Sting and Angel

Sting and Angel

Share

It's time to health and beauty for you Personal Trainer

Photos from Sting and Angel's post 19/08/2022
23/03/2022

ဝိတ်ကျစေဖို့ ဘယ်လိုအသီးမျိုးလေးတွေကို ဒိန်ချဉ်နဲ့ရောပြီး ဖျော်သောက်သင့်သလဲ။

ကိုယ်ကိုတိုင်က ဝိတ်ချဖို့ကြိုးစားနေပေမဲ့ တစ်ခါတစ်လေ ဖျော်ရည်တစ်ခုခုကိုသောက်ချင်နေမိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ဖြစ်စေမှာ အသေအချာပါပဲ။ ဒိန်ချဉ်သောက်ခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီးရှိတဲ့အပြင် ကိုယ်အလေးချိန်လျော့ချစေဖို့ကိုလည်း အထောက်အကူပြုနိုင်တဲ့ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒိန်ချဉ်သောက်ခြင်းဟာ အဓိကအားဖြင့် အစာစားချင်စိတ်ကိုတားဆီးပေးတာကြောင့် ဝိတ်ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ကယ်လိုရီကိုလောင်ကျွမ်းစေပြီး ကြွက်သားများတည်ဆောက်ရာတွင်လည်း ကူညီပေးနိုင်ပါတယ်။ အိပ်မပျော်တဲ့သူတွေအတွက် အိပ်ပျော်စေဖို့ အထောက်အကူပေးနိုင်တာကြောင့် အိပ်ရေးပျက်ခြင်း အိပ်ရေးမဝခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကိုယ်အလေးချိန်ပုံမှန်မဖြစ်တဲ့ပြဿနာအပေါ်မှာလည်း ဖြေရှင်းပေးနိုင်ပါတယ်။

ဒါဆို သင်ကိုယ်တိုင်ကလည်း ဒိန်ချဉ်ကိုကြိုက်နှစ်သက်ပြီး ဖျော်ရည်တစ်ခုအနေနဲ့သောက်ချင်တယ်ဆို ရွေးချယ်သင့်တဲ့အသီးတွေကတော့ ငှက်ပျော်သီး၊ စတော်ဘယ်ရီနဲ့ ထောပတ်သီးနဲ့ ပန်းသီးလိုမျိုး အသီးမျိုးလေးတွေကိုရွေးချယ်ပြီး ဖျော်သောက်ဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့် ဒိန်ချဉ်ကို အသီးတွေနဲ့ရောပြီး ဖျော်သောက်သင့်တာလဲဆိုရင်တော့ ဒိန်ချဉ်တစ်မျိုးတည်းကိုပဲ အမြဲသောက်နေမယ်ဆို တစ်ခုတစ်လေ ရိုးအီလာနိုင်တဲ့အပြင် အသီးမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် သင့်ကို ပိုပြီး ကျန်းမာစေတဲ့သူတစ်ယောက်ဖြစ်စေမှာအမှန်ပါပဲ။ smoothie အနေနဲ့ဖျော်သောက်လို့လည်းရသေးတာကြောင့် တခြားကျန်းမာရေးကိုထိခိုက်စေတဲ့ အချိုရေတွေသောက်မယ့်အစား ဒီလိုမျိုး Fruit Yogurt Smoothie လေးတွေ သောက်ပေးဖို့ recommend ပေးချင်ပါတယ်။

Banana Yogurt Smoothie
Banana Yogurt Smoothie ကတော့ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးတဲ့ အချိန်မှာသောက်ပေးသင့်တဲ့ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ငှက်ပျော်သီးမှာပါဝင်တဲ့ ပိုတယ်စီယမ်ကို ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဒိန်ချဉ်နဲ့ ဖျော်သောက်ခြင်းအားဖြင့် လေ့ကျင့်ခန်းလုပ်ပြီးသွားချိန်မှာ ဆုံးရှုံးသွားတဲ့ အမိုင်နိုအက်ဆစ်တွေအတွက် အားဖြည့်ပေးပြီး ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။

Strawberry Yogurt Smoothie
လူကြိုက်အများဆုံးဖြစ်တဲ့ Strawberry Yogurt Smoothie လေးသောက်ခြင်းအားဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ antioxidants မြင့်မားစွာပါဝင်တဲ့အတွက် အရွယ်တင်နုပျိုစေပြီး နှလုံးရောဂါကိုကာကွယ်ပေးနိုင်တဲ့အပြင် မှတ်ဉာဏ်စွမ်းအင်ကိုလည်းတိုးတက်စေပါတယ်။

Avocado Yogurt Smoothie
ထောက်ပတ်သီးမှာပါဝင်တဲ့ Omega 3၊ ပရိုတင်း နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် Avocado Yogurt Smoothie သောက်ခြင်းအားဖြင့် ဗိုက်ပြည့်လွယ်ပြီး အစားစားချင်စိတ်ကိုလျော့ချပေးနိုင်တဲ့အပြင် ဦးနှောက်ရဲ့မှတ်ဉာဏ်စွမ်းအင်အပေါ်ကိုလည်းအကျိုးရှိစေမှာဖြစ်ပါတယ်။

Apple Yogurt Smoothie
ပန်းသီးမှာ အဓိကအားဖြင့် Vitamin C ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် antioxidants နဲ့အခြားဗီတာမင်နဲ့ သတ္တုဓာတ်များစွာလည်းပါဝင်တာကြောင့် ကျန်းမာရေးအတွက်အထူးအကျိုးရှိပြီး ကင်ဆာနဲ့ သွေးတိုးရောဂါဖြစ်ခြင်းတို့မှကာကွယ်ပေးနိုင်ပြီး နှလုံးရောဂါသမားတွေအတွက်သင့်တော်ပါတယ်။

သတိပြုသင့်တာကတော့ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တစ်နေ့ကို တစ်ခွက်ထက်ပိုပြီး အလွန်အကျွံသောက်သုံးတာမျိုးကိုမလုပ်ဖို့သင့်ပါဘူး။ အဓိကအားဖြင့် သကြားပမာဏကိုထိန်းချုပ်ဖို့လည်းလိုအပ်ပြီး ဖြစ်နိုင်မယ်ဆိုရင် ဆီးချိုသမားတွေအတွက်ထုတ်လုပ်ထားတဲ့ Diabetes sugar (equal sugar) ကဲ့သို့သောသကြားအမျိုးအစားကိုရွေးချယ်ပြီး သောက်ပေးသင့်ပါတယ်။ ဒါ့အပြင်ဆို‌င်တွေမှာဝယ်သောက်တာထက် ကျွန်တော်ကတော့ ကိုယ့်ဘာသာအိမ်မှာဖျော်သောက်မယ်ဖို့အကြံပြုချင်ပါတယ်။

Sting (MFTA, FLS)
Your Personal Trainer

07/03/2022

အစာလျော့စားပြီး ညစာမစားရုံနဲ့ ကိုယ်အလေးချိန်လျော့ချနိုင်မှာလား။

အခုလို ၂၁ ရာစုကိုရောက်နေတဲ့အချိန်မှာ အရင်ကလိုပဲ ကိုယ့်အလေးချိန်လျော့ချဖို့ဆို အစားမစားတာတို့ ညစာမစားဘဲနေတာမျိုးတို့ကို လုပ်ဖို့တွေးမိနေတုန်းဆိုရင်တော့ သင့်ရဲ့ တွေးခေါ်ယူဆချက်အချို့ကို အခုပဲ update လုပ်ပြီးပြုပြင်ဖို့လိုအပ်နေပါပြီ။
အရေးကြီးဆုံးက ဝိတ်ကျရင်ပြီးရောဆိုပြီး ရေတို diet လုပ်ပြီး အစာမစားတဲ့နည်းလမ်းတွေထက် ကိုယ့်အတွက်ကိုက်ညီပြီး ကျန်းမာရေးနဲ့ ညီညွတ်မယ့် Healthy fit ဖြစ်စေမယ့်နည်းလမ်းမျိုးကိုပဲရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ ဝိတ်ချတယ်ဆိုတဲ့နေရာမှာ သင့်အနေနဲ့ အရင်ကလိုပဲ အစာလျော့စားဖို့နဲ့ ညစာမစားဖို့ကိုပဲမရွေးချယ်သင့်တော့ပါဘူး။ ဒီထက်ပိုပြီး ရေရှည်ကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပြီး healthy fit ဖြစ်စေမယ့်နည်းလမ်းတွေလည်းအများကြီးရှိနေပါပြီ။

ဒါကြောင့် ဒီအပတ်မှာတော့ လူတိုင်းအတွက် အဆင်ပြေနိုင်မယ့် အခြေခံ ကိုယ်အလေးချိန်လျော့ချနိုင်မယ့်နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

အမြဲတမ်းအစာလျော့စားဖို့ကြိုးစားတာထက်ကိုယ်စားမယ့်အစားအစာကို ရွေးချယ်စားတတ်ဖို့က နံပတ် ၁ အနေနဲ့အရေးကြီးပါတယ်။ ဥပမာ ညစာရှောင်မယ့်အစား ကိုယ့်ရဲ့ညစာမှာကာဗွန်ဟိုက်ဒရိုတ်၊ Vitamin နဲ့ အမျှင်ဓာတ်‌တွေကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်အသီးအနှံတွေကိုပိုပြီးရွေးချယ်စားပေးသင့်ပြီး နေ့လည်စာကိုတော့ ပရိုတင်းဓာတ်များပြားစွာပါဝင်တဲ့ ပဲအမျိုးမျိုး၊ အသားနဲ့ ငါးတို့ကို ပိုပြီးရွေးချယ်စားပေးတာမျိုးက သင့်အတွက်ပိုပြီးအကျိုးရှိစေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်‌အလေးချိန်လျော့ချဖို့ ကြိုးစားနေတဲ့သူတိုင်းအတွက် အရေးအပါဆုံးအချက်ဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ကလေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် နေ့စဉ် 15 မိနစ်လောက်လမ်းလျှောက်ပေးခြင်း ဒါမှမဟုတ်ရင်တော့ တစ်ပတ်ကို ၂ ကြိမ်လောက်အတတ်နိုင်ဆုံးအချိန်ပေးပြီး home workout လုပ်ခြင်း/gym သွားခြင်း၊ ရေကူးခြင်းနဲ့ အခြားကိုယ်အဆင်ပြေမယ့်လေ့ကျင့်ခန်းတစ်ခုခုကိုရွေးချယ်လုပ်ပေးသင့်ပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ အတတ်နိုင်ဆုံးတစ်နေ့ကို ၂ လီတာထက်မနည်းပဲရေသောက်ဖို့လိုအပ်ပါတယ်။ ရေသောက်ခြင်းဟာ ဝိတ်ကျဖို့တစ်ခုတည်းအတွက်တင်မကပဲ ကိုယ့်ရဲ့အသားအ‌ရည်နဲ့ ကျန်းမာရေးအတွက်ကိုပါအကျိုးရှိတာကြောင့် ရေသောက်ဖို့ကိုလုံးဝမမေ့လိုက်ပါနဲ့နော်။
ဒါ့အပြင် snacks တွေစားတဲ့အခါမှာလည်း အားလုံသိပြီးသားဖြစ်တဲ့ ready made အစားအစာတွေ၊ ဆီကြော်တွေ၊ Soft drink တွေဖြစ်တဲ့ Coca cola, Pepsi စတဲ့အအေးတွေ၊ သကြားပါဝင်မှုများပြားတဲ့ချိုလွန်းတဲ့မုန့်တွေကိုတော့တက်နိုင်သမျှရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ သဘာဝအသီးဖျော်ရည်၊ အစေ့အဆံတွေနဲ့ ပြောင်းဖူး၊ ကန်စွန်းဥစတဲ့ ကျန်းမာရေးနဲ့ အရာတွေကို ရွေးချယ်စားပေးသင့်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ သင့်ရဲ့ အိပ်ချိန်က တစ်နေ့ကို ၇ နာရီထက်မနည်းသင့်ဘူးဆိုတာကိုအမြဲသတိထားဖို့လိုအပ်ပါတယ်။ ညအိပ်ချိန်နောက်ကျခြင်းကလည်း ကိုယ်အလေးချိန်တက်စေတဲ့အချက်တွေထဲကတစ်ချက်ဖြစ်တာကြောင့် ညကို 11 နာရီထက်နောက်မကျပဲ‌ အိပ်ချိန်မှန်အောင်ဂရုစိုက်ဖို့အကြံပြုချင်ပါတယ်။

ဒါဆိုရင် အပေါ်ကအချက်လေးတွေကို အတတ်နိုင်ဆုံးပြင်ဆင်ပြီး ကိုယ့်ရဲ့ Life style အတွက် အလေ့အကျင့်ကောင်းလေးတွေကိုမွေးမြူသွားရင်းအားလုံးပဲ ကျန်းမာပြီး fit ဖြစ်တဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

Sting (MFTA, FLS)
Your Personal Trainer

24/01/2022

နှလုံးရောဂါဝေဒနာရှင်များအတွက် ဘေးကင်းသောလေ့ကျင့်ခန်းများ

တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ထက်မနည်းဘဲကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုယ့်အလေးချိန်လျော့ချပေးစေဖို့တစ်ခုတည်းတင်မကပဲ ကျန်းမာရေးအတွက်ပါ ထိရောက်မှုရှိစေတဲ့အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်တာကြောင့် ‌နှလုံးနဲ့နှလုံးသွေးကြောစနစ်အတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်မှုကိုလျော့ချပေးနိုင်သလို နှလုံးရောဂါခံစားနေရတဲ့သူတွေအနေနဲ့လဲ ရောဂါကိုသက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ နှလုံးရောဂါခံစားနေရပြီး ဆေးကုသမှုခံယူနေရတဲ့သူတွေအနေနဲ့ကတော့ သက်ဆိုင်ရာဆရာဝန်ဆီကခွင့်ပြုချက်ရဖို့လိုအပ်ပါတယ်။ ပုံမှန်ရောဂါမပြင်းထန်တဲ့သူတွေကတော့ မိမိနဲ့ ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီးလုပ်ပေးလို့ရပါတယ်။

နှလုံးရောဂါရှိသူတွေအနေနဲ့အထူးသဖြင့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့ ဒိုက်ထိုးခြင်း၊ ထိုင်ထများသော isometric လေ့ကျင့်ခန်းများကို အလွန်အကျွံပြုလုပ်ခြင်းမျိုးမှ ရှောင်ကြဉ်ပေးဖို့လိုအပ်ပါတယ်။ ရာသီဥတုအရမ်းပူပြီး ချွေးထွက်များသည့်အချိန်မှာ လေ့ကျင့်ခန်းပြင်းထန်စွာလုပ်ခြင်းမျိုးမှဆင်ခြင်ပေးဖို့ အရေးကြီးပါတယ်။ ဒါအပြင် လေ့ကျင့်ခန်းပြုလုပ်ပြီးသည့်အချိန်မှာလည်း ရေဓာတ်ပြည့်ဝအောင် သောက်ပေးသင့်တဲ့အပြင် လုံလောက်တဲ့အိပ်ချိန်နဲ့ အာဟာရပြည့်ဝနေဖို့ကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါတိုင်းမှာ ကောင်းမွန်စွာ Stretching လုပ်ပေးပြီး သွေးပူလေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းတို့ကိုဦးစွာလုပ်ပေးဖို့လိုအပ်ပါတယ်။ နှလုံးရောဂါဝေဒနာရှင်တွေအနေနဲ့ လေ့ကျင့်ခန်းစလုပ်ခါစမှာ အေရိုးဘစ်လေ့ကျင့်ခန်းကဲ့သို့ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးနဲ့ အလေးနဲ့ဆော့တဲ့လေ့ကျင့်ခန်းတွေမှာလည်း သင့်တော်ပြီးသက်တောင့်သက်သာရှိစေမယ့်အလေးမျိုးကိုပဲ Trainer တွေအကူအညီနဲ့စတင်ဆော့ကစားပေးသင့်ပါတယ်။ နှလုံးရောဂါဝေဒနာရှင်တွေအနေနဲ့ မိမိကကိုယ်အလေးချိန်လျော့ချဖို့ကြိုးစားနေတယ်ဆိုရင်တောင်မှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့ အလေးချိန်များတဲ့အ‌လေးတွေမသုံးဘဲ ကြွက်သားတွေကိုသန်မာပြီး သက်လုံကောင်းစေဖို့ကို ဦးစွာလုပ်ပေးဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသက်ရှူသွင်းရှူထုတ်မှန်မှန်လုပ်ပေးပြီး လေ့ကျင့်ခန်းတစ်ခုနဲ့တစ်ခုကြားမှာ စက္ကန့် ၂၀ မှ ၃၀ အတွင်းအနားယူပေးဖို့ကိုလည်း ဂရုစိုက်ပြီးလုပ်ဆောင်ပေးဖို့ မမေ့ပါနဲ့နော် ။

နှလုံးရောဂါရှိသူတွေအနေနဲ့ သာမန်လူတွေလိုမျိုးပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုချက်ချင်းမပြုလုပ်သင့်သေးပေမဲ့ ဖြေးဖြေးနဲ့မှန်မှန်တိုးပြီးလုပ်သွားခြင်းက လေ့ကျင့်ခန်းမလုပ်တာထက် ပိုပြီးထိရောက်မှုရှိတာကြောင့် အားမလျော့ဘဲနေ့စဉ်လုပ်ပေးဖို့ကအရေးကြီးပါတယ်။ ဒါ့အပြင် နှလုံးရောဂါရှိသူတွေအနေနဲ့ diet လုပ်ခြင်းမျိုးကိုမပြုလုပ်သင့်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကို ပိုပြီးစားပေးသင့်ပါတယ်။

အကယ်၍ လေ့ကျင့်ခန်းလုပ်နေစဉ်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မျိုးမှာ ရင်တုန်ခြင်း မူးဝေခြင်းနဲ့ အသက်ရှုမဝခြင်းစတဲ့ ရောဂါလက္ခဏာတစ်ခုခုကိုခံစားရပါက လေ့ကျင့်ခန်းလုပ်ခြင်းမှအနားယူပြီး မိမိရဲ့ကျန်းမာရေးအခြေအနေကို ပြန်လည်စစ်ဆေးပြီးမှ လေ့ကျင့်ခန်းတွေကို ပြန်လည်စတင်ဖို့တိုက်တွန်းချင်ပါတယ်။

Sting (MFTA, FLS)
Star Fitness
Your Personal Trainer

Photos from Sting and Angel's post 10/12/2021

"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။"

"ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"
Sting (Star Fitness)
MFTA , FLS

Silence shall be our loudest WAR CRY!

Photos from Sting and Angel's post 25/11/2021

ကိုယ့်ရဲ့တစ်နေ့တာ စားသောက်နေထိုင်မှု Life style နဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

ကိုယ်က ဝိတ်ချဖို့ကြိုးစားနေတဲ့လူတစ်ယောက်လား ? ဝိတ်တက်ချင်တဲ့ထဲမှာပါတာလား ? ဒါမှမဟုတ် ကိုယ့်ရဲ့လက်ရှိကိုယ်အလေးချိန်ကို ထိန်းထားချင်တာလား ? ဘယ်လိုမျိုးရည်ရွယ်ချက်မျိုးပဲရှိရှိအဓိက အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့တစ်နေ့တာ စားသောက်နေထိုင်မှု Life style ပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုနဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်တဲ့နေရာမှာ လုံလောက်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်နေထိုင်မှုက နံပတ်တစ် နေရာမှာရှိနေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အလှအပနှင့်ကျန်းမာကြံ့ခိုင်မှုအတွက်ကတော့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းက မဖြစ်မနေလိုအပ်ပါတယ်။

ဒီနေ့မှာတော့ ကိုယ်အလေးချိန်လျော့ချဖို့ကြိုးစားနေတဲ့သူတွေနဲ့ ကိုယ့်ရဲ့လက်ရှိကိုယ်အလေးချိန်ကိုထိန်းထားချင်တဲ့သူတွေအတွက် Healthy Food Plan လေးတွေကိုမျှဝေပေးချင်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာစားလိုက်တဲ့အစားအသောက်က ကိုယ့်ရဲ့ ကိုယ်အလေးချိန်ရဲ့ ၇၀ ရာခိုင်နှုန်းအထိသက်ရောက်မှုရှိပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့သက်ဆိုင်ပါတယ်။

ဒါဆို ၇၀ ရာခိုင်နှုန်းလောက်အထိ အရေးပါနေတဲ့ စားသောက်နေထိုင်မှုကိုပဲဂရုစိုက်ပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းမလုပ်ပဲ Diet ပဲလုပ်ပြီး ဝိတ်ချလို့ရမလားဆိုရင်တော့ ကျွန်တော်က No လို့ပဲပြောချင်ပါတယ်။ Diet လုပ်တဲ့အခါမှာ ကိုယ်ရွေးချယ်လိုက်တဲ့ Diet အစားအစာတွေက တစ်နေ့တာလုပ်ဆောင်မှုတွေအတွက်လုံလောက်ရဲ့လား။ ကျန်းမာရေးနဲ့ကော ကိုက်ညီရဲ့လား ဒီအချက်တွေကို ဂရုစိုက်ဖို့လိုသလို ရေရှည်မှာ တစ်သက်လုံး Diet လုပ်သွားဖို့ကခက်ခဲတဲ့အတွက် Diet တစ်မျိုးထဲကို အားကိုးပြီးကိုယ်‌အလေးချိန်မလျော့ချသင့်ပါဘူး။ အရေးကြီးဆုံးကတော့ ရေတို Diet ပြုလုပ်မယ့်အစား ကိုယ့်ကျန်းမာရေးအတွက်လည်းကိုက်ညီပြီး ကိုယ်အလေးချိန်ကိုလည်း စနစ်တကျလျော့ချနိုင်မယ့် Healthy Food တွေကိုရွေးချယ်ပြီးစားတတ်ဖို့လိုပါတယ်။

အရေးကြီးဆုံးကတော့ Healthy Food ဆိုတဲ့နေရာမှာ မစားသင့်တဲ့ ရှောင်ဖို့မဖြစ်မနေလိုအပ်တဲ့ အစားအစာတွေကိုရှောင်ပြီး စားသင့်တဲ့ အစားအစားတွေကိုပဲရွေးချယ်စားပေးဖို့လိုအပ်ပါတယ်။ ဥပမာ ဆီကြော်မုန့်တွေ၊ ဘာဂါတွေ၊ cream ပါတဲ့အစားအစာတွေနဲ့ ချိုလွန်းတဲ့အစားအစာတွေ ဒါတွေကိုရှောင်ပေးသင့်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ဘာလို့ဒါတွေကိုရှောင်ဖို့ခက်ခဲနေတာလဲ အဓိကကတော့ လူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့အကြိုက်တွေကိုဖြတ်ပစ်ဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျန်းမာတဲ့ Life style တစ်ခုကိုပြောင်းလဲချင်တယ်ဆိုရင်တော့ ‌အမြဲရှောင်ဖို့မဖြစ်နိုင်ဘူးဆိုရင်တောင် စားမယ့်အကြိမ်အရေအတွက်ကိုလျော့ချပေးရပါမယ်။ ဒီလိုအစားအစာတွေနေရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားပေးခြင်းအားဖြင့်လည်း မစားသင့်တဲ့အစားအစာတွေကိုရှောင်ပြီးသားဖြစ်လာပါလိမ့်မယ်။

ဒါဆို တစ်နေ့တာအတွက် Breakfast ၊ Lunch ၊ Snacks ၊ လေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့သူတွေအတွက် Pre workout meal နဲ့ Post workout meal ၊ Dinner စတာလေးတွေအတွက် စားသင့်တဲ့ Healthy Food Plan လေးတွေကို အောက်ကပုံလေးတွေမှာ တစ်ပုံချင်းမျှဝေပေးသွားပါ့မယ်။ ဒီအစားအစာတွေကိုပဲစားလို့ရမယ်လို့ဆိုလိုတာမဟုတ်ဘဲ နမူနာအနေနဲ့မျှဝေပေးတာမို့ ကိုယ့်အတွက်သင့်တော်တဲ့ Healthy Food Plan လေးတွေကို ရွေးချယ်စားပေးနိုင်ပါတယ်။ မေးချင်တဲ့အကြောင်းအရာလေးတွေနဲ့ မရှင်းတာလေးတွေရှိရင်လည်း ကျွန်တော်တို့ရဲ့ Sting and Angel page messenger ကနေမေးမြန်းလို့ရပါတယ်။ နောက်အပတ်မှာလည်း Weight gain သမားတွေအတွက် Healthy Food Plan လေးတွေမျှဝေပေးသွားမှာမို့ Like ‌and See First လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ နောက်အပတ်တွေမှာဆုံတွေ့ကြမယ်နော် 😉

(MFTA, FLS)
Star Fitness
Your's Personal Trainer

18/11/2021

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့အချိန်အခါသာမယမှာ မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသွားစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း Sting and Angel မိသားစုမှာ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်ခင်ဗျာ

MFTA, FLS, Star Fitness
Your Personal Trainer

26/08/2021

ကိုဗစ်ကာလမှာ ဘာကြောင့် ဂျင်းနဲ့ကြက်သွန်ဖြူစားဖို့ တိုက်တွန်းကြတာလဲ?

အခုချိန်မှာ ကိုဗစ် 19 ရဲ့ တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံ့မှာ ကိုဗစ်ရဲ့ တစ်ကျော့ပြန်ရိုက်ခက်မှုကြောင့် ကူးစက်မှုနဲ့ လူသေဆုံးမှုများ များစွာမြင့်တက်လျှက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုဗစ်ရောဂါကို ကာကွယ်ဖို့နဲ့ ကျန်းမာရေးအတွက်အထောက်အကူပြုအောင်‌ဆိုပြီး ဂျင်းနဲ့ ကြက်သွန်ဖြူတွေကို ပါဝင်အောင် စားဖို့တိုက်တွန်းကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီအပတ်မှာတော့ ဂျင်းနဲ့ ကြက်သွန်ဖြူစားခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို အားလုံးသိအောင်မျှဝေပေးချင်ပါတယ်။

ဂျင်းစားခြင်း၏ အကျိုးကျေးဇူးများ

လတ်ဆက်တဲ့ ဂျင်းမှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်းအချို့ဟာ သင့်ခန္ဓာကိုယ်ကိုပြင်ပပိုးမွှားတွေအလွယ်တကူ ဝင်ရောက်ခြင်းမှကာကွယ်ပေးနိုင်ပြီး ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများမှလည်း အထူးကာကွယ်ပေးနိုင်ပါတယ်။

ဂျင်းမှာပါဝင်တဲ့ antibacterial အစွမ်းက ခံတွင်းအတွင်း ဘတ်တီးရီးယားများကြီးထွားမှုကို ကာကွယ်ပေးနိုင်တာကြောင့် ကိုဗစ် 19 ရောဂါလက္ခဏာတွေထဲကတစ်ခုဖြစ်တဲ့ လည်ချောင်းနာခြင်းအတွက်အထူးသင့်တော်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်ခါဖြစ်တာကြောင့် ကိုယ်ရှူသွင်းလိုက်တဲ့လေမှတစ်ဆင့် ပါးစပ်ထဲရောဂါဝင်လာတဲ့အခါမျိုးတွေမှာ ရောဂါပိုးထပ်မံမပြန့်ပွားစေဖို့ ထိန်းချုပ်ပေးနိုင်ပါတယ်။

ဂျင်းသည် ကြွက်သားများနာကျင်ကိုက်ခဲမှုကိုသက်သာစေတာကြောင့် လေ့ကျင့်ခန်းလုပ်လို့ကြွက်သားများနာကျင်ကိုက်ခဲခြင်းအတွက်သာမက ကိုဗစ်ရောဂါကြောင့် ခန္ဓာကိုယ်ကြွယ်သားများနာကျင်ကိုက်ခဲမှုမျိုးမှာလည်းသက်သာစေနိုင်ပါတယ်။

ဂျင်းဟာ ကိုဗစ် 19 ရောဂါအတွက်တင်မကဘဲ ကိုယ်အလေးချိန်လျော့ချဖို့အတွက် ကိုလက်စထရောလျော့ကျပေးနိုင်တဲ့စွမ်းအင်လည်းရှိတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့မလိုအပ်တဲ့အဆီတွေကို ကျစေနိုင်ပါသေးတယ်။ ဒါ့အပြင် နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါနှင့် အဆုတ်ရောဂါတွေအတွက်လည်း ကောင်းကျိုးများတာကြောင့် တစ်နေ့ကို အနည်းဆုံး 2 ဂရမ်လောက်ပုံမှန်စားပေးမယ်ဆို သင့်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါ့အပြင် အခုလိုအချိန်မှာ မကြာခဏဂျင်းနဲ့ထန်းညှပ်ကိုကျိုပြီးသောက်ပေးခြင်းနှင့် ဂျင်းပြုတ်ရည်အနံ့ရှူပေးတာမျိုးလုပ်ပေးဖို့လည်း အကြံပြုချင်ပါတယ်။

တန်ဆေးလွန်ဘေးဆိုးတဲ့စကားအတိုင်း ဂျင်းစားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးများပေမဲ့ အလွန်အကျွံစားတာမျိုးကိုတော့သတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်။

ကြက်သွန်ဖြူစားခြင်း၏အကျိုးကျေးဇူးများ

ကြက်သွန်ဖြူသည် ကျန်းမာရေးအတွက် ကောင်းမွန်သောအစားအစာတစ်မျိုးဖြစ်ပြီး ပိုးသတ်နိုင်သော ဂုဏ်သတ္တိအချို့ပါဝင်ပါတယ်။
အဆစ်အမြစ်ရောင်ရမ်းမှုမှသက်သာစေနိုင်တဲ့အတွက် ကိုဗစ် 19 ရောဂါခံစားနေရတဲ့အချိန်မျိုးမှာသာမက သာမန်ဖျားနာခြင်းမျိုးကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတဲ့အခါမျိုးတွေမှလည်း သက်သာစေနိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်တဲ့အစွမ်းရှိတာကြောင့် ရောဂါခံစားနေရတဲ့အချိန်မျိုးတွေမှာ ကိုယ်ခံအားတက်စေဖို့ နဲ့ ရောဂါမဖြစ်အောင်ကာကွယ်တဲ့အနေနဲ့ စားတဲ့အစားအစာတွေမှာ ကြက်သွန်ဖြူပါအောင်စားပေးဖို့အကြံပြုချင်ပါတယ်။

အခုလိုအချိန်မှာ ကိုဗစ် 19 ရောဂါဟာ ဖြစ်ပွားမှုနှုန်းဟာ မြင့်တက်နေပေမယ့် ကိုယ့်ကိုယ်ကိုကိုယ်ခံအားမကျအောင်ဂရုစိုက်ပြီး စိတ်ဓာတ်မကျဘဲရင်ဆိုင်ဖို့အထူးလိုအပ်ပါတယ်။ ကိုဗစ် 19 ရောဂါဟာကုသဖို့ ဆေးထက် ကိုယ့်ရဲ့ကိုယ်ခံစွမ်းအားနဲ့ စိတ်ဓာတ်အင်အားကသာ အဓိကဖြစ်တာကြောင့် ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့လိုသလို ဖြစ်လာတဲ့အခါမှာလည်း အားရှိအောင်အစားကိုဂရုတစိုက်စားပေးပြီး အိပ်ရေးဝအောင်အိပ်ပါ။ ဓာတ်ဆားရေသောက်ပါ။ အသက်ရှူလေ့ကျင့်ခန်းလေးပုံမှန်လုပ်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားဖို့ အကြံပြုချင်ပါတယ်။

Sting (MFTA) (FLS)
Star Fitness Club
Your Personal Trainer

22/07/2021

အခုချိန်မှာ အိပ်စက်‌ချိန်လုံလုံလောက်လောက်ရှိဖို့က ဘာကြောင့်ပိုအရေးကြီးတာလဲ ?

အခုချိန်ဟာ Covid 19 ရဲ့ဆိုးရွားလှတဲ့ ရိုက်ခတ်မှုဒဏ်ကို ကျွန်တော်တို့တော့ အလူးအလဲခံစားနေကြရတဲ့အချိန်ဖြစ်ပါတယ်။ အနည်းနဲ့အများဆိုသလို ညဘက်တွေမှာ သာမန်ထက်ပိုပြီးကောင်းမွန်စွာနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့ ခက်ခဲပြီး စိတ်ဖိစီးမှုစရာကိစ္စတွေ၊ နှာစေးချောင်းဆိုးနဲ့ ဖျားနာခြင်းတွေကြောင့်ရော အိပ်ရေးမဝခြင်းပြသာနာတွေကိုရင်ဆိုင်နေကြရပါတယ်။

ဒီလိုအချိန်မှာ အစားကိုအာဟာရဖြစ်အောင်စားပေးဖို့လိုသလို အိပ်စက်ချိန်ကိုလည်း ပိုပြီး ဂရုစိုက်ပြီး အိပ်ရေးဝအောင်အိပ်ပေးဖို့လိုအပ်ပါတယ်။ အိပ်ရေးပျက်တာများလာရင် ချက်ချင်းခံစားရမှာကတော့ ခေါင်းကိုက်ခြင်းပါ။ အိပ်ရေးပျက်တာများလာမယ်ဆို အစာစားချင်စိတ်ပျောက်ဆုံးလာပြီး နောက်ဆက်တွဲအနေနဲ့ သွေးပေါင်ကျခြင်းကို ခံစားရနိုင်ပါတယ်။

အိပ်ရေးဝအောင် အိပ်ပျော်တဲ့လူတစ်ယောက်ဟာ အိပ်ရေးမဝတဲ့လူတစ်ယောက်ထက်ပိုပြီး ခုခံအားကောင်းတာကြောင့်အလွယ်တကူဖျားနာခြင်းမှကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ချပေးနိုင်တဲ့အပြင် စိတ်ဖိစီးကိုလည်း လျော့ချပေးနိုင်တာကြောင့် ကိုယ့်ရဲ့လုပ်ဆောင်ချက်မှုတွေကို တိုးတတ်စေပါတယ်။

ဒါကြောင့် ကောင်းမွန်စွာအိပ်ပျော်ဖို့အတွက် လုပ်သင့်တဲ့အချက်လေးတွေကိုမျှဝေပေးချင်ပါတယ်။
- ညမအိပ်ခင်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးပါ။
-အကြောလျော့လေ့ကျင့်ခန်းလုပ်ပေးပါ။
- ညစာစားချိန်နဲ့ အိပ်စက်ချိန်က အချိန်နှစ်နာရီလောက်ခွာထားပါ။
- တက်နိုင်သလောက်အတွေးတွေကိုလျော့ပါ (မဖြစ်သေးတာတွေအတွက်စိုးရိမ်သောကကြိုတင်ရောက်မနေပါနဲ့)
- နို့ပူပူလေးတစ်ခွက်သောက်ပေးပါ။
- ဖုန်း၊ tablet နဲ့ electric drive တွေကို ကိုနဲ့လက်လှမ်းမှီရာမှမထားပါနဲ့။
- စာဖတ်ပါ။
- တစ်ပတ်ကို 3 ကြိမ်ခန့်အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြုလုပ်ပေးပါ။

အခြေခံကျတဲ့ အခုလိုအချက်လေးတွေကို တတ်နိုင်သလောက်လုပ်ပေးပါ။ အစားကိုအာဟာရပြည့်အောင်စားပြီး အိပ်ရေးဝအောင်အိပ်ပါ။ မနက်ဖြန်တွေအတွက် အကောင်းဆုံးအားတင်းထားရင်း ရှေ့ဆက်ကြမယ် 💪💪💪

15/07/2021

Covid 19 နဲ့လေ့ကျင့်ခန်း

အခုချိန်ဟာ Covid 19 တစ်ကြော့ပြန်ဆိုးရွာလာမှုကြောင့် ကူးစက်ခံရမှုနှုန်းနဲ့ဖြစ်ပွားမှာနှုန်းဟာ အရင်ကထက်အဆမတန်များပြားလျှက်ရှိပါတယ်။ ဒါကြောင့် အခုချိန်မှာအရေးကြီးဆုံးက ကိုယ်ခံ‌အားကောင်းအောင်နေဖို့ပါ။ မိမိကျန်းမာရေးကို မိမိကိုယ်တိုင်ဂရုစိုက်ခြင်းဖြင့်သာ ဒီရောဂါဆိုးကြီးကို တွန်းလှန်နိုင်မှာဖြစ်ပါတယ်။

ကိုယ်ခံအားကောင်းအောင် အစားကိုအချိန်မှန်မှန်စားပါ။ ညအိပ်စက်ချိန်မှန်ပြီး အိပ်ရေးဝအောင်အိပ်ဖို့လိုပါတယ်။ ဒီလိုအချိန်မှာ ဝိတ်ချဖို့ထက် ကျန်းမာနေဖို့က ပိုအရေးကြီးတာကြောင့် ညစာမစားဘဲဝိတ်ချခြင်း၊ ပိန်ဆေး အဆီကျဆေးစသည်တို့သောက်ခြင်းမှ ရှောင်ကြဉ်ပေးပါ။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းတို့ကိုလည်း သတိပြုဆင်ခြင်ဖို့လိုအပ်ပါတယ်။

ရောဂါကူးစက်ခံရသူတွေရော၊ ရောဂါမဖြစ်သေးတဲ့သူတွေရော နေ့စဉ်မဖြစ်မနေလုပ်ပေးဖို့လိုအပ်တဲ့လေ့ကျင့်ခန်းတစ်ခုကတော့ အသက်ရှုလေ့ကျင့်ခန်းပါ။ ‌ခါးကိုဆန့်ဆန့်ထားပြီး လေကိုဝအောင်နှာခေါင်းနဲ့ရှူသွင်းပြီး ပါးစပ်မှပြန်မှုတ်ထုတ်ပါ။ ဒီလိုမျိုးလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၅ ကြိမ်အနည်းဆုံးလုပ်ပေးပြီးမကြာခဏလုပ်ပေးဖို့လိုအပ်ပါတယ်။ နောက်လေ့ကျင့်ခန်းတစ်ခုအနေနဲ့ကတော့ အကြောလျော့လေ့ကျင့်ခန်းပါ။ ပုံမှန်ထက် အိပ်ရာထဲမှာ‌နေရတာများသလို အထိုင်လည်းများတာကြောင့် မဖြစ်မ‌ေးန မနက်တစ်ခါညတစ်ခုအကြောလျော့ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ငါးမိနစ် သို့မဟုတ် ငါးမိနစ်ကျော်လောက်ဖြစ်ဖြစ် အချိန်ပေးပြီး အခန်းထဲမှာလမ်းလျှောက်ပေးပါ။ အိမ်ထဲမှာပဲနေရတာကြောင့် အိပ်ရာထဲမှာပဲတစ်နေကုန်လှဲနေတာမျိုးကိုလည်းမလုပ်ဖို့အကြံပြုချင်ပါတယ်။ အိမ်မှာနေရင်းကိုယ်ဝါသနာပါတဲ့အရာတစ်ခုခု သို့မဟုတ် လေ့လာချင်တဲ့ပညာရပ်တစ်ခုခုကိုလေ့လာပါ။

ကျွန်တော်တို့အားလုံးအခုချိန်မှာ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီနိုင်သမျှကူညီပေးခြင်းအားဖြင့် ဒီရောဂါ အခြေအနေဆိုးကြီးကနေကျော်လွှားခြင်းဖြင့် အားတင်းထားကြရအောင် 💪💪💪💪

Sting (MFTA)(FLS)
Star Fitness Club
Your Personal Trainer

08/07/2021

အကျိုးများတဲ့ နာနတ်သီး

အခုချိန်မှာ အလွယ်တကူဝယ်လို့ရနေပြီး ဈေးနှုန်းသက်သာတဲ့အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများတဲ့ နာနတ်သီးစားခြင်းအကြောင်း ဒီအပတ်မှာ မျှဝေပေးချင်ပါတယ်။

နာနတ်သီးကို အပူပိုင်းဒေသတွေမှာအတွေ့များပြီး အများအားဖြင့် ဘရာဇီး၊မက်ဆီကို၊ တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့နိုင်ငံ့တွေမှာပေါများစွာတွေရပါတယ်။

နာနတ်သီးမှာ အဓိကအားဖြင့် အရွယ်တင်နုပျိုစေတဲ့ Antioxidant များ၊ ရောဂါပိုးဝင်ရောက်မှုကိုတားဆီးပေးနိုင်တဲ့ အင်ဇိုင်းများနဲ့ ရောင်ရမ်းမှုကိုလျော့ကျပေးနိုင်တဲ့ ဓာတ်သတ္တိများပြည်စုံစွာပါဝင်ပါတယ်။

နာနတ်သီးမှာ ကယ်လိုရီပါဝင်မှုနည်းပါးပေမဲ့ အာဟာရဓာတ်များလုံလောက်စွာပါဝင်တာကြောင့် ဝိတ်ကျဖို့အတွက် ကြိုးစားနေတဲ့သူတွေအနေနဲ့လည်း စားသောက်ပေးဖို့သင့်တော်ပါတယ်။ အဓိကအားဖြင့် ဗီတာမင် A နှင့် K၊ ဖော့စဖရပ်စ်၊ သွပ်နှင့်ကယ်လစီယမ်ဓာတ်များပါဝင်သည့်အပြင် တစ်နေ့တာအတွက်လိုအပ်တဲ့ဗီတာမင်စီ၊ ကျန်းမာသောကိုယ်ခံအားစနစ်အတွက်သံဓာတ်စသော ဓာတ်သတ္တုများလည်းပါဝင်ပါတယ်။

Bromelain လို့ခေါ်တဲ့အစာချေအင်ဇိုင်းပါဝင်တာကြောင့်လည်း အစာချေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် စားပေးသင့်တဲ့အသီးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာဖြစ်နိုင်ချေကိုသိသိသာသာ လျော့ချပေးနိုင်ပြီး နာတာရှည်ရောဂါတွေကိုသက်သာစေနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ်။ ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးနိုင်တာကြောင့် ဗိုင်းရက်နဲ့ ဘတ်တီးရီးယားအလွယ်တကူ ကူးစက်နိုင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Bromelain ကြောင့်အရိုးပွရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ခွဲစိတ်ကုသမှုခံယူပြီး ဒဏ်ရာရင်းခြင်းနဲ့ လေ့ကျင့်ခန်းပြင်းထန်စွာလုပ်ခြင်းကြောင့်ကြွက်သားများနာကျင်ခြင်းတို့မှလည်း လျှင်မြန်စွာသက်သာစေနိုင်ပါတယ်။

မြန့်မာဆေးကျမ်းတွေထဲမှာတော့ နာနတ်သီးနဲ့ ပျားရည်ရောစားပေးခြင်းဖြင့် ဗိုက်ထဲမှာရှိတဲ့ သန်ကောင်တွေကိုကျစေပြီး၊ နာနတ်သီးပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး သံပရာရည်ညစ်ပြီးစားပေးမယ်ဆို ရင်ချောင်စေပြီး ဝမ်းမှန်စေတယ်လို့ဆိုကြပါတယ်။

ဒါကြောင့် ဈေးနှုန်းအရလည်း တန်တဲ့အပြင် လတ်ဆက်တဲ့ အသီးအနှံတစ်ခုဖြစ်လို့ အခုလိုလှိုင်လှိုင်ပေါနေတဲ့အချိန်မှာ အလွယ်တကူဝယ်စားနိုင်တာကြောင့် အကျိုးများတဲ့ နာနတ်သီးအကြောင်း အားလုံးကိုဗဟုသုတရစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
Sting (MFTA) (FLS)
Star Fitness Club
Your Personal Trainer

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


South Okklar
Yangon