Pwint Thit Tun-18
(Pharmacy)
နှလုံးရောဂါ သံသယဖြစ်နိုင်သည့် လက္ခဏာများ
.................................................... #ဒေါက်တာခင်မိုးမိုး
အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမ၀တာတွေလိုမျိုးဖြစ်ရင် နှလုံးရောဂါဖြစ်နေတယ်လို့ သံသယ ရှိနိုင်ပါတယ်။ အဲဒီလို ရိုးရှင်းတဲ့လက္ခဏာတွေ မပြဘဲနဲ့လည်း ခန္ဓာကိုယ်အတွင်း အောက်ဖော်ပြပါလက္ခဏာတွေဖြစ်ပေါ်နေရင် နှလုံးရောဂါအတွက် သံသယဖြစ်နိုင်တာကြောင့် ဆရာ၀န်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ ....................................................
အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း
အိပ်ရင် ဟောက်တတ်တဲ့အတွက် အသက်ရှူရပ်သွားတဲ့အခါမှာ ဦးနှောက်ကနေ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထဲကို သွေးရောက်ရှိဖို့အတွက် နှလုံးနဲ့သွေးကြောတွေကို အလုပ်ပိုလုပ်ဖို့ အချက်ပေးလိုက်တာကြောင့် သွေးဖိအားမြင့်တက်လာတာ၊ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေ မြင့်မားလာပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။....................................................
လိမ္မော်ဝါရောင် အဖုအပိမ့်များ ထွက်ခြင်း
ခန္ဓာကိုယ်ထဲမှာ ထရိုင်ဂလစ်စရိုက်တွေ အလွန်များပြားနေခဲ့ရင် လက်ဆစ်၊ ခြေဆစ်နဲ့ တင်ပါးပတ်၀န်းကျင်က အရေပြားပေါ်မှာ လိမ္မော်ဝါရောင် အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ သွေးကြောအတွင်းမှာ ဒီအဆီတွေ အများအပြားရှိနေတာကြောင့် သွေးကြောတွေ မာကျောလာပြီး ဒီလိမ္မော်ဝါရောင် အဖုအပိမ့်တွေ အများအပြားရှိနေတာ ဖြစ်ပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ....................................................
ဆုပ်ကိုင်နိုင်အား လျော့နည်းခြင်း
သင့်လက်ရဲ့ ဆုပ်ကိုင်အားက သင့်နှလုံးသန်မာမှု ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ပစ္စည်းတွေကို ကောင်းကောင်းညှစ်နိုင်တာက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ....................................................
လက်သည်းအောက်တွင် အမည်းရောင်အစက်အပြောက်ပေါ်ခြင်း
သင့်လက်သည်းတွေ မတော်တဆ ထိခိုက်မိတာမရှိဘဲ လက်သည်းအောက်မှာ သွေးခြည်ဥသလို အမည်းရောင်အစက်ပေါ်နေတာက နှလုံး ဒါမှမဟုတ် နှလုံးအဆို့ရှင်မှာ ရောဂါပိုး၀င်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာပြသူတွေက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ နှစ်ဆကနေ လေးဆအထိ ပိုများပါတယ်။ ....................................................
ခေါင်းမူးခြင်း
ခေါင်းမူးနေတာက နှလုံးချို့ယွင်းနေတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် ရောက်ရှိအောင် နှလုံးက ပို့မပေးနိုင်တာကြောင့်ပါ။ ခေါင်းမူးတာက နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြွက်သားအားနည်းတာကြောင့် နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက်လည်း ခေါင်းမူးနိုင်ပါတယ်။ ....................................................
လိင်ကိစ္စမစွမ်းဆောင်နိုင်ခြင်း
အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်တာက သွေးဖိအားမြင့်တက်တာ ဒါမှမဟုတ် ကိုလက်စထရောတွေ များနေတဲ့အတွက် သွေးကြောကျဉ်းတာနဲ့ ဆက်စပ်နေတဲ့ သွေးလှည့်ပတ်မှု ပြဿနာကြောင့်ပါ။ အမျိုးသမီးတွေမှာလည်း သွေးလှည့်ပတ်မှုပြဿနာကြောင့် လိင်စိတ်ခံစားမှု ကင်းမဲ့နေတတ်ပါတယ်။ ....................................................
အသားအရေအရောင်ပြောင်းလဲခြင်း
လက်ချောင်းနဲ့ ခြေချောင်းတွေမှာ အပြာရောင် ဒါမှမဟုတ် အညိုရောင်ဖြစ်နေတာက မွေးရာပါ နှလုံးချို့ယွင်းတာ၊ သွေးကြောကျဉ်းတာ ဒါမှမဟုတ် သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့ သွေးလှည့်ပတ်မှုမကောင်းတာကြောင့်ပါ။ အသားအရေမှာ သွေးခြည်ဥသလို ဖြစ်နေတာက သွေးကြောထဲမှာ ကပ်ငြိနေတဲ့ ကိုလက်စထရောဖတ်တွေက ပြိုကွဲသွားပြီး အရေပြားအောက်ကို ရောက်ရှိသွားတာကြောင့်ပါ။ များသောအားဖြင့် လက်ဖဝါးနဲ့ ခြေဖဝါးနေရာတွေမှာ အဖြစ်များပါတယ်။ ....................................................
သွားဖုံးသွေးယိုခြင်း
သွားဖုံးရောဂါနဲ့ နှလုံးရောဂါက ဆက်စပ်မှုရှိပါတယ်။ သွားဖုံးမှ ဘက်တီးရီးယားပိုးတွေက သွေးကြောကတစ်ဆင့် နှလုံးထဲရောက်သွားပြီး နှလုံးရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ....................................................
အရေပြားပေါ်တွင် ပုံမှန်ထက် အရောင်ရင့်သော အကွက်များထွက်ခြင်း
လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလိုမျိုး အသားအရေတွန့်ခေါက်တဲ့နေရာတွေမှာ ပုံမှန်ထက် အရောင်ရင့်ပြီး ထူထပ်လာတဲ့အသားအရေဖြစ်ပေါ်လာတာက အင်ဆူလင်ဟော်မုန်းကို အသုံးပြုရာမှာ အခက်အခဲဖြစ်လာတာကြောင့်ပါ။ ဆီးချိုရောဂါဖြစ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါကာကွယ်ဖို့အတွက် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
ခြေထောက်ဖောရောင်ခြင်း
အချိန်အကြာကြီးမတ်တတ်ရပ်ရသူ ဒါမှမဟုတ် ထိုင်နေရသူတွေမှာ ခြေထောက် ဖောရောင်တတ်ပြီး များသောအားဖြင့် ကိုယ်၀န်ဆောင်သူတွေမှာ အဖြစ်များပါတယ်။ နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်အတွင်း သွေးလှည့်ပတ်မှု မကောင်းတာကြောင့်လည်း အရည်တွေ စုဆောင်းမှုဖြစ်ကာ ခြေထောက်ဖောရောင်နိုင်ပါတယ်။ ရုတ်တရက် ခြေထောက်ဖောရောင်လာခဲ့ရင် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
အသက်ရှူရခက်ခဲခြင်း
အသက်ရှူမ၀တာက နှလုံးအလုပ်မလုပ်နိုင်တာ၊ နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာ ဒါမှမဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက်္ခဏာဖြစ်တာမို့ ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် လဲလျောင်းနေစဉ် အသက်ရှူမ၀တာ ဒါမှမဟုတ် အရင်က သင် လွယ်လွယ်ကူကူလုပ်နေကျအလုပ်တွေ လုပ်အပြီး အသက်ရှူရခက်ခဲနေရင်ပါ။ ....................................................
မောပန်းခြင်း
နှလုံးအလုပ်မလုပ်နိုင်တာကြောင့် မောပန်းတတ်တာက ခန္ဓာကိုယ်အတွက် သွေး လိုအပ်သလောက် အတိုင်းအတရောက်အောင် ပို့ဖို့ နှလုံးကြွက်သားတွေက မညှစ်နိုင်တာကြောင့်ပါ။ ချောင်းဆိုးတာနဲ့ ခြေထောက်ဖောရောင်တဲ့ လက္ခဏာ ရှိ မရှိကိုလည်း စစ်ဆေးသင့်ပါတယ်။ မောပန်းတာက ကင်ဆာရောဂါ၊ သွေးအားနည်းရောဂါ ဒါမှမဟုတ် စိတ်ကျဝေဒနာလိုမျိုး ရောဂါတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့်ပါ။
#ဒေါက်တာခင်မိုးမိုး
Good Health Journal 619
တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်းပါးများကို ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/Good-Health-Journal-390774211023677/
Credit.Good health Journal
လိပ်ခေါင်းရောဂါ ဖြစ်ပေါ်နိုင်တဲ့ နေ့စဉ် အမူအကျင့် ၅ မျိုး
-------------- ဒေါက်တာခင်မိုးမိုး
လိပ်ခေါင်းဆိုတာက စအို တစ်ဝှိုက်က သွေးကြောတွေ ဖောရောင်လာတာဖြစ်ပြီး စအိုအတွင်း၊ စအိုအပြင် ဒါမှမဟုတ် နှစ်နေရာစလုံးမှာ ဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်ရက်တာရှည်တာ ဒါမှမဟုတ် ဝမ်းသွားစဉ် ညှစ်ထုတ်ရတာကြောင့် စအိုတစ်ဝှိုက်က သွေးကြောအတွင်း ဖိအားမြင့်တက်လာတာကြောင့် လိပ်ခေါင်းရောဂါ ဖြစ်ရတာ ဖြစ်ပါတယ်။ အသက်အရွယ်မရွေး၊ ကျား မ မရွေးဖြစ်နိုင်ပါတယ်။
လိပ်ခေါင်းရောဂါလို့ သတ်မှတ်နိုင်ဖို့ စအိုတစ်ဝှိုက်ယားယံနေတာ၊ နာကျင်တာ၊ အနေခက်တာ နဲ့ ဝမ်းသွားစဉ်သွေးပါတာလိုမျိုး လက္ခဏာတွေ ရှိရမှာ ဖြစ်ပြီးစအိုဝကြည့်မှန်ပြောင်းနဲ့ ကြည့်ရှု စစ်ဆေးရပါမယ်။
#လိပ်ခေါင်းရောဂါဖြစ်ပေါ်နိုင်တဲ့အမူအကျင့်များ။
အလေးအပင်မတာ၊ အမျှင်ပါဝင်မှုနည်းပါးတဲ့ အစားအစာကို စားသုံးတာ၊ ပူပြီးစပ်တဲ့ အစားအစာကို စားသုံးတာ၊ အဝလွန်တာ၊ အထိုင်များတာနဲ့ ဝမ်းသွားစဉ် ညှစ်အားပေးရတာကြောင့် လိပ်ခေါင်းရောဂါ ဖြစ်တတ်ပါတယ်။
အမျှင်ပါဝင်မှု၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အရည်သောက်တာတွေနည်းပါးတာကြောင့် လိပ်ခေါင်းရောဂါ ဖြစ်နိုင်ပါတယ်။
အဆီက•အစားများတာ၊ ဆီနဲ့ ကျွတ်ရွအောင်ကြော်ထားတဲ့ အစာတွေကို စားသုံးမှုများတာကြောင့် ထိထိရောက်ရောက် အစာခြေနိုင်မှု မရှိတဲ့အပြင် အရည်သောက်တာနည်းပါးတာကြောင့် ဝမ်းချုပ်နိုင်ကာ လိပ်ခေါင်းရောဂါ ဖြစ်ပေါ်နိုင်ပါတယ်။
ကော်ဖီ အသောက်များတာကြောင့်လည်း အူရွေ့လျားမှုနှေးကွေးသွားနိုင်တဲ့အတွက် လိပ်ခေါင်းရောဂါ ဖြစ်ပေါ်အောင် လှုံ့ဆော်နိုင်ပါတယ်။
နာတာရှည်ဝမ်းချုပ်တတ်သူတွေကလည်း လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေ ပိုများပြားပါတယ်။
#လိပ်ခေါင်းရောဂါဖြစ်နေရင်။
လိပ်ခေါင်းရောဂါကို ကုသရာမှာ အစားအစာက အဓိကနေရာမှ ပါဝင်ပါတယ်။ အမျှင်ပေါကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့ သစ်သီးဝလံတွေကို နေ့စဉ် ပါဝင်အောင်စားသုံးပြီး ရေများများသောက်ပေးရပါမယ်။
#လိပ်ခေါင်းရောဂါကိုကုသမှုခံယူနေစဉ်စားသုံးစင့်သောအစားအစာများ။
လိပ်ခေါင်းရောဂါရှိနေသူတွေက ပဲဟင်းစားဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ အလွယ်တကူအစာကြေနိုင်ပြီး လိပ်ခေါင်းရောဂါကြောင့်အစာမကြေတာ၊ လေပွတာနဲ့ ရောင်ရမ်းတာပါ သက်သာနိုင်ပါတယ်။ ဆန်လုံးညိုလိုမျိုးကောက်နှံတစ်ခုလုးပါဝင်စာ၊ပြောင်းဖူး၊ အုတ်စပါးနဲ့ ဘာလီစေ့တွေကလည်း လိပ်ခေါင်းရောဂါကို ထိန်းချုပ်ထားနိုင်ဖို့ စားသုံးသင့်တဲ့ အစားအစာတွေဖြစ်ကြပါတယ်။ လိပ်ခေါင်းရောဂါရှိသူတွေက အစပ်စာကို စားသုံးမိရင် ဝေဒနာက ပိုမိုဆိုးရွားနိုင်ပေမဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာတွေကိုတော့ အစာအိမ်နဲ့ အစာခြေလုပ်ငန်းစဉ် ချောမွတ်ဖို့ စားသုံးသင့်ပါတယ်။ လိပ်ခေါင်းရောဂါ မသက်သာသူတွေက အဆီပါဝင်မှုများပြားလွန်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အစိမ်းရောင်ပန်းဂေါ်ဖီ၊ ကန်စွန်းဥ၊ မုန်လာဥချိုနဲ့ မုန်လာဥဝါတွေက အာဟာရများစွာပါဝင်ပြီး ရောဂါနဲ့ သင့်တော်တဲ့အတွက် စားသုံးသင့်ပ့ါတယ်။
#လိပ်ခေါင်းရောဂါကိုကုသနည်း။
လိပ်ခေါင်းရောဂါသက်သာဖို့ လူအများစုက အိမ်တွင်းကုထုံးကိုသာ အသုံးပြုတတ်ကြပါတယ်။ အိမ်တွင်းကုထုံးက လိပ်ခေါင်းရောဂါကို အရှင်းမပျောက်ကင်းနိုင်ပါဘူး။ယာယီ ဝေဒနာသက်သာရုံသာ ရရှိနိုင်ပါတယ်။
အခုအခါမှာတော့လေဆာကုထုံးနဲ့ လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသနိုင်ပြီ ဖြစ်ပါတယ်။ လိပ်ခေါင်းကို ဖယ်ရှားဖို့ ၁၅မိနစ်မှ မိနစ် ၃၀ လောက်သာကြာတတ်ပြီး ခွဲစိတ်ခံယူထားတဲ့နေ့မှာပဲ မိမိအိမ်ကိုပြန်ပြီး နားနေနိုင်ပါတယ်။
Credit. Good Health Journal
09/12/2022
အသည်းရောဂါရှိသူတို့ သတိပြုရမည့် ဆေးဝါးများ
---၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊---
အသည်းက လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါပါ။ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို ဖြေရှင်းပေးနေတဲ့ အသည်းက ဝန်ပိလာတဲ့အခါ အသည်းကျန်းမာရေး ထိခိုက်လာပါတော့တယ်။ အဲဒီလို အသည်းရောဂါရှိလာချိန်မှာ ဒီဆေးတွေကို သတိပြုဆင်ခြင်သင့်ပါတယ်။
(၁) ပါရာစီတမော
-----------------
Acetaminophenလို့ ခေါ်တဲ့ ပါရာစီတမောက အဖျားနဲ့ ကိုက်ခဲနာကျင်မှု လျော့ကျစေဖို့ လူသုံးများပေမယ့် အသည်းရောဂါရှိသူတွေမှာ မိမိသဘောနဲ့ မိမိ မသောက်သင့်ပါဘူး။
(၂) စတီးရွိုက်မဟုတ်တဲ့ ရောင်ရမ်းမှုကျစေတဲ့ ဆေးဝါးများ (NSAIDs)
----------------------------------
အိုင်ဘူပရိုဖန်၊ အက်စ်ပရင်တို့လို (NSAIDs)စတီးရွိုက်မဟုတ်တဲ့ ရောင်ရမ်းမှုကျစေတဲ့ ဆေးဝါးတွေကလည်း အသည်းရောဂါရှိသူတွေ သတိထားရပါမယ်။
(၃) တက်ထရာဆိုက်ကလင်း၊ ကလိုရမ်ဖန်နီကော
----------------------------------
ဒီပဋိဇီဝပိုးသတ်ဆေးတွေကလည်း အသည်းကို ထိခိုက်စေနိုင်လို့ ဆင်ခြင်ရပါမယ်။ အသက်ရှူ လမ်းကြောင်း ပိုးဝင်ရာမှာ သုံးတဲ့ Amoxicillin/clavulanate ကလည်း အသည်းရောဂါရှိသူတွေမှာ ဆင်ခြင်သင့်ပါတယ်။
(၄) Allopurinol
----------------
ဂေါက်အဆစ်ရောင်ရောဂါအတွက် သုံးလေ့ရှိတဲ့ အေလိုပျူရီနောဆေးက အသည်းထိခိုက်မှုဖြစ်စေနိုင်လို့ အသည်းရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှသာ မှီဝဲသင့်ပါတယ်။
(၅) တီဘီရောဂါကုသဆေး Isoniazid
----------------------------------
အသည်းရောင်ရောဂါရှိသူတွေမှာ တီဘီရောဂါဖြစ်တယ်ဆိုရင် Isoniazidမပါတဲ့ တခြားတီဘီကုသဆေးကို ပြောင်းသုံးသင့်ပါတယ်။
(၆) Methotrexate
-----------------
ကင်ဆာရောဂါတချို့၊ ရူမတွိုက်အဆစ်ရောင်နာစတဲ့ ရောဂါတွေမှာ သုံးတဲ့ Methotrexate က အသည်းရောဂါရှိသူတွေမှာ တတ်နိုင်သမျှ မသုံးသင့်ပါဘူး။
(၇) Tamoxifen
---------------
ရင်သားကင်ဆာအတွက်ပေးလေ့ရှိတဲ့ တမောက်ဇီဖန်ဆေးက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တာကြောင့် အသည်းရောဂါရှိသူတွေမှာ သတိပြုသင့်ပါတယ်။
(၈) သံဓာတ်ပါတဲ့ အားဆေး
-----------------
သံဓာတ်က ခန္ဓာကိုယ်အတွက်မလိုအပ်ရင် အသည်းမှာ သွားစုပြီး အသည်းခြောက်တာကို အားပေးတဲ့အတွက် အသည်းရောဂါရှိသူတွေမှာ သံဓာတ်ပါတဲ့ အားဆေးကို မိမိသဘောနဲ့မိမိ မသောက်သင့်ပါဘူး။
(၉) ဗီတာမင်စီ
--------------
ဗီတာမင်စီက အသည်းကို တိုက်ရိုက်မထိခိုက်စေပါဘူး။ ဒါပေမဲ့ အသည်းရောဂါရှိသူတွေမှာ ဗီတာမင်စီပမာဏ အများကြီး မသောက်သင့်တာက ဗီတာမင်စီက သံဓာတ်ကို ပိုစုပ်ယူလို့ ဖြစ်ပါတယ်။
◾ မှတ်ချက် ။ ။ အသည်းရောဂါရှိသူတွေဆင်ခြင်သင့်တဲ့ ဆေးဝါးတွေထဲက လူသုံးများတဲ့ ဆေးတွေကို ကောက်နှုတ်ပြီး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
ဆေးရုံ၊ ဆေးခန်းပြတဲ့အခါ မိမိမှာ အသည်းရောဂါရှိရင် ပြောပြပေးပါ။ တကယ်လို့ အသည်းရောဂါရှိသူတွေမှာ ဒီဆေးတွေ လိုအပ်တယ်ဆိုရင် အသည်းအထူးကုဆရာဝန်တွေက ချင့်ချိန်ပြီး ပေးလေ့ရှိပါတယ်။ မိမိသဘောနဲ့ မိမိမသောက်သင့်ဘူးဆိုတာ မေတ္တာအပြည့်နဲ့ အကြံပြုလိုက်ပါတယ်။😊
(Ref; (1) https://www.goodrx.com/health-topic/liver/the-ten-worst-medications-for-your-liver)
(2) https://www.medicalnewstoday.com/articles/what-drugs-cause-liver-damage -factors)
credit.
The 10 Worst Medications for Your Liver - GoodRx Medications are an important cause of liver injury—a scary thought considering that the liver is the main organ for maintaining the body’s internal
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon