May Hmue Khin
အနုပညာပိုး
23/04/2024
ဘုန်းကံ မမှိန်ပါစေနဲ့
လူမှာ ဘုန်းရှိန်၊ ကံရှိန် ဆိုတာ ရှိပါတယ်။
သူတစ်ပါးကို သွားပုပ်လေလွင့် ပြောတတ်တဲ့သူဟာ
ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန် သွားတယ်။
သူတစ်ပါးကို ဂုဏ်သတင်း မှေးမှိန်အောင်၊
သိက္ခာ ကျ သွားအောင် လုပ်ချင်တဲ့
စေတနာဇောတွေကြောင့် ကိုယ့်မှာလည်း
ဘုန်းရှိန်၊ ကံရှိန်တွေ သေးသိမ် မှေးမှိန်
သွားစေပါတယ်။
သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ်အရှိန်ဝါတွေ ဆုတ်ယုတ် နေပါတယ်။
သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့
မျက်နှာ၊ ကိုယ်အမူအရာတွေကို သတိထားပြီး
ကြည့်ကြည့်ရင် သိပ်သိသာပါတယ်။
ချမ်းသာမှန်သမျှ လိုချင်ရင်
သူများအတင်း မပြောနဲ့ တဲ့။
ဘုရားရှင်က ဒီလို ဆုံးမထားတယ် နော်။
သူများအတင်း၊ သူများအကြောင်းထက်
အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး
ဝေဖန်နေတာ အကောင်းဆုံးပါ ပဲ။
သူတစ်ပါးတို့ရဲ့မလျော်သော အပြစ်၊
အနာအဆာတို့ကို လိုက်ကြည့် မနေပါနဲ့။
သူက ကောင်းတာတွေ လုပ်နေတာလား၊
မကောင်းတာတွေ လုပ်နေတာလား ဆိုတာ
ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့ လိုက်လံကြည့်ရှု
မနေပါနဲ့။
ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊ မလုပ်ကိုပဲ
အမြဲမပြတ် စောင့်ကြည့်နေပါ၊ ကိုယ့်စိတ်ကိုသာ
အမြဲ စစ်ဆေးနေပါ တဲ့။
ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။
အတင်းအဖျင်း ပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။
အတင်းအဖျင်း ပြောနေတဲ့အချိန်မှာ
ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို ပြန်ပြီး
စမ်းစစ်ကြည့်ပါ။ အေးချမ်း၊ ကြည်လင် နေသလားလို့။
ကိုယ်အတင်းပြောတဲ့ အချိန်မှာ တစ်ဖက်လူ
ဂုဏ်တော်ပွားနေချိန်၊ မေတ္တာ ပွားနေချိန်၊
တရား နာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်နေချိန်၊
ကောင်းမှု ကုသိုလ် လုပ်နေတဲ့အချိန် တို့နဲ့
ကြုံ ကြိုက်ခဲ့တယ် ဆိုရင် ကိုယ့်မှာ ပိုပြီး
ကြောက်စရာ ကောင်းပါတယ်။
ပါချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
20/12/2023
🍀ဘယ်သူမှ မသိလည်း ကိုယ်သိနေပါတယ်…။🍀
လူတိုင်းလူတိုင်းဟာ..သူတို့ရဲ့ဘဝမှာ...လူတကာရဲ့ လေးစားခံရခြင်းကို လိုချင်မျှော်လင့်မိတတ်ပါတယ်..။ လိုချင်တဲ့အလျောက်လည်း..ကြိုးစားအားထုတ်မိပါတယ်..။ သူတစ်ပါးရဲ့ လေးစားခံရခြင်းထက် အရင်ဆုံးကိုယ့်ကိုယ်ကိုယ် လေးစားနေဖို့က ပိုအရေးကြီးပါတယ်..။..ကိုယ့်ကိုယ့်ကိုယ်မှ မလေးစားနိုင်ဘူးဆိုရင်..ဘယ်သူကမှ လေးစားနိုင်မှာ မဟုတ်ပါဘူး..။ ကိုယ့်ကိုယ်ကိုယ် လေးစားဖို့ဆိုတာကလည်း..လေးစားလောက်တဲ့ အရည်အသွေး..ရှိနေမှပါ..။ အဲ့ဒီလို အရည်အသွေးတွေ ရှိနေဖို့လည်း ကိုယ့်ဘာသာပဲ ဖြည့်ဆည်းပေးနေရတာဖြစ်ပါတယ်..။ တခြား ဘယ်သူကမှ လာပေးမှာ မဟုတ်ပါဘူး..။
ကိုယ့်ကိုယ်ကိုယ် လေးစားဖို့..ဘယ်လိုအရည်အသွေးတွေနဲ့ ပြည့်စုံဖို့လိုအပ်ပါသလဲ..။ အဓိကကတော့ ကိုယ့်ရဲ့အတွေး..ကိုယ့်ရဲ့စကား..ကိုယ့်ရဲ့လုပ်ရပ်တွေအတွက်..ပြန်တွေးလိုက်တိုင်း စိတ်သန့်လိပ်ပြာလုံနေဖို့ပါပဲ..။ တခြားဟသူသိစရာမလိုဘဲ..ကိုယ်ကိုယ်တိုင် သိနေရုံနဲ့တင်..ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်ကလေး ရှင်သန်နေပါတယ်..။
ကျွန်မလေးစားခင်မင်ကြည်ညိုရတဲ့မိတ်ဆွေတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်..။ သူ့ရဲ့အတွေးစိတ်ကူးလေးတွေ..စကားလေးတွေ..အပြုအမူလေးတွေဟာ..ကျွန်မအမြဲတမ်း လေးစားအားကျအတုယူနေရတာဖြစ်ပါတယ်..။
တစ်ရက်မှာ သူက အများသုံးသန့်စင်ခန်းတစ်ခုထဲ ဝင်လိုက်မိချိန်မှာ..အရင်လူ ချန်ထားရစ်ခဲ့တဲ့ အညစ်အကြေးတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်..။ ပေပွနံစော်နေတဲ့ ထိုအခန်းကလေးထဲမှာ သူတစ်ယောက်သာရှိပါတယ်..။ ဒီအခန်းညစ်ပတ်နေရင်..နောက်တစ်ခန်း ပြောင်းဝင်လို့ရပါတယ်..။ ဒါပေမယ့်..သူ့ရဲ့စိတ်စေတနာက..သူ့လိုနောက်လူတစ်ယောက် ဒီအခန်းထဲဝင်မိရင်..ဒုက္ခဖြစ်မယ်..စိတ်မသက်မသာ ခံစားရမယ်လို့ တွေးမိပြီး ထိုအခန်းထဲက အညစ်အကြေးတွေကို မရွံမရှာစိတ်ပါလက်ပါ သန့်စင်ရှင်းလင်းပေးခဲ့ပါတယ်..။ ညစ်ပတ်နံစော်နေတဲ့ အခန်းလေး သန့်စင်ကြည်လင်သွားတဲ့အချိန်မှာ သူခံစားလိုက်ရတဲ့ ပီတိသုခဟာ..ဘာနဲ့မှ မတူဘူးလို့ ဆိုပါတယ်..။ အဲ့ဒီအကြောင်းလေး ပြန်တွေးမိတိုင်း..သူ့ကိုယ်သူ လေးစားချစ်ခင်မိတယ်လို့ ပြောပြပါတယ်…။
ဘယ်သူမှ မသိနိုင်ပေမယ့်..ကိုယ်ကိုယ်တိုင်သာသိပြီး စိတ်မသက်မသာဖြစ်ရတဲ့ ကိစ္စတွေ ကျွန်မတို့ ကြုံဖူးကြပါလိမ့်မယ်..။ ဥပမာ..ဆိုင်မှာ ကိုယ့်ကြောင့် ပစ္စည်းလေးတစ်ခု ပဲ့သွားအက်သွားတာကို ဆိုင်ရှင်သိအောင် ဝန်မခံဘဲ..အကောင်းပစ္စည်းလေးကိုသာ ရွေးယူခဲ့လိုက်မိတာမျိုး..။ ကိုယ့်ဆီမှာ ပစ္စည်းကောင်းလေးပါလာပေမယ့်..ကိုယ့်ကြောင့် ပဲ့ကျန်ခဲ့တဲ့ ပစ္စည်းလေးကို ပြန်မြင်ယောင်မိတိုင်း..စိတ်မသန့်တဲ့ လိပ်ပြာမလုံတဲ့ ခံစားမှုမျိုးဟာ..ကိုယ့်ကိုယ်ကိုယ် လေးစားမှုလျော့ပါးစေပါတယ်..။ တကယ်ဆို ကိုယ့်ကြောင့်ဖြစ်သွားတယ်ဆိုရင်..ပွင့်ပွင့်လင်းလင်း ပြောပြဝန်ခံလိုက်ပြီး လျော်စရာရှိတာ လျော်ပေးလိုက်ရတာက..ကိုယ့်ရဲ့စိတ်ကို တော်တော်ပေါ့ပါးလွတ်လပ်စေမှာဖြစ်ပါတယ်…။
လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ရတဲ့အခါ…ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားစိတ်ကလေးဝင်တတ်ပါတယ်..။ ကျွန်မတို့ရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အမြဲပြောနေတဲ့ ရင်တွင်းအသံကလေးတစ်ခုရှိပါတယ်..။ အဲ့ဒီရင်တွင်းအသံလေးကို ဂရုစိုက်ပြီး နားထောင်ပေးပါ..။ ဘယ်သူမှ မရှိတဲ့ ဆိတ်ကွယ်ရာနေရာမျိုးမှာ..မလုပ်သင့်တဲ့ အလုပ်တစ်ခုကို..ဘယ်သူမှ မသိပါဘူးလေ..ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်ချင်မိတဲ့အခါမျိုးမှာ…ရင်တွင်းအသံကလေးတစ်ခုက မလုပ်သင့်ကြောင်း..တိုးတိုးလေး ပြောပြနေတတ်ပါတယ်..။ မကောင်းတာကို လုပ်ချင်တဲ့ စိတ်ဇောထက်သန်နေချိန်မျိုးမှာ ထိုအသံကလေးကို မသိချင်ဟန်ဆောင်ပြီး လျစ်လျူရှုလိုက်မိတတ်ပါတယ်..။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်တောင် မလေးစားနိုင်တဲ့ လုပ်ရပ်မျိုးကို ဘယ်သူမှ မသိအောင် လုပ်လိုက်မိတယ်ဆိုပေမယ့်..ကိုယ်ကိုယ်တိုင်သိနေပါတယ်..။ အဲ့ဒီစိတ်မလုံခြုံမှုက ကိုယ့်ကိုယ်ကိုယ်လေးစားမှု ကျဆင်းစေပါတယ်…။
တကယ်တော့ ကျွန်မတို့ရဲ့ဘဝမှာ..ကိုယ့်ကို အမြဲစောင့်ကြည့်ပြီး အနီးကပ်သတိပေးတတ်တဲ့သူ ရှိနေဖို့လိုအပ်ပါတယ်..။ တခြားသူတစ်ယောက်မဟုတ်ဘဲ..ကိုယ့်ရဲ့ရင်တွင်းအသံကလေးတစ်သံက ကိုယ့်ကို အမြဲစောင့်ကြည့် သတိပေးနေရင်..လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားသိမြင်လာပါလိမ့်မယ်..။
တစ်ခါတစ်ရံ လူ့သဘာဝအရ…မကောင်းတဲ့ အတွေးလေးတွေ..စိတ်အခန့်မသင်ရင် ပြောမိတတ်တဲ့ သူတစ်ပါးမကောင်းကြောင်း အတင်းအဖျင်းစကားလေးတွေ.. စိတ်ဆိုးဒေါထွက်မိတဲ့အခါ..သတိလက်လွတ် ပြုမူလုပ်ကိုင်မိလိုက်တာလေးတွေ..စတဲ့ အတွေးအပြော.အလုပ်လေးတွေကို တခြားဘယ်သူမှ မသိလည်း ကိုယ်ကိုယ်တိုင်သိနေတာပါပဲ..။
ကိုယ့်ကို တစ်ခြားကိုယ်က ပြန်ပြီး စောင့်ကြည့်သတိပေးနေတတ်တဲ့အခါ..မကောင်းတဲ့ အတွေးလေးတွေးမိရင်လည်း..သူက ဟဲ့..လို့ သတိပေးလိုက်ရင်..တိခနဲ ရပ်သွားပါတယ်..။ အတင်းစကားတွေ ပြောမိရင်လည်း.ကိုယ့်ကို စောင့်ကြည့်နေတဲ့ ကိုယ်က..တန်ဖိုးမရှိတဲ့စကားတွေ ပြောမနေပါနဲ့..လို့ သတိလှမ်းပေးလိုက်ရင်…ပြောလက်စ စကားက တန့်ခနဲ ရပ်သွားပါလိမ့်မယ်..။
တစ်ယောက်ယောက်ကို စိတ်ဆိုးဒေါသထွက်မိလို့ သူနာကျင်ထိခိုက်အောင်..သတိလက်လွတ်ပြောမိတော့မယ်ဆိုရင်လည်း..ကိုယ့်ကိုစောင့်ကြည့်နေတဲ့ကိုယ်က..မပြောမိအောင်..သတိပေးတားမြစ်လိုက်နိုင်ရင်…ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်လာပါလိမ့်မယ်..။
မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်ရဲ့အဓိပ္ပါယ်တွေထဲက တစ်ခုဟာ..ဆိတ်ကွယ်ရာအရပ်၌ ပင် မကောင်းမှုကို ပြုတော်မမူတတ်သော မြတ်စွာဘုရား…လို့ဖြစ်ပါတယ်..။ သူများတွေမသိနိုင်တဲ့ ဆိတ်ကွယ်ရာအရပ်ဆိုပေမယ့်..ကိုယ့်ကိုယ်ကိုယ်သိနေပါတယ်..။ ဘယ်သူမှ မရှိပေမယ့်..ကိုယ်တစ်ယောက်လုံးရှိနေပါတယ်..။ အဲ့ဒီကိုယ်ကို ဂရုတစိုက် လေးစားတန်ဖိုးထားတယ်ဆိုရင်..ကိုယ်သိနေလျက်နဲ့ မကောင်းမှုတွေကို မလုပ်မိအောင်..ကောင်းမွန်တဲ့ အလုပ်ကလေးတွေ လုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်..။
#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ
Photo credit..စာဖတ်ပရိတ်သတ်တစ်ဦး
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon