ZyanKmyothandar
ကျန်းမာခြင်း လှပခြင်း ပျော်ရွှင်ခြင်း
21/01/2025
27/12/2024
08/06/2024
🍀
“လူတစ်ယောက်ကို တကယ်ချစ်ရင် သူပြောတဲ့ စကားတချို့ဟာ ပြောတဲ့အတိုင်း တကယ်ရည်ရွယ်တာ မဟုတ်ဘူးလို့ နားလည်ပေးနိုင်ဖို့ လိုတယ်”
🔳 ရုပ်ရှင်ကားတစ်ခုထဲက ဒိုင်ယာလော့ဂ်ပါ။ အတိအကျ မဟုတ်ဘူး။ ဘယ်ဇာတ်ကားလဲလည်း သေချာမမှတ်မိတော့ဘူး။
ဇာတ်လမ်းအကျဉ်းကတော့ ဒီမင်းသားက သူ့အဖေ ဒေါသထွက်တုန်း ပြောလိုက်တဲ့ စကားတစ်ခွန်းကို စိတ်အကြီးအကျယ် နာနေခဲ့တဲ့သူ။ မိဘက သူ့ကို မချစ်ဘူးပေါ့။ နောက်မှ တဖြည်းဖြည်း သဘောပေါက်လာတယ်။ ဒါပေမဲ့ အချိန်လွန်သွားပြီ။ သူ့အဖေက မရှိတော့ဘူး။ ငါသာ အဖေ့ရဲ့ အဲဒီစကားလေးကို တအားပြင်းပြင်းထန်ထန် သဘောမထားခဲ့ရင် ဘယ်လောက်ကောင်းမလဲ ဆိုတဲ့ နောင်တတွေနဲ့ ကျန်ခဲ့ရတာပေါ့။
🔳 လူ့စိတ်ဆိုတာက အတော်ရှုပ်ထွေးနက်နဲပါတယ်။ ဒါကြောင့် လေ့လာလို့ကို မကုန်နိုင်သေးတာပါ။
မကြာခဏလည်း ရေးဖူးပါတယ်။ စိတ် ဆိုတာ အရှိတရား မဟုတ်ဘူး။ အဖြစ်တရား။ ဒါကြောင့် စိတ်ကောင်းရှိတဲ့သူ ဆိုတာ မရှိဘူး။ စိတ်ကောင်းများများ ဖြစ်အောင် လေ့ကျင့်ထားတဲ့သူပဲ ရှိတယ်။
🔳 မိဘတွေအနေနဲ့ သားသမီးနဲ့ ပတ်သက်လာရင် ဘယ်လိုစိတ်မျိုး အဖြစ်များသလဲ။
ရှင်းပါတယ်။ ချစ်မယ်။ မြတ်နိုးမယ်။ မေတ္တာရှိမယ်။ ကရုဏာသက်မယ်။ အစစအရာရာ အဆင်ပြေစေချင်တယ်။ တိုးတက်စေချင်တယ်။ ချမ်းသာစေချင်တယ်။
သို့သော် အချိန်တိုင်း အဲဒီစိတ် ဖြစ်နေသလား ပြန်စဉ်းစားကြည့်။ မဖြစ်ပါဘူး။
🔳 နိစ္စဓူ၀ ဖြစ်လေ့ရှိတဲ့ စိတ်ဆိုးဒေါသထွက်တာတွေ ခဏထား။ အဲဒီထက် ပိုနက်နဲတဲ့ စိတ်အမှောင်တွေတောင် ရှိသေးတယ်။
သားသမီးကို ကိုယ့်အရိပ်အောက်မှာပဲ ခိုစေချင်တဲ့အတွက် သူ ကြီးပွားတိုးတက်သွားမှာကို မသိစိတ်က မလိုလားတာမျိုး၊ အသိအမှတ် မပြုချင်၊ မပံ့ပိုးချင်တာမျိုး၊ တစ်ခုခု ထိခိုက်မှ မှတ်မှာ၊ ငါတို့ကို အားကိုးမှာ ဆိုပြီး သူလုပ်တဲ့ကိစ္စ မအောင်မြင်စေချင်တာမျိုး၊ ပျက်စီးစေချင်တာမျိုး၊ သားသမီး ကိုယ့်ထက် သာသွားမှာကို မနာလိုတာမျိုး၊ ပင်ပန်းလွန်းတဲ့အခါ ဒီကလေးသာ မရှိရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးမျိုး စသဖြင့် ဖြစ်တတ်ကြပါတယ်။ လူတိုင်း၊ အချိန်တိုင်းတော့ မဟုတ်ပါဘူး။
🔳 ဒါကြောင့် လူတွေရဲ့ စိတ်ထဲမှာ တွေးနေသမျှကိုသာ သိခွင့်ရရင် အတော်လေး စိတ်ပျက်စရာ ကောင်းနေမှာလို့ စဉ်းစားမိတယ်။ ရုတ်တရက်ဆိုရင်တော့ အဲဒီလိုအစွမ်းမျိုးက လိုချင်စရာကြီး။ ဒါပေမဲ့ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေရဲ့ အတွေးပေါင်းစုံကို သိခွင့်ရနေတော့မှာ။
အခုက ကိုယ်တွေမှာလည်း အဲဒီလို Superpower မျိုး မရှိ၊ သူတို့ကလည်း ထုတ်ပြောမနေတော့ ပုံမှန်အချိန်ဆို ပြဿနာ မရှိဘူး။ အကြောင်းကြောင်းကြောင့် သူတို့ကိုယ်တိုင် ခံစားချက်တွေ လွန်ကဲလာတဲ့အခါ အဲဒီစိတ်တွေက စကားလုံးအဖြစ်ကို ကူးပြောင်းပြီး ကိုယ့်နားထဲ ရောက်လာရော။ အဲဒါတွေကို ကိုယ်ကလည်း အတည်လို့ မှတ်ယူလိုက်ရော။
🔳 သဘောထားအမှန်က အခုမှ ပေါ်လာပြီပေါ့။ ဒါလည်း ဖြစ်နိုင်ပါတယ်။ သို့သော် ကိုယ်ချစ်တဲ့သူနဲ့ ဆက်ဆံရေးကို မပျက်စီးစေချင်ရင်တော့ မေ့ဖျောက်သင့်တဲ့အရာကို မေ့ဖျောက်နိုင်ဖို့ လိုပါတယ်။
ဒီကလေး မရှိရင် ကောင်းမယ် ဆိုတာ ပင်ပန်းလွန်းရင် ဖြစ်တဲ့အတွေး။ တကယ့်တကယ်က ဒီကလေးကြောင့်သာ သူတို့ဘ၀ ရှေ့ဆက်နိုင်နေတာ။ ဒီကလေးကိုပဲ ဘဝတစ်ခုလုံး ပုံပေးထားချင်တာ။
🔳 လင်မယားကြားမှာလည်း ဖြစ်တတ်တာပဲ။ ရှင်က ပိုက်ဆံဘယ်နှပြား ရှာနိုင်လို့လဲ၊ ငါ့အပေါင်းအသင်းတွေ တားနေတဲ့ကြားက မင်းကို ယူမိခဲ့တာ မှားတာပဲ စသဖြင့် ပြောကြ၊ စကားနာထိုးကြတယ်။
အဲဒီအခါ အနာပေါ် တုတ်ကျကြတယ်။ အနာရှိမှန်း သိလို့လည်း တုတ်ကို ပစ်ချလိုက်တာကိုး။ ဒေါသထွက်နေမှတော့ မနိုင်နိုင်ရာ ပြောမှာပဲ။ အဲဒီမှာတင် ဒီစကားတွေ ပြန်နှုတ်လို့ မရတော့ဘဲ ဆက်ဆံရေးတွေ ပျက်စီးသွားကြရော။
🔳 ကျွန်တော်ဆိုလည်း ဝန်ခံရရင် တစ်ခါတလေ ပင်ပန်းတဲ့အခါ၊ မရေရာတဲ့ အနာဂတ်အကြောင်း တွေးမိတဲ့အခါ ငါသာ တစ်ကောင်ကြွက်ဆို ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါဆို ငါ့ဟာနဲ့ငါ အဆင်ပြေသလို နေလို့ရတယ်ပေါ့။ မိသားစု ဆိုတာကို ထည့်စဉ်းစားနေစရာ မလိုဘူးပေါ့။
အဲဒီစကားသာ ကျွန်တော့်မိသားစု ကြားသွားရင် ဘယ်လိုနေမယ် ထင်သလဲ။
တကယ်က ပင်ပန်းတုန်းခဏ တွေးမိတဲ့အတွေးပဲ။ ဒီမိသားစုက ကျွန်တော့်အတွက် အရေးကြီးတာပေါ့။ မိဘကို လုပ်ကျွေးခွင့်ရတဲ့ဘ၀ ကျွန်တော်ဂုဏ်ယူတာပေါ့။ ကျွန်တော့်ညီရဲ့ ရှေ့ကနေ ရပ်တည်ပေးရတာ ကျွန်တော်ကျေနပ်တာပေါ့။
🔳 ခုနကလို အတွေးတစ်ချက်ကို မထိန်းနိုင်ဘဲ စကားတစ်ခွန်း ဖြစ်သွားပြီး သူတို့နားထဲ ရောက်သွားရင် စိတ်ထိခိုက်ကုန်ကြလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို စီမံနိုင်ဖို့ သိပ်အရေးကြီးတယ်။
တစ်ဖက်မှာလည်း ကိုယ်ချစ်တဲ့ခင်တဲ့လူက Emotional ဖြစ်နေတုန်း ပြောလိုက်တဲ့ စကားတွေကို အတည်မယူဖို့ လိုတယ်။
စိတ်ထဲရှိလို့ ပြောတာပေါ့၊ မရှိရင် ဘယ်ပြောမလဲ။ ဟုတ်တယ်။ စိတ်ထဲကတော့ ရှိတာပဲ။ ဒါပေမဲ့ ခဏတဖြုတ် တွေးမိတဲ့ အတွေးမျှပဲ ဖြစ်တယ်။ တကယ်ရည်ရွယ်တာ မဟုတ်ဘူး။ အဲဒီလို နားလည်ပေးနိုင်ဖို့ အရေးကြီးပါတယ်။
🔳 ချုပ်ပြောရရင်တော့ -
• ကိုယ်တိုင်လည်း တကယ်မရည်ရွယ်တဲ့ စကားတွေ မပြောမိအောင် ကြိုးစား။
• တစ်ဖက်လူ ပြောလာတဲ့ စကားတိုင်းဟာလည်း တကယ်ရည်ရွယ်တာ မဟုတ်ဘူးဆိုတဲ့ နားလည်မှုကို ထား။
ဒါဆို စကားလုံးတွေကြောင့် ဆက်ဆံရေး ပျက်စီးသွားတာတွေ အတိုင်းအတာတစ်ခုထိ လျော့နည်းသွားပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၆.၆.၂၀၂၄
21/05/2024
“ကိုယ့်ကိုယ်ကိုယ် မကြိုက်တဲ့သူတွေ ဖတ်ဖို့”
🔳 ဘဝရဲ့ အချိန်ကာလ တော်တော်များများ၊ ဒါမှမဟုတ် အခိုက်အတံ့တစ်ခုလောက် ဖြစ်ဖြစ်တော့ ကိုယ့်ကိုယ်ကိုယ် မကြိုက်ဘူး ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။
ဘာကြောင့် အဲဒီလို ဖြစ်ရတာလဲဆိုတော့ "ကိုယ်တကယ်ဖြစ်ချင်တဲ့ Ideal self နဲ့ တကယ်ဖြစ်နေတဲ့ Real self ကြားမှာ ခြားနားမှု" ရှိနေလို့ပါပဲ။
ထပ်တူကျပါတယ် ဆိုတဲ့သူကတော့ ရှားမယ်လို့ ထင်တယ်။ သို့သော် ကွာခြားချက် ကျဉ်းလေလေ၊ အဲဒီလူရဲ့ မိမိကိုယ်မိမိ လေးစားမှု၊ ကိုယ့်ကိုယ်ကိုယ် ကြိုက်နှစ်သက်မှုက မြင့်မားလေလေ ဖြစ်ပါတယ်။
🔳 ဥပမာ ကိုယ်က people-pleaser တစ်ယောက် ဖြစ်နေတယ်။ လူတကာအကြိုက် လိုက်မိနေတယ်။ ကိုယ့်ခံစားချက်တွေကို အမြဲချုပ်တည်းနေရတယ်။ မပျော်တော့ဘူး။ အဆင်မပြေတော့ဘူး။ ခိုင်မာပြတ်သားတဲ့သူ ဖြစ်ချင်တယ်။ ဒါဆို Ideal self နဲ့ Real self ကြား ခြားနားမှု ဖြစ်နေပြီ။ ကိုယ့်ကိုယ်ကိုယ် ကြိုက်တော့မှာ မဟုတ်ဘူး။
အဲဒီလိုပဲ အရည်အချင်းရှိတဲ့သူ၊ တော်တဲ့သူ ဖြစ်ချင်တယ်။ ဒါပေမဲ့ ဖြစ်မနေဘူး။ အဲဒီလိုဆိုလည်း သူများနဲ့ယှဉ်ပြီး သိမ်ငယ်စိတ်၊ အထင်သေးစိတ်က ဝင်လာရော။
🔳 ပိုအရေးကြီးတာက ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးတွေပဲ။ မဟုတ်တာ လုပ်တဲ့သူတွေ ဘုရားတရား သိပ်လုပ်ကြတာ၊ ဘုရားပုံတွေ၊ တရားစာတွေ တင်နေကြတာ တွေ့ဖူးမယ် ထင်တယ်။ (ဘုရားတရား လုပ်တဲ့သူတိုင်းကို မဆိုလိုဘူးနော်) အဲဒါကို စိတ်သဘောအရ ကြည့်မယ်ဆို ဘယ်သူသိသိ မသိသိ သူ့ကိုယ်သူ သိနေတယ်။ သိနေတော့ စိတ်မသက်မသာ ခံစားရတယ်။ အဲဒါကို ဖြေဖျောက်ဖို့အတွက် ဘုရားတရား လုပ်ပြနေတာပဲ။
အဲဒီလို မဟုတ်တောင် “ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ဆိုသလို တိတ်တိတ်ကလေး ကိုယ့်ဟာကိုယ် စိတ်ပျက်နေတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ လူတွေက အထင်ကြီးပြီး ချီးကျူးစကားပြောလေ၊ သူ့ကိုယ်သူ ရှက်မိလေပဲ။
🔳 ဒါကြောင့် ကိုယ့်ရဲ့ စံတန်ဖိုးတွေအတိုင်း ရပ်တည်နေထိုင်ဖို့ဟာ သိပ်အရေးကြီးတယ်လို့ အမြဲပြောတာပါ။ ကျွန်တော်သာ အခု အေးအေးလူလူ နေနေရင် အစစအရာရာ အကုန်အဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမဲ့ သေချာပေါက် သိနေတယ်၊ ကျွန်တော် ပျော်ရမှာ မဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က အဆင်ပြန်ပြေသွားနိုင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ပျောက်ဆုံးသွားရလိမ့်မယ်။
ဒီအတွက် ကိုယ့်ဘဝမှာ ဘာတွေကို တန်ဖိုးထားသလဲ၊ အဲဒါတွေနဲ့ ကိုယ်လုပ်နေတာတွေနဲ့ တညီတည်း ဖြစ်နေရဲ့လား ပြန်စဉ်းစားသုံးသပ်ဖို့ သိပ်အရေးကြီးပါတယ်။
🔳 အခု ပြောခဲ့တာတွေက Real self ကို ပြင်ရဖို့တွေပါ။ Ideal self နား ဆွဲကပ်ပေးဖို့ပေါ့။
Real self က ပြင်မရတဲ့အတွက် Ideal self ကို ဆွဲချပေးဖို့ လိုတဲ့အခါတွေလည်း ရှိတယ်။ ထင်ရှားတဲ့ ဥပမာဆို လိင်စိတ်တိမ်းညွှတ်မှုပဲ။
ကျွန်တော့်ဆီ မကြာခဏ လာတိုင်ပင်ကြ၊ ရင်ဖွင့်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လိင်တူချစ်ကြိုက်သူ သို့မဟုတ် လိင်တူလိင်ကွဲ နှစ်မျိုးစလုံး နှစ်သက်သူလို့ ထင်နေတယ်။ စမ်းလည်း စမ်းသပ်ပြီးသွားပြီ။ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်နေတာကို မကြိုက်ဘူး။ ပြောင်းလဲချင်တယ်။ အသိုင်းအဝိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး။ ဘာသာရေးအရလည်း သွေဖည်ဆန့်ကျင်နေတယ်။ အဲဒါ ဘယ်လိုလုပ်သင့်သလဲ ဆိုပြီး လာမေးကြတာ။
🔳 တကယ်တော့ လိင်စိတ်တိမ်းညွှတ်မှု ဆိုတာက ရွေးချယ်လို့ မရသလို ပြောင်းလဲလို့လည်း မရဘူး။
အဓိက ပြဿနာကလည်း လိင်တူချစ်ကြိုက်ခြင်းမှာ ရှိနေတာ မဟုတ်ဘူး။ "အဲဒီလို ချစ်ကြိုက်တာ မှားနေတယ်၊ ပုံမှန်မဟုတ်ဘူး" လို့ သတ်မှတ်ထားတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ စံနှုန်းတွေကသာ မှားနေတာ။
အဲဒီစံနှုန်းတွေအတိုင်း ခံယူလိုက်လို့ ကိုယ့်ရဲ့ Ideal self ကြီးက လိင်ကွဲချစ်ကြိုက်သူသာ ဖြစ်သင့်တယ်ဆိုပြီး ဖြစ်သွားတာ။
ဒါမျိုးကျ Ideal self ကိုပဲ ပြောင်းလဲကြရပါလိမ့်မယ်။ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ လက်သင့်ခံဖို့ပေါ့။ လက်သင့်မခံခင် လုံလောက်တဲ့ ဗဟုသုတလည်း ရှိဖို့ လိုပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဟာ ရွေးချယ်လို့၊ ပြောင်းလဲလို့ မရမှန်း သိလာရင်၊ ဘာသာရေး အဆုံးအမတိုင်းဟာလည်း ဒီနေ့ခေတ်နဲ့ အံမဝင်တော့ဘူး ဆိုတာ နားလည်လာရင် ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ ပိုလွယ်လာတတ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းမှာ ရှိနေဖို့လည်း လိုတာပေါ့။
🔳 နောက်တစ်ချက်က အတိတ်က မှားခဲ့ဖူးတာတွေ။
လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ ကျွန်တော်တို့အားလုံးမှာ ပြန်မပြောချင်၊ မတွေးချင်တဲ့ အတိတ်ကိုယ်စီ ရှိတတ်ကြပါတယ်။ မလုပ်သင့်ဘဲ လုပ်ခဲ့မိတာတွေ၊ ညံ့ဖျင်းခဲ့တာတွေ၊ အသုံးမကျတာတွေ စသဖြင့်ပေါ့။ ထောင်ကျဖူးသည်အထိ မှားခဲ့ဖူးတာတွေလည်း ရှိနိုင်တယ်။ (ယုံကြည်ချက်ကြောင့် မတရားသဖြင့် ဖမ်းဆီးခံခဲ့ရတာမျိုးကို မဆိုလို)
အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် မကြိုက်တော့ဘူး။ ဒီအတိတ်ဆိုးကြီးကို မေ့ဖျောက်ထားချင်တယ်။ ရှောင်ပြေးချင်တယ်။
အနာဂတ်ကိုသာ ဘယ်လိုရေးမလဲ စဉ်းစားလို့ရတာ။ အတိတ်ဆိုတာကတော့ ပြန်ပြင်ရေးလို့ မရတော့ပါဘူး။ ဖြစ်ခဲ့ပြီးတာတွေကို လက်သင့်မခံနိုင်သရွေ့ ကိုယ့်ကိုယ်ကိုယ် မကြိုက်တဲ့ ခံစားချက်က အမြဲတစေ ဖြစ်နေပါလိမ့်မယ်။
🔳 နောက်ဆုံးတစ်ချက်ကတော့ အခုကာလမှာ ယုံကြည်ချက်ကြောင့်၊ ကိုယ်တစ်သက်လုံး လုပ်လာခဲ့တဲ့ Career ကို ထားခဲ့ပြီး မဆိုင်တဲ့ တခြားအလုပ်ကို လုပ်နေရတဲ့သူတွေအတွက်ပါ။ သူတို့ဆိုလည်း ကိုယ့်ကိုယ်ကိုယ် ကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ စံတန်ဖိုးတွေအတိုင်း ရပ်တည်နေနိုင်လို့ ဂုဏ်ယူတာက တစ်ဖက်၊ တစ်ဖက်မှာလည်း ငါယူထားတဲ့ ဘွဲ့တွေ၊ သင်ထားတဲ့ ပညာတွေ၊ ရှိထားတဲ့ အတွေ့အကြုံတွေက ဒါတွေ လုပ်ဖို့လား ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေနိုင်ပါတယ်။
အဲဒီအခါမှာလည်း အခြေအနေကို လက်သင့်ခံပြီး ကြံ့ကြံ့ခံ ကျော်ဖြတ်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ Ideal self ဆီ မသွားနိုင်သေးတဲ့စပ်ကြား Real self နဲ့ ပျော်ရွှင်အောင် ယှဉ်တွဲနေထိုင်တတ်ဖို့ပေါ့။
စိတ်ချပါ။ ပတ္တမြားမှန်ရင် နွံမနစ်စမြဲမို့ တစ်နေ့မှာတော့ လူမှန်နေရာမှန် ပြန်ရောက်ကြရမှာလည်း ဖြစ်ပါတယ်။ ကိုယ့်ဘက်က မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားဖို့ပါပဲ။
🔳 ပြန်ချုပ်ရရင်တော့ ၂ ချက်တည်းပါ။
ကိုယ့်ကိုယ်ကိုယ် မကြိုက်ဘူးဆိုတာ Ideal self နဲ့ Real self ကြား ခြားနားမှုရှိနေခြင်းကြောင့် ဖြစ်တာမို့ -
• Change yourself - ကိုယ်မကြိုက်နေတဲ့ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် အားထုတ်ပါ။
• Accept yourself - ပြောင်းလဲလို့ မရနိုင်တဲ့ (မရနိုင်တော့တဲ့) အရာတွေအတွက်လည်း မိမိကိုယ်မိမိ လက်သင့်ခံနိုင်တဲ့ နှလုံးသား ရှိပါစေ။
ဒေါက်တာ ဖြိုးသီဟ
၂၁.၅.၂၀၂၄
19/10/2023
Click here to claim your Sponsored Listing.
Category
Website
Address
Bago
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |