mgmgmyint sakhanthar
ဟာသ ရသ သဘာဝ လေ့လာမယ်
05/10/2024
စစ်ဆက်မတိုက်တော့ဘူး၊တရုတ်ဝင်ဖျန်ဖြေပေးတာလက်ခံပါ့မယ်လို့MNDAA ကြေညာချက်ထုတ်တာရယ်၊အမေရိကန်က မြန်မာ့ပြည်တွင်းမတည်ငြိမ်ဖြစ်အောင်လုပ်နေတယ်၊ တရုတ်ကိုတော့နယ်စပ်ကုန်သွယ်ရေးဝင်ပေါက်တွေပိတ်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီး
စစ်ကောင်စီက ကြေညာချက်ထုတ်တာတွေရယ်ဟာ တချို့လူများ ဖေ့စ်ဘွတ်ပေါ်မှာတယောက်ယောက်ကို စောင်းမြောင်းပြီး ပို့စ်တွေတင်နေတာနဲ့သဘောချင်း ဆင်ဆင်တူသလိုပဲ။
။ဥပမာ
"နှင်းဆီပန်းစည်းလေး လိုချင်လိုက်တာ "
ဘယ်သူ့ကိုပြောမှန်းမသိဘူး၊ လင်တရူးတဲ့သူမို့ တကယ်ပြောချင်တာက ကြိတ်ကြွေနေတဲ့ သူငယ်လေး။ လိုင်းပေါ်တင်တော့ဖတ်ရတာက ဘုန်းကြီးရော၊မယ်သီလရှင်ရော၊ ရွာက ကြီးဒေါ်ရော၊ အသက်ကြီးဘိုးဘွားရော၊ဘုမသိဘမသိ ဖတ်ရတဲ့ကိုယ်လိုလူတွေရော လူ ထောင်နဲ့ချီပြီး ဖတ်ရတာ။ သူ့ပြောမှန်းမသိ ကိုယ့်ပြောမှန်းမသိ။
"သဲလေးကိုသိပ်သတိရ"
အမှန်က ဘီးကြဲကြီးတယောက်သူ့စမူ ကို ဖွန်ကြောင်တာ။ကျန်တဲ့သူတွေက ဘူမသိကိုးမသိဝင်ဖတ်ရပြန်တယ်။မဖတ်ချင်လည်း ပေါ်လာတော့မြင်နေရတာကိုး။
တကယ်ဆို မဖြူဖြူက မောင်ညို ကို ပြောချင်ရင် မောင်ညိုဆီ မက်ဆင်ဂျာက စာပို့လိုက်ပေါ့။
ဦးဖွန်က မစမူကို အီစီကလီချင်ရင်လည်း Chat box ကိုသွားကြပေါ့။ ဘာလို့ ကျန်တဲ့သူတွေမျက်စေ့နောက်အောင်စိတ်ဒုက္ခပေးနေမလဲ။
နိုင်ငံရေးကလည်း ခုလိုအဖြစ်တွေနဲ့ဘာထူးလည်း။ ကျွန်တော်တို့ ကျွန်မတို့ဟာ တရုတ်ကြီးအငြိုအညင် မခံနိုင်ပါဘူး။ တရုတ်သရဏံဂစ္ဆာမိ၊ပေါက်ဖော်သရဏံပူဇေမိ၊ ဂန္ဓလရာဇ် ဂုဏောအနန္တော တရုတ်ထားရာနေ၊စေရာသွားပါ့မယ် စသည်ဖြင့် စာရေးပြီး တရုတ်သံရုံး၊တရုတ်အစိုးရဆီ ပို့ကြပါလား။ ဘာဖြစ်လို့ အများနဲ့ဆိုင်သလို ကြေညာချက်တွေထုတ်နေတာလဲ။ ခင်ဗျားတို့ဟာက "သဲလေးကိုသိပ်သတိရ"တို့ "မောင်ပေးမယ့်ပန်းလေး ကိုမမမျှော်နေပြီ" တို့ လို စာတွေနဲ့ ဘာထူးသေးလဲဗျာတို့။
သရဝဏ်(ပြည်)
27/06/2023
ပန်းတွေနဲ့ဝေ
------------
ကျွန်တော့်အိမ်ရှေ့တွင် ကံ့ကော်ပင်ကြီးတစ်ပင်ရှိသည်။ ထိုအပင်ကြီးသည် ဘေးကိုမဖြာ၊ အမြင့်ကို ထီးထီးကြီး ထိုးတက်သွားသည်။ ကြည့်မကောင်းသဖြင့် သစ်ကိုင်းများဘေးသို့ ပိုပြီး ဖြာစေရန် ခေါင်ကိုင်းတွေကို ဖြတ်ပစ်လိုက်ရသည်။ ပြုပြင်ရင်းနှင့် အပင်က ဝိုင်းဝိုင်းလေးဖြစ်ကာ ကြည့်၍ လှသွားသည်။
ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမေးမိသည်
“အလှအပကို ကြိုက်နေပြီလား”
အလှအပကို မည်သူက မကြိုက်ဘဲ ရှိမည်နည်း။ မကြိုက်ချင်ယောင်ဆောင်နေတာပဲ ဖြစ်ကောင်းဖြစ်နိုင်သည်။
ယခုနှစ်နွေဦးတွင် ထိုကံ့ကော်ပင်ကြီးက တစ်ပင်လုံး ဝေနေအောင်ပွင့်သည်။
ကံ့ကော်ပန်းတွေကို ကျွန်တော်က မခူးပါ။ ထိုပွင့်သည့်အတိုင်း ခံစားသည်။ ပန်းပွင့်ရနံ့တွေ လေအဝေ့တွင် အိမ်ထဲဝင်လာတတ်သည်ကို ကြည်နူးသည်။
ခြံထဲတွင် ပူအိုက်သဖြင့် ထိုင်နေသော ထိုနေ့က ဖြစ်သည်
“ဦးလေး”
ကျွန်တော်က ခြံဝကို ကြည့်လိုက်သည်
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်
ကျွန်တော်က ခြံဝအနီးသွားကာ
“ဘာလဲကွယ်”
“ကံ့ကော်ပန်းတွေ ရောင်းမလား”
“မရောင်းပါဘူး ... လိုချင်ရင်တော့ တစ်ပွင့်တစ်လေ ခူးပေးလိုက်မယ်”
“တစ်ပင်လုံး ချုပ်ချင်လို့”
“ဘာပြောတာလဲကွယ်”
“တစ်ပင်လုံးကို ဝယ်ချင်လို့ပါ”
“ငါ့သစ်ပင်ကို မရောင်းပါဘူး”
“သစ်ပင်ကို မဝယ်ပါဘူး ... ပန်းပဲဝယ်မှာပါ”
“ဘာကိုပြောတာလဲ”
“ပန်းတွေကို ကျွန်တော်တို့ ခူးသွားမယ်လေ”
“ဘာလုပ်ဖို့လဲ”
“ဈေးမှာ သွားရောင်းဖို့ပေါ့”
ကျွန်တော် စဉ်းစားသည်။ သူတို့ ပန်းခူးဖို့လာတိုင်း ကျွန်တော် တံခါးဖွင့်ပေးရမည်။ သူတို့ ဘယ်သူတွေလဲ၊ ဘယ်ကလည်း ကျွန်တော်မသိ။ ထို့ပြင် တံချူတွေနဲ့ ခူးမည်။ သစ်ပင်ပေါ်တက်ခူးမည်။ ကျွန်တော့်အပင်လေး နာမည်။
ကျွန်တော်က ကံ့ကော်ပန်းတွေကို တက္ကသိုလ်မှာကတည်းက ချစ်သည်။ ရန်ကုန်တက္ကသိုလ်တွင်လည်း ထိုစဉ်က ကံ့ကော်ပန်းတွေ နေရာလပ်မရှိ ပွင့်သည်။ ကျွန်တော့်မှာ ကံ့ကော်ပန်းကို အမြတ်တနိုးခူးကာ ပေးစရာ မရှိခဲ့။ မနက်ဆိုလျှင် အဆောင်ကထွက်တိုင်း ကံ့ကော်ပွင့်တွေကို ငေးကြည့်နေရခြင်းက အရသာ။
ယခုလည်း ထိုပန်းတွေကို ကိုယ်တိုင်က မခူးရက်သဖြင့် အလှကြည့်နေသည်။
လာဝယ်သူက အတင်းလာဝယ်နေသည်။
“မရောင်းပါဘူးကွယ်”
“ပန်းတွေက ဒီအတိုင်း ထားလိုက်ရင် နွမ်းကုန်လိမ့်မယ်"
“မင်းတို့ ခူးလိုက်တော့လည်း မနွမ်းဘူးလား”
“ရောင်းစားတော့ ပိုက်ဆံရတာပေါ့”
“ပိုက်ဆံတော့ ရတာပေါ့ ... သူ့နေရာနဲ့သူ လှနေတဲ့ အလှတွေ ပျက်သွားမှာပေါ့ ... မရောင်းပါဘူး”
သူတို့နှစ်ယောက် ခေါင်းခါပြီး ထွက်သွားကြသည်။
ကံ့ကော်ပန်းလေးတွေက အစိမ်းရင့်ရောင် အရွက်တွေကို ထိုးဖောက်ပြီး ထွက်လာကြသည်။ တစ်ပင်လုံးကို နေရာလပ် မရှိလောက်အောင် ပွင့်လာသည်မှာ အဖြူဆေးစက်တွေနှင့် အဝါရောင်ဆေးစက်တွေကို ပက်ထား သကဲ့သို့ဖြစ်နေသည်။
ကျွန်တော် ပန်းချီမဆွဲတတ်ပါ။ ပန်းချီများ ဆွဲတတ်ခဲ့လျှင် ထိုအလှတရားကို မှတ်တမ်းတင်ထားနိုင်မည်။ ပန်းချီဆွဲချင်သည်။ သို့သော် အချိန်တွေ လွန်ခဲ့ပြီ။
ပန်းလေးတွေကို လူတွေက ကြည့်ပြီး ခြံရှေ့ကဖြတ်သွားတိုင်း
“လှလိုက်တာ”
“မွှေးလိုက်တာ" ဟုပြောသွားကြသည်။
သူ့နေရာနှင့်သူ
သူ့တန်ဖိုးနှင့်သူ
ရှိနေသော ပကတိအလှတရားတစ်ခုကို ထိုအတိုင်း ထားလိုက်သည့်အခါတွင် ကိုယ်တစ်ဦးတစ်ဦးတည်း သာမက အားလုံးက ခံစားနိုင်ကြသည်။
ကိုယ့်ခြံရှေ့ကဖြတ်သွားသူတိုင်း ကံ့ကော်ပန်းတွေက အမြတ်တနိုးနှင့် မော့ကြည့်က ကြည်နူးဝမ်းသာ ဖြစ်သွား ကြသည်ကို ကျွန်တော်လည်း ပျော်သည်။
ပန်းဆိုသည်မှာ အချိန်တန်လျှင် နွမ်းမည်၊ ကြွေမည်၊ ကျွန်တော်သိပါသည်။
သို့သော် သူ့အလှတရားနှင့်သူ ပွင့်ချိန်မှာပွင့်ပြီး တင့်တယ်နေသော ကံ့ကော်ပန်းတွေကို ကြည့်ကာ ခံစားရသော အလှတရားက ပိုပြီးကြည်နူးစရာကောင်းသည်။
သူ့နေရာနှင့်သူ ရှိနေခြင်းကလည်း အလှတရားတစ်ခုဟု မြင်မိသည်။
ကံ့ကော်ပန်းတွေ ဝေခဲ့သည့် နေ့တွေကို လွမ်းမိသည်။
တင်ညွန့်
၁၉.၆.၂၀၂၃
18/06/2023
. #တရားရစရာ
တခါက...လူတစ်ယောက်ဟာ ဘာသာရေးတရားပွဲတစ်ခုကို တက်ရောက်နေသတဲ့။ဖြစ်ချင်တော့...သူ့ဖုန်းကို ဆိုင်းလင့် (silent) လုပ်ဖို့ မေ့သွားတယ်။
ရှေ့က တရားဟောဆရာ တရားဟောနေတုန်းမှာ သူ့ဖုန်းက Ring သံ အကျယ်ကြီး မြည်သွားတယ်။သူ ကမန်း
ကတန်း ပိတ်တော့ ပိတ်လိုက်နိုင်ပေမယ့်...
တရားဟောဆရာ အပါအဝင် အားလုံးသော ပရိတ်သတ်တွေရဲ့ မျက်လုံးတွေက သူ့ကို ဝိုင်းကြည့်ကြတယ်။
သူတို့ရဲ့ မျက်လုံးတွေထဲမှာ...
- အလိုမကျမှုတွေ
- အထင်သေးမှုတွေ
- ပြစ်တင်ရှူံ့ချမှုတွေ အပြည့်နဲ့ပေါ့။
တရားဟော ဆရာက ပြောသတဲ့...
"လူကြီးမင်း အနေနဲ့ ဒီလိုမြင့်မြတ်တဲ့ တရားပွဲကိုလာရင် ဖုန်းသံကို ပိတ်ခဲ့သင့်တယ်ဆို မသိဘူးလား"
သူ ခေါင်းငုံ့ရင်း ဖြေတယ်...
"ကျနော်သိပါတယ်၊ ဒါပေမယ့် မေ့သွားလို့ပါဗျာ"
ဘေးက အမျိုးသမီးတစ်ယောက်ကလည်း ဝင်ပြောတယ်...
"အားလုံးရဲ့စိတ်တွေဟာ ဒီတရားထဲမှာ နှစ်မြောနေကြတာ ရှင့်၊ ရှင့်ဖုန်းသံကြောင့် ကျမတို့ အားလုံး အာရုံပျက်ရတယ် ရှင်က လူရှုပ်တစ်ယောက်ပဲ"
"ဟုတ်ကဲ့၊ တောင်းပန်ပါတယ်ဗျာ" ဆိုပြီး သူ အဲ့တရားပွဲက ထွက်လာခဲ့တော့တယ်။
သူ့ရဲ့ သတိမေ့လျော့တတ်မှု အတွက်လည်း နောင်တရနေတယ်။စိတ်ညစ်ညစ်နဲ့ လမ်းမှာတွေ့တဲ့ ဘားတစ်ခုထဲ ဝင်ပြီး အရက်သောက်ပစ်ဖို့ စိတ်ကူးလိုက်တယ်။
သူ့အတွက် အရက်တစ်ခွက်မှာပြီး သောက်မယ်လို့လုပ်နေတုန်း...သူ့လက်နဲ့ တိုက်မိပီး အရက်ခွက်ဟာ ကျကွဲ သွားသတဲ့။
သူ သူ့မျက်နှာကို လက်နဲ့ အုပ်လိုက်ရင်း ခေါင်းမဖော်ဝံ့တော့ဘူး။ ခေါင်းငုံ့ရင်း တွေးနေတာက...သူပြစ်တင် ခံရဦးတော့မယ် သူ ရှူံ့ချ ခံရဦးတော့မယ် လို့ပေါ့။
သူရဲ့အကြိမ်ကြိမ်မှားယွင်းတတ်မှုတွေ ပေါ့တီးပေါ့ဆနိုင်မှုတွေအတွက် သူ ဘယ်လိုဖြေရှင်းရမှန်း မသိအောင် ဖြစ်နေတော့သတဲ့။
အဲ့အချိန်မှာ...စားပွဲထိုးတစ်ယောက် ရောက်လာပြီး ပြောတယ်...
"ဆရာ ခဏလေး ဖယ်ပေးပါခမျ၊ ကျနော် စားပွဲခုံကို သန့်ရှင်းပေးမလို့ပါ"
ဆိုင်က မန်နေဂျာ ရောက်လာပြီးလည်း ပြောသတဲ့...
"လူကြီးမင်း စိတ်ညစ်စရာတွေ ရှိနေသလား၊ ကျကွဲသွားတဲ့ ခွက်အတွက် စဉ်းစားမနေပါနဲ့၊ ကျနော် တစ်ခွက် အစားထပ်ပေးပါမယ်" ... တဲ့။
ဘေးက အရက်သမားတွေကလည်း လက်ခုပ်တီးအားပေးရင်း ပြောတယ်...
"ငါ့ကောင်ကြီး ဘာကိုမှ တွေးမနေနဲ့၊ ငါတို့ ပျော်ပျော်ကြီး ဆက်သောက်ကြစို့ ချီးယာယာ စ် စ် စ်"
အရက်ဆိုင်ထဲက လူတွေရဲ့ တုန့်ပြန်မှုကို တွေ့ရတော့...
သူ့မှာ အံ့ဩမှုတွေ မယုံကြည်နိုင်မှုတွေ ဇဝေဇဝါဖြစ်မှုတွေ အပြည့်နဲ့။
#သင်္ခန်းစာ
=====
#တခါတရံ
#နားလည်နိုင်မှုဆိုတာ...
#မျော်လင့်ထားသူဆီက_မရနိုင်ဘဲ
#မမျော်လင့်ရဲတဲ့နေရာက_ရလာတတ်တာမျိုး။
credit #သန်း၄ကို
via zawzaw nyein , Min Makha , Kolayaung Koaung
22/05/2023
တချို့တွေနေနိုင်လွန်းးးးတယ်ကျုပ်တို့အညာဒေသဟာ ဘယ်လောက်အထိခက်ခဲကြမ်းတမ်းတယ်ဆိုတာသူတို့မသိကြဘူးအချိန်တန်လို့လိုင်းပေါ်တက် ကိုယ့်ပုံလေးကိုတင်ပီး သားလှလားသမီးလှလားဆိုတဲ့ အဆင့်လောက်နဲ့ ပျော်မွေ့မနေသင့်ပါဘူးဆိုတာလောက်တော့သိထားသင်ပါတယ်ဗျာ
10/05/2023
#ပဒတ်တွေတဲ့လား
စစ်တပ်နှင့် စစ်တပ်လော်ဘီများက PDF များကို ‘ပဒတ်’ (ပုတတ်) တွေဟု ခေါ်ဝေါ်ကြ၏။ အညာတွင် ဟင်းစားရသည့် အကောင်ငယ်တမျိုးဖြစ်သည့် ပုတတ်နှင့်နှိုင်း၍ ခပ်နှိမ်နှိမ် ခေါ်ဝေါ်ကြသည်။ စစ်ပညာလည်း မပြည့်ဝသေး။ လက်နက်ခဲယမ်းလည်း မပြည့်စုံ၊ ဘဏ္ဍာနှင့်ထောက်ပို့ကလည်း မလုံလောက်သည့် PDF တပ်ဖွဲ့များကို မလောက်လေး မလောက်စားများအဖြစ် သဘောထားပြီး ခပ်နှိမ်နှိမ် ခေါ်ဝေါ်ကြခြင်းဖြစ်ပုံရသည်။
၂၀၁၉ ခုနှစ် ရခိုင်တွင် တိုက်ပွဲများဖြစ်လာသည့်အခါ ရက္ခိုင့်တပ်တော် (AA) ကို ‘ဓာတ်ခဲ’ ဟုလည်းကောင်း၊ ရဲကိုသာတိုက်ရဲသည့် ‘ရဲတိုက်’ ဟုလည်းကောင်း ခပ်နှိမ်နှိမ် ခေါ်ဝေါ်ခဲ့ကြသေးသည်။ သို့သော် AA နှင့် တိုက်ပွဲကြီးငယ် များစွာတိုက်ကာ အထိနာသွားပြီးနောက် စစ်တပ်နှင့်စစ်တပ်လော်ဘီများသည် AA တပ်ဖွဲ့အား ဓာတ်ခဲဟု မခေါ်ရဲကြတော့ပေ။
ယခုလည်း PDF တပ်ဖွဲ့များ ပေါ်ပေါက်လာသည့် နှစ်နှစ်ပြည့်ကာလတွင် PDF တပ်ဖွဲ့များကို ပုတတ်ဟု ခပ်နှိမ်နှိမ် မခေါ်နိုင်တော့ပြီ။ နွေဦးတော်လှန်ရေးအစပိုင်း ချင်းပြည်နယ်ရှိ မင်းတပ်မြို့၊ ကရင်နီပြည်နယ်ရှိ ဒီးမော့ဆိုတို့တွင် စတင်ခုခံတိုက်ခိုက်ကြသည့်ကာလက တူမီးနှင့် စတင်ခဲ့ကြသည့် PDF များသည် နှစ်နှစ်အတွင်း မြန်မြန်ဆန်ဆန် အရွယ်ရောက်လာသည်။
ကရင်ပြည်နယ်စစ်မျက်နှာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့များနှင့်တွဲ၍ ထွက်ပေါ်လာသော PDF တပ်ဖွဲ့ဝင်များ ပါဝင်ကြသည့် ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ခြင်္သေ့စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ Venom စစ်ကြောင်း စသည်တို့၏ တိုက်ပွဲများသည့် ၂၀၂၁ ခုနှစ်အကုန် လေးကေ့ကော်တိုက်ပွဲမှ အစပြု၍ ယနေ့တိုင် မြဝတီ၊ သင်္ကန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဖာပွန်ဒေသတလျှောက် လက်သံပြောင်လျက်ရှိသည်။ မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ထားနိုင်သည်။ ထိုဒေသရှိမြို့များ၊ စခန်းများစွာ ကောင်းစွာအထိနာအောင် တိုက်ခိုက်နိုင်သည်။ စစ်ကောင်စီတပ်မှအလောင်းများ ပုံနေသည်ကိုလည်းကောင်း၊ လက်နက်ခဲယမ်း အပုံလိုက်ရသည်ကိုလည်းကောင်း တွေ့နေရ၏။
ကရင်နီပြည်နယ်တွင် မူလ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP/KA) က ပိုမိုအင်အားကောင်းလာသကဲ့သို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) သည်လည်း တပ်ရင်း ၂၁ ရင်းအထိ ဖွဲ့စည်းလာနိုင်သည်။ ထို့ပြင် မြို့နယ်တိုင်းလိုလိုတွင် PDF တပ်များ ဖွဲ့စည်းထားနိုင်သည်။ KNDF, PDF တပ်ဖွဲ့များသည် KNPP/KA တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲများရော၊ စစ်ကြောင်းလိုက် ချေမှုန်းရေးတိုက်ပွဲများပါ ကောင်းစွာတိုက်ခိုက်နိုင်သည်။ ကရင်နီပြည်နယ်တွင်းသာမက မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း၊ ရေတာရှည်ဒေသ၊ မိုးဗြဲအင်း အရှေ့၊ အနောက်နှင့် အင်းလေးဒေသအထိပါ ထိုးဖောက်တိုက်ခိုက်နေသည်။
ချင်းပြည်နယ်တွင်လည်း ချင်းအမျိုးသားတပ်ဦး / ချင်းအမျိုးသား တပ်မတော် (CNF/CAN) က တပ်အင်အား တိုးလာသကဲ့သို့ ချင်းအမျိုးသားအဖွဲ့ချုပ် / ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) တပ်ဖွဲ့နှင့် မြို့နယ်တိုင်းတွင် CDF တပ်ဖွဲ့များ ပေါ်ပေါက်လာသည်။ ချင်းကာကွယ်ရေး ပူးပေါင်းကော်မတီ (CJDC) အောက်တွင် CNF/CAN, CNO/CNDF အပါအဝင် CDF အဖွဲ့ ၁၈ ဖွဲ့ စုစည်းထားသည်။
ချင်းပြည်နယ်၏ မင်းတပ်-မတူပီ ကားလမ်း၊ ကလေး-ဖလမ်း-ဟားခါး ကားလမ်း၊ ဂန့်ဂေါ-ဟားခါး ကားလမ်းတို့သည် CDF တပ်ဖွဲ့များ၏ လက်စွမ်းပြမှုကြောင့် စစ်ကောင်စီတပ်အတွက် သေမင်းတမန် လမ်းမကြီးများ ဖြစ်နေပြီ။ မိုင် ၁၀၀ ပတ်ချာလည်ရှိကြသော ထိုလမ်းမများအား စစ်ကောင်စီတပ် ယာဉ်တန်းများ တလကျော်သွားသည့်တိုင် မရောက်နိုင်သည့် အခြေအနေ ဆိုက်နေသည်။ နောက်ဆုံးသွားသည့် ယာဉ်တန်းဆိုလျှင် သံချပ်ကာကား နှစ်စီးအပါ ယာဉ်တန်းအားလုံးအား CDF က ဖျက်ဆီးပစ်လိုက်နိုင်သည်။ ထို့ပြင် ချင်းပြည်နယ်တွင် စခန်းသိမ်းတိုက်ပွဲများကိုလည်း တွေ့ရ၏။ မေလအတွင်း ဗျူဟာမှူးတဦးကိုပင် သုတ်သင်နိုင်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်တွဲ၍ လှုပ်ရှားနေသည့် ကချင် PDF-KPDF များကို ကချင်ပြည်နယ် ဖားကန့်၊ တာမခန်၊ ဆယ်ဇင်းဒေသ၊ မိုးညှင်း၊ မိုးကောင်းဒေသများတွင်လည်းကောင်း၊ ဗန်းမော်၊ ရွှေကူ ဒေသများတွင်လည်းကောင်း၊ ရှမ်းမြောက် ကွတ်ခိုင်ဒေသ၊ မိုးမိတ်ဒေသများတွင်လည်းကောင်း တွေ့နေရ၏။ တိုက်ပွဲငယ်များ၊ ပုံမှန်စစ်ရေးလှုပ်ရှားမှုများကို တွေ့နေရ၏။
စစ်ကိုင်းတိုင်းတခုလုံးနှင့်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မကွေးတိုင်းပါဝင်သည့် အညာတခွင်တွင်မူ PDF တပ်ဖွဲ့ စုံလင်သည်။ စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ တမူး၊ မော်လိုက်၊ ယင်းမာပင် ဟူသော ခရိုင် ၁၃ ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၃၄ မြို့နယ်၊ မကွေးတိုင်းရှိ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင် စသည့် ခရိုင် လေးခရိုင်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တို့တွင် PDF တပ်များ အားကောင်းမောင်းသန်ရှိနေပြီး နေ့စဉ်တိုက်ပွဲဖြစ်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) တိုက်ရိုက်ကွပ်ကဲမှုအောက် တွင်ရှိသည့် PDF ရော ဒေသခံ PDF ပါ အဖွဲ့များစွာရှိသည်။ စစ်ကောင်စီတပ်က ရွာစဉ်ပတ် မီးရှို့ရမ်းကားနေသော်လည်း ရွာလုံးကျွတ် ခုခံအံတုနေကြသောအညာ ဖြစ်သည်။ အစောပိုင်းကာလက မိုင်းခွဲ၊ ချောင်းပစ်တိုက်ပွဲများဖြင့်သာ အစပြုခဲ့ရသော်လည်း ယခု နှစ်နှစ်အတွင်း အညာ PDF များသည် ရဲစခန်းများ၊ စစ်တပ်နှင့် ပျူစောထီးပူးပေါင်း တပ်စွဲထားသည့် စခန်းများသာမက ကန်နီ တာဝါတိုင်စခန်းကဲ့သို့သော စစ်တပ်အင်အား ၃၀ ခန့် တပ်စွဲထားသည့် စခန်းများကိုပါ တိုက်ခိုက်ပြီး လက်နက်ခဲယမ်းမီးကျောက်များပါ သိမ်းပိုက်ရရှိသည်။
ဗန်းမောက်၊ အင်းတော်၊ ဟုမ္မလင်းဒေသများ၊ ကသာ၊ ထီးချိုင့်၊ ရွှေကူဒေသများတွင် PDF များက ချေမှုန်းရေးတိုက်ပွဲများ တိုက်နေသည်။ ထို့ပြင် ကပစ စက်ရုံများကို ဦးတည်တိုက်ခိုက်ခြင်းများ ပြုလုပ်လာနိုင်သည်။ တန့်ဆည်၊ မဟာမြိုင်၊ ကလေးကားလမ်းနှင့် ရွှေဘို၊ မြစ်ကြီးနား ကားလမ်းတလျှောက် PDF များက ဂိတ်ဖွင့်၍ ထိန်းချုပ်ထားနိုင်သည်။
မန္တလေးမြောက်ဘက် မတ္တရာ၊ တကောင်းဒေသတွင် PDF များ၏ လှုပ်ရှားမှုများ တွေ့နေရသကဲ့သို့ ၂၀၂၃ ခုနှစ်ထဲတွင် နောင်ချို၊ ပြင်ဦးလွင်မြောက်ဘက်ခြမ်းတွင် ထွက်ပေါ်လာသည့် မန္တလေး PDF တပ်ဖွဲ့၏ လှုပ်ရှားမှုမှာလည်း မှင်သက်စရာပင်။
မန္တလေး PDF ၏လှုပ်ရှားမှုကို ၂၀၂၂ ခုနှစ်ကတည်းက ကြားသိနေရသော်လည်း ယခု ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း တွေ့ရသည်က ထူးခြားသည်။ မန္တလေး PDF များသည် စစ်ကောင်စီတပ် အင်အား တပ်ရင်း ခြောက်ရင်း၊ ခုနစ်ရင်းခန့်ကို ရက် ၂၀ ကျော် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲ၊ ခံစစ်တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးတဦး အပါအဝင် အင်အား ၁၀၀ ခန့် သေကြေဒဏ်ရာရစေခဲ့သည်။ ဤတွင် PDF များ၏ တိုက်ရည်ခိုက်ရည်ကို တွေ့ရသကဲ့သို့ PDF များ၏ လက်နက်တပ်ဆင်နိုင်မှု၊ ခဲယမ်းဖြည့်တင်းနိုင်မှု မြင့်တက်လာသည်၊ ကောင်းမွန်လာသည်ကို ဤရက်ရှည် တိုက်ပွဲဝင်နိုင်မှုက ဖော်ပြနေသည်။
PDF တောင်ပိုင်းတိုင်း လက်အောက်ခံ PDF ပဲခူးစစ်ဒေသခွဲ လက်အောက်ရှိ တောင်ငူ၊ ပဲခူး၊ ပြည်၊ သာယာဝတီ ခရိုင်များရှိ PDF တပ်များသည်လည်းကောင်း၊ မွန်ပြည်နယ် ရေး၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်း မြို့နယ်များတွင်လည်းကောင်း၊ တနင်္သာရီတိုင်း ထားဝယ်၊ တနင်္သာရီ၊ ပုလော၊ ဘုတ်ပြင်း ဒေသတလျှောက်ရှိ PDF တပ်များသည်လည်းကောင်း မိမိတပ်ဖွဲ့သီးခြားဖြစ်စေ၊ KNU နှင့် ပူးတွဲ၍ဖြစ်စေ ပုံမှန်စစ်ဆင်ရေးများ ပြုလုပ်နိုင်သည်။ လှုပ်ရှားမှုအနည်းဆုံး ဒေသအဖြစ် သတ်မှတ်ခြင်းခံရသည့် ဧရာဝတီတိုင်းတွင်ပင် ၂၀၂၃ ခုနှစ်ထဲ၌ ဟင်္သာတခရိုင် PDF တပ်ရင်း ဖွဲ့စည်းလှုပ်ရှားသည်။
ထို့ပြင် PDF လှုပ်ရှားမှုများကို ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ချောင်ဦး၊ မြင်းမူ၊ မြောင်မြို့နယ်များ၊ မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ မလှိုင်၊ ငါ့သရောက် သုံးပွင့်ဆိုင်နယ်များသာမက ကျောက်ပန်းတောင်းမြို့နယ် အတွင်းတွင်ပါ တွေ့ရသည်။ ယခင် နယ်စပ်ဒေသ၊ တောတောင်ထူထပ်သော ဒေသများတွင်သာ စစ်ကောင်စီတပ်ကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နိုင်သည့် မြေအနေအထားရှိသည်ဟု ကြည့်မြင်ကြရာမှ မြန်မာပြည်အလယ်ပိုင်း မြေပြန့်လွင်ပြင်တွင်လည်း လူထုထောက်ခံမှုအပြည့်ဖြင့် ခုခံစစ်ပွဲ၊ ပြောက်ကျားစစ်ပွဲများ ပေါ်ပေါက်လာသည်ကို PDF တို့က ပြသခဲ့သည်။
ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် အဓိကမြို့ကြီးများတွင်လည်း PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ရပ်တန့်မသွားဘဲ ပို၍စနစ်တကျ တိုက်ခိုက်လာနိုင်သည်။ စစ်တပ်စခန်း၊ ရဲစခန်းများသာမက ရန်ကုန်မင်္ဂလာဒုံလေတပ်စခန်းအပြင် စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းကြီးများကိုပါ တိုက်ခိုက်လာနိုင်သည်။
လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံရှိသည့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် လက်တွဲ၍ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာခဲ့သော PDF, CDF, KNDF စသည့် တပ်ဖွဲ့များသည် နှစ်နှစ်သားအရွယ်တွင် တိုက်ရည်ခိုက်ရည် လျင်မြန်စွာ တက်လာသည်ကို ငြင်းပယ်၍မရပေ။ အဆိုပါ PDF များနှင့် တိုက်ရသောတိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများသာမက အတွဲလိုက်ပစ်သည့် ဒုံးများကိုပါ အသုံးပြု တိုက်ခိုက်နေရသော်လည်း ထီကနဲဆို ကွဲနေသည်က စစ်ကောင်စီတပ် ဖြစ်နေသည်။ ငှက်ကြီးတောင်ဓားကြီး ဆွဲပြီးထွက်သွားလိုက်၊ ခေါင်းကွဲထိပ်ပေါက်ပြီး ပြန်လာလိုက် ဖြစ်နေသည်က စစ်ကောင်စီတပ် ဖြစ်နေသည်။ ယခုနှစ်အတွင်း PDF များနှင့် တိုက်သောတိုက်ပွဲများတွင် တပ်ရင်းမှူး၊ ဗျူဟာမှူးများပင် တဖြုတ်ဖြုတ်သေနေသည်။
‘ပုတတ်တွေ’ ဟု စစ်တပ်နှင့်စစ်တပ်လော်ဘီများက လှောင်ပြောင်သရော်ခဲ့ကြသော PDF တပ်ဖွဲ့ဝင်များ၏ အခြေအနေသည် နှစ်နှစ်တာကာလအတွင်း တိုးတက်မှုများသည်ဟု ဆိုရမည်။ ခုခံစစ်ပွဲအတွက် မိုင်းများ၊ ဗုံးများ၊ မော်တာကျည်များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ငယ်များကို PDF တို့ ကိုယ်တိုင်ဖန်တီးထုတ်လုပ်သည်ကို တိုင်းပြည်အနှံ့တွေ့ရသည်။
မျိုးဆက်သစ် PDF များ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို မြန်မာပြည်နေရာအနှံ့တွင် တွေ့ရပြီး စစ်ကောင်စီတပ်ကို ခြိမ်းခြောက်နိုင်သည့် လက်နက်လည်းဖြစ်လာသည်။ ထို့ပြင် နှစ်နှစ်တာကာလအတွင်း တနိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော်၊ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း၂၅၀ ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားနိုင်ပြီး လက်နက်ခဲယမ်း တပ်ဆင်ခြင်းကို တစထက်တစ တိုးချဲ့ဆောင်ရွက်နိုင်သည်။
PDF များအပြင် PLA, BPLA, SAF, PRA, PIO/PIA စသည့် အခြားအမည်များဖြင့် ဖွဲ့စည်းထားကြသည့် ဒီမိုကရက်တစ် လက်နက်ကိုင်အင်အားစုများသည် NUG/PDF များ၊ EAO များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်အား ဒေသအလိုက် တိုက်ခိုက်နေသည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းမှစ၍ PDF များနှင့် PDF များပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် ပူးပေါင်းစစ်ကြောင်းများသည် စစ်ရှိန်မြှင့်လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ PDF နှင့် တပ်ပေါင်းစုများ ဖော်ဆောင်ခဲ့ကြသည့် တိုက်ခိုက်မှုများမှာ ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲ၊ လေတပ်စခန်း တိုက်ခိုက်မှု ၆ ခု၊ လက်နက်စက်ရုံများ တိုက်ခိုက်မှု ၉ ခု၊ ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု ၁၁ ခု အထိရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က PDF များကို ခြောက်လအတွင်း အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့သော်လည်း နှစ်နှစ်ကာလ ပြည့်သောအချိန်အခါတွင် PDF တပ်ဖွဲ့များက ပို၍ စနစ်တကျ ဖွဲ့စည်းနိုင်သည်၊ ပို၍ လက်နက်ခဲယမ်း တပ်ဆင်နိုင်သည်၊ ပို၍ စနစ်တကျ တိုက်ခိုက်လာနိုင်သည်၊ ပို၍ တိုက်ရည်ခိုက်ရည် တိုးတက်လာသည်။
မင်းတပ် PDF ၏ တိုက်ပွဲ နိဂုံးချုပ်စာရင်းအရ ၂၀၂၁ ဧပြီလ မှ ၂၀၂၃ ဧပြီလအထိ နှစ်နှစ်တာကာလအတွင်း မင်းတပ် PDF နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း ၂၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၅၄ ဦး သေဆုံးကာ မင်းတပ် PDF က ၅၅ ဦး ကျဆုံးသည်ဟု ထုတ်ပြန်ခဲ့သည်။
အလားတူပင် ကရင်နီ KNDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်အတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲပေါင်း ၁၃၀ ကျော် ဖြစ်ပွားသည့်အနက် KNDF ပါဝင်ဦးဆောင်သည့် တိုက်ပွဲ ၈၁ ပွဲ၊ KNDF မှ ကျဆုံး ၁၃ ဦး၊ ဒဏ်ရာရှိသူ ၂၄ ဦးရှိပြီး စစ်ကောင်စီတပ်ဘက်မှ ၂၉၄ ဦးသေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာရရှိခဲ့သည်။ KNDF ၏ ၂၀၂၂ ခုနှစ် တိုက်ပွဲစာရင်းချုပ် ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၃၄၁ ကြိမ် ဖြစ်ပွားပြီး KNDF ဘက်မှ ၆၅ ဦး ကျဆုံးသည်။ စစ်ကောင်စီတပ်ဘက်မှ ၇၉၇ ဦးသေဆုံးပြီး ၉၃ ဦး ဒဏ်ရာရရှိသည်။ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၅၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့ပြင် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း တိုက်ပွဲ ၅၀ ဖြစ်ပွားပြီး ရန်သူ ၇၀ သေဆုံး၍ မိမိရဲဘော် သုံးဦးကျဆုံးကြောင်း၊ လက်နက်ငယ် ၅၂ လက်၊ လက်နက် ကြီး ၇ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်းနှင့် ရန်သူ့စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိကြောင်း၊ ဧပြီလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်ရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားပါသည်။
နွေဦးတော်လှန်ရေး အစပိုင်းကာလက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများသော်လည်း နောက်ပိုင်းတွင် PDF များနှင့် ဖြစ်ပွားသည့်တိုက်ပွဲက ပိုများလာသည်။ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈,၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ PDF နှင့် ဖြစ်ပွားသောတိုက်ပွဲက ပိုများခဲ့၏။ ၂၀၂၃ ခုနှစ် ပထမသုံးလအတွင်း တိုက်ပွဲ ၆၈၀ ဖြစ်ပွားခဲ့ရာ ၃၉၀ ကျော်မှာ PDF များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ISP – မြန်မာက ပြုစုထားသော အချက်အလက်များအရ တွေ့ရ၏။
စစ်တပ်နှင့်စစ်တပ်လော်ဘီများက ပုတတ်များဟူ၍ လှောင်ပြောင်ခဲ့သော PDF များ၏ တိုက်ပွဲဝင်နိုင်မှုသည် PDF များကို အလွယ်တကူ အလျင်အမြန် ချေမှုန်းနိုင်မည်ဟု စိတ်ကူးယဉ်နေသော စစ်ကောင်စီတပ်၏ အိပ်မက်ကို ပျက်ပြယ်စေခဲ့ပြီဖြစ်သည်။ လက်တွေ့ စစ်မြေပြင်တွင် နေ့စဉ် အလောင်းပုံနေသည်က စစ်ကောင်စီတပ်ဖြစ်နေ၏။ ကိုယ့်စစ်တပ်က စစ်သားအလောင်းများကို ပြန်မကောက်နိုင်၊ ကောင်းမွန်စွာ သင်္ဂြိုဟ်မပေးနိုင်ကြပေ။ စစ်မြေပြင်တွင် ခွေးသေဝက်သေ သေဆုံးကြပြီး ကျီးထိုးထိုး၊ ခွေးစားစား စွန့်ပစ်ခြင်းခံနေရသည်။
ထိုအလောင်းများကို PDF များက မြှုပ်ပေးနေရသည်။ ထို့ပြင် သေဆုံးသူများတွက် သပိတ်သွပ်၊ ရက်လည်လုပ်ကြမည့် မိသားစုဝင်များသည်လည်း စစ်ကောင်စီတပ်က တားဆီးသည်ကို ခံနေရသည်။ ကျယ်ကျယ်လောင်လောင် ဝမ်းမနည်းရဲကြ၊ မငိုရဲကြ၊ တိတ်တဆိတ် ဖြတ်သန်းနေကြရသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်သွားသည်ဟူ၍ ဂုဏ်မဖော်ရဲကြပေ။ လူမသိသူမသိ ဇာတ်သိမ်းနေကြရသည်။
PDF ရဲဘော်များကျဆုံးပါက ကောင်းမွန်စွာ သင်္ဂြိုဟ်ကြသည်။ အခမ်းအနားနှင့် သင်္ဂြိုလ်သည်။ မည်သည့်တိုက်ပွဲတွင် မည်သူမည်ဝါ ကျဆုံးသည်ကို PDF များ အတိအလင်းကြေညာသည်။ မကြေညာရဲစရာလည်း မရှိ။ ပြည်သူအတွက် အသက်စွန့်တိုက်ပွဲဝင်သူများကို ဂုဏ်ပြုမှတ်တမ်းတင်ရမည် ဖြစ်သည်။
PDF များတွင် အားနည်းချက်များ၊ လိုအပ်ချက်များ၊ အမှားများ ရှိနေသေးသည်ကတော့ အမှန်ပင်။ ငြင်းပယ်ရန် မရှိပေ။ အမှားများ၊ အားနည်းချက်များ၊ လိုအပ်ချက်များကို ဆန်းစစ်ရမည်။ ပြုပြင်ရဦးမည်၊ ဖြည့်ဆည်းရဦးမည်။ သို့သော် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် AA ၊ ၂၀၀၉ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့ရသည့် MNDAA ၊ ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့်TNLA တို့နှင့် နှိုင်းယှဉ်ကြည့်ပါက PDF များသည် လူထုအုံကြွမှုကြီးအတွင်းမှ ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးထွားလာသည်။ လူထုထောက်ခံမှု ရရှိခဲ့သည်။ မြန်မြန်ဆန်ဆန် အရွယ်ရောက်လာသည်။
AA ကို ဓာတ်ခဲဟု လှောင်ပြောင်ခဲ့ကြပြီး နှစ်နှစ်ခန့်အကြာတွင် မျက်နှာချိုသွေးနေကြရသည့် စစ်တပ်နှင့် စစ်တပ်လော်ဘီများအနေနှင့် PDF များကို ‘ပုတတ်’ များဟု အထင်အမြင်သေးခဲ့သည့်၊ လှောင်ပြောင်ခဲ့သည့် ကာလသည်လည်း နှစ်နှစ်ခန့်အကြာတွင် ကုန်ဆုံးသွားခဲ့ပြီ။ စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ အတွဲလိုက် ဒုံးကျည်ပစ်ကူများဖြင့် မီးကုန်ယမ်းကုန် ပစ်ခတ်နေကြသော်လည်း နောက်ဆုံး တိုက်ပွဲရလဒ်များတွင်လည်း အလဲလဲအကွဲကွဲဖြင့် နိဂုံးချုပ်နေရသည်။
အခက်အခဲအမျိုးကို ရင်ဆိုင်ကျော်လွှားပြီး ဖွဲ့စည်းမှုရော တိုက်စွမ်းရည်ရော တဆင့်ပြီးတဆင့် မြင့်တက်လာသည့် PDF များကို ‘ပုတတ်’ ဟု လှောင်ပြောင်သည့်ကာလ ကုန်ဆုံးသွားခဲ့ပြီး စစ်တပ်နှင့်စစ်တပ်လော်ဘီများ အသက်လုပြေးရမည့် သို့မဟုတ် မျက်နှာချိုသွေးရတော့မည့်အချိန် မဝေးတော့ပြီ။ PDF များသည် စစ်တပ်ကို အနိုင်တိုက်ပြီး အာဏာသိမ်းနိုင်သည့် အခြေအနေ မရောက်သေးဟု ဆို၍ရပါသည်။ သို့ရာတွင် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် PDF များကို နိုင်အောင်တိုက်နိုင်သည့် အခြေအနေ လုံးဝမရှိတော့ဟု သေချာပေါက် ပြော၍ရပြီဖြစ်၏။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
ခင်မမ / ဧရာဝတီ
9 May 2023
15/03/2023
ဂုဏ်ဆိုတာ ငွေမဟုတ်ပါ
-----------------------
မီးလာသည့်နေ့က တီဗီလေးဘာလေး ဖွင့်ကြည့်မိသည်။ အိန္ဒိယကားတစ်ကားနှင့် သွားတိုးသည်။ သွားတိုးသည့် အခန်းကလည်း ဇာတ်ရှိန်မြင့်နေသည့်အချိန်။ ကားအမည်တော့ မမှတ်မိ။ အစအဆုံး ကြည့်ရသည်လည်း မဟုတ်။ ကြည့်မိသလောက်သာ ပြောနိုင်ပါမည်။
ကြွေးရှင်ချစ်တီးက အမျိုးသမီးကြီးတစ်ဦးထံတွင် ကြွေးတောင်းသည်။ သူကြွေးတောင်းရာ နေရာကား လူစည်ကားရာ ဈေးလိုနေရာဖြစ်သည်။ သူ့ကြွေးကို မပေးသောကြောင့်ဆိုကာ ရိုင်းစိုင်းစွာပြောဆိုသည်။ ထိုအချိန်တွင် သားဖြစ်သူ (ဇာတ်လိုက်ထင်သည်) ရောက်လာကာ ကြွေးရှင်ကို ထိုးမည် ကြိတ်မည် လုပ်သည်။ မိခင်ကတားသည် ရန်မဖြစ်ရန် ကတိတောင်းသည်။
သားဖြစ်သူက ကြွေးရှင်ကို သူ့မိခင် ပေးစရာကြွေးမည်မျှရှိကြောင်းမေးသည်။ အရင်း ၆၀၀၀၊ အတိုးက ၆၅၀၀ ဖြစ်နေသည်။ သားဖြစ်သူက
“ခင်ဗျားအကြွေးကို မနက်ဖြန်လာဆပ်မယ်” ဟုပြောလိုက်သည်။
ကြွေးရှင်ကလည်း လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်သည်။
သားဖြစ်သူက သူတို့ပိုင် ကျွဲကိုရောင်းလိုက်သည်။ နောက်တစ်နေ့တွင် သူ့မိခင်ကိုခေါ်ပြီး ကြွေးရှင်ထံ ကြွေးသွားဆပ်သည်။
“ရော့အရင်း ၆၀၀၀”
“ရော့ အတိုး ၆၅၀၀”
ကြွေးရှင်ကလည်း လက်ခံကာ လှည့်ထွက်မည်ပြုသည်။ သားဖြစ်သူက
“ဟေ့လူ ကျွန်တော်တို့က ပေးစရာရှိတာ အကုန်ပေးပြီးပြီ ... ခင်ဗျား ကျွန်တော်တို့ကို ပေးစရာ ကျန်သေးတယ်” ဟုပြောလိုက်သည်။
ကြွေးရှင်က ပြန်လှည့်လာပြီး
“မင်းကသာ ငါ့ကို ပေးစရာရှိတာ ... ငါက ပေးစရာ ဘာမှ မရှိဘူး” ဟုပြောသည်။
သားဖြစ်သူက
“ခင်ဗျား အမေ့ကို လူကြားထဲမှာ အရှက်ခွဲခဲ့တဲ့အတွက် ... ကျုပ်တို့ကို ပြန်ပြီး ပေးရမယ်” ဟုဆိုလိုက်သည်။
“မင်းအမေကို ငါဘာပြန်ပေးရမှာလဲ”
“ဂုဏ်သိက္ခာ”
ရုပ်ရှင်ထဲက မင်းသားကတော့ သူ့အမေအတွက် ဂုဏ်သိက္ခာကို ရအောင်ပြန်တောင်းသွားသည်။
လူတစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရာတွင် စောင့်စည်းထိန်းသိမ်းအပ်သည့် ကျင့်ဝတ်သိက္ခာတို့ ရှိပါသည်။ “ဂုဏ်” ဆိုသည်မှာ သက်ရှိ၊ သက်မဲ့တို့၏ အရည်အချင်း၊ အစွမ်းသတ္တိဖြစ်သည်။ သက်ရှိ မှာလည်း ဂုဏ်ရှိသလို၊ သက်မဲ့တွင်လည်း ဂုဏ်ရှိသည်။ သူ့ဂုဏ်နှင့်သူ၊ သူ့အရည်အချင်းနှင့်သူ၊ သူ့အစွမ်းနှင့်သူ ဂုဏ်ရှိသည်ဖြစ်ရာ မည်သူမျှ စော်ကားပြောဆိုခြင်း မပြုထိုက်ပေ။
ကိုယ့်ကိုယ်ကိုယ် လေးစားတတ်မှ သူတစ်ပါးကိုလည်း လေးစားတတ်သည်။
မာနနှစ်မျိုးနှစ်စားရှိသည်။ ကောင်းသောမာနနှင့် ဆိုးသောမာနဖြစ်သည်။ ကောင်းသောမာနဆိုသည်မှာ ဂုဏ်သိက္ခာရှိအောင်နေခြင်း၊ ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းဖြစ်သည်။ ဆိုးသောမာနဆိုသည်မှာ ဘဝင် မြင့်ခြင်း၊ စိတ်ကြီးဝင်ကာ မတူမတန်သလိုသဘောထားလာခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်ပျက်စီးစေခြင်း ဖြစ်သည်။
ရုပ်ရှင်ကို အကြောင်းပြုပြီး ကျွန်တော်ငယ်စဉ်က အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါသည်။
တစ်နေ့တွင် ကျွန်တော့်အဒေါ်ဖြစ်သူက ကျွန်တော့်အမေထံလာပြီး အကြွေးတောင်းသည်။ အဒေါ်က ချမ်းသာပါသည်။ အမေက မပေးနိုင်သေးသဖြင့် တောင်းပန်သည်။ တောင်းပန်လေ ပိုဆိုးလေ အဒေါ်၏ ဒေါသကပိုထွက်လေ ဆဲဆိုလေဖြစ်လာသည်။
အမေက တစ်ခွန်းမျှပြန်ပြီး မတုံ့ပြန်ပါ။ တောင်းပန်စကားကလွဲ၍လည်း ဘာမျှ မပြောပါ။ အဖေပြန် လာလျှင် အကြွေးလာပေးပါမည်ဟုသာ ပြောရှာသည်။
အဒေါ်က စိတ်ဆိုးဒေါသထွက်သလောက် အမေက စိတ်လည်းမဆိုး၊ ဒေါသလည်း မထွက်သည်ကို ကျွန်တော် အံ့အားသင့်နေမိသည်။ ကျွန်တော်က အိန္ဒိယကားထဲကလိုလည်း လူစွမ်းကောင်းမလုပ်ပါ။ အမေ့ကိုသာ ငေးကြည့်နေမိသည်။
အဒေါ်ဖြစ်သူ ပြန်သွားသည့် အခါတွင် အမေ့ကို မေးကြည့်မိသည်
“အမေ ဘာဖြစ်လို့ ဒေါ်လေးက ဆဲနေတာကို ပြန်မဆဲတာလဲ”
အမေကရယ်ကာ
“သား ရုပ်ရှင်ကြည့်မလား”
“ဟာကြည့်မှာပေါ့အမေ”
“ကဲ သွားကြမယ် ... အင်္ကျီလဲ”
အမေက ပြောပြောဆိုဆိုနှင့် လျှော်ရန်အဝတ်တွေစုထားသော အဝတ်ခြင်းထဲမှာ ကျွန်တော့် အင်္ကျီလေး တစ်ထည်ကို ရွေးထုတ်လိုက်သည်။
“ကဲ ... ရော့ ... အဲဒီ အင်္ကျီလဲလိုက်”
“ဟာ ... အမေကလည်း ဒီလောက်နံစော်နေတာကို ရုပ်ရှင်သွားရင် ဝတ်ရမှာလားလို့”
“နံစော်တာတွေကို မဝတ်ဘူး ဟုတ်လား”
“ဟုတ်တယ်လေ”
“စောစောက မင်းဒေါ်လေး ပြောသွားဆိုသွားတာတွေဟာ ဒီအဝတ်လိုပဲကွ ... နံစော်နေတာ။ နံစော်တာကို သားကြိုက်လား”
“မကြိုက်ပါဘူး”
“မကြိုက်ရင် မဝတ်နဲ့ ... လက်မခံနဲ့ပေါ့ကွ ... အဲဒီတော့ ဘာဝတ်မလဲ”
“ဗီရိုထဲက မီးပူတိုက်ထားတာဝတ်မှာပေါ့”
“အေးပေါ့ကွ ... သန့်ရှင်းတာ ဝတ်မှာပေါ့ ... မသန့်ရှင်းတဲ့အဝတ်ကို မင်းကိုယ်မှာ မဝတ်ချင်သလိုပဲ ... မသန့်ရှင်းတဲ့ ... ညစ်ပတ်တဲ့ .... ဂုဏ်သိက္ခာမရှိစေတဲ့စကားတွေကို သားပါးစပ်က ဘယ်တော့မှ မထွက်မိ အောင်ကြိုးစား ... သူများက သားကို လာပြီးညစ်ပတ်အောင် လုပ်မယ်ဆိုလည်း ရှောင်လိုက်သိလား ... သားကိုလာပြီး ညစ်ပတ်သွားလိမ့်မယ်”
ကျွန်တော့်အမေ၏ တန်ဖိုးရှိသောစကား ကျွန်တော် တစ်သက်မမေ့ပါ။
၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့ကဖြစ်သည်
ထိုစဉ်က နဝတအစိုးရ၏ ရထားပို့ဆောင်ရေးဝန်ကြီး ဦးဝင်းစိန်သည် အင်းတော်မြို့နယ် လယ်ပြင်ကျေးရွာ မူလတန်းကျောင်းသို့ရောက်လာသည်။
“မတက်ရောက်ပါက မတက်ရောက်သူ၏ တာဝန်သာဖြစ်သည်” ဆိုသော ဆင့်ခေါ်မှုကြောင့် ကျေးလက်နေ ပြည်သူများ ထိုပွဲကို ရောက်လာကြရသည်။
ထိုပွဲတွင် ဦးဝင်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို မကြားဝံ့ မနာသာသော စကားလုံးများဖြင့် စွပ်စွဲပြောဆို တိုက်ခိုက်ပါတော့သည်။ ဝန်ကြီးတစ်ယောက် ဂုဏ်သိက္ခာနှင့်ပင် မတန်သော အဆင့်အတန်းနိမ့်ကျသည့် စကားလုံးများကို သုံးစွဲခဲ့ပါသည်။
ထိုဝန်ကြီးက လူထုကြီးကို ဒေါနှင့်မောနှင့် လက်သီးလက်မောင်းတန်းကာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သော စကားများ သူနှင့်အတူလိုက်ပြီးကြွေးကြော်ရန် တိုင်ပေး၊ မြှောက်ပေး၊ သွေးထိုးပေးသော်လည်း လူထုကြီးထံက တစ်သံမျှ မထွက်လာခဲ့ပါ။
ဦးဝင်းစိန်ကိုယ်တိုင်က လူထုကြီးကို အံ့ဩစွာဖြင့် ကြောင်၍ကြည့်နေရသည်။
လူထုသည် ချက်ချင်းတုံ့ပြန် ဒဏ်ခတ်တတ်သည်။
တိတ်ဆိတ်ခြင်းက ပိုပြီးကြောက်စရာကောင်းပါသည်။
(ကိုးကား - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ်တမ်း၊ ၁၉၈၈-၂၀၁၀၊ မုံရွာအောင်ရှင်)
တင်ညွန့်
၁၄.၃.၂၀၂၂ ူရင်းအား
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Pyay