Sweet Family
Health Service
30/05/2023
#အူTB_အကြောင်းသိချင်ပါတယ်
#ရှောင်ရန်_ဆောင်ရန်လေးတွေလဲသိချင်လို့ပါ
( #အူတီဘီ)
👉 ဗိုက်အောင့်တယ်
👉 ဝမ်းပျက်ပျက် နေတယ်
👉 ကိုယ်အလေးချိန်ကျတယ်
👉 သွေးအားနည်းနေတယ် (Anaemia)
👉 ညနေဘက် ငွေ့ငွေ့ဖျားနေတတ်တယ်
အဲ့လိုပြောတာနဲ့
- ဗိုက်အောင့် ဝမ်းပျက် သွေးအားနည်းပြီး ကိုယ်အလေးချိန်ကျတာနဲ့ #အူတီဘီ လား ဆိုတော့
❌ မဟုတ်ပါဘူး ❌
1. ဗိုက်အောင့်တယ် (နာတယ်) ဆိုတာ
ဗိုက်မှာ အူမှာ ပြဿနာတက်နေပြီ လို့ပဲ သိရနိုင်တာပါ
2. ဝမ်းပျက်တယ် (ဝမ်းအရည်တွေသွားတယ်) ပိန်လာတယ်
စတာတွေက အူသိမ်ပိုင်းရဲ့ အစာချေတာ နဲ့ အစာစုပ်တာ မလုပ်နိုင်တော့ဘူး လို့ ပြတာပါ
3. သွေးအားနည်းတယ် (Anaemia)
အူသိမ်ပိုင်းက အာဟာရတွေ မစုပ်လို့ဖြစ်စေ၊ အူတစ်နေရာရာ က အနာဖြစ်ပြီး သွေးထွက်နေလို့ဖြစ်စေ သွေးအားနည်းတတ်ပါတယ်
4. ညနေဘက်ငွေ့ငွေ့ဖျားတယ်
Evening rise in Temperature နဲ့ ချွေးစေးတွေထွက်တာကတော့ တီဘီရောဂါ မှာ အဖြစ်များတဲ့ လက္ခဏာဖြစ်ပါတယ်။
အဲ့တော့ အထက်ပါလက္ခဏာတွေ အကုန်ဖြစ်မယ်
လူနာက #သလိပ်ပိုးတွေ့အဆုတ်တီဘီရောဂါ ဖြစ်ဖူးမယ် (ဖြစ်နေဆဲဖြစ်မယ်)
ကိုယ်ခံအားနည်းရောဂါ (HIV/AIDS) ရှိတယ်
ဆိုရင်တော့ #အူတီဘီ လို့ သံသယရှိပြီး ရောဂါရှာဖွေကုသမှုခံယူရပါမယ်။
#ရက်ပိုင်းလောက်လေး ဗိုက်နာ၊ ဝမ်းပျက်၊ ဖျားတာ ကတော့ အူတီဘီ မဟုတ်ပါဘူး ရိုးရိုး အူရောင်တာပါ (Acute Gastroenteritis)
- ဆေးသောက်
- ဓာတ်ဆားရည်သောက်တာ နဲ့ပျောက်ပါတယ်
ဗိုက်အောင့် ဝမ်းပျက်တာ #ဆေးကုသနေရင်း နဲ့ကို (၂) ပတ်ကျော်လာမယ် ဆိုရင်တော့ အပေါ်ကပြောထားတဲ့ ရောဂါအခံတွေရှိရင် သံသယရှိသင့်ပါတယ်။
တခြားအူလမ်းကြောင်းဆိုင်ရာရောဂါတွေမှာလည်း လက္ခဏာတူဖြစ်တတ်လို့ (ဆရာဝန်နှင့်ပြသလမ်းညွှန်မှုခံယူရပါမယ်)
__________
#တီဘီဆိုရင်_အဆုတ်တီဘီပဲသိတာ
#အူတီဘီက_ဘယ်လိုဖြစ်တာလဲ ❓
TB ပိုးဟာ တော်တော်ကို ဆိုးတဲ့ ပိုးပါ (ကူးစက်မှုကလည်း လွယ်ပါတယ်)
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ လောက်ဟာ TB ပိုး ကူးစက်နေနိုင်ပြီး ကိုယ်ခံအားကောင်းနေလို့သာ ရောဂါအနေနဲ့ ဒုက္ခမပေးတာပါ
- သလိပ်ပိုးတွေ့ (Sputum positive) အဆုတ်တီဘီရောဂါရှင်တွေ အနေနဲ့ ဆေးကုသမှုမခံယူပဲ သလိပ်ကိုမျိုချခြင်းအားဖြင့် TB ပိုးများ အူထဲရောက်ပြီး အူတီဘီဖြစ်လာနိုင်ပါတယ်။
- TB ပိုးရှိတဲ့ နွားရဲ့ နို့ကို မကျိုချက်ပဲ အစိမ်းသောက်ခြင်းကလည်း အူတီဘီ ဖြစ်စေနိုင်ပါတယ်
- ဆေးကုသမှု မခံယူထားတဲ့ သလိပ်ပိုးတွေ့ (Sputum positive) အဆုတ်တီဘီရောဂါရှင် အနေနဲ့ အစားအသောက် အထူးသဖြင့် နွားနို့ထဲ ချောင်းဆိုးပြီး သလိပ်ဝင်သွားခြင်းကလည်း ရာခိုင်နှုန်းနည်းပေမယ့် ကူးစက်ဖို့အခွင့်အရေးရှိပါတယ် အဲ့ဒါကြောင့် အစားအစာများကို သေချာစွာချက်ပြုတ်ပြီးစားသောက်သင့်ပါတယ်
- တီဘီပိုးဟာ သွေးကနေ တဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ရောက်နိုင်တဲ့အတွက် TB ပိုးရှိပြီး မကုသပါက (အူတီဘီ၊ အရိုးတီဘီ၊ ကျောရိုးတီဘီ ဦးနှောက်အမြှေးပါးတီဘီ စတာတွေအပြင် အကျိတ်တီဘီ၊ မျက်လုံးတီဘီ၊ ဝှေးစေ့တီဘီ အစရှိသည်တို့ပါဖြစ်ပွားနိုင်ပါတယ်)
အဲ့ဒါကြောင့် ဘာ TB ပဲ ဖြစ်ဖြစ်သေသေချာချာ ကုသသင့်ပါတယ်။
ကုသမှုကတော့
ပိုးသတ်ဆေးလေးမျိုးပေါင်းထားတာကို အချိန်ကာလ ၆လ ၈ လ စသဖြင့် ရောဂါဖြစ်ပွားသောနေရာနှင့် လက္ခဏာပေါ်လိုက်ပြီး သောက်သုံးရပါတယ်။
🚨 သောက်ချိန်မှန်ရပါမယ်
🚨 နေတိုင်းပျက်ရက် မရှိ သောက်ရပါမယ်
🚨 အစာနဲ့ ဝေးဝေး သောက်ရပါမယ်
🚨 အဆီလျှော့စားရပါမယ်
🚨 ဆေးလိပ် အရက် လုံးဝ (လုံးဝ) ဖြတ်ရပါမယ်
🚨 ဆေး နှင့် ရောဂါဒဏ် ခံနိုင်ရအောင် အာဟာရပြည့်ဝစွာစားရပါမယ်
ဆေးဒဏ်မခံနိုင်ဘူး အသည်းရောင်တယ် စသည်တို့ ဖြစ်လာပါက ဆရာဝန်နှင့် ပြန်လည်ပြသ ကုသမှုခံယူကြပါ
🚨🚨🚨 မိမိသဘောနှင့် မိမိ ဆေးလုံးဝ မဖြတ်ရပါဘူး 🚨🚨🚨
ရောဂါရှာဖွေဖို့က
- အဆုတ်ဓာတ်မှန်ရိုက်ခြင်း
- သလိပ်ပိုးစစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း
- အကျိတ်တီဘီ ၊ အူတီဘီ ၊ ကျောရိုးတီဘီ ဖြစ်ပါက အသားစယူ စစ်ဆေးခြင်း အစရှိသည်တို့ဖြင့် သိရှိနိုင်ပါတယ်။
တီဘီဖြစ်ပွားလျှင် ကြောက်စရာမလိုပါ ဆေးမှန်မှန် သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်
ဆေးမှန်မှန် မသောက်မှသာ ဆေးယဉ်ပါးတီဘီ ဖြစ်ပြီး ကုသမှုတွင် ထိုးဆေးပါ ပါဝင်လာပြီးဆေးကို ကာလရှည်စွာ သောက်ရတတ်ပါတယ်။
အကြမ်းအားဖြင့်တော့ သိလောက်ပြီ ထင်ပါတယ်
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
29/05/2023
#ဆရာရေ_သွေးတိုးအတွက်
#သွေးကျဆေးမသောက်ပဲ_သက်သာစေမယ့်နည်းလမ်းလေးညွှန်ပြပေးစေချင်ပါတယ်ရှင့်
သွေးတိုးဆိုတာက ရောဂါအခံ ကြောင့်ဖြစ်တာ အနည်းငယ်ပဲရှိပြီး အများစုက Unhealthy Lifestyle ကြောင့်ဖြစ်ရတာများပါတယ်
- အဆီအငန် အစားများတယ်
- လှုပ်ရှားမှုမရှိဘူး
- စိတ်ဖိစီးမှုများတယ်
- ဆေးလိပ် အရက်သောက်တယ် အစရှိသည်တို့ကို နှစ်ရှည်လများ ကျင့်သုံးလာခဲ့တဲ့အတွက် ခန္ဓာကိုယ်က လိုက်ညှိရင်း ညှိရင်း နဲ့ မညှိနိုင်တဲ့အဆုံး ဖြစ်ပေါ်လာရတဲ့ရောဂါဖြစ်တာမို့
Healthy Lifestyle ကိုသာ အစကတည်းက ကျင့်သုံးခဲ့ရင် ဖြစ်လာစရာကို မရှိတာပါ
အဲ့ဒါကြောင့် သွေးပေါင်တက်တက်နေတတ်တယ် ဆိုတာနဲ့ Lifestyle ပြောင်းရပါမယ်။
1. အဆီ၊ အငန်(ဆား၊အချိုမှုန့်၊အသားမှုန့်) လျှော့စားပါ
အိမ်မှာဘယ်လိုပဲ အချိုမှုန့်မသုံးပါဘူးပြောပြော အပြင်စာစားနေသမျှတော့ ဆား/အချိုမှုန့်မလွတ်ပါဘူး (စားလို့ကောင်းလား/အရသာရှိလား - ဆား/အချိုမှုန့် ပါပါတယ်)
2. အဝလွန်က ကိုယ်အလေးချိန်လျှော့ပါ
ကျန်းမာသော ကိုယ်အလေးချိန်လျှော့နည်းက တစ်ပတ်ကို ကိုယ့်ရဲ့ကိုယ်အလေးချိန်ရဲ့ တစ်ရာခိုင်နှုန်းပဲ ချရပါမယ်
(အစာလုံးဝအငတ်ခံတာ လေ့ကျင့်ခန်းတရားလွန်လုပ်တာတွေဟာ ရေရှည်လုပ်နိုင်တာတွေမဟုတ်လို့ မလုပ်သင့်ပါဘူး)
3. ဆေးလိပ်ဖြတ်ပါ ( စိတ်ကြွဆေးမသုံးပါနဲ့)
4. အရက်အလွန်အကျွံမသောက်ပါနဲ့
5. ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ
ဘာမှမလုပ်တတ်ပါဘူး 👉 လမ်းလျှောက်ပါ
ဒူးနာတယ် 👉 လက်နဲ့လုပ်လို့ရတဲ့အလုပ်လုပ်ပေါ့
ဒူးနာပေမယ့် လေ့ကျင့်ခန်းလုပ်ချင်တယ် ရေစိမ်ပြီး လှုပ်ရှားမှုလုပ်ပေါ့
အရေးကြီးဆုံးက မှန်မှန်လုပ်ရပါမယ်
6. စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုများရင် ရင်တုန်တာ နှလုံးကိုဖိအားများတွေ ရှိလို့သွေးပေါင်တက်ပါတယ်
7. စားချိန် သောက်ချိန်၊ အိပ်ချိန် မှန်ပါစေ
ပုံမှန်အိပ်ရမယ့် အချိန်မအိပ်တာဟာလည်း သွေးပေါင်တက်စေသလို
အိပ်ချိန်ေနာက်ကျတာဟာလည်းသွေးပေါင်တက်စေပါတယ်
ညကောင်းကောင်းအိက်မပျော်တာကလည်း သွေးပေါင်တက်ပါတယ် (OSA လိုရောဂါမျိုးပေါ့)
8. အသီိးအရွက်များများစားပါ
9. ရောဂါအခံများကို သေသေချာချာကုပါ
ဘာရောဂါ ရှိရှိ သေသေချာချာကုပါ
(ရောဂါတစ်ခုခုခံစားနေရတယ်ထင်ပြီး ဘာမှမလုပ်ပဲ ထိုင်စိတ်ပူနေတာဟာ လုံးဝကို အကျိုးမရှိတဲ့ လုပ်ရပ်ပါ)
10. ဆေးမီးတိုများ ၊ စပ်ဆေးများ လုံးဝ (လုံးဝ) မသောက်ပါနှင့်
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပေါင်တက်သူများအနေဖြင့် Lifestyle ပြောင်းရုံဖြင့်သွေးပေါင်ထိန်းလာနိုင်သော်လည်း
Unhealthy Lifestyle နဲ့ #အနှစ်လေးဆယ်လောက်နေပြီးသူများကတော့ Lifestyle ပြောင်းရုံနဲ့မလုံလောက်ပဲ
ဆရာဝန်ပြသပြီး ကုသမှုခံယူရပါမယ်
ညွှန်ကြားချက်လိုက်နာပြီး ဆေးမှန်မှန်သောက်ရပါမယ်။
ငါကသွေးပေါင် ၁၅၀ လောက်မှနေလို့ကောင်းတာ အဲ့ထက်ကျရင် မူးတတ်တယ်လို့ပြောပြီး ဆေးသေချာမသောက်ရင် သိပ်မကြာပါဘူး လေဖြတ်ပါလိမ့်မယ်
သွေးပေါင်ဟာ ၁၃၀/၉၀ အောက်မှာ အချိန်တိုင်းရှိနေရပါမယ်
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
28/05/2023
#ဆေးတွေက_ဘယ်လိုသောက်ရမှာလဲ_ဆရာ ⁉️
#အစာမစားခင်လား_အစာစားပြီးလား ⁉️
#ပိုးသတ်ဆေး (Antibiotic) တွေဟာ ဗိုက်ထဲမှာ အစာမရှိတဲ့အချိန် သောက်ရင် ပိုပြီးအကျိုးရှိပါတယ်။
(သိသာထင်ရှားတဲ့ ဥပမာကတော့ TB ဆေးတွေကို အစားမစားခင် မနက်အစောကြီး သောက်ခိုင်းလေ့ရှိပါတယ်)
#ငှက်ဖျားဆေး (Anti Malaria) ကတော့ အဆီနှင့်ဆို စုပ်ယူမှုအားပိုကောင်းတဲ့အတွက် နွားနို့နှင့်တွဲသောက်လျှင် ပိုသင့်တော်ပါတယ်။
#အကိုက်အခဲပျောက်ဆေး (Analgesic) တွေကတော့ အစာအိမ်ကိုဒဏ်ဖြစ်နိုင်တဲ့အတွက် အစာနဲ့ တွဲသောက်တာဖြစ်စေ၊ အစာစားပြီးဖြစ်စေ သောက် သင့်ပါတယ်။
#အစာအိမ်ဆေး Antacid များဟာ အစာစားပြီးသောက်သင့်ပါတယ် (အစာမရှိပဲ ရင်ပူလျှင်လည်း သောက်လို့ ရပါတယ်)
#အစာအိမ်ဆေး Omeprazole လို အစာချေရည်မထွက်အောင်ပိတ်တဲ့ ဆေးတွေကတော့ ည အိပ်ယာဝင်ခါနီး နှင့် ဆရာဝန်ညွှန်ကြားတဲ့အချိန် သောက်ရပါမယ်။
#ဆီးချိုဆေး Metformin က (With meals) လို့ ညွှန်းထားတဲ့အတွက် အစာနှင့်တွဲသောက်လျှင်ရပါတယ် (အစာမစားမှီဖြစ်စေ/အစာစားပြီးဖြစ်စေ ရပါတယ်)
ဆိုလိုတာက
(အစာမစားမှီ သောက်ပါက) ဆေးသောက်ပြီးတာနှင့်အစာစားပါ
(အစာစားပြီး သောက်ပါက) ထမင်းစားပြီးတာနှင့် ဆေးသောက်ပါ
#အားဆေး (Multivitamins) များကို နေ့လည်စာစားပြီး သောက်က အသင့်တော်ဆုံးပါ။ Vitamins တွေကို ခန္ဓာကိုယ်က ကဆီဓာတ် (Carbohydrate) ၊ အဆီဓာတ် (Fat) တွေနဲ့ တွဲပြီး စုပ်ယူတတ်တဲ့အတွက် အစာစားပြီးချိန်ဟာ အသင့်တော်ဆုံးဖြစ်လို့ပါ။ တခြားဆေးများနှင့်ဖြစ်နိုင်လျှင် အချိန်ခွဲပြီးသောက်ပါ။
#အရိုးပွ/အရိုးပါးကာကွယ်ဆေး Alendronate ကို မနက်ပိုင်း #မတ်မတ်ထိုင်ပြီး ရေများများနှင့်သောက်ရပါမယ်၊ ဆေးသောက်ပြီး မိနစ် ၃၀ ပြန်မလှဲရပါဘူး (အစာရေမျိုမှာကပ်နေရင် အန္တရာယ်ရှိပါတယ်) ။ တစ်ပတ်မှ တစ်ခါသောက်ရတာကို သေသေချာချာ မှန်မှန်ကန်ကန်သောက်ရပါမယ်။
👉 အပေါ်ပြောထားတာတွေက အသုံးများပြီး ဒွိဟ ဖြစ်နေတတ်တာလေးတွေပါ။ (တချို့ဆိုလွဲနေတာတွေရှိပါတယ် #ပိုးသတ်ဆေး ကပြင်းတယ်နော် အစာစားပြီးမှသောက်ဆိုတာမျိုးပေါ့)
#ဆေးသောက်မယ်ဆိုလျှင်
✳️ ပြသထားတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
✳️ မရှင်းလင်းရင် ၊ နားမလည်ရင် ပြန်မေးပါ (ဆရာကြီးမမေးရဲလို့ ဆရာလေးတွေမေးတယ် မလုပ်ပါနဲ့ ကုနေတဲ့သူ ညွှန်ကြားတာကို သူကိုယ်တိုင်လောက် ဘယ်သူမှမသိပါဘူး)
✳️ ဆေးသောက်ပြီဆိုလျှင် ရေတစ်ဖန်ခွက်ဖြင့် သောက်ပါ (ရေများများနှင့်သောက်ပါ)
✳️ ဆေးကြောက်လို့ ဆိုပြီး Capsule ဆေးတောင့်ထဲက အမှုန့်တွေ အစာထဲရောသောက်တာ မလုပ်ရပါဘူး (Amoxicillin လိုဆေးမျိုးပေါ့)
✳️ SR (Sustained Release) တဖြည်းဖြည်းနဲ့ တစ်နေကုန်ခံအောင် ထုတ်ထားတဲ့ဆေးတွေကို ၁၀ အား ဝယ်မရလို့ ၂၀ အားကို တစ်ဝက်ချိုးသောက်တာတို့ မလုပ်ရပါဘူး။ ချိုးလိုက်တာနဲ့ အာနိသင်မတူတော့ပါဘူး
✳️ ဆေးတွေကို ရေအပူ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေနဲ့ တွဲမသောက်ရပါဘူး၊ အပူက ဆေးအာနိသင် ကို ပြောင်းလဲစေနိုင်ပါတယ်။
✳️ အရက် နဲ့ ဆေး တော့ လုံးဝ တွဲမသောက်သင့်တာ သိကြမယ်ထင်ပါတယ်။
တခြားဆေးတွေကတော့ ကိုယ့်ကို စမ်းသပ်စစ်ဆေးပြီး ဆေးညွှန်ကြားတဲ့ ဆရာဝန်ကို မေးပါ။
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
27/05/2023
#နှလုံးအားနည်းတာဆေး_မရှိဘူလားဆရာ
#ဘာဆေးသောက်ရမလဲ ⁉️
#နှလုံးအားနည်းတယ်
ဆိုတာကို ကျွန်တော်တို့ တွေ တော်တော်ပြောဖြစ်ကြပါတယ်
အများစုက အသက်ငယ်ငယ်လေးတွေပါ
အထူးသဖြင့် ၂၀-၃၀ ဝန်းကျင် ကလေးမလေးတွေပေါ့
______
ဆေးပညာမှာတော့ နှလုံးအားနည်းတယ်/နှလုံးအလုပ်မလုပ်ဘူး ဆိုတာကို Heart Failure လို့ခေါ်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ NYHA classification အရဆိုရင် - Heart Failure အဆင့် (၄) ဆင့်ရှိပါတယ်
Class-1 တကယ့် နှလုံးရောဂါအခံရှိတယ် ဒါပေမယ့် လှုပ်လှုပ်ရှားရှားပဲနေနိုင်တယ် ထူးထူးခြားခြား မောတာကြပ်တာ မရှိဘူး
Class-2 တကယ့် နှလုံးရောဂါအခံရှိတယ် လှုပ်လှုပ်ရှားရှားလုပ်တာ လှုပ်ရှားသွားလာတာ အလုပ်လုပ်တာ မှာ နည်းနည်းမောတယ် ၊ နားလိုက်ရင် သက်သာတယ်
Class-3 တကယ့် နှလုံးရောဂါအခံရှိတယ် စားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်တော့ဘူး ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့
မျက်နှာသစ်တာ
သွားတိုက်တာ
ရေချိုးတာ
အသံအကျယ်ကြီးနဲ့ ဘုရားရှိခိုးတာ စတာတွေ မှာ နည်းနည်း မောလာနေပြီ
Class-4 တကယ့် နှလုံးရောဂါအခံရှိတယ်
ဘာမှမလုပ်ပဲ နားနေရင်း ထိုင်နေရင်းနဲ့ကို မောလာနေပြီ ၊ ည အိပ်ရင် ပက်လက်မရတော့ဘူး ခေါင်းအုံးမြင့်မြင့်အုံးရတယ် အဲ့ထက်ဆိုးရင် ငုတ်တုတ်ထိုင်အိပ်ရတယ် ဆိုပြီး ခွဲထားပါတယ်။
အဆင့်တိုင်းမှာ ကျွန်တော်ရေးထားတာ သတိထားမိကြမယ်ထင်ပါတယ် “တကယ့်နှလုံးရောဂါ” ဆိုတာပါ
နှလုံးရောဂါ ဆိုတာမှာ
1. မွေးရာပါ နှလုံးရောဂါ (Congenital heart disease)
2. နှလုံးအဆို့ရှင်ကျဉ်းခြင်း/မလုံခြင်း (Valvular heart disease)
3. နှလုံးကြွက်သားရောဂါ (Cardiomyopathy)
4. နှလုံးသွေးကြောဆိုင်ရာရောဂါ (Coronary heart disease)
5. နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmia)
6. သွေးတိုးကြောင့်နှလုံးရောဂါ (Hypertensive heart disease) သွေးအားနည်းရောဂါကြောင့်နှလုံးရောဂါ (Anaemiac heart failure) စဖြင့် ရှိပါတယ်။
လေးဖက်နာနှလုံးရောဂါ (Rheumatic heart disease) ဆိုပြီးလည်းရှိပါတယ်။
အဲ့လို တကယ့်နှလုံးရောဂါ တွေကနေ
- သေသေချာချာ ကုသမှုမခံယူကြတဲ့အခါ
- နှလုံးထိခိုက်မှုများလာတဲ့ အခါ နှလုံးအလုပ်မလုပ်နိုင်ခြင်း/နှလုံးအားနည်းခြင်း (Heart failure) အဆင့်ဆင့်ဖြစ်လာနိုင်ပါတယ်
အခုရှင်းပြသွားတာတွေက တကယ့်နှလုံးရောဂါ တွေထဲက အဖြစ်များတာတွေ အကြောင်းပါ။
_________
စိတ်ဖိစီးမှုများတဲ့ အခါ (နှလုံးရောဂါ လက္ခဏာတွေထဲက)
1. မောတာ
2. ရင်တုန်တာ
3. ရင်ပတ်အောင့်တာ စတာလေးတွေ ဖြစ်တတ်ပါတယ်
အဲ့ဒါတွေအပြင်
4. ဝမ်းနည်းလွယ်တယ် (မျက်ရည်လွယ်တယ်ပေါ့)
5. လန့်တတ်တယ် (အသံကျယ်ကျယ်ကြားရင်၊ သွေးထွက်သံယိုတွေတွေ့ရင်၊ Accident တွေတွေ့ရင်)
6. မူးလဲ တတ်ပါသေးတယ် ( ရည်းစား၊ ယောက်ျား ဒါမှမဟုတ် အိမ်ကဆူရင်ပေါ့)
7. လည်ပင်းမှာ တစ်ဆို့ဆို့ နင်တင်တင်ဖြစ်တယ်
8. ညအိပ်မပျော်ဘူး (အတွေးတွေများတယ်)
အဲ့လို ၁ ကနေ ၈ အထိ ဖြစ်တတ်ပေမယ့်
- ဖြစ််ချင်တဲ့ အချိန်ဖြစ်တယ်/ပျောက်ချင်သူ့ဟာသူပျောက်သွားတတ်တယ်
- ဖြစ်နေတာကြာပြီ အခုထိပိုဆိုးမလာသလို ဆေးလည်းဟုတ်တိပတ်တိသောက်မနေဘူး ဆေးရုံလည်းတခါမှ မတက်ရဘူး
- ကြိုက်တဲ့အစာဆို စားချင်သလောက်စားလို့ရတယ်
- အလုပ်လည်းသွားနေတာပဲ (Gym တောင်ဆော့နေနိုင်သေးတာ)
အဲ့လိုမျိုးဆိုပြီး နှလုံးအားနည်းတယ် ဆိုတာ တကယ်က Anxiety disorders တွေပါ
(စိတ်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေလို့ ပြောရမှာပေါ့)
အကောင်းဆုံးက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ပြသပါ
စမ်းသပ်စစ်ဆေးပြီး ဘာရောဂါမှမရှိဘူး ဆိုရင် လက္ခံလိုက်ပါ။
ကိုယ့်ကို ဖိစီးနေတာတွေက ဘာတွေလဲ ဆိုတာ ရှာဖွေဖော်ထုတ် ဖြေရှင်းလိုက်ပါ ဘာဆေးမှသောက်စရာမလိုပါဘူးဗျာ
မဖြေရှင်းနိုင်ရင်တော့ လိုအပ်တဲ့(ဆရာဝန်ညွှန်းတဲ့ဆေးတွေသောက်ရင်း) ဖြေရှင်းဖို့ကြိုးစားကြပါ
စိတ်ကြောင့်ဖြစ်တဲ့ ရောဂါလား
တကယ့်နှလုံးရောဂါလား ဆိုတာက စမ်းသပ်စစ်ဆေးထားတဲ့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
26/05/2023
ဓညင်းသီးဟာ ကျွန်တော်တို့အတွက် အရသာက လွဲရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာပေးတတ်တဲ့ အရာပဲဖြစ်ပါတယ်
ပဲ အမျိုးရင်း ထဲ ပါဝင်ပြီး - သူ့မှာ ကစီဓာတ် ၊ အသားဓာတ် ၊ အဆီဓာတ် ၊ အမျှင်ဓာတ် တို့ ပါဝင်သော်လည်း သူ့မှာပါဝင်တဲ့ Djenkolic acid က ကျွန်တော်တို့ကို အဆိပ်သင့်ခြင်းဖြစ်စေပါတယ် (အထူးသဖြင့် ကျောက်ကပ်ပျက်စေတာပေါ့)
ဓညင်းသီးအကြောင်းကို သိစေဖို့
အာဟာရအထူးပြုနှင့်အထွေထွေရောဂါကုဆရာဝန် Dr. အေးမြတ်ဖြိုးတင် ရေးသားထားတာကို ပြန်လည်မျှဝေလိုက်ပါတယ်
🔶 ဓညင်းသီး 🔶
မြန်မာလူမျိုးတွေအနေနဲ့ ဓညင်းသီးနဲ့ မစိမ်းကြပါဘူး။
🔹 ဓညင်းသီးပြုတ်
🔹 ဓညင်းသီး မီးဖုတ်
🔹 ဓညင်းသီး ငါးပိချက်
🔹 ဓညင်းသီးကို တို့စရာအနေနဲ့ စားတာ စသဖြင့် စားလေ့ရှိကြပါတယ်။
🔺 ဒါပေမယ့် ဓညင်းသီးနဲ့ ပတ်သက်ပြီး သတိပြုစရာ အချက်တွေ ရှိပါတယ်။
🔺 ဓညင်းသီးမှာ ဘာပါလဲ??
🔸 ဓညင်းသီးမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ Dejenkolic acid ပါပါတယ်။
🔸 သူက ဆာလဖာပါတဲ့ အမိုင်နိုအက်စစ်တစ်မျိုး ဖြစ်ပါတယ်။
🔸 ဆာလဖာပါတဲ့အတွက် ခန္ဓာကိုယ်ကနေ ပြန်စွန့်ထုတ်တဲ့အခါ ဘဲဥပုပ်နံ့လို အနံ့မျိုး ထွက်စေပါတယ်။
▫ စားပြီးတဲ့အခါ
▫ ခံတွင်းနံ့နံတာ
▫ ဆီးသွားတဲ့အခါ၊ ဝမ်းသွားတဲ့အခါ အနံ့ပြင်းတာမျိုး ဖြစ်စေပါတယ်။
ဒီ Djenkolic acid က
🔺 ခန္ဓာကိုယ်အတွက်
🔺 အဓိကအနေနဲ့ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်အတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။
❓ ဘာတွေ ဖြစ်စေနိုင်လဲ??
◽ ပျို့တာ
◽ အန်တာ
◽ ဝမ်းလျှောတာ
◽ ဗိုက်ရစ်နာတာ
🔺 ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ
🔺 ခါးနာတာ
🔺 ဆီးပူတာ ဆီးကျင်တာ
🔺 ဆီးသွားတဲ့အခါ အနည်ပါတာ
🔺 ဆီးထဲ သွေးပါတာတွေ ဖြစ်စေနိုင်ပါတယ်။
ဒီထက်ပိုဆိုးတာကတော့
🔺 ဆီးသွားနည်းတာ
🔺 ဆီးလုံးဝ မသွားတော့တာ
🔺 ကျောက်ကပ်ပျက်စီးတာထိ ဖြစ်စေနိုင်ပါတယ်။
❓ ဓညင်းသီး ဘယ်နှလုံး စားရင် အဆိပ်သင့်တာ ဖြစ်နိုင်လဲ??
အတိအကျ ပြောလို့ မရပါဘူး။
လေ့လာချက်တွေအရ
🔸 တချို့မှာ ဓညင်းသီး ၅ လုံးလောက်စားပြီးတော့ ရေသောက်နည်းတဲ့သူတွေမှာ အဆိပ်သင့်တာမျိုး တွေ့ရသလို
🔸 ဓညင်းသီး ၁ လုံးတည်း စားပြီးတော့လည်း
အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေ
ကျောက်ကပ်ထိတာမျိုးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖျင်းအားဖြင့်
🔸 ဓညင်းသီး စားပြီး ၂ နာရီကနေ ၁၂ နာရီ အတွင်းမှာ အဆိပ်သင့်တဲ့ လက္ခဏာမျိုးတွေ ခံစားရတတ်ပါတယ်။
🔺 နောက် သတိထားသင့်တဲ့အချက်က
တချို့လူတွေမှာ အရင်တုန်းကလည်း ဓညင်းသီး စားနေကျကို ဘာမှမဖြစ်ဘဲနဲ့ ခုတစ်ခါစားတော့မှ ရုတ်တရက်ကြီး ထပြီး
ခါးနာ ခါးအောင့်
ဆီးသွားသွေးပါ စတာတွေ ဖြစ်တတ်တာမျိုးပါ။
အကြောင်းက
🔺 ဓညင်းသီးစားပြီး ခန္ဓာကိုယ်ထဲမှာ Djenkolic acid ကြောင့် အဆိပ်ဖြစ်နေပေမယ့် ပြင်ပမှာ ဘာလက္ခဏာမှ မခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။
🔺 ဒီလိုလူတွေမှာ ကိုယ်က အဆိပ်သင့်တာမျိုး ဖြစ်နေပေမယ့် ဘာမှမခံစားရတာကြောင့် အဆိပ်ဖြစ်မှန်း မသိဘဲ ဓညင်းသီး ထပ်ပြီး စားမိတာမျိုးတွေကနေ အဆိပ်သင့်ခြင်း ခံစားရတာပါ။
ဓညင်းသီးကြောင့်
🔸 အဆိပ်သင့်တာ
🔸 ကျောက်ကပ်ထိတာမျိုးက
🔸 ပုံမှန် ကျောက်ကပ်ကောင်းနေတဲ့သူတွေမှာ ဖြစ်နိုင်သလို
🔺 နဂိုတည်းက ကျောက်ကပ်အားနည်းတာ
🔺 ကျောက်ကပ်ရောင်တာ
🔺 နာတာရှည် ကျောက်ကပ်ဝေဒနါ ရှိသူတွေမှာဆိုရင်တော့ အဆိပ်သင့်တာ ပိုဆိုးနိုင်သလို
ဆိုးလွန်းရင်
🔺 ကျောက်ကပ်ပျက်စီးတာကနေ
🔺 အသက်အန္တရာယ် ရှိတဲ့ထိ ဖြစ်တတ်ပါတယ်။
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
#ဓညင်းသီး #ကျောက်ကပ်ပျက်စီးခြင်း #ဆီးကျောက်တည်ခြင်း
25/05/2023
#ခြေမကြီးရောင်ကိုင်းနေတာပဲ
#လမ်းလျှောက်ဖို့မပြောနဲ့_အထိတောင်_မခံနိုင်ဘူး
#ထိမိခိုက်မိလည်း_မရှိပါဘူး
😰😰😰
Gout (ဂေါက်ရောဂါ) #ဒူလာရောဂါ လို့ခေါ်ကြတယ်
ဖြစ်ရတဲ့ အကြောင်းရင်း က Uric acid ဆိုတဲ့ ဓာတ်များလို့ဖြစ်ရတာ။
သူရဲ့ အဆစ်ရောင်တာက တခြားအဆစ်ရောင်ရောဂါတွေ နဲ့မတူပဲ အဆစ် တစ်ခု၊ ဒါမှာမဟုတ် (၂) ခု အဲ့လို အဆစ်နည်းနည်းပဲ ဖြစ်ပါတယ်။
အဖြစ်အများဆုံးက 🦶 ခြေမအရင်းနား နဲ့ ဒူးခေါင်း 🦵ပါ
👉👉👉
ဘာလို့အဲ့လို နာရတာလဲ !!!
👉 Uric acid က #အပ်သေးသေးလေးနဲ့ တူပါတယ်
👉 ကျွန်တော် တို့ရဲ့ အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။
Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။
#တပင်ရွှေထီး သူရဲကောင်းရွေးတုန်းက အပ်စိုက်ပြီး တူနဲ့ရိုက်ပြီး စမ်းသပ်ခဲ့တာ မှတ်မိကြမှာပေါ့ အပ်တစ်ချောင်းစိုက်ခံရရင် ဘယ်လောက်နာလဲဆိုတာ
အပ်သေးသေးလေးတွေ အများကြီးက အဆစ်မှာ လာစိုက်နေကြတာ ဆိုတော့ ဘယ်လောက် နာမလဲ စဉ်းစားကြည့်ကြပါ။
အပ်သေးသေးတွေလာစိုက်နေလို မခံရပ်နိုင်အောင်နာတဲ့ အပြင် အဲ့ဒီနားက ရောင်နေတော့ သွေးဖြူဥ (White Blood Cells) တွေကပါ ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။
အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။
(လေတိုးရင်တောင် နာတယ် ပြောပါတယ် => ခံစားဖူးတဲ့သူတွေ သိကြပါလိမ့်မယ်)
- အဆစ်ကြီးက ရောင်ကိုင်း မခံရပ်နိုင်အောင်နာ
- လမ်းလျှောက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်
- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်
👉👉👉
🤔 ဘာလို့ Uric acid က များရတာလဲ !!!
၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်
👉👉👉
၁။ Uric acid အနေနဲ့ တော့ ဘယ်သူမှ မစားပါဘူး (Nucleic acid) ဆိုတဲ့ Cells (အသားတွေပေါ့) တွေကိုတော့ စားကြပါတယ်
ငယ်ငယ်က သင်ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်၊ Cells တွေမှာ Nucleus ရှိတယ်လေ ။ အဲ့ဒီ Nucleus ထဲမှာ Nucleic acid ရှိတယ် အဲ့ဒီဟာတွေစားရင် ခန္ဓာကိုယ်က Uric acid အဖြစ်ပြောင်းပေးလိုက်ပါတယ်။
Cells များရင် Nucleus များမှာပေါ့
Cells များတဲ့ အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ
(ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရင် Beer လေးကစ်ရင်း မြည်းလို့ကောင်းတာ မှန်သမျှ Beer အပါအဝင် Uric acid တက်စေပါတယ်)
၂။ Uric acid စွန့်ထုတ်တာနည်းရင်
ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့
အဲ့ဒီလူတွေမှာ Uric acid များပါတယ်။
အဲ့တော့ အပေါ်က လက္ခဏာတွေပေါ်ပါတယ်။
💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။
အဲ့တော့ ပြန်စား ပြန်သောက်ကြပါတယ်
👉 ပြန်ဖြစ်ကြပါမယ်
ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်
ကျောက်ကပ်မှာကျောက်တည်ပါမယ် (ကျောက်ကပ်ပျက်ပါတယ်)
👉👉👉
Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။
အကောင်းဆုံးက အစားအသောက် ဆင်ခြင်ကြဖို့ပါ
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ ရှောင်ရပါမယ်။
- အညွန့်အငြှောင့်တွေ ရှောင်ရပါမယ်
***ဒီရောဂါကတော့ ဆိုင်ထိုင်တတ်တဲ့ ယောက်ျားသားများမှာ ပိုဖြစ်တတ်ပါတယ်
😀 ဒူလာဘေး ကင်းဝေးကြပါစေ 😀
ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
24/05/2023
#နည်းနည်းလှုပ်ရင်_မောပြီ
#အရင်ကလောက်အမောမခံနိုင်ဘူးဖြစ်လာတယ်
#နှလုံးကျန်းမာရေးအတွက်_ဘာတွေဆင်ခြင်ရမလဲ ⁉️
ရင်ပတ်အတွင်းဘက် နံရိုးတွေအောက် အဆုတ် (၂) ခုကြားမှာရှိတဲ့ လက်သီးဆုပ်လောက်ရှိတဲ့ နှလုံးဟာ မိခင်ဝမ်းထဲ သန္ဓေသားဘဝ ၄ ပတ်သားလောက်ထဲက စပြီး ခုန်လာရတာ လူသေပြီဆိုမှပဲ အနားရပါတယ် (ပြောင်းပြန်ပြောရရင် သူနားတာနဲ့ လူသေပြီပေါ့ 😅)
အထူးစပယ်ရှယ် ကြွက်သားတွေနဲ့ ပြုလုပ်ထားပြီး တစ်မိနစ်ကို ၆၀ - ၁၀၀ ကြား ခုန်ပါတယ်
ပေါင် ၁၀၀ လောက်ရှိတဲ့ လူရဲ့ နှလုံးအရွယ်အစားနဲ့
ပေါင် ၃၀၀ လောက်ရှိတဲ့ လူဝကြီးရဲ့ နှလုံးအရွယ်အစား ထူးထူးခြားခြား ကွာခြားတာ မရှိလို့
ခန္ဓာကိုယ်ရဲ့ cells တိုင်းဆီကို သွေးတွေရောက်အောင်ပို့ပေးရဖို့ အတွက် ကိုယ်အလေးချိန်များလေလေ နှလုံးခုန်နှုန်းများလေ (ပို အလုပ်လုပ်ရလေပေါ့)
- အဲ့ဒါကြောင့် လူဝ ရင် ထိုင်နေရင်းလည်း ရင်တုန်ပြီး မောနေတတ်တာပါ (နှလုံးရောဂါရယ်လို့ ဖြစ်မလာသေးခင်ပေါ့)
🤎 အဆီအစားများလို့ နှလုံးကြွက်သားတွေ အဆီဖုံးရင် ဘယ်ကောင်းကောင်း အလုပ်လုပ်နိုင်ပါတော့မလဲ
🤎 သွေးတိုးရောဂါ ရှိပြီးသေသေချာချာ မကုသရင်လည်း သွေးပေါင်များရင် များသလောက် နှလုံးက ပိုအလုပ်လုပ်ရတဲ့ အတွက် နှလုံးကြီးလာပါတယ် အဲ့ကနေ နှလုံးရောဂါဖြစ်ပါတယ် (Hypertensive Heart Disease)
🤎 နှလုံးသွေးကြောကျဉ်းရောဂါ ရှိတဲ့အခါ နှလုံးက အလုပ်လုပ်ရပြီး Oxygen နဲ့ အာဟာရ အလုံအလောက်မရလို့ နှလုံးကြွက်သားတွေ ဒဏ်ဖြစ်ပါတယ် (Ischaemic Heart Disease)
🤎 သွေးအားနည်းရောဂါဖြစ်ပြီး သွေးအားအရမ်းနည်းလျှင်လည်း ခန္ဓာကိုယ်ကြီး Oxygen နှင့် အာဟာရရဖို့ နှလုံးအလုပ်အရမ်းလုပ်ရလို့ နှလုံးရောဂါရတတ်ပါတယ် (Anaemia Heart Failure)
ဒါလေးတွေက အကြမ်းအားဖြင့်ပါ
#နှလုံးကျန်းမာရေးအတွက်ဆိုရင်
1. အဝ မလွန်ရအောင် ကိုယ်အလေးချိန်ထိန်းရပါမယ်
2. လေ့ကျင့်ခန်းမှန်မှန်လုပ်တာ (တစ်နေ့ နာရီဝက် လမ်းလျှောက်တာလိုမျိုးပေါ့)
3. အဆီ အငန် လျှော့စားရပါမယ် (ဆားအပြင် - အချိုမှုန့် ၊ အသားမှုန့် မသုံးက အကောင်းဆုံးပါ)
4. စိတ်ဖိစီးမှုလျှော့ရပါမယ်
5. ဆေးလိပ် အရက်ဖြတ်ရပါမယ်
6. အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝ ဝ အိပ်ပါ
7. သွေးတိုး ဆီးချိုစတဲ့ရောဂါအခံတွေ ကို သေသေချာချာ ကုသတာတွေလုပ်ရပါမယ်
8. သက်စောင့်ဓာတ်ဆိုတဲ့ ဓာတ်လျော့ပစ္စည်း Antioxidants တွေ ၊ အရောင်ကျစေတဲ့ Anti inflammatory agents ပါဝင်တဲ့ အသီးအနှံ ဟင်းသီးဟင်းရွက် များများစားကြပါ
9. ဝက်သားလို အသားစားတာထက် Omega-3 ပါဝင်တဲ့ ငါးစားပေးတာက အများကြီးသင့်တော်ပါတယ်
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
22/05/2023
ဲ့_Vitamin_D_ဘာကွာပါလဲ ⁉️
အသိသာကြီးဗျာ တူမှမတူတာ - လို့ ပြောကြမှာပေါ့နော်
တကယ်ပြောရရင် အရိုးပါး အရိုးပွတာ ကာကွယ်ဖို့/ကုသဖို့ ဆိုပြီး သောက်နေတတ်ကြပေမယ့် တချို့က အဲ့ဒီ (၂) ကို တူတူပဲလို့ သိထားတတ်ကြပါတယ်။
Calcium ဆိုတာ Mineral (သတ္တုဓာတ်) ဖြစ်ပါတယ်
- လူတိုင်းသိတဲ့ သွား အပါအဝင် အရိုးတွေအတွက် မရှိမဖြစ် သတ္တုဓာတ်ဖြစ်ပါတယ်
- နှလုံးအပါအဝင် ကြွက်သားတွေအားလုံး ကျန်းမာဖို့လည်း Calcium လိုအပ်ပါတယ်
- သာမန်လူတွေ အသိနည်းတာက - သွေးထွက်တဲ့အခါ သွေးထွက်မလွန်ရအောင် သွေးခဲပြီး သွေးတိတ်စေတဲ့ ဓာတ်ပစ္စည်းတွေအထဲမှာလည်း Calcium ပါဝင်ပါတယ်
Vitamin D ကတော့ Vitamins တွေ အများကြီးရှိတဲ့အထဲက တစ်ခုပေါ့
- အရိုးကျန်းမာရေးအတွက် အရေးကြီးသလို
- ငဗစ် နဲ့ တွဲပြီး ကိုယ်ခံအား အတွက် အရေးကြီးတယ်ဆိုတာ သိလာကြပါတယ်
Calcium နဲ့ Vitamin D တွဲပြီး - အရိုးကျန်းမာရေးအတွက် ကာကွယ်/ကုသဖို့ အသုံးပြုကြပါတယ်
- အရိုးမှာ Calcium အပြင် Phosphate ဆိုတာဟာ အုတ် နဲ့ ဘိလပ်မြေလို အလုပ်လုပ်ကြပါတယ်
- အုတ် တွေကို ဘိလပ်မြေနဲ့ အချိုးကျကျရောစပ်တည်ဆောက်ထားမှ အဆောက်အုံတွေက ခိုင်ခံ့သလို
- Calcium နဲ့ Phosphate ကိုအချိုးကျကျရောစပ် ထားမှ အရိုးတွေက ခိုင်မာနိုင်တာပါ
- အဲ့လို တာဝန်ကို Vitamin D က လုပ်ပေးပါတယ်
1. Calcium တွေကို အူကနေ စုပ်ယူဖို့ ကူပေးပါတယ်
2. ကျောက်ကပ်ကနေ Calcium တွေ မလိုအပ်ပဲ စွန့်မထုတ်ရအောင်တားဆီးပေးပါတယ်
3. အရိုးကနေ Calcium တွေ မဆုံးရှုံးရအောင် ကာကွယ်ပေးပါတယ်
Vitamin D က ဒီလို ကောင်းတယ်ဆိုတော့ သောက်ရတော့မှာလား ⁉️
Vitamin D ကို အရေပြားကိုနေရောင်ထိရာကနေ အသည်းနဲ့ကျောက်ကပ်ပေါင်းပြီး ခန္ဓာကိုယ်ထဲမှာထုတ်လုပ်နိုင်ပါတယ်
ဆိုလိုတာက နေရောင်မပြင်းတဲ့ မနက်စောစော လမ်းလျှောက်ပေးရုံနဲ့ Vitamin D ရပါတယ်။
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်❣️
26/04/2023
#ဆီးချိုနဲ့သွေးတိုးရောဂါရှိပါတယ်_သွေးပေါင်ကျဆေးထဲက_Telmisartan_ကစျေးကြီးလို့
ြောင်းသောက်နေပါတယ်
သွေးတိုးရောဂါဟာ ကမ္ဘာမှာ အဖြစ်အများဆုံး မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါထဲ ပါဝင်သလို (သွေးပေါင်ချိန်ကြည့်ရုံနဲ့ အလွယ်တကူသိနိုင်ပေမယ့်) - မိမိမှာ သွေးတိုးရောဂါရှိတာ ကို မသိကြတဲ့ လူအများကြီးရှိနေဆဲပါ
👉 ရောဂါရှိမှန်း မသိကြတဲ့အတွက် ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့
- လေဖြတ်ခြင်း (Stroke)
- နှလုံးကြီးခြင်း (Cardiomegaly) - နှလုံးအားနည်းပြီး နှလုံးအလုပ်မလုပ်နိုင်ခြင်း (Heart Failure)
- ကျောက်ကပ်အားနည်းခြင်း/ကျောက်ကပ်ပျက်ခြင်း (Renal Failure) အစရှိတာတွေဖြစ်ပွါးပြီး အသက်ဆုံရှုံးရတတ်လို့
* သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်ကောင် (Silent Killer) လို့ ခေါ်တတ်ကြပါတယ်
အဲ့လောက်ကြောက်ဖို့ကောင်းပေမယ့် သွေးတိုးရောဂါကို ထိန်းညှိပေးဖို့ ဆေးအမျိုးစားများစွာရှိပါတယ်
ဒါပေမယ့်
1. သေသေချာချာ မထိန်းနိုင်ကြတဲ့အတွက်
2. ကိုယ်ထင်သလို ဆေးတွေသောက်နေကြတဲ့အတွက်
3. သွေးပေါင်ချိန်စက်ပေါ်က ပေါ်တဲ့ နံပါတ်ပေါ်မူတည်ပြီး ဆေးသောက်လိုက်ဖြတ်လိုက် လုပ်ကြတဲ့အတွက် ဆေးသောက်နေကြသော်လည်း နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားနေရခြင်းဖြစ်ပါတယ်
အခုရှင်းပြလိုတာက ဆေးပေါင်းများစွာထဲက ဆေးလေး (၂) မျိုးအကြောင်းပဲဖြစ်ပါတယ်
💊 Telmisartan ဆိုတာ ARB ဆိုတဲ့ အမျိုးအစားဖြစ်ပြီး ကျောက်ကပ်ပေါ်မှာ သက်ရောက်မှုရှိပါတယ်
💊 Amlodipine ဆိုတာ CCB ဆိုတဲ့ အမျိုးအစားဖြစ်ပြီး သွေးကြောတွေပေါ်မှာ အဓိက သက်ရောက်မှုရှိပါတယ်
ဆီးချိုရောဂါမှာ သကြားဓာတ်တွေသွေးထဲများပြီး ကျောက်ကပ်ကနေ သကြားဓာတ်စွန့်ထုတ်မှုများလို့ ကျောက်ကပ်က ရေစစ်ဇကာလေးတွေပျက်တဲ့အတွက်
- ဆီးချိုရောဂါဖြစ်နေတာကြာလေ
- ဆီးချိုရောဂါ ထိန်းသိမ်းမှုမကောင်းလေ ကျောက်ကပ်အားနည်းလေပါပဲ
အဲ့ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာတွေက လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး ကျောက်ကပ်စထိခိုက်နေတဲ့ အခါ သွေးပေါင်ချိန်အများကြီးမတက်လည်း ARB ဆေးပေးတတ်ကြပါတယ် (သွေးပေါင်ချိန်ထိန်းသလို ကျောက်ကပ်အမြန်မပျက်ရအောင် ပေးတာပါ)
ရပ်ထဲရွာထဲမှာ ကြားဖူးနားဝ မြင်ဖူးမျက်စိဝ ဆိုဖူးပါးစပ်ဝ လို့ပြောရလောက်တဲ့ ဘယ်ကတတ်လာလဲမသိတဲ့ ဘက်စုံကျွမ်းကျင် ဆရာ့ဆရာကြီးများရှိပါတယ် - သူတို့က
ဒါကြီးက သွေးပေါင်ကျဆေးကြီး သွေးတိုးတာလည်း မဟုတ်ပဲနဲ့ ဆရာဝန်ကပေးထားတယ် #မသောက်နဲ့ဖြုတ်ပစ်
ဒီဆေးကြီးက စျေးကြီးတယ် တို့သောက်နေကျ Amlodipine က စျေးသက်သာတာ #ပြောင်းသောက် စသဖြင့် အခမဲ့ကူလီထမ်းတာတော့မဟုတ်ပဲ အခမဲ့ချောက်တွန်းကြပါတယ်
ကျွန်တော်တို့တွေကလည်း ရှေးရှေးဘဝက အကုသိုလ်တွေကြောင့် ဆေးတွေပြောင်းသောက်ကြပါတယ်။
သွေးတိုး/ဆီးချိုစတာတွေက ချက်ချင်းဆိုးကျိုးပြတာမဟုတ်တော့ သူတို့ပြောတာပဲ ဟုတ်သလိုလိုနဲ့ (ကုန်ကျစားရိတ်သက်သာတော့ ဆေးပြောင်းပစ်လိုက်သလို ဆရာဝန်လည်းပြန်မပြတော့ပါဘူး)
ဘယ်လိုသိသာလာလဲဆိုတော့
- အသက် ၄၀-၅၀ ဝန်းကျင်နဲ့ လေဖြတ်တာ ၊ heart attack ရတာတွေ
- အသက် ၄၀-၅၀ နဲ့ ကျောက်ကပ်ပျက်လို့ ကျောက်ကပ်ဆေးရတာတွေဖြစ်လာရပါတော့တယ်
(( သွေးတိုး/ဆီးချို ရှိလို့ နောက်ဆက်တွဲဆိုးကျိုးဖြစ်လာရတာခြင်းတူတူ သူများနိုင်ငံတွေမှာ အသက် ၇၀-၈၀ မှ ဖြစ်ကြတာပါ))
အဲ့ဒါကြောင့် နာတာရှည်ရောဂါတွေဖြစ်လာရင်
🚨 တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ သေသေချာချာပြသဖို့ လိုအပ်ပါတယ်
🚨 ရက်ချိန်းကိုလည်း တတ်နိုင်သလောက်ပြန်ပြဖို့လိုအပ်ပါတယ်
🚨 ဆေးတွေလည်း အုပ်စုလျှောက်မပြောင်းပဲ သောက်သင့်ပါတယ်
ဆရာဝန်ဖိုး ဆေးဖိုး လမ်းစားရိတ် စတာတွေက ကုန်ကျစားရိတ်များတယ်ဆိုပေမယ့်
တကယ့်ရောဂါကြီးဖြစ်လာမှ
- ခံစားရတဲ့ ဝေဒနာတွေရော
- မိသားစုတွေရဲ့ဝမ်းနည်းမှုတွေရော
- မဖြစ်မနေကုရမယ့် အခြေအနေကြောင့် အိမ်ပေါင် လယ်ပေါင်လုပ်ရတဲ့ အခြေအနေတွေရောကို ထည့်သွင်းစဉ်းစားကြည့်ရင် သုံးသင့်တာကို သုံးသင့်တဲ့အချိန်မှာ သုံးထားသင့်တယ်လို့ မြင်ပါတယ်ဗျာ
အပေါ်က ပြောတာတွေပြန်ခြုံရရင်
👉 မိမိသဘောနဲ့ မိမိ ဆေး စ မသောက်သင့်သလို
👉 မိမိသဘောနဲ့ မိမိ ဆေး ပြောင်းမသောက်သင့်ပါဘူး
👉 ဆွေနီးမျိုးစပ် ဆေးကုမနေပဲ တခြားလုပ်ငန်းလုပ်နေတဲ့ ဆေးပညာရှင်တွေ ၊ ကျန်းမာရေး Page တွေကို မေးပြီးလည်း ဆေးမပြောင်းသင့်ပါဘူး
👉 တကယ်တတ်ကျွမ်းတဲ့ဆရာတွေနဲ့ သေသေချာချာပြသပြီး ရက်ချိိန်းကိုလည်း ကြိုးစားပြီးပြန်ပြသင့်ပါကြောင်းဗျာ
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်🙏❣️
24/04/2023
Mefenamic Acid (မီဖက်နမစ် အက်ဆစ်)
Steroidမဟုတ်သောအရောင်လျော့ဆေးတစ်မျိုးဖြစ်ပါတယ်။
Non-Steroidal Anti Inflammatory Drug (NSAID)
Uses-အမျိုးသမီးများ မီးယပ်ပေါ်စဥ် ကိုက်ခဲခြင်း၊
-မီးယပ်လွန်ကဲခြင်း(သွေးဆင်းများ၍ရက်ရှည်ခြင်း)တို့တွင်အသုံးပြုပါတယ်။
-ကြွက်သားနာခြင်း၊
-ထိခိုက်မိ၍ နာကျင်ခြင်း၊
-ခေါင်းကိုက်ခြင်း၊
-သွားကိုက်ခြင်း စသော နာကျင်မှုဝေဒနါအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။
-Rheumatic အဆစ်ရောင်နာတွင် အရောင်လျော့၍ နာကျင်ခြင်းသက်သာစေရန်အသုံးပြုပါတယ်။
-အခြားအရိုးအဆစ်ကြွက်သားရောဂါများတွင်လည်းအသုံးပြုနိုင်ပါတယ်။
***နာကျင်ကိုက်ခဲခြင်းအမျိုးမျိုးကိုသက်သာစေပြီး အဖျားကျစေသည့်အာနိသင်ရှိပါတယ်။
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်🙏❣️
22/04/2023
#ဗိုက်အောင့်_ဝမ်းပျက်ပြီး_အဆက်မပြတ်အန်နေတယ်
#ရေတောင်မဝင်ဘူး
(အူရောင်ခြင်း သို့မဟုတ် အထက်လန်အောက်လျှော)
အခုရက်ပိုင်း အဖျားရောဂါတစ်ခုမှာ အထက်လန်အောက်လျှောလည်း ဖြစ်နေပါတယ်။ အစာမှားသွားသလိုနဲ့ အစာအဆိပ်သင့်သလို
- အဆက်မပြတ် ဝမ်းသွားပါတယ် (၁၀ ကြိမ်အထက်ပါပဲ)
- အန်ပါတယ် (ရေသောက် ရေပြန် အန်ပါတယ်)
- ဗိုက်အောင့်ပါတယ်
- ကိုယ်အပူချိန်လည်း တက်ပါတယ်
- အန်နေတဲ့အပြင် စားချင်သောက်ချင်စိတ်လည်း ကျဆင်းနေပါတယ်
အဲ့လို ဝေဒနာဟာ သေသေချာချာကုသမှုခံယူကြသူတွေမှာ ရက်ပိုင်းလောက်နဲ့ သက်သာသွားတတ်ကြပေမယ့် သေသေချာချာ ဂရုမစိုက်ရင် ကျောက်ကပ်ထိခိုက်နိုင်လောက်အောင် အန္တရာယ်ကြီးပါတယ်
ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းဟာ အစာ ရေ နဲ့ ဓာတ်ဆားဓာတ်တွေ ရရှိတဲ့ တစ်ခုတည်းသောလမ်းကြောင်းဖြစ်တာမို့
ရေ နဲ့ ဓာတ်ဆားတွေ အူလမ်းကြောင်းက ဆုံးရှုံးသွားတဲ့အခါ ပြန်ပြီးမဖြည့်ပေးနိုင်ပါက
👉 သွေးပေါင်ကျခြင်း
👉 ကြွက်တက်ခြင်း
👉 နှလုံးခုန်မမှန်ခြင်း
👉 Shock ရပြီး
👉 ကျောက်ကပ်ပျက်စီးရာမှ
👉 အသက်အန္တရာယ်အထိရှိပါတယ်
အထူးသဖြင့် ကလေးသူငယ်များ ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများမှာ အဓိကထိခိုက်ပါတယ်။
ဝမ်းပျက်တာနဲ့ ဝမ်းသွားသလောက်ကို ရေနှင့် ဓာတ်ဆား ပြန်ဖြည့်ပေးဖို့ က အရေးကြီးဆုံးပါ
အပူချိန်ဟာလည်း ပြင်းထန်လှတဲ့ အတွက် ရေဓာတ်ဆုံးရှုံးမှုများနေလို့ ဝမ်းပျက်ခြင်းဟာ ဒုက္ခကြီးသွားရခြင်းပါ
အန် ပါက ရေနှင့်ဓာတ်ဆားကို ဖြည်းဖြည်းခြင်းပြန်သောက်ပါ
❌ ကိုယ်ပူတယ် ကိုက်ခဲတယ် ဆိုပြီး အကိုက်ခဲပျောက်ဆေး မထိုးပါနဲ့ ❌
❌ ဝမ်းပိတ်ဆေး မသောက်ပါနဲ့ ❌
❌ မိမိ သဘောဖြင့် ပိုးသတ်ဆေးတွေ လျှောက်မသောက်ပါနှင့် ❌
***အကြိမ်ရေများပြီး အန်နေကာ ရေ/ဓာတ်ဆားရည် မဝင်တော့ပါက ဆေးရုံ/ဆေးခန်း စောစီးစွာပြသ သင့်ပါတယ်။***
ရေဓာတ်ကို သွေးကြောတွင်းမှပြန်ဖြည့်ဖို့ လိုအပ်လို့ပါ။
ကျန်းမာပျော်ရွှင်သာနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်🙏❣️
21/04/2023
Cinnarizine (စင်နာရီဇင်း)
Histamin တုံ့ပြန်ဆေးတစ်မျိုးဖြစ်ပါတယ်။
Uses-ခေါင်းမူးခြင်း၊
-နားအူခြင်း၊
-ပျို့ခြင်း၊
-အန်ခြင်း၊
-ကားစီးလျှင် မူးခြင်း၊
-လေယာဥ်စီးလျှင် မူးခြင်း စသောခရီးတောက်ခြင်းတို့အတွက် အသုံးပြုပါတယ်။
-ခြေလက်သွေးကြောကျဥ်း ရောဂါများတွင်လည်းအသုံးပြုပါတယ်။
***သွေးကြောများကို ကျယ်စေသော အာနိသင်လည်းရှိပါတယ်။
***ခရီးတောက်ခြင်းအတွက် ခရီးမထွက်ခင် နှစ်နာရီကြို သောက်ရပါတယ်။
***လိုအပ်လျှင် ခရီးစဥ်တစ်လျောက် ရှစ်နာရီခြား တစ်ကြိမ် 15mg ကိုသောက်နိုင်ပါတယ်။
Side Effect
-အိပ်ငိုက်ခြင်း၊ခေါင်းကိုက်ခြင်း၊အာခြောက်ခြင်း၊မျက်စိပြာခြင်း၊ဝမ်းလျှောခြင်း စသည့်တို့ ဖြစ်တတ်ပါတယ်။
-ဆေးမတည့်၍ အဖုအပိမ့်ထွက်ခြင်း၊နုံးခြင်းတို့လည်းဖြစ်နိုင်ပါတယ်။
ရှောင်ရန်
-ဤဆေးနှင့်မတည့်သူများ၊နို့တိုက်မိခင်များ၊ငါးနှစ်အောက်ကလေးငယ်များရှောင်ရပါတယ်။
ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်🙏♥️
Click here to claim your Sponsored Listing.
Category
Website
Address
Monywa