကြားစေမှာ အသေအချာပါ။

မေ့တာက တစ်နေ့ကို တစ်ခါ ၂ ခါမကဘဲ ခဏခဏ မေ့တတ်နေပြီလား ! ဒါဆိုရင်တော့ ဒါတွေ စားကြပါဦးနော်။
🥦 ဟင်းသီးဟင်းရွက်တွေ စားပါ
လူတိုင်းက နေ့စဉ် စားသုံးမှုမှာ အသီးအရွက် ပါဝင်အောင် စားသုံးဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။
အထူးသဖြင့် ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ကိုက်လန်၊ မုန်ညှင်းစိမ်း စတာတွေကို စားပေးဖို့ လိုပါမယ်။

🍒 ဘယ်ရီသီးတွေ
ဘယ်ရီသီးတွေ ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီသီးတွေ၊ ချယ်ရီသီးတွေက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးတဲ့ anthocyanins နဲ့ အခြား ဖလေဗာနွိုက်တို့ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ ဘယ်ရီသီး လက်တစ်ဆုပ်စာ စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ခဏခဏ မေ့တတ် တာကို သက်သာစေမှာပါ။ ပုံမှန်လေး စားပေးဖို့တော့ လိုပါမယ်။

🍣 Omega-3 fatty acids ကြွယ်ဝတဲ့ ငါး
Omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ် ကောင်းမွန်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ Omega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ တူနာငါး၊ ဆာဒင်းငါး စတာလေးတွေကို စားပေးပါ။

🥜 သစ်ကြားသီး
နှလုံးကျန်းမာစေတဲ့ သစ်ကြားသီးက ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သိမြင်မှုစွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အဆာခံနိုင်စေပြီး ပရိုတင်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို omega-3 fatty acids ပါဝင်နေမှုကလည်း ခဏခဏ မေ့တတ် တာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။

🍫 အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်ကို ကိုးကိုးစေ့ကနေ ထုတ်ထားတာပါ။ ကိုးကိုးစေ့မှာ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေပြီး ဦးနှောက် ကျန်းမာစေသလို သိမြင်မှု စွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးသလို သတိမေ့တတ်တာကို သက်သာစေနိုင်ပါတယ်။
ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မှတ်မိနိုင်စွမ်းတိုးစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
ခဏခဏ မေ့တတ် နေတာကို သက်သာစေဖို့ အခုပြောခဲ့တာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။

15/06/2026

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ 🍏
အစားအစာက နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရင်တုန်းကတော့ တာရှည်ခံစားစရာအနေနဲ့ ငါးခြောက်၊ အသားခြောက်တွေပဲ ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ အခြောက်ခံ၊ မှိုင်းတိုက်ထားတာတွေအပြင် တာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဆီသွတ်ဗူးတွေ၊ ပြုပြင်ထားတဲ့ အသားချောင်း၊ အသားပြားတွေကလည်း အများသားပါ။ ဒီလို အစားအစာတွေက ချက်ပြုတ်ရာ လွယ်ကူတာကြောင့် နေ့စဉ် စားသောက်မှုမှာ ကျယ်ကျယ်ပြန့်ပြန့်ကို နေရာယူလာကြပါတယ်။ ဒါတွေက အရသာရှိတာ မှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အသားတွေကို အဆီမဖယ်ဘဲ စားတာ၊ အရေခွံမဖယ်ဘဲ စားတာ၊ ကင်စားတာတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်ပြန်ပါဘူး။ ဒီတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို မစားဘဲလည်း မနေနိုင်ဘူး။ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ ဘယ်လိုချက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကျန်းမာစေဖို့ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေကိုလုံးဝရှောင်ရမှာလား။❔
ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို လုံးဝရှောင်နိုင်ရင် အကောင်းဆုံးပဲဆိုပေမယ့် တစ်နေ့တာ စားသုံးမှုမှာ ဒီ အစားအစာတွေ အားလုံးကို ရှောင်ဖို့လည်း မလွယ်ကူလှပါဘူး။ ဒီတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနည်းက ဒီအစားအစာတွေပါဝင်နေတဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ဖန်တီးရုံပါ။
ဒီအစားအစာတွေကို ထည့်သွင်းစားသုံတဲ့ ပမာဏ လျှော့ချပြီး ကျန်းမာတဲ့ အစားအစာတွေ ပမာဏကို ပိုများများထည့်စားတာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ ကျန်းမာရေးနဲ့ မညီတဲ့ အချိုဓာတ်တွေ၊ အဆီဓာတ်တွေအစား ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေကို များများထည့်စားပေးတာမျိုးပေါ့။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ ဘယ်လိုစားသုံးရမလဲဆိုတာကို ပြောပြပေးသွားမှာမို့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အခုလိုလေး ချက်ပြုတ်ပေးပါ။
🧄 အသားတွေကို ကင်တဲ့အခါ အရေခွံနဲ့ အဆီကို ဖယ်ပါ
အနီရောင် အသားတွေ ဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ ဝက်သားတွေ နဲ့ ဘဲသား၊ ကြက်သားကို ကင်တဲ့အခါ အရေခွံတွေကိုရော အဆီကိုရော ဖယ်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဒီအရေခွံတွေနဲ့ အဆီတွေမှာ ပြည့်ဝဆီတွေနဲ့ ကိုလက်စထရောတွေ ပါဝင်နေပါတယ်။ ဒီအဆီတွေက သွေးတိုးစေနိုင်သလို အခြားကျန်းမာရေး အခြေအနေအနေနဲ့ နှလုံးရောဂါကိုပါ ခံစားရနိုင်ပါတယ်။
ဒါကြောင့် အသားတွေကို ကင်ရင်ဖြစ်ဖြစ် ချက်ရင်ဖြစ်ဖြစ် အရေခွံတွေနဲ့ အဆီတွေကို ဖယ်ရှားပေးပါ။ ဒီလို ဖယ်ရှားတာကကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကိုရော သွေးတွင်းကိုလက်စထရော တက်နိုင်တဲ့ အဆီတွေကိုပါ ဖယ်ရှားရာ ရောက်ပါတယ်။ အဆီတွေကို မချက်ခင်မှာ ဖယ်ရမှာ ဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ရင်လည်း အဆီမပါတဲ့ အသား၊ အရေခွံ မပါတဲ့ ကြက်ရင်အုံသားတွေကို ရွေးချယ်ပေးပါ။ ပြီးရင်တော့ အသားကင်တွေကို အသီးအရွက်တွေနဲ့ တွဲစားပေးပါ။ မဟုတ်ရင်တောင် ခရမ်းချဉ်သီးကို ပြုတ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ ကြိတ်ခြေထည့်ထားတဲ့ အိမ်ဖျော် အချဉ်လေးနဲ့ စားပေးပါ။

🥦 ကြက်အူချောင်းတွေ၊ ဝက်အူချောင်းတွေ၊ အသားပြားတွေကို ပေါင်းစားပါ
နေ့စဉ်စားသုံးနေကျ အစားအစာတွေထဲမှာ မပါရင်တောင် တစ်ပတ်မှာ ၂ ကြိမ်လောက်တော့ စားဖြစ်ကြပါတယ်။ မစားတာက ပိုကောင်တယ်ဆိုပေမယ့် ဒီလို စားဖြစ်တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ဒီပြုပြင်ထားတဲ့ အသားချောင်းတွေကို စားတဲ့အခါ ပေါင်းစားတာမျိုးက အဆင်ပြေပါတယ်။ ကြော်စားတာ၊ ကင်စားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
နောက်တစ်ချက်က ဒါတွေကို စားတော့မယ်ဆိုရင် ကြက်သွန်ဖြူ၊ အသီးအရွက် စတာတွေကို ပါအောင် ထည့်သွင်းချက်ပြုတ် စားသုံးပေးပါ။ ဒီလို ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေနဲ့ တွဲဖက်စားသုံးပေးတာက အစာခြေစနစ်ကစလို့ သွေးပေါင်ချိန် နဲ့ သွေးတွင်း အဆီများတာအထိ အကုန်လုံးကို ကာကွယ်ရာ ရောက်မှာပါ။
ဆားအစား ဟင်းခတ်အမွှေးအကြိုင်ကို သုံးပေးပါ
ဆားတွေ ဟင်းခတ်မှုန့်တွေ အများကြီး စားတာက သွေးတိုးစေနိုင်ပြီး ရေရှည်မှာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ခံတွင်းတွေ့စေဖို့ ထည့်တဲ့ ဆား၊ ဟင်းခတ်မှုန့်တွေကို လျှော့စားဖို့ လိုပါမယ်။ ဒါတွေကို လျှော့ထည့်လိုက်ပေမယ့် ဟင်းအရသာလည်း မလျော့စေဖို့ဆိုရင် ဆား နဲ့ ဟင်းခတ်မှုန့်တွေအစား ကြက်သွန်ဖြူ၊ ကရဝေးမှုန့်တို့လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးပါ။

🌽 နှံစားသီးနှံတွေ ပါဝင်အောင် စားပေးပါ
နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ အတွက် ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို စတာတွေနဲ့ တွဲစားပေးပါ။ ဒါကြောင့် ပေါင်မုန့်ဆိုရင်လည်း ဂျုံကြမ်း ပေါင်မုန့်ကို စားပေးပါ။ အမျှင်ဓာတ် ကြွယ်ဝတဲ့ နှံစားသီးနှံတွေကို စားပေးပါ။

05/06/2026

💖 အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား
အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။

အနားယူခြင်း (၇) မျိုး ဆိုတာ
(၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း
(Physical rest) 🌻
နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။
ဒါကို ပြေပျောက်အောင် အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active restကကျတော့ ပေါ့ပေါ့ပါးပါး အကြောလျှော့တာ၊ ယောဂကျင့်တာ၊ လမ်းထွက်လျှောက်တာ၊ အနှိပ်ခံလိုက်တာမျိုးတွေ ပါဝင်ပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ အနားယူခြင်း
(Mental rest) 🍀
ခုလိုခေတ်ကာလဆိုရင်တော့ စိတ်ပင်ပန်းစရာတွေက အများသားမလား။ လူက အနားယူလိုက်ပေမယ့် စိတ်က ဟိုတွေး ဒီတွေး တွေးနေမယ်ဆိုရင် စိတ်အနားရမှာ မဟုတ်ပါဘူး။ စိတ်ဆိုတာ အမြဲတမ်းတွေးနေတော့ သူ့ကို အနားပေးဖို့ လိုပါတယ်။
အရိုးရှင်းဆုံးနည်းလမ်းတွေကတော့ ဖုန်းခဏပိတ်လိုက်တာ၊ ဆိုရှယ်မီဒီယာသုံးတာ ခဏနားလိုက်တာ၊ တရားမှတ်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာတွေ လုပ်လို့ရပါတယ်။ စိတ်က အာရုံမလွင့်ဘဲ တစ်နေရာထဲမှာ စုစည်းနေတဲ့အခါ ဦးနှောက်က အနားရပြီး အတွေးတွေကို ပြန်လည်စီစဉ်ပေးနိုင်ပါတယ်။

(၃) စိတ်ခံစားချက်ဆိုင်ရာ အနားယူခြင်း
(Emotional rest) 🌴
နေ့စဉ်နေ့တိုင်းမှာ စိတ်အတက်အကျတွေက ရှိနေတာပါပဲ။ နေကောင်းလားမေးလိုက်ရင် ကောင်းပါတယ်လို ပြောပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းရတဲ့အခါရှိသလို အားမလိုအားမရဖြစ်တာတွေ၊ အပြစ်တင်စိတ် ဖြစ်တာတွေ ရှိတတ်ပါတယ်။ ဒီလို မကောင်းတဲ့ စိတ်ခံစားချက်တွေကလည်း လူကို ပင်ပန်းစေတဲ့ထဲမှာ ပါပါတယ်။
စိတ်ခံစားချက်တွေကနေ အနားယူဖို့ဆို တစ်ယောက်တည်း နေကြည့်ပါ။ စိတ်ရှုပ်စရာတွေကို တတ်နိုင်သမျှ ဝင်မပါပါနဲ့။ ခံစားချက်တွေ ဖွင့်ချရေးတဲ့ journaling လုပ်ကြည့်ပါ။ သဘာဝနဲ့ ထိတွေ့ပါ။ ဥပမာ အပင်လေးတွေ၊ ရေတွေနဲ့ ထိတွေ့တာမျိုးပေါ့။
ဘာကို ခံစားလို့ ခံစားရမှန်းမသိ၊ စိတ်ထဲမှာ လမ်းပျောက်သလို လေးလေးကြီး ဖြစ်နေတယ်ဆိုရင် ဒီနည်းတွေက အသင့်တော်ဆုံးပါပဲ။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို ပြန်ရှာတွေ့စေပြီး စိတ်ခံစားချက်တွေကို ကောင်းမွန်စေပါတယ်။

(၄) လှုံ့ဆော်မှုများမှ အနားယူခြင်း
(Sensory rest) 🌸
နေ့စဉ်ဟိုဟိုဒီဒီကနေ လှုံ့ဆော်မှုတွေက ကိုယ့်ရဲ့ ကိုယ်ထဲကို တရစပ်ဝင်နေတာကို သတိထားမိကြမှာ မဟုတ်ပါဘူး။ ဆူညံသံတွေ၊ အလင်းတွေ၊ အပူအအေးတွေ၊ အနံ့တွေ စသဖြင့် ကောင်းတာတွေရော မကောင်းတာတွေရော အများကြီးပါပဲ။ ဒီလို လှုံ့ဆော်မှုတွေကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့အခါ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပင်ပန်းနေတာမျိုးတွေ ရှိတတ်ပါတယ်။
အာရုံတွေကနေ ဝေးဝေးနေပြီး အနားယူဖို့ဆိုရင်
• TVတွေ၊ ဖုန်းတွေကို ခဏပိတ်ထားပါ။
• မျက်လုံးလေး မှိတ်ထားပါ။
• တိတ်ဆိတ်တဲ့အခန်းထဲမှာ အနားယူပါ။
• ရေချိုးပါ။
• ပျော့ပျောင်းငြင်သာတဲ့ တီးလုံးလေးတွေ ဖွင့်ထားပါ။
• အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။
အာရုံဝင်လာနိုင်တာတွေကနေ အနားယူလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆက်တိုက်လှုံ့ဆော်ခံနေရာကနေ လွတ်မြောက်ပြီး အနားရသွားပါတယ်။

(၅) ဖန်တီးမှုတွေကနေ အနားယူခြင်း
(Creative rest) 💐
ဟုတ်ပါတယ်။ အနုပညာရှင်တွေ၊ ဒီဘက်ကခေတ်မှာဆိုရင် Content creatorတွေ၊ Designerတွေက နေ့စဉ်နဲ့အမျှ တီထွင်ဖန်တီးမှုတွေ ပြုလုပ်နေရသူတွေပါ။ ဆက်တိုက် အသစ်အသစ်တွေကို ဖန်တီးနေရတဲ့အခါ ဦးနှောက်က ညောင်းပြီး ပင်ပန်းလာပါတယ်။ ဒီလိုဖြစ်နေတာကနေ အနားယူဖို့ဆိုရင်
• အလုပ်ကနေ ခဏလောက် အနားယူလိုက်ပါ။
• အလုပ်နဲ့ မဆိုင်ဘဲ ကိုယ်ဝါသနာပါတာ၊ ပျော်တာကို လုပ်ကြည့်ပါ။
• တစ်ခါမှ မလုပ်ဖူးတဲ့ ဖန်တီးမှုတွေ လုပ်ကြည့်ပါ။ (ဥပမာ ဟင်းချက်တာ၊ ပုံဆွဲတာ၊ ပန်းထိုးတာ စသဖြင့်)
ဒီလိုအနားပေးလိုက်မှ ဦးနှောက်လည်း အနားရပြီး ပိုကောင်းတဲ့ အိုင်ဒီယာတွေ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၆) လူမှုအသိုင်းအဝိုင်းမှ အနားယူခြင်း
(Social rest) 🦉
နေ့စဉ် လူပေါင်းများစွာနဲ့ ပြောဆိုဆက်ဆံနေရတဲ့အခါ ကြာလာရင် စိတ်မောလူမော ဖြစ်လာမှာပါ။ ဒါက introvertဖြစ်ခြင်း၊ extrovertဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ လူမျိုးစုံ စရိုက်မျိုးစုံနဲ့ တွေ့ရတဲ့အခါ ကြာလာရင် ပင်ပန်းလာတာ သဘာဝပါပဲ။ ဒီကနေ အနားယူဖို့ဆိုရင်
• တစ်ယောက်တည်း အချိန်ဖြုန်းကြည့်ပါ။
• လူများတဲ့ ပွဲလမ်းသဘင်တွေကို ခဏရှောင်ပါ။
• တကယ်ချစ်ခင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ဖြုန်းပါ။
• တစ်ယောက်တည်း အပြင်သွားကြည့်ပါ။
• ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
တစ်ယောက်တည်း အနားယူကြည့်တဲ့အခါ စိတ်ကလေး အနားရပြီး အာရုံနောက်စရာတွေလည်း မရှိတာကြောင့် နေလို့ပိုကောင်းလာပါလိမ့်မယ်။

(၇) စိတ်ဝိဉာဉ်ဆိုင်ရာ အနားယူခြင်း
(Spiritual rest) 🦋
စိတ်ဝိဉာဉ်ဆိုင်ရာ အနားယူခြင်းကတော့ inner peaceကို ရှာဖွေခြင်းတစ်ခုပါပဲ။ ယုံကြည်ရာဘာသာအလိုက်
• ဆုတောင်းမယ်
• ရွတ်ဖတ်မယ်
• တရားထိုင်မယ်
• ယောဂကျင့်မယ်
• သဘာဝနဲ့ ထိတွေ့မယ်
• အကောင်းမြင်စိတ်နဲ့ စိတ်ထားတတ်အောင်နေမယ်
• သူများကို ကူညီမယ်၊ လှူဒါန်းပေးကမ်းမယ် စတာတွေက စိတ်အေးချမ်းစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမယ့် အကျင့်တွေပဲ ဖြစ်ပါတယ်။

အနားယူတာက နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ လူသားတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီ အနားယူခြင်း (၇) မျိုး ကို ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ထည့်သွင်းပြီး အနားယူမယ်ဆိုရင် ပိုအဆင်ပြေပြီး နေပျော်တဲ့ ဘဝကို ရမှာပါ။

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when My Dear - Lifestyle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.