Dr. AUNG THANT HTUN
Trust Plastic Surgery & Aesthetic Clinic's. Founder
21/06/2025
မျက်ရစ်ဖော်ခွဲစိတ်ခြင်း (Blepharoplasty) ၏ သမိုင်းကြောင်း
မျက်ရစ်ဖော်ခွဲစိတ်မှု (Blepharoplasty) သည် မျက်ခွံအရေပြားပြုပြင်ခြင်းနှင့် မျက်အိတ်အဆီထုတ်ခြင်းဖြစ်ပြီး ဤခွဲစိတ်မှုသည် အလှအပဆိုင်ရာခွဲစိတ်ခြင်းဟုပြော၍ရသလို ကျန်းမာရေးဆိုင်ရာအရလည်း လူအများစု ပြုလုပ်နေကြသော ခွဲစိတ်မှုဖြစ်သည်။ ဘီစီ ၆၀၀ ခန့်တွင် အိန္ဒိယမှ Sushruta ဆိုသည့် ခွဲစိတ်ဆရာကြီးက မျက်ခွံပြုပြင်ခြင်းနှင့် ပတ်သက်သော စာတမ်းများရေးသားခဲ့ပြီး ရှေးအီဂျစ်လူမျိုးများကလည်း မျက်လုံးမျက်ခွံ ခွဲစိတ်မှုများ ပြုလုပ်ခဲ့ကြောင်း အထောက်အထားများတွေ့ရပါသည်။ ၁၈၂၇ခုနှစ်တွင် Karl Ferdinand von Graefe က ‘‘Blepharoplasty’’ ဟု စတင်ခေါ်ဆိုခဲ့ပြီး ပြုပြင်ခွဲစိတ်ရေးနည်းလမ်းများကို စနစ်တကျ ဖော်ထုတ်ခဲ့ပါသည်။ ၁၈၈၀ ခုနှစ်များတွင် အမေရိကန်ဆရာဝန် William M. Banks က မျက်အိတ်ဖော်ခြင်းနည်းလမ်းများကို တိုးတက်အောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၂၀- ၁၉၃၀ နှစ်များတွင် Hollywood မင်းသားမင်းသမီးများ၏ အလှအပအတွက် မျက်ရစ်ဖော်ခွဲစိတ်မှုစတင်ရေပန်းစားလာပြီး ၁၉၆၀ နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော နည်းစနစ်များ ပေါ်ပေါက်လာပြီး ပိုမိုစိတ်ချရလာပါသည်။
ယနေ့ခေတ်တွင် မျက်ရစ်ဖော်ခြင်းကိုအဓိကအားဖြင့် အလှအပ အတွက်သာမက ကျန်းမာရေးအတွက် အမြင်အာရုံပိတ်ဆို့ခြင်းကိုဖြေရှင်းရန်အတွက်ပါ ပြုလုပ်လာကြပါသည်။
သို့သော် မျက်ရစ်ဖော်ခွဲစိတ်ရာတွင်လည်း အန္တရာယ် (ဥပမာ -သွေးခဲခြင်း၊ ပိုးဝင်ခြင်း၊ သွေးထွက်များခြင်း၊ မျက်လုံးခြောက်ခြင်း) များစွာရှိနိုင်သောကြောင့် သေချာတတ်ကျွမ်းသော အလှအပရေးရာခွဲစိတ်ဆရာဝန်များထံတွင်သာပြုလုပ်သင့်ပါသည်။
အချူပ်အားဖြင့် မျက်ရစ်ဖော်ခွဲစိတ်မှုသည် ယခင်ခေတ်များမှ ယနေ့ခေတ်ထိ ဆေးပညာနှင့် အလှအပလောကတွင် ရေပန်းစား လူကြိုက်များနေသော နည်းလမ်းဖြစ်သဖြင့် ခွဲစိတ်မည်ဆိုပါက အတွေ့အကြုံရှိ ဆရာဝန်များနှင့်သာ ပြုလုပ်သင့်ပြီး လုပ်မည်ဆိုပါက ဆရာဝန်နှင့် သေချာစွာတိုင်ပင်ဆွေးနွေးပြီး ဆောင်ရန်ရှောင်ရန်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် အထူးသတိပြုသင့်ပါသည်။ ဒါ့အပြင် ဤနည်းသည် တသက်တာခံသည့် ခွဲစိတ်ခြင်းဖြစ်သဖြင့် ဈေးနှုန်းကို မကြည့်ပဲ မိမိအတွက် စိတ်ချရမည်ဟုယူဆရသော ဆရာဝန်စစ်စစ်ထံတွင်သာ ပြုလုပ်ကြရန် အထူးသတိပြုသင့်ပါသည်။
ကျန်းမာပြီး လှပနိုင်စေရန် ဆန္ဒပြုလျက်
Dr. Aung Thant Htun
Senior Consultant Surgeon
14/06/2025
Plastic Surgery တွင် အဓိကအားဖြင့် ‘‘ပြန်လည်ပြုပြင်ရေးခွဲစိတ်မှု’’ (Reconstructive Surgery) နှင့် ‘‘အလှအပဆိုင်ရာခွဲစိတ်မှု’’ (Cosmetic/Aesthetic Surgery) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါသည်။
၁။ ပြန်လည်ပြုပြင်ရေးခွဲစိတ်မှု (Reconstructive Surgery) ကဏ္ဍအောက်တွင် ထိခိုက်ဒဏ်ရာ၊ မွေးရာပါချို့ယွင်း ချက်တို့ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပုံမှန်လုပ်ငန်းဆောင်တာနဲ့ ပုံပန်းသဏ္ဍာန် ပြန်လည်ကောင်းမွန်စေဖို့ ပြုလုပ်တဲ့ ခွဲစိတ်မှုများပါဝင်ပြီး ဥပမာအားဖြင့်
- နှုတ်ခမ်းကွဲ/အာခေါင်ကွဲပြုပြင်ခြင်း (Cleft Lip/Palate Repair)
- မီးလောင်ဒဏ်ရာပြုပြင်ခြင်း (Burn Reconstruction)
- ကင်ဆာဖယ်ရှားပြီးနောက် ရင်သားပြန်လည်ပြုပြင်ခြင်း (Breast Reconstruction)
- ဦးခေါင်းခွံနှင့်မျက်နှာပြုပြင်ခြင်း (Craniofacial Surgery)
- ခြေလက်အင်္ဂါပြန်လည်ဆက်သွယ်ခြင်း (Replantation Surgery) စသည်တို့ပါဝင်ပါသည်။
၂။ အလှအပဆိုင်ရာခွဲစိတ်မှု (Cosmetic/Aesthetic Surgery) ကဏ္ဍအောက်တွင် ပုံမှန်ကျန်းမာသော်လည်း ပိုမို လှပစေရန် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ခွဲစိတ်မှုများပါဝင်ပါသည်။ ဥပမာအားဖြင့်
- နှာခေါင်းပြုပြင်ခြင်း (Rhinoplasty)
- မျက်ခွံခွဲစိတ်ခြင်း (Blepharoplasty)
- မေးစေ့ပြုပြင်ခြင်း (Chin Augmentation)
- နားရွက်ပြုပြင်ခြင်း (Otoplasty)
- မျက်နှာအရေပြားပင့်တင်ပြုပြင်ခြင်း (Facelift/Rhytidectomy)
- ရင်သားဆီလီကွန်ထည့်ခြင်း (Breast Augmentation by Silicon)
- ရင်သားအရွယ်အစားပြောင်းခြင်း (Breast Reduction)
- ဝမ်းဗိုက်အရေပြားတင်းရင်းစေခြင်း (Tummy Tuck/Abdominoplasty)
- ခန္ဓာကိုယ်အဆီစုပ်ထုတ်ခြင်း (Liposuction)
- တင်ပါးပြုပြင်ခြင်း (Buttock Augmentation/ Lift)
- ဆံပင်အစားထိုးကုသခြင်း (Hair Transplant)
- အဆီထိုးခြင်း (Fat Grafting) စသည်တို့ ပါဝင်ပါသည်။ နောက်ပိုင်းတွင် အမျိုးသား/သမီးပြောင်းလဲခြင်း (Gender transformation) ကိုပါ လုပ်လာကြပြီဖြစ်ပါသည်။
သို့သော် မည်သည့်ခွဲစိတ်ကုသမှုတွင်မဆို လုပ်မည်ဟုဆုံးဖြတ်ထားပါက မိမိပြုလုပ်မည့်ခွဲစိတ်မှု၏ မပြုလုပ်ခင်နှင့် ပြုလုပ်ပြီးနောက် လိုက်နာရှောင်ရှားရမည့်ကိစ္စများကို ခွဲစိတ်ပေးမည့်ဆရာဝန်နှင့် တိကျစွာ ဆွေးနွေးတိုင်ပင်ထားပြီး အလေးထားလိုက်နာဆောင်ရွက်မှသာလျှင် အန္တရာယ်ကင်းပြီး မိမိတို့လိုချင်သည့် ပုံစံကို ရရှိနိုင်ကြောင်း သတိပြုသင့်ပါသည်။
ကျန်းမာစွာ လှပနိုင်စေရန် ဆန္ဒပြုလျက် Dr.Aung Thant Htun Senior Consultant Surgeon
10/06/2025
Plastic Surgery သည် ခန္ဓာကိုယ်၏ ပုံသဏ္ဍာန်နှင့် အလှအပကို ပြုပြင်ရန် (သို့) မွေးရာပါ/မတော်တဆချို့ယွင်းချက်များကို ကုသရန် လုပ်ဆောင်သော ခွဲစိတ်ကုသမှုတစ်ခုဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ကောင်းကျိုး နှင့် ဆိုးကျိုးနှစ်မျိုးလုံးရှိနိုင်ပါသည်။
ကောင်းကျိုးများ
၁။ မိမိကိုယ်ကိုယုံကြည်မှုတိုးစေခြင်း (ဥပမာ-နှာခေါင်းပုံမကျခြင်း၊ ရင်သားသေးခြင်း) တို့ကို ပြုပြင်ပြီးနောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမိုရရှိစေနိုင်သည်။
၂။ မွေးရာပါချို့ယွင်းချက်များကို ကုသနိုင်ခြင်း (ဥပမာ-အာခေါင်ကွဲခြင်း၊ နားရွက်ပုံမကျခြင်း) ကဲ့သို့သော ပြဿနာများကို ခွဲစိတ်ကုသခြင်းဖြင့်ကုသနိုင်သည်။
၃။ မတော်တဆထိခိုက်ဒဏ်ရာရမှုများကို ပြန်လည်ကောင်းမွန်စေခြင်း (ဥပမာ- မီးလောင်ဒဏ်ရာ၊ ယာဉ်တိုက်မှုဒဏ်ရာ) များကြောင့် ပျက်စီးသွားသောအရေပြားနှင့် တစ်ရှူးများကို ပြုပြင်ပေးနိုင်သည်။
၄။ ကျန်းမာရေးအကျိုးကျေးဇူးများ (ဥပမာ- ဝမ်းဗိုက်အရေပြားအပိုများဖြတ်ခြင်း ''Tummy Tuck'' ) ဖြင့် ခါးနာခြင်းကို သက်သာစေနိုင်သည်။
ဆိုးကျိုးများ
၁။ ခွဲစိတ်မှုဆိုင်ရာ အန္တရာယ်များ.(ဥပမာ- မေ့ဆေးနှင့် ပတ်သက်သော ဓာတ်မတည့်မှု၊ သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်း) စသည့် အန္တရာယ်များရှိနိုင်သည်။
၂။ စိတ်ကျေနပ်မှုမရှိသော ရလဒ်များ (ဥပမာ- ခွဲစိတ်ပြီးနောက် မျှော်လင့်ထားသည့် ပုံသဏ္ဍာန်မဟုတ်ခြင်း၊ အမာရွတ်ထင်ခြင်း) များ ဖြစ်နိုင်သည်။
၃။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု (ဥပမာ- ခွဲစိတ်ပီးနောက် နာကျင်မှုခံစားရခြင်းနှင့် ခွဲစိတ်ပီးကာစ ရလဒ်များကြောင့် စိတ်ဖိစီးမှုများ) ဖြစ်စေနိုင်သည်။
၄။ စရိတ်ကြီးမြင့်ခြင်း (အရည်အသွေးမြင့် plastic surgeryများသည် စရိတ်ကြီးမြင့်ပြီး လူတစ်ဦးနှင်တစ်ဦးအမြင်မတူသောကြောင့် ရလဒ်ကို အာမခံပေးလို့မရနိုင်ပါ။)
၅။ ခွဲစိတ်ပီးနောက် အနားယူရန်လိုအပ်ခြင်း (အချို့ခွဲစိတ်မှုများတွင် လနှင့်ချီ၍ အနားယူရန် လိုအပ်နိုင်သည်။)
Plastic surgery လုပ်မည့်သူများအတွက် အကြံပြုချက်အနေဖြင့်
၁။ ကျွမ်းကျင်သော အလှအပဆိုင်ရာခွဲစိတ်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ။ မခွဲစိတ်မှီ လူနာ၏ရောဂါအခံ သောက်သုံးနေသောဆေးဝါးများကိုပါ ထည့်သွင်းဆွေးနွေးသင့်ပါသည်။
၂။ ခွဲစိတ်ဆရာဝန်မဟုတ်သောသူများနှင့်ပြုလုပ်သည်မှာ ကုန်ကျစရိတ်သက်သာသော်လည်း အခြားသော အန္တရာယ်များစွာ ရှိနိုင်သည်ကို သတိပြုစေလိုပါသည်။
၃။ ခွဲစိတ်မှု၏ ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာစွာ ချိန်ဆပါ။
၄။ ခွဲစ်ိတ်ပြီးနောက် ဆရာဝန်၏ ညွှန်ကြားချက်ကို တိကျစွာလိုက်နာရန်လည်း လိုအပ်ပါသည်။
အချုပ်အားဖြင့် Plastic surgery သည် အကျိုးများစွာရှိနိုင်သော်လည်း အချို့သောအန္တရာယ်များရှိနိုင်သည်ကိုလည်း သတိပြုရန် လိုအပ်ပါသည်။
ကျန်းမာစွာ လှပနိုင်စေရန် ဆန္ဒပြုလျက်
Dr.Aung Thant Htun
Senior Consultant Surgeon
08/06/2025
Plastic Surgery ဖြစ်ပေါ်လာပုံနှင့်သမိုင်းကြောင်း
Plastic Surgery သည် ယနေ့ခေတ်တွင် အလှအပပြင်ဆင်မှုအတွက်သာမက မွေးရာပါချို့ယွင်းချက်များကို ပြုပြင်ရန်နှင့် ဒဏ်ရာအမာရွတ်များကို ကုသရန် အဓိကရည်ရွယ်ခဲ့သော ခွဲစိတ်ကုသမှုပညာရပ်တစ်ခုဖြစ်သည်။သမိုင်းကြောင်းအရ Plastic Surgery ပညာရပ်ကို ဘီစီ ၆၀၀ခန့်မှစတင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဘီစီ ၆၀၀ ခန့်တွင် အိန္ဒိယနိုင်ငံမှ Sushruta ဆိုသည့် အိန္ဒိယဆရာဝန်တစ်ဦးက နှာခေါင်းပြန်လည်ပြုပြင်ခြင်း (Rhinoplasty) ကို ပထမဆုံးလုပ်ဆောင်ခဲ့သည်။ ဤနည်းလမ်းကို ''shruta Samhita'' ကျမ်းတွင် ဖော်ပြထားပြီး ပြစ်ဒဏ်အဖြစ် နှာခေါင်းဖြတ်ခံရသူများအား ကုသရာတွင် အသုံးပြုခဲ့သည်။ ထို့နောက် အေဒီ ၁ ရာစုတွင် ရောမနိုင်ငံမှ Aulus Cornelius Celsus ဆိုသူက 'အရေပြားပြန်လည်အနာကျက်စေရန် နည်းလမ်းများကို ရေးသားခဲ့သည်။ အေဒီ ၈၀၀ ခန့်တွင် အာရပ်မှ Al-Zahrawi (ဥရောပတွင် Albucasis ဟုလူသိများ) ဆိုသူက ခွဲစိတ်ကုသမှုနည်းပညာများကို စနစ်တကျ မှတ်တမ်းတင်ခဲ့ပြီး ပလတ်စတစ်ဆာဂျရီနှင့်သက်ဆိုင်သော နည်းလမ်းများကို ဖော်ပြခဲ့သည်။
၁၆ ရာစုတွင် ဥရောပမှ Gaspare Tagliacozzi က နှာခေါင်းပြုပြင်ခြင်းကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ထိုခေတ်က ဘာသာရေးအရ ခွဲစိတ်ကုသမှုကို ကန့်ကွက်သူများလည်း ရှိခဲ့ပါသည်။ ၁၉ ရာစု နောက်ပိုင်းတွင် အနောက်နိုင်ငံများ၌ စစ်ပွဲများကြောင့် ဒဏ်ရာရသူများအား မျက်နှာနှင့်ခန္ဓာကိုယ် ပြန်လည်ပြုပြင်ရန် ပလတ်စတစ်ဆာဂျရီပညာရပ်၏အခန်းကဏ္ဍသည် ပိုမိုအသုံးဝင်လာခဲ့ပါသည်။ ၁၈၄၅ ခုနှစ်တွင် ဂျာမနီမှ Johann Friedrich Dieffenbach က ''မျက်ခွံပြုပြင်ခြင်း (Blepharoplasty)'' ကို စတင်ခဲ့ပါသည်။ ၂၀ရာစုတွင် ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရစစ်သားများအတွက် ''Reconstructive Surgery'' ပိုမိုတိုးတက်လာခဲ့ပါသည်။ ၁၉၆၀ နှစ်များမှစ၍ ''Cosmetic Surgery'' (အလှအပဆိုင်ရာခွဲစိတ်မှု) များ လူကြိုက်များလာခဲ့ပြီး၊ ဆီလီကွန်နှင့် ကိုယ်အင်္ဂါအတုအစိတ်အပိုင်းများ (ဥပမာ: Breast Implants) စတင်အသုံးပြုလာကြပါသည်။
၂၁ ရာစုတွင်မူ Plastic Surgery ၏ အခန်းကဏ္ဍသည် ပိုမိုကြီးထွားလာပြီး နည်းပညာများလည်း ပိုမိုတိုးတက်လာပါသည်။ ယခုနောက်ပိုင်းတွင် 3D Printinzg နည်းပညာဖြင့် ခွဲစိတ်မှုမတိုင်မီ ရလဒ်ကိုပါ ကြိုတင်ကြည့်ရှုလာနိုင်သည်ကို တွေ့ရှိရပါသည်။ ဒါ့အပြင် Microsurgery နှင့် Laser Treatments များလည်း ပိုမိုခေတ်စားလာပါသည်။ ယခင်က Plastic Surgery ပညာရပ်ကို လူတိုင်းလက်မခံကြသော်လည်း ယခုနောက်ပိုင်းတွင် နိုင်ငံအများရှိလူမှုအသိုင်းအဝိုင်းများက အလှအပဆိုင်ရာခွဲစိတ်မှုများ(Lipoduction, Facelift) တို့အပြင် လိင်ပြောင်းလဲမှုဆိုင်ရာခွဲစိတ်ကုသမှုများကိုပါ လက်ခံလာကြပါသည်။ မြန်မာနိုင်ငံတွင်မူ ၂၀၀၀ပြည့်နှစ်များမှစ၍ အထူးသဖြင့် ရန်ကုန်နှင့်မန္တလေးတို့တွင် Non-Surgical Treatments ( Filler, Botox) များ စတင်ခေတိစားလာပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် Surgery Procedure (Rhinoplasty, Double eyelid Surgery) များသည် လူကြီးလူငယ်များကြားတွင် စိတ်ဝင်စားမှု တိုးလာခဲ့ပါသည်။
အချုပ်အားဖြင့် Plastic Surgery သည် ရှေးအရင်ခေတ်မှ စတင်၍ ဒဏ်ရာပြုပြင်ရေးမှ အလှအပပြောင်းလဲရေးအထိ အဆင့်ဆင့် ဖွံ့ဖြိုးလာခဲ့သော ပညာရပ်ဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာမြင့်မားမှုနှင့် လူမှုအမြင်ပြောင်းလဲမှုတို့ကြောင့် ပိုမိုလွယ်ကူစွာ လက်ခံနိုင်လာကြသည်။ သို့သော် ဘေးကင်းလုံခြုံစိတ်ချရစေရန် ကျွမ်းကျင်သောခွဲစိတ်ဆရာဝန်များနှင့် စံချိန်စံညွှန်းပြည့်မီသော ဆေးရုံများတွင်သာ ပြုလုပ်သင့်ပါသည်။
Click here to claim your Sponsored Listing.
Telephone
Website
Address
အမှတ်(၁၀)၊ ဇီဝကဆိုင်တန်း၊ သပြေကုန်းဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ Pyinmana
Naypyidaw