Essentially Zin

Essentially Zin

Share

Soft luxury, real vibes & everything We are a first startup consumer products online shop in Yangon, Myanmar.

23/08/2026

နာမည်မှာ ရင်းနှီးမြှုပ်နှံပါ

လူတစ်ယောက်ရဲ့ ဘဝမှာ
ငွေထက် အရေးကြီးတဲ့အရာတွေ ရှိတယ်

အဲဒီထဲမှာ
ကိုယ့်နာမည်က တစ်ခုအပါအဝင်ပဲ

ကိုယ်ဘယ်လောက်တော်တယ်
ဘယ်လောက်ချမ်းသာတယ်ဆိုတာထက်

“ဒီလူက ယုံလို့ရတယ်”
“ဒီလူက စကားတည်တယ်”
“ဒီလူက တာဝန်ယူတတ်တယ်”
“ဒီလူနဲ့ အလုပ်လုပ်ရတာ စိတ်ချရတယ်”

ဆိုတဲ့ Reputation တစ်ခုရဖို့က
အချိန်ယူရတယ်

ပြီးတော့ အဲဒီနာမည်က
တစ်ရက်တည်းနဲ့ မတည်ဆောက်နိုင်ဘူး

နေ့တိုင်း ကိုယ်ပြောတဲ့စကားတွေ
ကိုယ်ပေးထားတဲ့ကတိတွေ
ကိုယ်လုပ်တဲ့အလုပ်တွေ
လူတွေအပေါ် ဆက်ဆံပုံတွေကနေ
တဖြည်းဖြည်း တည်ဆောက်လာတာ

ဒါကြောင့်
ငွေရှာဖို့ပဲ မကြိုးစားပါနဲ့

ကိုယ့်နာမည်ကောင်းဖို့လည်း ကြိုးစားပါ

အခွင့်အရေးတစ်ခုရတဲ့အခါ
“ဒီလူနဲ့ လုပ်လို့ရတယ်” ဆိုပြီး
ကိုယ့်နာမည်ကို အရင်ဆုံး သတိရလာအောင်
နေပါ

တစ်ခါတလေ
ကိုယ့်မှာ ဘာမှမရှိသေးတဲ့အချိန်မှာတောင်
ကိုယ့်ရဲ့ နာမည်ကောင်းတစ်ခု က
အခွင့်အရေးတွေကို ကိုယ့်ဆီ ပြန်ခေါ်လာပေးနိုင်တယ်

ဒါကြောင့်

ငွေမရှိသေးရင် ငွေရှာပါ
အခွင့်အရေးမရှိသေးရင် အရည်အချင်းတည်ဆောက်ပါ
ဒါပေမယ့် ဘယ်အခြေအနေမှာမဆို
ကိုယ့်နာမည်ကိုတော့ မပျက်စေနဲ့

ဘာလို့လဲဆိုတော့
ငွေကို ပြန်ရှာလို့ရတယ်

နာမည်ပျက်သွားရင်တော့
ပြန်တည်ဆောက်ဖို့ အချိန်အများကြီးပေးရတတ်လို့ပါ

19/08/2026

ပိုက်ဆံမရှိလို့ မပျော်တာလား… မပျော်လို့ ပိုက်ဆံကို အများကြီးလိုချင်လာတာလား?

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်
ဒီမေးခွန်းလေး ပြန်မေးကြည့်ဖူးလား။

“ပိုက်ဆံပိုရှိရင် ငါ ပိုပျော်မှာလား…”

အများစုကတော့
ဟုတ်တာပေါ့။ ပိုက်ဆံရှိရင် ပြဿနာတွေ အများကြီး ဖြေရှင်းလို့ရတယ်လို့ ပြောကြမှာပဲ။

အမှန်လည်း အမှန်ပဲ။
ပိုက်ဆံရှိရင်
လိုအပ်တာတွေကို ပိုလွယ်လွယ်ဝယ်နိုင်တယ်။
အရေးပေါ်အခြေအနေတွေကို ပိုလွယ်လွယ်ဖြေရှင်းနိုင်တယ်။
ကိုယ်မကြိုက်တဲ့အခြေအနေတွေကနေ ရွေးချယ်ထွက်ခွာနိုင်တဲ့ Freedom လည်း ပိုရှိလာတယ်။

ဒါပေမဲ့…
ပိုက်ဆံရှိတာနဲ့ စိတ်ချမ်းသာတာက တစ်ခုတည်းတော့ မဟုတ်ဘူး။

တစ်ခါတလေ ကိုယ်လိုချင်နေတဲ့ ပိုက်ဆံက
တကယ်တော့ ပစ္စည်းတွေဝယ်ဖို့ မဟုတ်ဘူး။
စိတ်အေးချမ်းဖို့ လိုချင်နေတာ။

အလုပ်ကနေ ထွက်ချင်လို့ ပိုက်ဆံလိုချင်တာ။
မကြိုက်တဲ့လူတွေနဲ့ မဆက်ဆံချင်တော့လို့ ပိုက်ဆံလိုချင်တာ။
ကိုယ့်ဘဝကို ကိုယ်ရွေးချယ်နိုင်ချင်လို့ ပိုက်ဆံလိုချင်တာ။
အမြဲတမ်း မလောက်ဘူး ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မနေချင်တော့လို့ ပိုက်ဆံလိုချင်တာ။

အဲ့ဒီအခါမှာ
ကိုယ်လိုချင်နေတာက ပိုက်ဆံမဟုတ်ဘူး။
ပိုက်ဆံကနေ ရမယ်လို့ထင်ထားတဲ့ ခံစားချက်တစ်ခုပါ။

ဒါကြောင့် တချို့လူတွေက
ပိုက်ဆံပိုရလာလေလေ
လိုချင်တာက ပိုများလာတတ်တယ်။

ဘာလို့လဲဆိုတော့
ပြဿနာက ပိုက်ဆံနည်းတာတစ်ခုတည်း မဟုတ်တော့လို့ပဲ။

ကိုယ့်အတွင်းမှာ မပြည့်သေးတဲ့အရာကို
ပိုက်ဆံနဲ့ ဖြည့်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။

ဒီလိုပြောလို့ ပိုက်ဆံမလိုဘူးလို့ ဆိုတာမဟုတ်ဘူး။

ပိုက်ဆံက ဘဝအတွက် အရေးကြီးတယ်။
အထူးသဖြင့် လက်တွေ့ဘဝမှာ Financial Security ရှိတာက စိတ်အေးချမ်းမှုအတွက် အများကြီးအထောက်အကူပြုတယ်။

ဒါပေမဲ့ ပိုက်ဆံက ကိုယ့်ဘဝကို ပိုကောင်းအောင် ကူညီပေးနိုင်တယ်။
ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကိုတော့ ကိုယ်စားထိုးပေးလို့ မရဘူး။

တစ်လ သိန်း ၂၀ ရရင် ပျော်မယ်ထင်တယ်။
ရလာတော့ သိန်း ၃၀ လိုလာတယ်။

သိန်း ၃၀ ရလာတော့ သိန်း ၅၀ လိုလာတယ်။

အဲ့ဒီလိုနဲ့
ဘယ်လောက်ရရင် လုံလောက်ပြီလဲဆိုတာကို မသတ်မှတ်ထားရင်
ပိုက်ဆံရှာနေရင်းနဲ့ ဘဝတစ်ခုလုံးကို ဖြတ်သန်းသွားနိုင်တယ်။

တကယ်တော့ ကျွန်မတို့ရှာနေတာက
ပိုက်ဆံအများကြီးမဟုတ်ဘဲ
ပိုက်ဆံကြောင့် ရချင်တဲ့ဘဝမျိုး ဖြစ်နိုင်တယ်။

အဲ့ဒါကြောင့်
ပိုက်ဆံရှာပါ။
ပိုက်ဆံတိုးအောင်လုပ်ပါ။

ဒါပေမဲ့ တစ်ခါတည်း
ကိုယ့်ကိုယ်ကိုယ်လည်း မေးကြည့်ပါ

ငါ ပိုက်ဆံလိုချင်တာ
ပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်ဖို့လား၊
လက်ရှိဘဝကနေ ထွက်ပြေးဖို့လား?

အဖြေကွာသွားရင်
ကိုယ်သွားမယ့်လမ်းလည်း ကွာသွားပါလိမ့်မယ်။ 🌿

11/08/2026

ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ဆိုတာ စိတ်ဓာတ်တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ထင်တယ်

တစ်ခါတလေ ကိုယ်က ငါ စည်းကမ်းမရှိဘူး ငါအရမ်းပျင်းတယ်ငါ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူး
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်တယ်

ဒါပေမဲ့ တကယ်တမ်း ပြန်ကြည့်ရင်
ပြဿနာက ကိုယ့်စိတ်ဓာတ်မှာပဲ ရှိနေတာ မဟုတ်ဘူး
ကိုယ်နေထိုင်နေတဲ့ ပတ်ဝန်းကျင်ကလည်း ကိုယ့်အပြုအမူကို သက်ရောက်နေတယ်

ဥပမာ
-စာဖတ်ချင်တယ်ဆိုပေမဲ့စာအုပ်က အံဆွဲထဲမှာထားပြီး
ဖုန်းက ကိုယ့်ဘေးမှာရှိနေတယ်ဆိုရင်စာအုပ်ထက် ဖုန်းကို အရင်ကိုင်မိဖို့က မဆန်းဘူး
ဒါဆို ငါ စာမဖတ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစားစာအုပ်ကို အိပ်ရာဘေးမှာထားကြည့်ဖတ်ရတာ တစ်ဆင့်လွယ်သွားမယ်

-မနက်စောစောထချင်တယ်ဆိုပြီး Alarm ပိတ်ပြီး ပြန်အိပ်မိတတ်တယ်ဆိုရင်ဖုန်းကို ခေါင်းအုံးဘေးမှာမထားဘဲ
ထပြီးသွားယူရမယ့်နေရာမှာ ထားကြည့်

-ပိုက်ဆံစုချင်တယ်ဆိုရင်လည်း
လကုန်မှ ဒီလ ဘာလို့ငွေမကျန်တာလဲလို့ စဉ်းစားတာထက်
လစာရတဲ့နေ့မှာ စုမယ့်ငွေကို အရင်ဖယ်ထားလိုက်တာ ပိုလွယ်တယ်

အဲ့ဒါတွေက ကိုယ့်စိတ်ဓာတ် ရုတ်တရက်ခိုင်မာလာလို့ မဟုတ်ဘူး
ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ရလွယ်အောင်
ပတ်ဝန်းကျင်ကို ကိုယ့်ဘက်က ပြင်ဆင်ထားတာ

တစ်ဖက်မှာလည်းမလုပ်ချင်တဲ့အရာကို နည်းနည်းခက်အောင်လုပ်ထားလို့ရတယ်

ဖုန်းသုံးတာလျှော့ချင်ရင် App Notification ပိတ်ထားတာ၊
Shopping လျှော့ချင်ရင် Shopping App တွေကို မျက်စိရှေ့က ဖယ်ထားတာ
ညနောက်ကျအိပ်တာ လျှော့ချင်ရင် အိပ်ရာဝင်ချိန်မှာ ဖုန်းမကိုင်ဖို့ စည်းကမ်းလေးထားတာမျိုးပေါ့။

အဓိကက ကောင်းတဲ့အကျင့်ကို လုပ်ရတာ လွယ်အောင်လုပ်မကောင်းတဲ့အကျင့်ကို လုပ်ရတာ နည်းနည်းခက်အောင်လုပ်

ဒါဆို ကိုယ့်စိတ်နဲ့ နေ့တိုင်း တိုက်ပွဲဝင်နေရတာ နည်းလာမယ်

တကယ်တော့ ကိုယ့်ဘဝကို ပြောင်းလဲဖို့ဆိုတာ
နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနေရတာ မဟုတ်ဘူး

ကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုကို
ရွေးရလွယ်တဲ့ဘဝတစ်ခု တည်ဆောက်ထားတာပါ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြောင်းဖို့ထက်
ကိုယ့်ပတ်ဝန်းကျင်ကို နည်းနည်းပြောင်းလိုက်တာက ပိုလွယ်တယ်

10/08/2026

ကိုယ်တိုင်မကြုံဖူးရင် သူများဒုက္ခက သေးသေးလေးပဲ ထင်တတ်တယ်
အရင်က ရုံးကကားနဲ့ အသွားအပြန်လုပ်ရတုန်းက YBS တွေကြပ်လိုက်တာ၊ လမ်းတွေပိတ်တာမြင်ရင်
ဒီလောက်တော့ ဒုက္ခခံရမှာပေါ့ ဆိုပြီး တွေးမိတယ်
အဲ့ဒီအချိန်တုန်းက ကိုယ်က အဲ့ဒီဒုက္ခရဲ့ အပြင်ဘက်မှာ ရှိနေတာကိုး
အခု ကိုယ်တိုင် YBS စီးရတဲ့အခါမှ “အော်… ဒီလိုကိုး” 🥲
မိုးရွာတဲ့နေ့ဆို ပိုသိသာတယ်

ကားတစ်စီးလာရင် တက်ချင်တိုင်းတက်လို့မရဘူး
တက်ရပြန်တော့လည်း အလုပ်ချိန်မမှီမှာစိုးလို့ အလုအယက်တက်ရတယ်
တစ်စီးလွတ်သွားရင် နောက်တစ်စီး ဘယ်လောက်စောင့်ရမလဲ မသိဘူး
ကားပေါ်ရောက်ပြန်တော့လည်း နေရာကြပ်တယ်မိုးရေစိုထားတဲ့အဝတ်တွေနဲ့ တစ်နေ့တာအလုပ်ကို စရတော့တယ်

တစ်ခါတလေ အလုပ်မစခင်ကတည်းက အားကကုန်နေပြီ 🫠
အရင်ကတော့ ကားကြပ်တာပဲလေ လို့ ထင်ခဲ့တာ
အခုမှ သိလာတယ်လူတစ်ယောက်ရဲ့ ဒုက္ခကို ကိုယ်က အပြင်ကနေကြည့်နေရုံနဲ့ အပြည့်အဝ နားလည်ဖို့ မလွယ်ဘူး

ကိုယ်တိုင် အဲ့ဒီနေရာမှာ ရပ်ဖူးမှ သူဘာကြောင့် စိတ်ပျက်နေတာလဲ၊ ဘာကြောင့် အလောတကြီးဖြစ်နေတာလဲ၊ ဘာကြောင့် တစ်ခါတလေ မပြုံးနိုင်တာလဲဆိုတာ နည်းနည်းချင်း နားလည်လာတယ်

အရင်က ကိုယ်ပြောခဲ့ဖူးတဲ့စကားတွေကို ပြန်သတိရမိတော့ နည်းနည်းတော့ ရှက်မိတယ်😅

အခု YBS တစ်စီးကြပ်နေတာမြင်ရင် ဘာလို့ ဒီလောက်များနေတာလဲ ဆိုတာထက်

ဒီထဲမှာလည်း ဒီနေ့အလုပ်မနောက်ကျဖို့ မနက်စောစောကတည်းက ထွက်လာတဲ့လူတွေ ရှိမှာပဲ လို့ တွေးမိတယ်
တစ်ခါတလေ ကိုယ်ချင်းစာတတ်ဖို့ စာအုပ်တွေဖတ်ဖို့ မလိုဘူး
ဘဝက ကိုယ်တိုင် သင်ခန်းစာပေးလိုက်ရုံနဲ့ လုံလောက်တယ်
ဒီနေ့ ကိုယ်အလွယ်တကူ ဝေဖန်မိနေတဲ့လူတစ်ယောက်ရဲ့နေရာမှာ တစ်နေ့ ကိုယ်တိုင် ရောက်သွားနိုင်တယ်
အဲ့ဒါကြောင့် နားမလည်သေးတဲ့အရာတိုင်းကို အမြန်မဆုံးဖြတ်မမိဖို့ပဲ လိုတယ်🤍

09/08/2026

Soft Life ဆိုတာ အလုပ်မလုပ်ဘဲ နေတာ မဟုတ်ဘူး.

အခုနောက်ပိုင်း Social Media မှာ Soft Life ဆိုတဲ့စကားကို မကြာခဏတွေ့လာရတယ်
* အလုပ်မလုပ်ချင်တော့ဘူး
* Stress မခံချင်တော့ဘူး
* ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်
* အေးအေးဆေးဆေးပဲ နေမယ်
တချို့အတွက်တော့ Soft Life ဆိုတာ ဘာမှမလုပ်ဘဲ သက်တောင့်သက်သာနေတဲ့ဘဝ လို့ အဓိပ္ပာယ်ရနေတယ် တကယ်တော့ အဲ့ဒါက Soft Life ရဲ့ အဓိပ္ပာယ်အပြည့်အစုံတော့ မဟုတ်ဘူး

Soft Life ဆိုတာ ဘဝမှာ ပြဿနာမရှိတဲ့အခြေအနေကို ရှာတာမဟုတ်ဘူး ကိုယ့်ဘဝကို ကိုယ်တိုင် မလိုအပ်ဘဲ ခက်ခဲအောင် မလုပ်တော့တာမျိုး

ပိုက်ဆံပိုရဖို့ဆိုပြီး ကိုယ်မခံနိုင်တဲ့အလုပ်ကို အချိန်ပြည့်လုပ်ပြီး ကိုယ့်ကျန်းမာရေး၊ ကိုယ့်အချိန်၊ ကိုယ့်လူတွေကို ပေးဆပ်နေရတာမျိုးကို မလိုချင်တော့တာ လူတိုင်းကို ကျေနပ်အောင် လိုက်လုပ်ပေးရင်း ကိုယ့်စိတ်ကိုပဲ အမြဲနောက်ဆုံးထားတာမျိုးကို ရပ်လိုက်တာ
မလိုအပ်တဲ့ Drama တွေ
မလိုအပ်တဲ့ Competition တွေ
မလိုအပ်တဲ့ Comparison တွေကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲထုတ်လာတာ

ဒါကြောင့် Soft Life ဆိုတာ ပျင်းရိတဲ့ဘဝ မဟုတ်ဘူး
တစ်ခါတလေ ကိုယ့်ဘဝကို ပိုကောင်းအောင်လုပ်ဖို့ ပိုကြိုးစားတာထက် မလိုအပ်တဲ့အရာတွေကို လျှော့ချဖို့က ပိုအရေးကြီးတယ်

* အိမ်ကြီးရချင်လို့ အလုပ်လုပ်ရင်း အဲ့ဒီအိမ်မှာ နေဖို့အချိန်မရှိတော့ရင်လည်း အဓိပ္ပာယ်မရှိဘူး
* ပိုက်ဆံများချင်လို့ ကြိုးစားရင်း ပိုက်ဆံနဲ့ ပြန်ဝယ်လို့မရတဲ့ ကိုယ့်အချိန်တွေကို ကုန်ဆုံးသွားရင်လည်း စဉ်းစားစရာပါပဲ

Soft Life ဆိုတာ မကြိုးစားတော့ဘူး ဆိုတာမဟုတ်ဘူး ဘာအတွက် ကြိုးစားနေတာလဲ ဆိုတာကို သိလာတာ

အောင်မြင်မှုကို လိုချင်သေးတယ်
ပိုက်ဆံလည်း ရှာချင်သေးတယ်
ကိုယ့်ဘဝလည်း တိုးတက်ချင်သေးတယ်

ဒါပေမဲ့ အဲ့ဒါတွေရဖို့အတွက် ကိုယ့်ဘဝတစ်ခုလုံးကို ပေးဆပ်စရာမလိုတော့ဘူးလို့ နားလည်လာတာ

နောက်ဆုံးတော့
Soft Life ဆိုတာ ဘဝကို အလွယ်ရွေးတာမဟုတ်ဘူး ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာတွေနဲ့ မအရေးကြီးတဲ့အရာတွေကို ခွဲခြားတတ်လာတာပါ
အေးချမ်းတဲ့ဘဝဆိုတာ ပြဿနာမရှိတဲ့ဘဝမဟုတ်ဘူး ကိုယ့်ဘဝကို ကိုယ်တိုင် မလိုအပ်ဘဲ ပိုမိုခက်ခဲအောင် မလုပ်တော့တဲ့ဘဝပါ

07/08/2026

တစ်ခါတလေ ဘဝက Formula တွေ မလိုဘူး ကိုယ့်စိတ်ကို နားလည်ဖို့ပဲ လိုတယ်
အခုခေတ်မှာ…ဒီလိုတွေးပါ…Manifest လုပ်ပါ…ဒီမနက်ခင်း Routine လုပ်ပါ…ဒီလိုနေမှ အောင်မြင်မယ်
ဆိုတဲ့ အကြံပေးစာတွေ အများကြီး တွေ့ရတတ်ပါတယ်။
ဒါတွေက မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ Formula အသစ်တွေကို လိုက်ရှာရင်း ကိုယ့်စိတ်ကို ပြန်ကြည့်ဖို့ မေ့သွားတတ်ကြတယ်။
တကယ်တော့ လူအများစု ရှာနေတာက အောင်မြင်မှုတစ်ခုတည်း မဟုတ်ပါဘူး။ စိတ်အေးချမ်းမှု၊ စိတ်ပေါ့ပါးမှုနဲ့ ဒီနေ့ကို အဆင်ပြေပြေ ဖြတ်သန်းနိုင်တဲ့ ခံစားချက်မျိုးပါ။
အဲဒီအရာတွေကို အနာဂတ်ရောက်မှ ရမယ့် ဆုလာဘ်တစ်ခုလို့ ထင်နေတတ်ကြတယ်။
ဒီလစာရရင်…ဒီအလုပ်ရရင်…ဒီလူကို ရရင်…ဒီအိမ်ဝယ်နိုင်ရင်…အဲဒီအခါမှ ပျော်မယ်လို့ တွေးကြတယ်။
ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ တစ်နေရာရာမှာ စောင့်နေတာ မဟုတ်ပါဘူး။ ကိုယ်ဘယ်လို စိတ်အခြေအနေနဲ့ ဒီနေ့ကို ရင်ဆိုင်နေသလဲဆိုတာက ပိုအရေးကြီးပါတယ်။
အနာဂတ်ကို ပြောင်းချင်ရင် တစ်ခါတလေ Plan အသစ်ထက် State of Mind အသစ် က ပိုလိုအပ်တယ်။ ဘာလို့လဲဆိုတော့ တူညီတဲ့ နေရာတစ်ခုမှာတောင် စိတ်အခြေအနေ ပြောင်းသွားတဲ့သူက ဘဝကို မြင်တဲ့ပုံစံပါ ပြောင်းသွားတတ်လို့ပါ။
တစ်ခါတလေ ဘဝကို ပြောင်းဖို့ ဘဝတစ်ခုလုံး ပြောင်းစရာ မလိုပါဘူး။ ကိုယ့်စိတ်ကို ကြည့်တဲ့ မျက်လုံးလေး ပြောင်းလိုက်ရုံနဲ့ လုံလောက်သွားတဲ့ နေ့တွေလည်း ရှိပါတယ်။

🌿

05/08/2026

ဘာလို့ လူတွေက အကြံတောင်းပြီး ကိုယ်ကြားချင်တဲ့ အဖြေကိုပဲ ရှာတာလဲ?

တစ်ခါတလေ လူတစ်ယောက်က အကြံလေးပေးပါဦး လို့ လာမေးတယ် ကိုယ်က သေချာစဉ်းစားပြီး ပြောပေးလိုက်တယ်။
ဒါပေမယ့် အဲဒီအကြံက သူကြားချင်တာ မဟုတ်ရင်
ချက်ချင်း အခြားလူတစ်ယောက်ဆီ သွားမေးပြန်တယ်
နောက်တစ်ယောက်…နောက်တစ်ယောက်…နောက်ဆုံး
သူကြားချင်တဲ့ အဖြေကို ပြောပေးတဲ့သူ တွေ့မှ ရပ်သွားတယ်
တကယ်တော့
အဲဒီလူက အကြံတောင်းတာ မဟုတ်ဘူး
သူဆုံးဖြတ်ထားပြီးသား အရာကို ထောက်ခံပေးမယ့်သူကို ရှာနေတာ
စိတ်ပညာမှာ လူတွေဟာ ကိုယ်ယုံကြည်ထားတာနဲ့ ကိုက်ညီတဲ့ အချက်အလက်ကိုပဲ ပိုလက်ခံချင်တဲ့ သဘောရှိတယ်
အဲဒါကြောင့် ကိုယ်ကြိုက်တဲ့ အဖြေကို ပြောတဲ့သူကို နားလည်ပေးတဲ့သူ လို့ ထင်တတ်ပြီး
မကြိုက်တဲ့ အမှန်တရားကို ပြောတဲ့သူကိုတော့ Negative ဖြစ်တယ် လို့ မြင်တတ်ကြတယ်
ဒါပေမယ့် တကယ်ကောင်းတဲ့ အကြံဆိုတာ
အမြဲနားဝင်ချိုနေမှာ မဟုတ်ဘူး
တစ်ခါတလေ…နားထောင်ရခက်တယ် လက်ခံရခက်တယ်
ဒါပေမယ့် အဲဒီစကားကပဲ ကိုယ့်ကို ကြီးထွားစေတတ်တယ်
အကြံတောင်းတဲ့အခါ ကိုယ့်ကို ထောက်ခံပေးမယ့်သူကိုပဲ မရှာပါနဲ့ကိုယ့်ကို တိုးတက်စေမယ့်သူကို ရှာပါ
ဘာလို့လဲဆိုတော့ တိုးတက်မှုဆိုတာ
ကိုယ်ကြားချင်တဲ့ စကားတွေကနေ မစဘူး
ကိုယ်မကြားချင်ပေမယ့် လက်ခံသင့်တဲ့ အမှန်တရားတွေကနေ စတတ်တယ်

🌿

02/08/2026

သူချစ်ကို ရွေးမလား… ကိုယ်ချစ်ကို ရွေးမလား?
ဒီမေးခွန်းက Relationship အကြောင်း ပြောတိုင်း မကြာခဏ ကြားရတဲ့ မေးခွန်းတစ်ခုပါ

တချို့က ကိုယ်ချစ်တဲ့သူကိုပဲ ရွေးမယ် လို့ ပြောကြသလို၊ တချို့ကတော့ ကိုယ့်ကို ချစ်တဲ့သူကို ရွေးမယ် လို့ ပြောကြတယ်။
ဒါပေမယ့် တကယ်တမ်း Relationship တစ်ခုကို ကြာကြာတည်တံ့စေတာက ဘယ်သူက ဘယ်သူ့ကို ပိုချစ်လဲ ဆိုတာတစ်ခုတည်း မဟုတ်ဘူး။ ဘယ်သူက ဘယ်သူ့ကို ပိုတန်ဖိုးထားလဲ ဆိုတာလည်း ပါတယ်။

ချစ်တယ်ဆိုတာ ခံစားချက်တစ်ခု ဖြစ်နိုင်ပေမယ့် တန်ဖိုးထားတယ်ဆိုတာက နေ့စဉ်ရွေးချယ်မှုတစ်ခုပါ

အလုပ်များတဲ့နေ့မှာတောင် အချိန်ပေးဖို့ ရွေးချယ်တာ။
စိတ်ဆိုးနေရင်တောင် လေးစားစွာ ပြောဆိုဖို့ ရွေးချယ်တာ။
အမှားလုပ်မိတဲ့အခါ အနိုင်ယူဖို့မဟုတ်ဘဲ နားလည်ပေးဖို့ ရွေးချယ်တာ။
အဲဒါတွေက ချစ်တယ် ဆိုတဲ့ စကားထက် Relationship ကို ပိုခိုင်မာစေပါတယ်။
တစ်ခါတလေ ကိုယ့်ကို တန်ဖိုးမထားတဲ့သူအတွက် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အဲဒါက ပုံမှန်ပဲလို့ ထင်နေတတ်တယ်။
ဒါပေမယ့် ကိုယ့်ကို တန်ဖိုးထားတဲ့သူအတွက်တော့ ကိုယ်ရှိနေပေးတာတောင် ကျေးဇူးတင်စရာ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် သူချစ်လား၊ ကိုယ်ချစ်လား ဆိုတာထက် တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားနိုင်ရဲ့လား ဆိုတာက Relationship တစ်ခုကို ပိုရှည်ကြာစေတဲ့ မေးခွန်းဖြစ်
နိုင်ပါတယ်

30/07/2026

လူတိုင်းမှာ စကားပြောလို့ရတဲ့သူ ရှိတတ်ကြပေမယ့် စကားကောင်းပြောပေးတတ်တဲ့သူကတော့ ရှားပါတယ်။
တချို့အချိန်တွေမှာ ကျွန်မတို့က အကြံဉာဏ်မလိုဘဲ ကိုယ့်စကားကို အဆုံးထိ နားထောင်ပေးမယ့်သူကိုသာ လိုချင်ကြတယ်။
တချို့အချိန်တွေမှာတော့ နှစ်သိမ့်တဲ့စကားတွေထက် ကိုယ်မမြင်နိုင်တဲ့အချက်ကို ထောက်ပြပေးမယ့်သူ လိုအပ်ပြန်ပါတယ်။
တကယ်တော့ စကားကောင်းပြောတတ်တဲ့သူဆိုတာ အမြဲနှစ်သိမ့်နေတဲ့သူ မဟုတ်ပါဘူး။
ကိုယ်ဘာလိုနေတယ်ဆိုတာကို နားလည်ပြီး အချိန်မှန်တဲ့စကားကို ရွေးပြောတတ်တဲ့သူမျိုးပါ။
အဲဒီလို လူတစ်ယောက် ကိုယ့်ဘေးမှာရှိတာ ကံကောင်းသလို ကိုယ်တိုင်ကလည်း အဲဒီလို လူတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပေးလိုက်တာက အမြဲတမ်း အဖြေကြီးတွေမဟုတ်ဘဲ အချိန်မှန်မှာ ကြားလိုက်ရတဲ့ စကားတစ်ခွန်းလည်း ဖြစ်နိုင်လို့ပါပဲ။
ပြဿနာထဲ ရောက်နေတဲ့သူဟာ အဖြေကို မမြင်နိုင်တော့တဲ့အခါ အပြင်က ကြည့်နေတဲ့သူကသာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လမ်းတစ်ခုကို မြင်နိုင်တတ်ပါတယ်။ ဒါကြောင့် ဘဝ
မှာ ကိုယ့်ကို အားပေးမယ့်သူ ရှာဖို့ အရေးကြီးသလို တစ်ဖက်လူအတွက် အားကိုးလို့ရတဲ့ စကားတစ်ခွန်း ပြောပေးနိုင်တဲ့သူ ဖြစ်ဖို့ကတော့ ပိုပြီး အရေးကြီးပါတယ်။

🌿

26/07/2026

တချို့လူတွေက Luxury ကို ဈေးကြီးတဲ့ပစ္စည်းတွေနဲ့ တိုင်းတာကြတယ်
ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ…
ကျွန်မကတော့ Luxury ရဲ့ အဓိပ္ပာယ်ကို ပြန်သတ်မှတ်လာမိတယ်
မလိုအပ်တဲ့စကားဝိုင်းတွေထဲ မပါရတော့တာ
ဖုန်းတစ်လုံးက ကိုယ့်ကို အမြဲမခေါ်နိုင်တော့တာ
သူများဘဝကို လိုက်စိတ်ဝင်စားဖို့ထက် ကိုယ့်ဘဝကို ပိုအာရုံစိုက်လာတာ
ဒါတွေက ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ ဇိမ်ခံမှုတွေပါ
အရင်တုန်းကတော့ လူများများရှိမှ ပျော်တယ်လို့ ထင်ခဲ့ဖူးတယ်
အခုတော့…လူနည်းနည်းနဲ့ စိတ်အေးအေးနေရတဲ့နေ့တွေက ပိုတန်ဖိုးရှိလာတယ်
ဘာလို့လဲဆိုတော့ လူတိုင်းက ကိုယ့်စိတ်ကို အားဖြည့်ပေးတာ မဟုတ်ဘူး
တချို့က စကားနည်းနည်းပြောရုံနဲ့ တစ်နေ့လုံးရဲ့ Energy ကို ယူသွားနိုင်တယ်
တချို့က ကိုယ့်စိတ်ငြိမ်သက်မှုကို တဖြည်းဖြည်း စားသုံးသွားတယ်
ဒါကြောင့် တိတ်ဆိတ်မှုကို ရွေးချယ်လာတာဟာ လူတွေကို မုန်းလို့ မဟုတ်ဘူး
ကိုယ့်စိတ်အေးချမ်းမှုကို ဦးစားပေးတတ်လာလို့ပါ။
ဒီနေ့ခေတ်မှာ အမြင့်ဆုံး Luxury ဆိုတာ လူတိုင်းနဲ့ အဆက်အသွယ်ရှိနေတာ မဟုတ်ဘူး
ဘယ်အသံဆူညံမှုကမှ ကိုယ့်အတွင်းစိတ်ကို မလှုပ်ခတ်နိုင်တဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားနိုင်တာကသာ တကယ့် Luxury ပါ ☕️✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No . 28 , Daw Thein Tin Road , Mingalar Taung Nyunt Township
Yangon
11091