May Htwe Shin

May Htwe Shin

Share

For your skin for your age

28/08/2026

“အကွာအဝေးတစ်ခု ခြားထားဖို့”

🔳 Distance is healthy တဲ့။

ဒီဘက်နောက်ပိုင်း မကြာခဏ ပြောဖြစ်နေတာကတော့ ဘယ်နေရာမှ အစွန်းမရောက်ဖို့ပဲ။ ဘဝဆိုတာ ဟန်ချက်ကို အမြဲထိန်းညှိနေရတာ ဖြစ်ပါတယ်။

ခုပြောမယ့် အကြောင်းအရာကလည်း ဒီလိုပဲ။ တစ်ဖက်စွန်း ရောက်နေသူတွေကို ပြန်သတိပြုမိစေချင်တဲ့အရာ။

ဘယ်တစ်ဖက်စွန်းလဲ ဆိုတော့ “အရာရာကို စိတ်နှစ်ပြီး ခံစားတတ်တဲ့အစွန်း” ပေါ့။

🔳 ဘာပဲလုပ်လုပ် စေတနာ ပါရတယ်။ ချစ်ခြင်းမေတ္တာ ပါရတယ်။ ကိုယ်ချင်းစာတရား ထားရတယ်။ မဟုတ်ရင် Tick the box လုပ်နေတဲ့သူတွေ ဖြစ်သွားလိမ့်မယ်။ ဒါ လုပ်ရမှာမို့ လုပ်ပေးလိုက်တယ်။ ဒီအပြင် မပိုဘူး။ သူ့တာဝန်ရဲ့ အပြင်ဘက်ကို ကျော်လွန်ပြီး ဘာဆိုဘာမှ မလုပ်ဘူး။

အဲဒီလိုဆိုရင်လည်း ပညာတွေ ဘယ်လောက်တော်တော်၊ ဘယ်တက္ကသိုလ်က ဘာဘွဲ့တွေ ရလာလာ၊ အလုပ်မှာ ထူးထူးခြားခြား အောင်မြင်မှုရဖို့ မလွယ်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်ကြီးမှု၊ လေးစားမှု မရနိုင်သလို၊ နောက်လိုက်တွေ အသိအမှတ်ပြုတဲ့ ခေါင်းဆောင်မျိုးလည်း ဖြစ်မလာဘူး။

🔳 ဆရာဝန်ဆို လူနာခံစားနေရတာကို ကိုယ်ခံစားနေရသလို စာနာတတ်ရမယ်။ ပုံမှန်အနေအထားမှာ ကိုယ့်ကိုစောင့်နေရတဲ့အချိန် ၁ မိနစ်ထက် လူနာ၊ လူနာရှင်တွေ စောင့်နေရတဲ့အချိန် ၁ မိနစ်ဟာ ပိုကြာညောင်းမှန်း သိရမယ်။

ရှေ့နေဆို ကိုယ့်အမှုသည်တွေရဲ့ ပူပင်သောကကို ခံစားနိုင်ရမယ်။ ငွေရရုံသက်သက် လုပ်နေတာ မဟုတ်ရဘူး။

ဧည့်သည်က အထုပ်တွေအများကြီးနဲ့ ဝင်လာတယ်။ ဟုတ်တယ်၊ ကိုယ့်တာဝန်ထဲ သွားကူသယ်ပေးရမှာ မပါဘူး။ ဒါပေမဲ့ ကူညီပေးတယ်။ သယ်ပေးနိုင်မယ့် တခြားဝန်ထမ်းကို ခေါ်ပေးတယ်။ ဧည့်သည်ရဲ့ စိတ်ကျေနပ်မှုက တအားတက်သွားမယ်။

ဒါက အလုပ်လုပ်တဲ့အခါ စေတနာ ဘာကြောင့်ထားသင့်တယ်၊ ဘာကြောင့် စိတ်နှစ်ထားသင့်တယ်၊ အဖြစ်လုပ်တာထက် အလုပ်ဖြစ်အောင် လုပ်သင့်တယ် ဆိုတဲ့ ဥပမာတွေ။

🔳 တချို့ကျ အနှစ်လွန်သွားတယ်။ အရာရာ ရင်ဘတ်ကြီးနဲ့ ခံစားတယ်။ လူတကာရဲ့ ဒုက္ခကို ကိုယ့်ဒုက္ခ လုပ်ပစ်တယ်။ ကိုယ်မကူညီနိုင်တာတွေအတွက် အပြစ်ရှိသလို ခံစားနေရတယ်။ အဲဒီလို လူတွေအတွက် ဒီစာကို ရေးတာ။

“Distance is healthy.”

အကွာအဝေးကလေးတစ်ခု ခြားထားဖို့ သတိရစေချင်တယ်။

🔳 ကိုယ်က အရာရာကို တတ်နိုင်နေရအောင် နတ်ဘုရားလည်း မဟုတ်ဘူး။ လူတကာကို ကယ်တင်နိုင်ရအောင် စူပါပါဝါတစ်ခုခု ရှိနေတာလည်း မဟုတ်ဘူး။ ကိုယ့်ပျော်ရွှင်မှုတွေကို စတေးပြီး ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်နေရအောင် ကုန်သွားတဲ့အချိန်တွေဆိုတာ ပြန်ရနိုင်တာမျိုးလည်း မဟုတ်ဘူး။

သူများအပူကို ကိုယ့်အပူ လုပ်ပါများလာတော့ ဘာဖြစ်လာလဲဆို အမြဲတမ်း စိတ်ပင်ပန်းနေရတယ်။ ဖိစီးနေရတယ်။ ရေရှည်မှာ ကိုယ့်ကျန်းမာရေးအတွက် မကောင်းဘူး။ ခဏခဏလည်း ပြိုလဲနေရလိမ့်မယ်။ ဒီအခါ ကိုယ်လုပ်သင့်တာတွေလည်း လုပ်နိုင်တော့မှာ မဟုတ်ဘူး။

ဒါကြောင့် စည်းကလေးတစ်ခု ထား။ အကွာအဝေးတစ်ခု ခြားထား။

🔳 ဗြဟ္မာစိုရ်တရား ၄ ပါးမှာ ပါတဲ့ ဥပေက္ခာဆိုတာ အဲဒါပဲလေ။ လူတွေက လျစ်လျူရှုခြင်း (Negligence) နဲ့ မှားနေကြတာ။ တကယ်တော့ မယိမ်းမယိုင် တည်ငြိမ်သောစိတ်ထား ကို ခေါ်တာ။ ရှေ့ ၃ ခု- မေတ္တာ၊ ကရုဏာ၊ မုဒိတာထက် ထားရပိုခက်တယ်။

လူနာတစ်ယောက် ဆုံးပါးသွားပြီ။ ကိုယ်ခံစားနေရပြီ။ ကိုယ့်အမှုသည် မနိုင်ဘူး။ ထိခိုက်နေရပြီ။ အခုကာလ ဘယ်နေရာမှာ ရေကြီးပြန်ပြီ၊ လေကြောင်းကနေ ဒုက္ခပေးသွားပြန်ပြီ၊ အစာရေစာ ပြတ်လပ်နေပြီ၊ သတင်းတစ်ခု တက်လာတိုင်း အပြစ်ရှိသလို ခံစားနေရပြီ။

ဒါတွေက မေတ္တာ၊ ကရုဏာကြောင့် ဖြစ်လာတာတွေပဲ။ သို့သော် ဥပေက္ခာနဲ့ မထိန်းကွပ်နိုင်တဲ့အခါ ပင်ပန်းရတာပေါ့။

🔳 ကိုယ့်အလုပ်က အကောင်းဆုံးကုသပေးဖို့။ လူနာတိုင်းကိုတော့ အသက်ကယ်ပေးနိုင်မှာ မဟုတ်ဘူး။

ကိုယ့်အလုပ်က အကောင်းဆုံးသင်ကြားပေးဖို့။ တပည့်တိုင်း ထူးချွန်အောင်၊ စိတ်ကောင်းနှလုံးကောင်းလေးတွေ ရှိလာအောင်တော့ လုပ်ပေးလို့ မရဘူး။

ကိုယ့်အလုပ်က ကိုယ့်သားသမီးတွေကို ချစ်ခြင်းမေတ္တာပေးဖို့။ သူတို့ဘဝ မြင့်မားလာအောင်တော့ ကိုယ်ဝင်ကြိုးစားပေးလို့ မရဘူး။

ကိုယ့်အလုပ်က မိဘကို ပြုစုစောင့်ရှောက်ဖို့။ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို မကြည့်ရက်လို့ ဆိုပြီး ကိုယ်မျှခံပေးလို့ မရဘူး။

ကိုယ့်အလုပ်က ကိုယ်နဲ့ထိစပ်လိုက်သူတိုင်းရဲ့ ဘဝကို လှပသွားစေဖို့။ တကမ္ဘာလုံး၊ တနိုင်ငံလုံးက လူတွေကိုတော့ ကိုယ်ကယ်တင်ပေးလို့ မရဘူး။

🔳 ဘဝမှာ ပျော်ရွှင်ချင်ရင် ကယ်တင်ရှင်မျှော်တဲ့သူလည်း မဖြစ်စေနဲ့။ ကယ်တင်ရှင်လည်း မဖြစ်ချင်နဲ့။ ကိုယ့်ဘဝ ကိုယ်တာဝန်ယူ။ သူများဘဝလည်း သူများပဲ တာဝန်ယူလိမ့်မယ်။ ကိုယ်က ဘေးကနေ လိုအပ်တာ လုပ်ပေးမယ်၊ လမ်းပြပေးမယ်၊ ကူညီပေးမယ် ဆိုတဲ့ အကွာအဝေးကလေးမှာ နေ။

အပေါ်မှာ ရေးခဲ့သလို၊ ဘဝဆိုတာ ဟန်ချက်ကို အမြဲထိန်းညှိနေရတာပါပဲ။ ရင်ဘတ်နဲ့ ခံစားမှ လူပီသတာပါ။ သို့သော် အခံစားလွန်နေရင်လည်း မကောင်းတာမို့ ဒီစကားလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးစေချင်တယ်။

“Distance is healthy.” ပါ။

ဒေါက်တာ ဖြိုးသီဟ
၂၅.၈.၂၀၂၆

27/08/2026
27/08/2026
25/08/2026
Want your business to be the top-listed Beauty Salon in Sittwe?
Click here to claim your Sponsored Listing.

Category

Website

Address


Sittwe
07014

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00