Dr.Z
ကျန်းမာရေးနှင့်အလှအပဆိုင်ရာ ဗဟုသုတ
02/09/2021
သွားရောဂါနှင့်ပတ်သက်၍ ဆွေးနွေးလိုသူများအတွက် Online Consultation ပါခင်ဗျာ
အခုလို အချိန်မှာ သွားဆေးခန်း သွားပြဖို့ ဆိုတာ တကယ်ကို မလွယ်ကူပါဘူး...
သွားတွေကနာ 😭 ဆေးခန်းကလဲ သွားမပြရဲ တဲ့ အခြေအနေမှာ တကယ်ကိုအခက်အခဲဖြစ်ရပါတယ်..
ဒါကြောင့် Online မှတစ်ဆင့်ကူညီနိုင်ရန်စီစဥ်ထားပါတယ်ခင်ဗျာ
Online မှတဆင့်ဆွေးနွေးပြီး သွားနှင့်ခံတွင်းဆေးခန်းသို့သွားရောက်ပြသရန်လိုအပ်ပါကလည်း ရောဂါကူးစက်မှု အနည်းဆုံးဖြစ်ပြီး အကာအကွယ်အပြည့်အစုံနဲ့အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းနှင့်
ပြန်လည်ချိတ်ဆက်ပေးပါမည်။
ကျွမ်းကျင်သောသွားနှင့်ခံတွင်းဘက်ဆိုင်ရာဆရာဝန်များမှ မိတ်ဆွေတို့သွားဘက်ဆိုင်ရာပြသနာများကို9Am to 11 Pm နဲ့6Pm to 8 pm ဆွေးနွေးပေးနေပါတယ်...
တရက်ကြိုတင် Booking လေးယူပေးပါနော်..ခုချက်ချင်းဆွေးနွေးလိုပါက ဆွေးနွေးမှုမပြုလုပ်မှီအနည်းဆုံး၂ နာရီ ကြိုတင်ပြီးBooking ယူပေးကြပါခင်ဗျာ...
03/02/2021
"မွေးကင်းစလေးတွေ ဝမ်းဘယ်နှကြိမ် သွားသင့်လဲ???"
ညစ်ပေနေတဲ့ ဒိုက်ပါတွေ လဲပေးရတာက မိဘတွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေထဲက တစ်ခုပါပဲ! သင့်ကလေးကို နို့မှုန့်ပဲ တိုက်တိုက် မိခင်နို့ပဲ တိုက်တိုက် အခုပြောပြသွားမယ့် အကြောင်းအရာတွေကနေ မွေးကင်းစကလေးတွေဟာ ဘယ်နှကြိမ်လောက် ပုံမှန် ဝမ်းသွားလဲဆိုတဲ့ သဲလွန်စ ရသွားမှာပါ။
ကလေးလေးတွေရဲ့ ပထမနှစ်မှာတင် အနည်းဆုံး ဒိုက်ပါ ၂၀၀၀ လောက် လဲပေးရပါတယ်၊ ဒါပေမယ့် တစ်ချို့ မွေးကင်းစလေးတွေမှာတော့ ကလေးရဲ့ ဝမ်းသွားအချိန်ဇယားဟာ ကျန်းမာရဲ့လားဆိုတာ သိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါဆို 'မွေးကင်းစလေးတွေက တစ်နေ့ ဘယ်နှကြိမ် ဝမ်းသွားတတ်သလဲ' ဆိုတဲ့ မေးခွန်း မေးချင်ကြမှာပေါ့နော်
အားလုံးအတွက် ကိုက်ညီတဲ့ အဖြေလို့တော့ မရှိပါဘူး၊ ကလေးကို နို့မှုန့်တိုက်တာလား မိခင်နို့ တိုက်တာလား ဆိုတာပေါ် မူတည်ပြီး ဝမ်းသွားတဲ့ အကြိမ်ရေ ကွာခြားလို့ပါ။ ကလေးရဲ့ အစာချေစနစ်ကလည်း အရေးပါလာပါတယ်။
ကလေးရဲ့ ပထမဆုံး ဝမ်းသွားခြင်း
မွေးကင်းစ ကလေးအများစုဟာ မွေးပြီး နှစ်ရက်လောက်အကြာမှာ အူမကြီး လှုပ်ရှားမှုတွေ စတင်ပါတယ်။ ပထမဆုံးဝမ်းဟာ မိခင်ဝမ်းဗိုက်အတွင်း ရှိစဉ်က မျိုချထားတဲ့ အရေးပြားဆဲလ်တွေ ပါဝင်လို့ ထူပြီး စေးကပ်ကာ ကတ္တရာစေးလို ဖြစ်တတ်ပါတယ်။ ပထမဆုံးဝမ်းသွားပြီးနောက်ပိုင်းကတော့ မိခင်နို့တိုက်ကျွေးလား နို့မှုန့်တိုက်ကျွေးလားဆိုတဲ့ အပေါ်မှာပဲ မူတည်ပြီး ပြောင်းလဲသွားပါတယ်။
မိခင်နို့သောက်သုံးရတဲ့ မွေးကင်းစလေးတွေက ဘယ်နှကြိမ် ဝမ်းသွားလေ့ရှိလဲ
အစာအိမ်က အစာချေဖျက်ပြီးနောက် အူမကြီး အောက်ပိုင်းအတွက် လက္ခဏာရပ်တွေက အခုထိ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ရလာဒ်အနေနဲ့ သူတို့လေးတွေ နို့စို့လိုက်တိုင်း အူမကြီးလှုပ်ရှားမှုတွေ ဖြစ်ပြီး တစ်နေ့ကို ၈-၁၀ကြိမ်လောက် ဒိုက်ပါတွေ လဲလှယ်ပေးရလေ့ရှိပါတယ်။
တစ်ချို့ မိခင်နို့ တိုက်ကျွေးတဲ့ ကလေးတွေကတော့ ပထမ နှစ်ပါတ်လောက်ထိတော့ တစ်နေ့တစ်ကြိမ်ပဲ ဝမ်းသွားကြပါတယ်။ အခြေနေနှစ်ခုလုံးက ကျန်းမာနိုင်ပါတယ်။ မိခင်နို့စို့ ကလေးတစ်ယောက်အတွက်တော့ တစ်ပါတ်မှ တစ်ကြိမ် အူမကြီး လှုပ်ရှားမှုဖြစ်တာလည်း ပုံမှန်ဖြစ်သလို နို့စို့ပြီးတိုင်း အူမကြီးလှုပ်ရှားမှုဖြစ်တာမျိုးကလည်း ပုံမှန်ပါပဲ။ နို့စို့ကလေးတွေရဲ့ ဝမ်းဟာ ပျော့ပျော့လေး ဖြစ်တတ်တယ်ဆိုတာတော့ မှတ်ထားပေးပါနော်။
နို့မှုန့်တိုက်ကျွေးထားတဲ့ မွေးကင်းစလေးတွေ ဝမ်းဘယ်နှကြိမ် သွားလေ့ရှိလဲ???
နို့မှုန့်တိုက်ကျွေးထားတဲ့ ကလေးတွေရဲ့ ဝမ်းဟာ အဝါရောင်ကနေ အညိုရောင်ထိ ရှိတတ်ပြီး မိခင်နို့သောက်သုံးရတဲ့ ကလေးတွေထက် ပိုမာလေ့ရှိပါတယ်။ နို့မှုန့်သောက်သုံးရတဲ့ ကလေးတွေဟာ နည်းနည်းပဲ ဝမ်းသွားလေ့ရှိပြီး ပိုပြီး အနံ့ပျင်းပါတယ်။ ဒါဟာ ဘာလို့လဲဆို့တော့ နို့မှုန့်သောက်သုံးရတဲ့ ကလေးတွေရဲ့ အူမကြီးလှုပ်ရှားမှုက ပိုပြီး နှေးလို့ပါ။
မိဘတွေဟာ ကလေးတွေကို ၁-၄ ကြိမ်အထိ အူမကြီး လှုပ်ရှားမှုတွေကို မျှော်မှန်းထားနိုင်ပါတယ်။ တစ်ချို့ နို့မှုန့်သောက်ကလေးတွေကတော့ အရမ်း အရမ်းကို ဝမ်းသွားနှုန်း နည်းပါတယ်၊ ကလေးငယ်ရဲ့ အစာခြေဖျက်စနစ်ပေါ်မှာပဲ လုံးဝ မူတည်ပါတယ်။ စိုးရိမ်မှု တစ်စုံတရာရှိရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသပေးပါ။
မွေးကင်းစ ကလေးဝမ်းအရောင်
ကလေးကို ဘယ်လိုပဲ ကျွေးကျွေး ပထမ ၆-၈ ပါတ်လောက်မှာ ဝမ်းသွားနှုန်း အလွန်နည်းတာက ပုံမှန်ပါပဲ။ ကလေးရဲ့ ကလီစာတွေ့ ရင့်ကျက်လာမှ အစာချေစနစ်က ပိုပြီး ကောင်းလာမှာပါ။ တစ်ပါတ်မှာ တစ်ခါ နှစ်ခါလောက်ပဲ ဝမ်းသွားပေမယ့် ဝမ်းပျော့ပြီး ကျန်းမာတဲ့ ကန္ဓာကိုယ်ရှိရင် အဆင်ပြေပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ခေါ်သင့်လဲ?
မွေးကင်းစလေးတွေမှာ ဝမ်းချုပ်တာ ရှားပေမယ့် ကလေးရဲ့ ဝမ်းက အရမ်းမာနေလား၊ အစားစာဖို့ ညင်းဆန်နေလား၊ ဝမ်းဗိုက်လေးပ မာနေလား၊ စအိုနံရံကနေ သွေးစလေးတွေ ထွက်နေလားဆိုတာကို စစ်ဆေးပေးနေရပါမယ်။ တကယ်လို့ အပေါ်က လက္ခဏာမျိုးတွေထဲက တစ်ခုခုဖြစ်နေပီဆိုရင် ဆရာဝန်ကို ပြသင့်ပါတယ်။
to Mother
#ကလေးကျန်းမာရေး #မိခင်နှင့်ကလေးကျန်းမာရေး #ကျန်းမာရေးဗဟုတုသ
02/02/2021
😇 #ကလေးအိပ်ပျော်စေမည့်ကောင်းမွန်ထိရောက်သည့်နည်းလမ်း(၈)မျိုး 😇
- သင်၏ မွေးကင်းစ ကလေးငယ်ကို အိပ်ပျော်စေဖို့ ခက်ခဲနေပါသလား?
ကလေးမွေးဖွားပြီးချိန်တွင် မိခင်အများစု ကြုံတွေ့ရတဲ့ ဒုက္ခကတော့ ကလေးငယ်ကို မိမိအိမ်နေရာမှာ အိပ်ပျော်အောင် သိပ်ဖို့ ခက်ခဲတာပါ။ ပတ်ဝန်းကျင် နေရာအပြောင်းအလဲဖြစ်ခြင်းနှင့် အသံများကြောင့် သော်လည်းကောင်း ၊ အခန်းအပူချိန်နှင့် အလင်းရောင်ကြောင့် သော်လည်းကောင်း ၊ အခြားအကြောင်းအရာများကြောင့် သော်လည်းကောင်း ကလေးငယ်ကို သိပ်လို့မရပဲ တစ်ညလုံး ချီထားရတာမျိုး ၊ ချီထားမှသာ အိပ်ပျော်တာမျိုးတွေ ဖြစ်ကြမှာပါ။ အဆိုပါ ပြသနာများအတွက် အတွေ့အကြုံရှိသော မိခင်များက အကြံပေးထားတာလေးတွေ ရှိပါတယ်။ သင့်အနေနဲ့လဲ အဆိုပါ နည်းလမ်းလေးတွေကို အသုံးပြုကြည့်သင့်ပါတယ်။
No.1 အချိန်ဇယား မှန်ကန်ပါစေ။
ကလေးငယ်များ၏ အိပ်ချိန်ကို မှန်ကန်ပါစေ။ ကလေးအိပ်ချိန်မရောက်ခင် မိနစ် ၃၀ လောက် အလိုတည်းက ပတ်ဝန်းကျင်ကို တိတ်ဆိတ်စေရန် ပြုလုပ်ပေးပြီး မီးအလင်းရောင်ကို မှိန်ထားလိုက်ပါ။ မှန်ကန်တဲ့ အလင်းရောင်အနေအထားက ကလေးငယ် အိပ်ပျော်စေဖို့ အဓိက လိုအပ်တဲ့ အချက်တစ်ချက်လဲ ဖြစ်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးကာစ ဖြစ်တဲ့ ကလေးငယ်အတွက် မိခင်ဝမ်းထဲမှာ နေသလို မှောင်ပြပြဖြစ်နေတဲ့ ပတ်ဝန်းကျင်က သူ့အတွက် သက်တောင့်သက်သာဖြစ်စေပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ ကြှနျုပျတို့ရဲ့ ဦးနှောက်လံှုဆော်မှုက အလင်း ၊ အမှောင် နဲ့ အိပ်ချိန် ၊ နိုးထချိန် ကို သဘောဝအလျောက် ချိန်ညှိပေးနိုင်တာမို့လို့ ကလေးငယ်ကို ညဘက်သိပ်ချိန်တွင် စိတ်ပူပီး အခန်းမီးဖွင့်ထားတာမျိုး မပြုလုပ်မိစေရန် သတိပြုရမှာဖြစ်ပါတယ်။ ကလေးငယ် ၆ ပတ် မှ ၈ ပတ်အတွင်းမှာ အကျင့်လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။
No.2 ကိုယ်တိုင်အိပ်ပျော်အောင် လုပ်နိုင်ပါစေ။
မွေးကင်းစက ကလေးငယ်များကို အိပ်ပျော်စေရန် ချီပေးရခြင်း ၊ လှုပ်ပေးနေရခြင်းများရှိသော်လည်း ကလေးငယ်များသည် ဖွံ့ဖြိုးမှု မြန်ဆန်တာကြောင့် သင် အကြာကြီး လုပ်ပေးနေစရာမလိုပါဘူး။ ကလေး အသက် ၅လ လောက် ရောက်တဲ့ အချိန်မှာ ကလေးငယ်အများစုဟာ ချော့သိပ်စရာမလိုတော့ပဲ အိပ်ချိန်မှာ မိမိဘာသာ အလိုလို အိပ်ပျော်သွားကြပါတယ်။ အစောပိုင်းကာလများတွင်တော့ သင့်ကလေးငယ်ကို အကျင့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အိပ်ရမည့် အချိန်တွင် သင်ချော့မသိပ်ပဲ ကလေးငယ်ကို ထားကြည့်လိုက်ပါ။ သူ့ဘာသာ တစ်ဖြေးဖြေး အိပ်ပျော်တတ်အောင် သင်ယူသွားပါလိမ့်မယ်။ ကလေးငယ်နှင့် အတူအိပ်ပါကလဲ တစ်ချိန်လုံး သီချင်းဆိုနေခြင်းမျိုး ၊ ချော့မြူနေခြင်းမျိုးကို လျှော့သွားလို့ရပါတယ်။
No.3 အိပ်ပျော်ခြင်းနှင့် အစားစားခြင်းကို ခွဲခြားခြင်း
ကလေးငယ် အများစုဟာ နို့စို့နေရင်း ၊ အစားစားနေရင်း အိပ်ပျော်သွားတတ်ကြပါတယ်။ သင့်အနေနဲ့ စိုးရိမ်စရာတော့မလိုပေမယ့် ကလေးငယ် နို့စို့ချိန်နှင့် အိပ်ချိန်ကို ခွဲခြားထားတာမျိုးက ပိုကောင်းပါတယ်။ ဥပမာ- နို့တိုက်ပြီး ခနအကြာမှ ကလေးငယ်ကို အိပ်ပျော်စေတာမျိုးက ပိုကောင်းပါတယ်။ အကယ်လို့များ နို့စို့နေရင်း သင့်ကလေးငယ်က အိပ်ပျော်သွားတယ် ၊ အိပ်ငိုက်သွားတယ်ဆိုရင် နိုးလာချိန်မှာ နို့စို့ဖို့ကို အာရုံရောက်သွားပါလိမ့်မယ်။ နို့မစို့ပဲ အိပ်မပျော်တော့တာမျိုး ၊ သိပ်ရခက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ သင့်အနေနဲ့ သတိထားနိုင်တာက သင်နို့တိုက်ချိန်မှာ ကလေးငယ်ဟာ အိပ်ငိုက်တတ်လာတယ် ဆိုရင် ကလေးနို့တိုက်ချိန်ကို ရှေ့တိုးလိုက်ပါ။ ပုံမှန်နို့တိုက်ချိန်ကို အိပ်ချိန်အဖြစ် သတ်မှတ်လိုက်ပါ။ ကလေးငယ်အိပ်ပျော်စေရန် အနည်းငယ် ချော့လိုက်ပါက အိပ်ပျော်သွားနိုင်ပါတယ်။
No.4 ကလေးအိပ်ချိန်ကို နောက်မကျပါစေနဲ့
အချိန်သတ်မှတ်ခြင်းဟာလဲ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကလေးအသက် ၈ပတ် ဝန်းကျင်လောက်တွင် ကလေးငယ်၏ ကိုယ်တွင် ထွက်သော drowsy-making hormone ( အိပ်ငိုက်စေနိုင်သော ဟော်မုန်း) ကြောင့် နေဝင်သည့် အချိန်နှင့် အတူ စောစောအိပ်ယာဝင်နိုင်လာပါတယ်။ ကလေးငယ်အိပ်ချင်သည့် အချိန်ကို ကျော်သွားခဲ့ရင်တော့ သိပ်ရခက်ပြီး မျက်စိကျယ်သွားတတ်ပါတယ်။ သင့်အနေနဲ့ စောစောအိပ်ယာဝင်ဖို့ ကြိုးစားပေးသင့်ပါတယ်။ ကလေးငယ်အများစုဟာ ၆နာရီခွဲ ၊ ၇နာရီ ဝန်းကျင်လောက်ဆိုရင် အိပ်ချင်လာပါပီ။
No.5 ညအိပ်ချိန်တွင်း နို့တိုက်ကျွေးခြင်း
ကလေးငယ်၏ ပထမ ၈ ပတ်ဝန်းကျင်တွင် ၂နာရီခြားတစ်ခါ နို့တိုက်ကျွေးရမည်မှာ ပုံမှန်ဖြစ်သော်လည်း ညဘက်အိပ်ချိန်တွင် ကလေးငယ်ကို နို့တိုက်ကျွေးသည်မှာ ကလေးငယ်၏ အိပ်ချိန်ကို အနှောက်အယှက်ဖြစ်စေတာမျိုးလဲ ရှိပါတယ်။ ကလေးငယ်သည် နေ့ခင်းအချိန်တွင် နို့စိုချိန် ၅မိနစ် ၊ ၁၀မိနစ် သာ ကြာသော်လည်း ညအိပ်ချိန်တွင် မိနစ် ၂၀ ခန့်မျှ ကြာတတ်ပါတယ်။ ကလေးငယ်အတွက် ဝမ်းဗိုက်ပြည့်အောင် နို့စိုခြင်းထွက် အိပ်ချင်စိတ်က ပိုများနေတာမျိုး ဖြစ်နိုင်ပါတယ်။ သင့်ကလေးငယ်သည် နေ့ဘက်အချိန်တွင် ကောင်းမွန်စွာ နို့စို့နိုင်ပါက ညဘက်အိပ်ချိန်အတွင်း နို့တိုက်ကျွေးခြင်း မလုပ်ပဲ ၄နာရီမှ ၆နာရီ အထိ ဆက်တိုက် အိပ်ပျော်စေလို့ရပါတယ်။
No.6 ခဏတာအိပ်ချိန်ကိုလဲ အလေးထားပါ။
ကောင်းမွန်စွာ အနားယူထားသော ကလေးငယ်သည် ပင်ပန်းနေသော ကလေးငယ်ထက်ပိုပီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ဆိုလိုသည်မှာ ညဘက်တွင် ကလေးငယ်အိပ်မပျော်မည်ကို စိုးရိမ်ပြီး နေ့လည် နေ့ခင်းတွင် ကလေးငယ်ကို မသိပ်ပဲထားခြင်းများကို မလုပ်သင့်တာဖြစ်ပါတယ်။ ကလေးငယ်အတွက် နေ့ခင်းအချိန်တွင်လည်း ပုံမှန်အိပ်ချိန် လိုအပ်ပီး မအိပ်ရ၍ ဖြစ်ပေါ်လာသော ပင်ပန်းခြင်းကြောင့် ထွက်ရှိလာသော ဟော်မုန်းများမှာ ကလေးငယ်ကို ပိုပီး နိုးထနေစေနိုင်ပါတယ်။ အဲ့တာကြောင့် နေ့ခင်းဘက်တွင်လဲ ပုံမှန် အိပ်ချိန် ရရှိစေရန် ပြုလုပ်ပေးရမှာပါ။
No.7 ကလေးငယ်ကိုယ်တိုင် ပြုလုပ်နိုင်ပါစေ။
ကလေးငယ်ငိုတိုင်း စိုးရိမ်တစ်ကြီး ပြေးသွားတတ်တာ မိခင်တိုင်းရဲ့ အကျင့်ဖြစ်နေပါပီ။ သို့ပေမယ့် ကလေးငယ် ဗိုက်ဆာသည့်အချိန် ၊ လေနာသည့်အချိန်မျိုးမဟုတ်ပဲ အိပ်ပျော်နေစဉ်မှာ ရုတ်တရက် ထငိုတာမျိုး ၊ တအင့်အင့် နှင့် နိုးချင်လာသည့်အချိန်မျိုးတွင် သင့်ကလေးငယ်ကို ခနတာမျှ အသံပေးပီး အခြေအနေကို စောင့်ကြည့်ပါ။ သူ့အလိုလို ပြန်ငြိမ်ပြီး အိပ်ပျော်သွားနိုင်ပါတယ်။ ကလေးငယ်ကို ချက်ချင်း ကောက်ချီလိုက်တာမျိုး ပြုလုပ်စရာမလိုပါဘူး။ ကလေးငယ်သည် အိပ်ရေးဝပြီး နိုးထလာတာမျိုး မဟုတ်ဘူးဆိုရင် ကလေးငယ်ကို ပြန်အိပ်ပျော်သွားစေရန် ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာထားပေးပါ။
No.8 အရမ်း မစဉ်းစားပါနဲ့။
သင့်ကလေးငယ်သည် ကောင်းမွန်စွာ အိပ်စက်နိုင်တဲ့ ကျန်းမာတဲ့ ကလေးငယ်ဖြစ်တယ်ဆိုတာကို ယုံကြည်ချက်ထားပါ။ စိုးရိမ်မလွန်ပါနဲ့ ။ အရမ်းစိတ်ပူခြင်းမျိုး မရှိပါစေနဲ့။ ကလေးငယ်၏ ပထမ ၄လ အတွင်း သူတို့ကိုယ်တိုင်လုပ်ဆောင်နိုင်တာလေးတွေကို အားပေးပါ။ သင့်အနေနဲ့ ကလေးငယ်ကို စောင့်ကြည့်ရတာ အချိန်ပိုကုန်တယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ သို့ပေမယ့် အဆိုပါ အချိန်ဟာ ကလေးငယ် ဖွံ့ဖြိုးရန် အထောက်အပံ့ဖြစ်ပြီး နောက်ပိုင်းတွင် သင့်ရဲ့ ပင်ပန်းမှုများ လျော့ကျသွားနိုင်မှာပါ။ ကလေးငယ်ကို သူ့ဘာသာ အိပ်ပျော်နိုင်ရန် အချိန်ပေး လေ့ကျင့်ပေးပါက ကလေးငယ်အိပ်ပျော်ချိန်တွင် သင် စိတ်ချလက်ချ အလုပ်လုပ်နိုင်သလို အနားယူနိုင်မှာဖြစ်ပါတယ်။
to Mother
#ကလေးကျန်းမာရေး #မိခင်နှင့်ကလေးကျန်းမာရေး #ကျန်းမာရေးဗဟုတုသ
31/01/2021
" #မွေးကင်းစလေးတွေဘယ်လောက်လောက်စားသင့်လဲ?"
ပထမဆုံးအပါတ်မှာ မွေးကင်းစလေးတွေကို အာဟာရဖြစ်အောင် ကျွေးမွေးရတာက လန့်စရာ အလုပ်လိုပါပဲ! မိခင်နို့ပဲ ဖြစ်စေ နို့ဗူးပဲဖြစ်စေ ဘာပဲ တိုက်ကျွေးနေနေ အခုပြောပြသွားမယ့် မွေးကင်းစ အစာတိုက်ကျွေးတဲ့ အချိန်ဇယားကို လမ်းညွှန်အဖြစ် အသုံးပြုနိုင်ပါတယ်။
စိတ်မကောင်းစွာနဲ့ပဲ မိဘအသစ်တွေအတွက် ကလေးအားလုံးနဲ့ ကိုက်ညီတဲ့ နည်းလမ်းအတိအကျတော့ မရှိပါဘူး။ စံပြ မွေးကင်းစ အစာတိုက်ကျွေးမှု ပမာဏဟာ ကလေးရဲ့ ခန္ဓာကိုယ် အလေးချိန်၊ အစာစားချင်စိတ်၊ အသက်တို့ပေါ်မူတည်ပြီး ပြောင်းလဲလို့ပါ။ ကလေးကို မိခင်နို့ တိုက်ကျွေးတာလား နို့မှုန့်တိုက်ကျွေးတာလားဆိုတာ ပေါ်မှာလည်း မူတည်နေပါတယ်။ မွေးကင်းစလေးကို ဘယ်လိုမျိုး ကျွေးရမလဲ မသိရင် ကျန်းမာရေး အထောက်အပံ့ပေးသူနဲ့ အမြဲ တိုင်ပင်ပါ။
အခုပြောပြသွားမယ့် အချက်တွေကိုလည်း စတင်လေ့လာတဲ့ အနေနဲ့ လေ့လာကြည့်လို့ရပါတယ်။
မိခင်နို့စို့ကလေးတွေ ဘယ်လောက် သောက်သုံးသင့်လဲ?
မွေးကင်းစလေးတွေရဲ့ ဘဝအစနေ့တွေမှာ သူတို့ဟာ သိပ်ပြီးဆာဦးမှာ မဟုတ်သေးတဲ့အတွက် တစ်ခါနို့စို့ရင် အောင်စဝက်လောက်ပဲ သောက်သုံးပါလိမ့်မယ်။ မကြာခင်မှာပဲ ၁-၂ အောင်စလောက် တိုးသွားပါလိမ့်မယ်။ ဒုတိယအပါတ်လောက် ရောက်ရင်တော့ တစ်ခါကို ၂-၃ အောင်စလောက် သောက်သုံးပါလိမ့်မယ်။ ကြီးလာတာနဲ့အမျှ ပိုပိုပြီး သောက်သုံးပါလိမ့်မယ်။ ဒါပေါ့ နို့တိုက်နေစဉ် ကလေးက ဘယ်လောက် အောင်စ စို့သွားလဲဆိုတာ သိဖို့ ခက်ခဲပါတယ်။
ဒါဆိုရင် ဘယ်နှကြိမ်လောက် နို့စို့ကြလဲ? ပထမ ၄ပါတ်မှ ၆ပါတ်အထိ ကတော့ ပုံမှန်ဆိုရင် ၂-၃ နာရီကြား တစ်ခါလောက် ဗိုက်ဆာကြပါတယ်။ ဆိုတော့ တစ်နေ့ကို ၈-၁၂ ကြိမ်အထိ မိခင်နို့တိုက်ကျွေးကြရပါတယ်။ ကလေးတွေဟာ နို့စို့ချိန် ပထမ ၁၀မိနစ်လောက်မှာ မိခင်နို့ရဲ့ ၉၀% လောက် သောက်ကြပါတယ်။
ကလေးဟာ လုံလောက်တဲ့ အာဟာရ ရလားဆိုတာ အလေးချိန်တိုးလာမှုတွေ၊ ဒိုက်ပါ ဘယ်နှကြိမ် လဲပေးရလဲဆိုတာတွေနဲ့ သိနိုင်ပါတယ်။
နို့ဗူးသောက်သုံးတဲ့ မွေးကင်းစတွေက ဘယ်လောက် သောက်သင့်လဲ?
မိခင်နို့နဲ့ ယှဉ်ရင် မွေးကင်းစကလေးတွေက ပထမဆုံးနေ့တွေမှာ နို့ဗူးကို အများကြီး မသောက်နိုင်ကြပါဘူး၊ တစ်ခါကို အောင်စဝက်လောက်ပဲ သောက်နိုင်ကြပါတယ်။ သောက်တဲ့ ပမာဏက မကြာခင်မှာပဲ တိုးသွားပြီး တစ်ခါကို ၂-၃ အောင်စလောက်အထိ သောက်ကြပါတယ်။ တစ်လသားလောက် ရောက်ရင်တော့ တစ်ခါကို ၄အောင်စလောက်ထိ သောက်ကြပါတယ်။ နောက်ပိုင်းကျတော့ ၇-၈ အောင်စလောက်ထိ သောက်နိုင်ကြပါတယ်။
ဒါဆိုရင် 'နိုးဗူးကို ဘယ်နှအောင်စ သောက်သင့်လဲ' ဆိုတဲ့ မေးခွန်းက ရှိလာပါပြီ။ ဒါကလည်း ကလေးရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်နေပါတယ်။ ကလေးအလေးချိန် ၁ပေါင်ကို ၂.၅ အောင်စနှုန်းနဲ့ သောက်သင့်တယ်လို့ ဆိုကြပါတယ်။
မွေးကင်းစလေးတွေကို အာဟာရတိုက်ကျွေးတော့မယ်ဆိုရင် ၃-၄နာရီကြား တစ်ခါ တိုက်သင့်ပါတယ်။ နိုးမှုန့်မှာက ဓာတ်သတ္ထုတွေ ပြည့်နေတဲ့အတွက် နို့ဗူးစို့ကလေးတွေက အကြိမ်ရေ နည်းနည်းပဲ တိုက်သင့်ပါတယ်။ ကလေးအထူးကု အများစုက ၄-၅ နာရီကြားတစ်ခါ နို့ဗူးတိုက်ဖို့ ကလေးကို နိူးပေးသင့်တယ်လို့ ဆိုထားပါတယ်။
အချိန်ဇယားအပြင် ကလေးရဲ့ ဗိုက်ဆာတတ်တဲ့ သဲလွန်စလေးတွေကိုလည်း သိနားလည်ဖို့ အရေးကြီးပါတယ်။ တစ်ချို့ကလေးတွေက ပိုပြီး အစာစားချင်စိတ် များပြားလို့ပါ။ နိုးဗူးသောက်နေတုန်း ရပ်တန့်ချင်ယောင် ပြလာတာနဲ့ နို့ဗူးကို သိမ်းလိုက်ပါ။ တစ်ကယ်လို့ တစ်ဗူးလုံးသောက်ပြီးတာတောင် နှုတ်ခမ်းလျက်နေသေးတယ်ဆိုရင် သောက်လို့ မဝသေးလို့ပါ။
to Mother
#ကလေးကျန်းမာရေး #မိခင်နှင့်ကလေးကျန်းမာရေး #ကျန်းမာရေးဗဟုတုသ
30/01/2021
" #ကလေးလေးတွေဘယ်အချိန်စပြီးလမ်းလျှောက်တတ်လဲ???"
သင့်ကလေးလေးက တွားသွားနေပြီဆိုရင် သားလေး/သမီးလေးက ဘယ်အချိန်မှာ ခြေလှမ်း လှမ်းနိုင်တော့မလဲဆိုတာ သိချင်နေမှာပါ။
ကလေးငယ်ရဲ့ ပထမဆုံး တစ်နှစ်တာဟာ အမှတ်တရမိုင်တိုင်များစွာနဲ့ ပြည့်နှက်နေပါတယ်။ စိတ်အလှုပ်ရှားရဆုံးက လမ်းလျှောက်တာ ဖြစ်မှာပါ။ ကလေးကို သူ့ဖာသာလေးပဲ လွှတ်ပေးထားတာက ကလေးက လောကကြီးကို နည်းလမ်းသစ်တွေနဲ့ ရှာဖွေသွားနိုင်စေပါတယ်။ ဖြစ်နိုင်ချေသစ်တွေ အားလုံးကို လမ်းဖွင့်ပေးလိုက်သလိုပါပဲ! ကလေးလေးတွေက ဘယ်အချိန်စပြီး လမ်းလျှောက်တတ်လဲဆိုတာ လေ့လာထားလို့ရပါတယ်။
#လမ်းလျှောက်တဲ့အဆင့်များ
အမှီအခိုကင်းကင်းနဲ့ လမ်းစလျှောက်နိုင်ဖို့ဆိုရင် ကလေးလေးတွေက အောက်မှာ ပြောပြထားတဲ့ အဆင့်တွေကို ကျော်ဖြတ်ကြရပါတယ်။
-မတ်မတ်ထိုင်ခြင်း : ၆လသားလောက်မှာပဲ ကလေးလေးတွေက မတ်မတ်ထိုင်နိုင်ဖို့ ကြွက်သားတွေကို ဘယ်လိုအသုံးပြုရလဲဆိုတာ စတင်လေ့လာနေပါပြီ။
- မတ်တပ်ရပ်ဖို့ ဆွဲခြင်း : ၁၀လသား ဝန်းကျင်လောက်မှာတော့ ကလေးလေးတွေက ပစ္စည်းတွေဆွဲပြီး ရပ်နိုင်ဖို့ ကြိုးစားကြပါတယ်။
- ပစ္စည်းကိုင် လမ်းလျှောက်ခြင်း : ဒါကတော့ ကလေးပေါ်မူတည်ပြီး အချိန်ကာလ ကွာခြားတတ်ပါတယ်၊ ဒီလိုအချိန်မှာတော့ ကလေးဟာ အိမ်ထဲ တွေ့သမျှ လက်လမ်းမှီရာတွေ ကိုင်တွယ်ပြီး လမ်းလျှောက်တော့တာပါပဲ!
- လမ်းလျှောက်ခြင်း : နောက်ဆုံး အဆင့်မှာတော့ ကလေးလေးဟာ ခြေထောက်တစ်ဖက်ကို ထောက်ထားပြီး နောက်တစ်ဖက်နဲ့ မျှချေထိန်းရင်း လျှောက်တတ်ဖို့ စတင်သင်ယူပါတော့တယ်။
#ပုံမှန်ဆိုရင်ဘယ်အချိန်မှာစပြီးလမ်းလျှောက်လဲ?
ကလေးတိုင်းကတော့ လမ်းလျှောက်တတ်တဲ့ အချိန်ကာလ မတူကြပါဘူး။ ဒါပေမယ့်လည်း များသောအားဖြင့် ၉ လ မှ ၁၅ လ ဝန်းကျင်မှာတော့ ခြေလှမ်းတွေ စတင်လှမ်းတတ်ကြပါတယ်။
မတ်တပ်ရပ်ဖို့ဆိုရင် ကလေးဟာ ကြွက်သားအများကြီးကို အသုံးပြုကြရပါတယ်။ လမ်းလျှောက်ဖို့အတွက်ကျပြန်တော့ တင်ပါးနဲ့ ဒူးကို အနည်းငယ် ဖြေလျှော့ရပါတယ်။ ဒီနေရာမှာ စိန်ခေါ်မှုရှိတာကတော့ ခြေထောက်မှာ ကြွက်သားတင်းအား ဘယ်လောက် ထားရမလဲဆိုတာပါ။ ဒါပေမယ့်လည်း တစ်နှစ် ဝန်းကျင်လောက်မှာတော့ မြန်မြန်ပဲ တတ်လွယ်ကြပြီး မကြာဘူး တစ်အိမ်လုံး တတောက်တောက် လျှောက်သွားတော့တာပါပဲ။
လျှောက်တတ်ပြီဆိုရင် နောက်ထပ် စိန်ခေါ်မှုကတော့ ဘယ်လိုရပ်ရမလဲဆိုတာပါ။ လမ်းလျှောက်တတ်စ ကလေးတွေကတော့ လျှောက်လိုက် လဲလိုက်နဲ့ပါပဲ။ ကလေးတွေရဲ့ ခြေလှမ်းတိုင်းဟာ လူကြီးတွေထက် ပိုအားပြင်းပါတယ်၊ သူတို့လေးတွေက ဒူးကြွက်သားတွေ သုံးပြီး ဘယ်လိုကွေးရမယ်ဆိုတာ မသိသေးလို့ပါ။
ကလေးတွေက လမ်းလျှောက်လိုက် တွားသွားလိုက် လုပ်တာက ပုံမှန်မဟုတ်တာ မဟုတ်ပါဘူးနော်။ တကယ်လို့က ကလေးက သူနဲ့ ဝေးရာမှာ လိုချင်နေတဲ့ ပစ္စည်းရှိနေပြီဆိုရင် မြန်မြန်ရဖို့အတွက် တွားသွားလိုက်တာက ပိုမြန်မှာပဲလို့ တွေးတတ်လို့ပါ။
#ကလေးတွေရဲ့လမ်းလျှောက်ချိန်ဘာလို့ကွာတာလဲ?
တစ်ချို့ကလေးတွေကတော့ 'အားလုံး လုပ်နိုင်တယ်' ဆိုတဲ့ စိတ်မျိုး ရှိကြပြီး အခွင့်ရေးကို ရှာတွေ့တာနဲ့ ရအောင် ကြိုးစားချင်ကြပါတယ်။ သူတို့တွေဟာ လဲကျမှာလည်း မကြောက်ကြပါဘူး။
တစ်ချို့ကလေးတွေကတော့ ကောင်းကောင်း လျှောက်နိုင်ပြီလားဆိုတာ မသေချာမချင်း လမ်းစ မလျှောက်ချင်ကြပါဘူး။ ဒီလိုကလေးမျိုးတွေကတော့ ပိုပြီး ဂရုစိုက်တတ်ကြသူဖြစ်လာကြပါတယ်။
ကိုယ်ရည်ကိုယ်သွေးအပြင် ကလေးတွေ ဘယ်အချိန် လမ်းစလျှောက်လဲဆိုတာကို သက်ရောက်မှုရှိတဲ့ တခြားအချက်တွေလည်း ရှိပါသေးတယ်။
- အရွယ်အစား : ကြီးတဲ့ကလေးတွေက သေးတဲ့ကလေးတွေထက် မတ်မတ်ရပ်နိုင်ဖို့ ခွန်အားပိုလိုတဲ့အတွက် နောက်ကျပြီးမှ လမ်းလျှောက်တတ်ကြပါတယ်။
တကယ်လို့ ကလေးက ၁၆လ လည်း ရောက်နေပြီ လမ်းလည်း မလျှောက်သေးဘူးဆိုရင်တော့ ဖျားနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကလေးမှာ ညီအစ်ကိုမောင်နှမ အကြီးတစ်ယောက်လောက်ရှိရင်တော့ သူတို့နဲ့အတူ လိုက်စော့ချင်လို့ စောစောလမ်းလျှောက်ဖို့ အားဖြစ်စေပါတယ်။
ကလေးလေးတွေ ဘယ်အချိန် ဖိနပ် လိုပြီလဲ?
ကလေးတွေဟာ ဖိနပ်မပါရင် ခြေထောက်ဟာ ကြမ်းပြင်ကို တိုက်ရိုက်ထိတွေ့နိုင်တာကြောင့် ပိုပြီး လွယ်လွယ် လမ်းလျှောက်ဖို့ သင်ယူနိုင်ကြပါတယ်။ ဒါပေမယ့် အပြင်သွားမယ်ဆိုရင်တော့ သေချာပေါက် ဖိနပ်လိုတာပေါ့! တစ်ဝက် ခေါက်လို့ရနိုင်တဲ့ ပေါ့ပါးတဲ့ ဖိနပ်ဖြစ်သင့်ပါတယ်။
#ဘယ်အချိန်ဆရာဝန်ပြသင့်လဲ???
ကလေးဟာ ၁၆လလည်း ရှိနေပြီ လမ်းလည်း မလျှောက်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ စိတ်ဖိစီးမှု မဖြစ်ပါနဲ့!
to original writer
#ကလေးကျန်းမာရေး #မိခင်နှင့်ကလေးကျန်းမာရေး #ကိုယ်ဝန်ဆောင်ကျန်းမာရေး #ကျန်းမာရေးဗဟုတုသ
29/01/2021
"ကလေးလေးတွေ ရေချိုးရင်း ဆော့လို့ရတဲ့ အရုပ်တွေကို သန့်ရှင်းနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းများ"
သေချာသန့်ရှင်းမထားတဲ့ ရေချိုးရင်းဆော့တဲ့ အရုပ်တွေက ကလေးလေးတွေအတွက် အန္တရာယ် ဖြစ်စေပါတယ်။
လေ့လာမှုတစ်ခုအရ ရေချိုးရင်းဆော့ရတဲ့ အရုပ်တွေဟာ ဘယ်လောက်ပဲ ဆပ်ပြာတွေနဲ့ ရေထဲမှာ ရှိနေရှိနေ သူတို့မှာ မမြင်ရတဲ့ ပိုးမွှားလေးတွေ ရှိနေတတ်ပါတယ်တဲ့! အရုပ်တိုင်းမှာ မှိုပါဝင်မှုကိုလည်း စမ်းသပ်ရမိခဲ့ပါသေးတယ်တဲ့!
ဘယ်လို ရေချိုးရင်းဆော့တဲ့ အရုပ်မဆို သူတို့ကို အသုံးပြုတဲ့ ပုံစံတွေကြောင့် မှိုတက်လို့ကောင်းတဲ့ နေရာကြီး ဖြစ်နေပါတယ်။
စဉ်းစားကြည့်ရအောင်! အဲ့ဒီအရုပ်တွေကို နေ့တိုင်း ရေနွေးနွေးထဲမှာ ကလေးရေချိုးရင်း ဆော့နိုင်ဖို့ ထည့်ပေးထားတယ်၊ ပြီးတော့ ခြောက်သွေ့အောင်မလုပ်ဘဲ ဒီတိုင်းထားလိုက်တယ်၊ အဲ့လိုမဟုတ်ရင် ရေထဲမှာပဲ ထားလိုက်တာမျိုလဲ ရှိကြပါတယ်၊ ဆိုတော့ ဒါဟာ ပိုးတွေကို ဖိတ်ခေါ်နေသလိုပါပဲ! အဲ့ဒီပိုးတွေက အန္တရာယ် ရှိနိုင်လား?
ကလေးအများစုမှာ တွေ့ရတဲ့ ကိုယ်ခံအားစနစ်က ရေချိုးရင်းဆော့တဲ့ အရုပ်တွေမှာ တွေ့ရတဲ့ ပိုးတွေကို ခုခံနိုင်သင့်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအား မကောင်းတဲ့ ကလေးတွေမှာတော့ အဲ့ဒီမှိုတွေက အလက်ဂျစ်ဖြစ်ပြီး အန္တရာယ် ရှိနိုင်ပါတယ်။ မှိုတွေ ဘက်တီးရီးယားတွေဟာ ပန်းနာ အဆုတ်ရောင် စတဲ့ ပြင်းထန်တဲ့ နေမကောင်းတာတွေ ဖြစ်စေနိုင်ပါတယ်။
ဆိုတော့ ကလေးလေးတွေ ဘေးကင်းကင်းနဲ့ ရေချိုးရင်း ဆော့နိုင်ဖို့ အရုပ်သန့်ရှင်းနိုင့် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေသွားချင်ပါတယ်။
#ချွတ်ဆေးသုံးပါ!
ရေချိုးရင်းဆော့တဲ့အရုပ်တွေကို ဘယ်လိုသန့်ရှင်းရေး လုပ်ရမလဲ မသိရင် အားပျော့တဲ့ ချွတ်ဆေးနဲ့ အစပြုလို့ရပါတယ်။ ပိုးသေဖို့အတွက်ဆိုရင် ၁:၁၀ က အကောင်းဆုံးပါပဲ! အရုပ်ရဲ့ အတွင်းထဲကျတော့ ဘယ်လိုသန့်ရှင်းရေး လုပ်ရမှာလဲဆိုရင် အရုပ်ရဲ့ ရေဝင်နိုင်တဲ့ နေရာအားလုံးကို နှံ့စပ်သွားဖို့ ချွတ်ဆေးပျော့ထဲ စိမ်ထားလိုက်ပါ။
ဒါပေမယ့် သတိထားရမှာက ပြီးရင်တော့ အဲ့ဒီအရည်တွေကို ပြောင်စင်အောင် လုပ်ဖို့ ချွတ်ဆေးသုံးပြီးရင် ရေနဲ့ဆေးချ ပြီးမှ ခြောက်အောင်လုပ်ပါ။
ရှာလကာရည်နဲ့ ဆေးပါ
ချွတ်ဆေးက မျက်လုံးနဲ့ ပါးစပ်ထဲဝင်ရင် အန္တရာယ်ရှိတာရယ်၊ အရုပ်အရောင် ဖျော့သွားမှာဆိုးလို သုံးဖို့ မရဲဘူးဆိုရင်တော့ ရှာလကာရည်သုံးဖို့ အကြံပေးချင်ပါတယ်။ ရှာလကာရည်သုံးမယ်ဆိုရင်တော့ အားပြင်းတဲ့ဟာ သုံးသင့်ပါတယ်။ ရှာလကာရည်က ချွတ်ဆေးလောက် အာနိသင်မရှိတာမို့ အားပြင်းတာ သုံးသင့်ပြီး ကြာကြာစိမ်ထားရပါမယ်။
#ပန်းကန်ဆေးစက်နဲ့မြန်မြန်လေးဆေးကြောတာ
သင်ဟာအရမ်းကို အလုပ်များတဲ့ မိခင်၊ဖခင်တစ်ယောက် ဖြစ်နေမယ်၊ ပိုပြီး မြန်တဲ့နည်းကို လိုချင်တယ်ဆိုရင်တော့ ပန်းကန်ဆေးစက်နဲ့ မြန်မြန်ဆေးလိုက်တာပါ၊ ဒါက မြန်မာနိုင်ငံမှာတော့ သိပ်သုံးလို့မရတဲ့ဟာပေါ့နော်!
#ရေဆူဆူထဲပြုတ်လိုက်တာ
ရေချိုးရင်းဆော့တဲ့အရုပ်တွေကို သန့်ရှင်းရေး လုပ်နိုင်မယ့် နောက်ထပ်နည်းလမ်းကတော့ မှိုတွေ သတ်ပစ်ဖို့ ရေနွေးဆူဆူလောင်းချလိုက်တာပါ။ ဒါက ပလက်စတစ်အမာသား အရုပ်တွေအတွက်တော့ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။
လုပ်ရတာက ရိုးရှင်းပါတယ်၊ ရေနွေးနွေးဆူဆူကို အရုပ်တွေထည့်ထားတဲ့ ဇလုံထဲလောင်းချ၊ မိနစ်အနည်းငယ်လောက်ထား၊ ပြီးရင်ဖယ်ထုတ်ပြီး သေချာအခြောက်ခံသုတ်ပါ။ ဒီနည်းကတော့ ကောင်းမွန်တဲ့ နည်းတစ်ခုပါပဲ။
#ပိုးသတ်ဆေးနဲ့သန့်ရှင်းပါ
နောက်ဆုံးမျှဝေပေးချင်တဲ့နည်းကတော့ ပိုးသတ်ဆေးကို အဝတ်စထဲ ထည့်ပြီး အရုပ်ကို သုတ်ပေးတာပါ။
အကောင်းဆုံးကတော့ ကလေးလေးတွေ ရေချိုးပြီးတိုင်း အရုပ်လေးတွေကို ရေနွေးနွေးလေးနဲ့ စိမ်ထားပြီး အခြောက်ခံနေလှမ်းသင့်တာပါ။
to original writer
#ကလေးကျန်းမာရေး #မိခင်နှင့်ကလေးကျန်းမာရေး #ကိုယ်ဝန်ဆောင်ကျန်းမာရေး #ကျန်းမာရေးဗဟုတုသ
28/01/2021
" #ပထမဆုံးရေချိုးချိန် : မွေးကင်းစလေးကို ဘယ်လို ရေချိုးပေးမလဲ???"
.
ကလေးလေးတွေက ချက်ကြိုးမကြွေခင်အထိ ရေမြှုပ်လေးတွေ လိုအပ်ပါတယ်၊ မွေးကင်းစလေးတွေကို ဘေးကင်းကင်းနဲ့ ရေချိုးပေးနိုင်မယ့် နည်းလေးတွေ မျှဝေပေးသွားပါမယ်။
မိဘဖြစ်စဆိုရင် မွေးကင်းစလေးကို ရေချိုးပေးဖို့အတွက်က ကြောက်ရတဲ့အရာတစ်ခုပါ။ ကိုယ့်ရဲ့ ကလေးလေးကို ကိုင်တွယ်ရတာတောင် စိုးတထင့်ထင့်နဲ့ ကိုင်တွယ်နေရချိန်မှာ ရေချိုးပေးဖို့ဆိုတာက တကယ်ကို သတ္တိမွေးရတဲ့အရာပါ။ ဒါပေမယ့်လည်း မကြာပါဘူး ရေမြှုပ်လေးနဲ့ ရေချိုးပေးရာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
ဒီနေရာမှာ သိထားသင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။
ကလေးလေးရဲ့ ပထမဆုံး ရေချိုးချိန်ဟာ ဘယ်အချိန် ဖြစ်သင့်လဲ???
ကလေးကို ဆေးရုံမှာဆိုရင် သူနာပြုတွေက မွေးပြီး နာရီပိုင်းအတွင်းမှာပဲ လုပ်ပေးကြပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကတော့ ကလေးမွေးပြီး ၂၄နာရီလောက် စောင့်ဆိုင်းဖို့ အကြံပြုထားပါတယ်။ ဒီလို စောင့်ဆိုင်းခြင်းက သွေးတွင်းသကြားဓာတ် နှင့် ခန္ဓာကိုယ်အပူချိန်ကို လည်ပတ်စေပြီး မိခင်နို့တိုက်ကျွေးခြင်းကို တိုးတက်စေပြီး ကလေးရဲ့ အရေပြားခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ကလေးရဲ့ ချက်ကြိုးမကြွေသေးမချင်း ရေချိုးဇလုံနဲ့ ချိုပေးဖို့ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်သေးပါဘူး။ ဒါက ၂ပါတ်နှင့် အထက် ကြာနိုင်ပါတယ်၊ အဲ့ဒီအတောတွင်းတော့ ရေမြှုပ်လေးနဲ့ပဲ ရေချိုးသန့်စင်ပေးပါ။
မွေးကင်းစရေချိုးရေမြှုပ်ပစ္စည်းများ
ဘေးကင်းစေဖို့အတွက် ကလေးကို ရေချိုးမပေးခင်မှာ လိုအပ်တဲ့ ပစ္စည်းတွေကို အရင် စုထားပါ။ ကလေးကို ရေချိုးပေးနေစဉ်မှာ ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့၊ ရေမြှုပ်နဲ့ ရေချိုးပေးမယ်ဆိုရင် လိုအပ်တာတွေက - ကလေးရေချိုးဆပ်ပြာ၊ အဝတ်စ နှစ်စ၊ သဘက်စောင်၊ ရေနွေးနွေးလေးထည့်ထားတဲ့ ခွက်ကြီး၊ ကလေးလိုးရှင်း၊ ဒိုက်ပါ၊ လဲပေးရမယ့် ဝတ်စုံတို့ဖြစ်ပါတယ်။
မွေးကင်းစ ကလေးလေးကို ဘယ်လို ရေချိုးပေးမလဲ
လိုအပ်တဲ့ပစ္စည်းအားလုံး ရပြီဆိုရင် စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ! စိတ်ထဲမှာ မှတ်ထားရမှာ ကလေးဟာ ပထမဆုံး ရေချိုးရတာကို ကြိုက်ချင်မှ ကြိုက်မှာပါ၊ မကြိုက်ရင် အကျယ်ကြီး အော်ငိုတတ်ကြပါတယ်။
ကလေးလေးရဲ့ မျက်နှာကို သစ်ပေးပါ။
ကလေးရဲ့ အဝတ်စားတွေ ချွတ်မပေးခင် မျက်နှာအရင်သစ်ပေးပါ၊ ဘာလို့လဲဆိုတော့ တစ်ချို့ကလေးလေးတွေက အဝတ်အစားမပါဘဲ အေးနေရင် လန့်တတ်ကြလို့ပါ။ ဂွမ်းစလေးနဲ့ မျက်လုံးဘေးတစ်ဝိုက်ကို သန့်စင်ပေးပါ။ မျက်လုံးတစ်ဖက်ကို ဂွမ်စတစ်ခု သုံးပါနော်။ ကလေးမျက်နှာသစ်ရင် ဆပ်ပြာသုံးဖို့မလိုပါဘူး။
နားလေးတွေကို သန့်ရှင်းပေးပါ
ကလေးလေးရဲ့ နားရွက်အပြင်ကို ဂွမ်းစလေးသုံးပြီး သန့်ရှင်းပေးပါ၊ မွေးကင်းစလေးတွေရဲ့ နားလေးတွေက နုသေးတာမို့ နားအတွင်းပိုင်းကိုတော့ သန့်ရှင်းမလုပ်ပါနဲ့နော်!
ဆံပင်လေးတွေကို ဆေးပေးပါ
ပထမဆုံး ခေါင်းလေးကို ရေနွေးနွေးလေးနဲ့ လောင်းပေးပြီး ကလေးဆပ်ပြာ နည်းနည်းလေးသုံးပြီး ခေါင်းလျှော်ပေးပါ။ သာသာလေး ခေါင်းကို ပွတ်ပေးပြီး ရေဆိုအဝတ်စနဲ့ ဆေးကြောပေးပါ၊ ပြီးရင်တော့ သဘက်နုနုလေးနဲ့ ခေါင်းခြောက်အောင် သုတ်ပေးပါ။
ရေမြှုပ်နဲ့ ရေချိုးပေးတာ စလို့ရပါပြီ
အခုဆိုရင် ကလေးရဲ့ အဝတ်စားတွေ ချွတ်ပေးပြီး ပေါင်ပေါ်တင်ထားပါ၊ ကလေးဆပ်ပြာနည်းနည်းကို ရေမြှုပ်ထဲထည့်လိုက်ပါ၊ အများကြီးမသုံးပါနဲ့၊ ကလေးရဲ့ အရေပြားက နုသေးတာမို့ပါ။ ကလေးဆပ်ပြာဝယ်ရင် ရေမွှေးတို့ ဆိုးဆေးတို့ပါလား သေချာကြည့်ပါနော်။
ကလေးရဲ့ လည်ပင်းကစပြီး ဆပ်ပြာထည့်ထားတဲ့ ရေမြှုပ်လေးနဲ့ သန့်စင်ပေးပါ၊ ပြီးမှ ခန္ဓာကိုယ်ရှေ့အောကျပိုငျးကို ဆင်းသွားပါ။ လက်ကြား ခြေကြားလေးတွေကိုလည်း သေချာ သန့်ရှင်းပေးပါ။ ပြီးရင် ဆပ်ပြာမပါတဲ့ ရေမြှုပ်နဲ့ ဆေးလိုက်ပါ။ ပြီးသွားရင်တော့ သဘက်လေးနဲ့ ပြန်ပတ်ထားလိုက်ပြီး ခြောက်သွေ့သွားအောင် လုပ်လိုက်ပါ။
တစ်ခါ ကလေးကို ပေါင်ပေါ် မှောက်ထားပြီး အနောက်ကို အပေါ်ကအတိုင်း သန့်ရှင်းပေးပါ။
ခြောက်သွေအောင်လုပ်ပြီး လိုးရှင်းလိမ်းပေးပါ
မွေးကင်းစလေးတွေက အအေးပတ်လွယ်ကြပါတယ်။ ရေချိုးပေးပြီးတာနဲ့ မြန်မြန်ခြောက်သွေ့အောင်လုပ်ပြီး နွေးထွေးအောင် လုပ်ပေးပါနော်။ ပြီးရင် ဘေဘီလိုးရှင်းလေး လိမ်းပေးပြီး ဒိုက်ပါနဲ့ အဝတ်စားတွေ ဝတ်ပေးလိုက်ပါ။
မွေးကင်းစလေးတွေကို ဘယ်နှကြိမ် ရေချိုးပေးရမလဲ
ကလေးလေးဟာ နေ့တိုင်း ရေချိုးပေးဖို့ မလိုပါဘူး။ မျက်နှာ၊ လည်ပင်း၊ လက်တွေကို သန့်ရှင်းပေးတယ်ဆိုရင် တစ်ပါတ်ကို သုံးကြိမ်လောက်ပဲ ရေချိုးပေးရင် လုံလောက်ပါတယ်။ ရေမြှုပ်နဲ့ ရေချိုးပေးတာက ချက်ကြိုးမကြွေခင်အထိပဲ လိုအပ်တာပါ။ ချက်ကြိုးကြွေသွားပြီး နောက်ပိုင်းတော့ ရေချိုးကန်လေးထဲ ထည့်ချိုးပေးနိုင်ပါပြီ။
to original writer
#ကလေးကျန်းမာရေး #မိခင်နှင့်ကလေးကျန်းမာရေး #ကျန်းမာရေးဗဟုတုသ
27/01/2021
#အိုင်အိုဒင်းဆား ကို နေ့စဉ်ထည့်သွင်းစားသုံးဖို့က ဘာကြောင့်အလွန်အရေးကြီးတာလဲ?
အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာတွင် မရှိမဖြစ်သည့် အဏုအာဟာရဓာတ်တစ်ခုဖြစ်သည်။
ကိုယ်ဝန်ဆောင်မိခင်များတွင် အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက
သားပျက်/ သားလျှောခြင်း
ကလေးအသေမွေးခြင်း
ပေါင်မပြည့်/ လမစေ့ကလေးမွေးဖွားခြင်း
ဆွံ့အ/ နားမကြားသည့် ကလေးမွေးခြင်း
ကလေးငယ်များ အိုင်အိုဒင်းချို့တဲ့ပါက
စံမီကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ သေးကွေးပုညှက်ခြင်း
ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးပြီး သင်ယူနိုင်စွမ်းကျဆင်းခြင်း
ကလေး/ လူကြီးမရွေး အိုင်အိုဒင်းချို့တဲ့ပါက
လည်ပင်းကြီးရောဂါခံစားရခြင်း
သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းများ ခံစားရနိုင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုနှင့် မြေဆီလွှာတိုက်စားမှုများကြောင့် အိုင်အိုဒင်းဓာတ်ဟာ ပင်လယ်စာတွေမှာ အရင်ကလို ပေါပေါများများ မပါဝင်တော့လို့ အိမ်တိုင်း/ မိသားစုတိုင်း အိုင်အိုဒင်းဆားကို နေ့စဉ်အစားအစာများမှာ ထည့်သွင်းစားသုံးဖို့က အလွန်အရေးကြီးပါတယ်။
အိုင်အိုဒင်းဓါတ်ချို့တဲ့ပါက တိုင်းပြည်၏အနာဂါတ်ဖြစ်သော ကလေးများတွင် ပုညှက်ခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းတို့ဖြစ်ပွားကာ လေ့လာသင်ယူနိုင်စွမ်း၊ ကုန်ထုတ်လုပ်နိုင်စွမ်းကျဆင်းကာ နိုင်ငံတိုးတက် ဖွံဖြိုးခြင်းအားထိခိုက်သည်အထိ အန္တရာယ်ကြီးမားပါသည်။
"ကျန်းမာသန်ထွား ဉာဏ်မြင့်မားဖို့ အိုင်အိုဒင်းဆား နေ့စဉ်စားကြစို့"
# credit to Ministry_of_Health_and_Sports, #ကလေးကျန်းမာရေး #မိခင်နှင့်ကလေးကျန်းမာရေး , , #ဒီနေ့အတွက်သိကောင်းစရာ, , #အိုင်အိုဒင်း, #လည်ပင်းကြီးရောဂါ
26/01/2021
#သွေးအားနည်းရောဂါ နှင့် #သံဓါတ်ချို့တဲ့မှု့
ကလေးတွေ မှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါ ကတော့ သံဓါတ် ချို့တဲ့ လို့ အဖြစ်များပါတယ်။
ဘာကြောင့် သံဓါတ် ချို့တဲ့ ရတာလဲ????
1. အာဟာရ စုံလင်စွာ မစားခြင်း (အထူးသဖြင့် သံဓါတ် ကြွယ်ဝ တဲ့ အစားအစာ များ -အငား၊ငါး၊ ပဲ၊ ကြက်ဥ၊ အစိမ်းရင့်ရောင် အရွက်)
2. သွေးထွက်များခြင်း
3. အူလမ်းကြောင်းရောဂါ ရှိနေခြင်း (သံဓါတ် ကို မစုပ်ယူနိုင်ခြင်း)
4. ကိုယ်ဝန်ဆောင် မိခင်များ
သံဓါတ် ချို့တဲ့ ရင် တွေ့ရသော လက္ခဏာများ
1. မောပန်းလွယ်ခြင်း
2. နုံးခြင်း
3. အသားဖြူဖျော့ခြင်း
4. ရင်ဘက်အောင့်ခြင်း၊ အသက်ရှူမဝသလို ဖြစ်ခြင်း
5. ခေါင်းကိုက်ခြင်း
6. ဖြေဖျား၊ လက်ဖျား အေးစက်ခြင်း
7. လျှာယောင်ခြင်း၊ လျှာနာခြင်း
8. လက်သည်းများ ကျွတ်ဆတ်လွယ်ခြင်း
9. အစားအသောက် ပျက်ခြင်း (အထူးသဖြင့် ကလေးများ)
10. ပုံမှန်မဟုတ်သော အစားအစာ များ တောင်းတ ခြင်း (ဥပမာ - ရေခဲ၊ မြေဖြူ၊ မီးသွေး စတာတွေ စားချင်နေခြင်း)
ဒီလို လက္ခဏာ တွေ တွေ့ရရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန် များ နှင့် ပြပြီး ဆေးကုသမှု့ ခံယူပါ။
1. သံဓါတ်အားဆေးသောက်ဖို့လိုအပ်သလို
2. သံဓါတ် ကြွယ်ဝသော အစားအစာ များ လဲ ကျွေးပေးဖို့လိုအပ်ပါတယ်
သံဓါတ် ကြွယ်ဝ တဲ့ အစားအစာ များ
1. ကွကျသား၊ ငါး၊
2. ပင်လယ်စာ
3. ဝက်သား၊ အမဲသား၊ ဆိတ်သား
4. အစိမ်းရင့်ရောင် အရွက်များ
5. ကွကျဥ၊ ဘဲဥ၊
6. အသီးခြောက်
7. ပဲအမျိုးမျိုး
8. သံဓါတ် ထပ်ထည့်ထားသော cereal များ
ဒီအပြင် အထက်ပါ အစားအစာ တွေ စားတဲ့ နေရာမှာ ဗီတာမင်စီ ကြွယ်ဝ တဲ့ အသီးအနှံ တွေ နဲ့ပါ ရောစားပေးရင် ပိုကောင်းပါတယ်။
1. မာလာကာသီး
2. ငရုတ်ပွ
3. စတော်ဘယ်ရီ၊ လိမ္မော်သီး
4. ခရမ်းချဉ်သီး
5. အရည်ရွှမ်းသော အသီးအနှံ များ
အခု ဖော်ကြထား တဲ့ လက္ခဏာ တွေရှိနေပြီ ဆိုရင် ဆရာဝန် နှင့် ပြဖို့လိုအပ်သလို သံဓါတ်ပါဝင်တဲ့ အစားအစာတွေပါ ရွေးချယ်စားသောက်သင့်ပါတယ်။
လေးစားစွာဖြင့်
to ဒေါက်တာ ညီညီကျော်
#ကျန်းမာရေးဗဟုတုသ #မိခင်နှင့်ကလေးကျန်းမာရေး #ကလေးကျန်းမာရေး
25/01/2021
ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ
1. ဆားများသော အစားအစာများ ကျွေးခြင်းမှ ရှောင်ပါ။
ကလေးငယ်တွေ ကို ဆားများတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆားအရမ်းများရင် သူတို့လေးတွေ ရဲ့ကျောက်ကပ်အတွက် မကောင်းပါ။ ဆားများတဲ့ အစားအစာဆိုလို့ ငါးပိတို့ ငါးခြောက်တို့ကိုပဲ ရှောင်ခိုင်းတာ မဟုတ်ပါဘူး။ အသင့်စား အစားအစာတွေ ဖြစ်တဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အသင့်စား ခေါက်ဆွဲပြုတ်၊ အသင့်စား ဆန်ပြုတ် စတာတွေ ပာာ ဆားပမာဏ အရမ်းများတဲ့ အတွက် ရှောင်ရှားသင့်တဲ့ အထဲမှာပါပါတယ်။
2. သကြား ရှောင်ပါ။
ကလေးငယ်ငယ်တွေ အတွက် သကြားမလိုပါ။ ငယ်ငယ်လေး တည်း က သကြားကို အစပျိုးပြီး မကျွေးသင့်ပါ။ ကြာလာတာနဲ့ အမျှ ကလေးငယ်တွေ က သကြား အရမ်းကြိုက်သွားပြီး ဖြတ်ရခက်သွားပါလိမ့်မယ်။ အထူးသဖြင့် အသင့်သောက် အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ ရှောင်ပါ။ သဘာဝ အသီးစစ်စစ် ကို ဖျော်ရည်လေး လုပ်တိုက်ရင်လည်း သကြားထပ်မထည့်ပါနဲ့။ အကောင်းဆုံး ကတော့ ကလေး ငယ်တွေ ကို အချိုကျွေးတော့မယ် ဆိုရင် ငှက်ပျောသီး ဒါမှမဟုတ် အခြားအသီးတစ်မျိုးမျိုး ဖျော်တိုက်မယ် ဆိုရင် အမေ နို့ (သို့မဟုတ်) ပိုးသတ်ထားသော နို့ တစ်မျိုးမျိုး ထည့်ဖျော်ပေးပါ။ (မှတ်ချက်- အသက် ၆ လ မကျော် မခြင်း မိခင်နို့မှ အပ တခြား ဘာမှ မတိုက်ရပါ)
3. ပျားရည် ရှောင်ပါ။
ပျားရည် က ကလေးငယ်တွေရဲ့ အူလမ်းကြောင်း ကို ဒုက္ခပေး နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျားရည်မှာ ပါလာတတ်တဲ့ ဘတ်တီးရီးယား ပိုးတွေက ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေက ကလေးငယ်တွေရဲ့ အူလမ်းကြောင်းကို ထိခိုက်ပြီး အစာအဆိပ်သင့်သလို ဖြစ်တတ်ပါတယ်။ ကလေးငယ်များ အသက် နှစ်နှစ် မကျော်မခြင်း ပျားရည်မကျွေးသင့်ပါ။ သွားပိုးစားခြင်း ကိုလည်း အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးပါတယ်။
4. အစေ့အဆန်များ ရှောင်ပါ
ကလေးငယ်တွေ ကိုကအသက်ငါးနှစ် မကျော်မခြင်း မြေပဲစေ့၊ ဖရုံစေ့၊ သီဟိုစေ့၊ ဗာဒံစေ့ စတာတွေ ကို အစေ့လိုက် မကျွေးသင့်ပါ။ အခန့် မသင့်လျှင် သီးတတ်တဲ့ အတွက်ကြောင့်ပါ။ ကျွေးချင်လျှင် သေချာ ချေ ပြီးမှ ကျွေးပါ။ ကျွေးမယ် ဆိုရင်လည်း အသက် ခြောက်လ ပြည့်ပြီးမှ တည့်မတည့် စမ်းကျွေးကြည့်ပါ။ တချို့ကလေး တွေမှာ Allergic ဖြစ်တတ်လို့ပါ။
5. ဂျယ်လီရှောင်ပါ။
ကလေးငယ်တွေ ကို အလွယ်တကူ ဂျယ်လီ ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။ ခဏခဏ သီးတတ်လို့ပါ။
6. အဆီနည်းတဲ့ အစားအစာရှောင်ပါ။
ကလေးတွေ က လူကြီး နဲ့ ပြောင်းပြန်ပါ။ သူတို့လေးတွေ က အစားစား တာ နည်းတဲ့ အတွက် နည်းနည်းနဲ့ ကယ်လိုရီ များများ ရမယ့် အဆီဓါတ် ကိုကောင်းကောင်းစားပေးဖို့လိုပါတယ်။ အဆီဓါတ်ဆိုလို့ တွေ့ကရာ အဆီ တွေဖြစ်တဲ့ ဝက်ဆီဖတ်တို့ ကြက်အရေခွံတို့ ဆီအများကြီး နှစ်ပြီးကြော်တဲ့ အစားအစာတွေ ကို မကျွေးသင့်ပါဘူး။ ကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ ဖွဲနုဆီ၊ အစေ့အဆန်(သေချာ ချေပြီးကျွေးရန်) စတာတွေ ကို ကျွေးပေးဖို့လိုပါတယ်။ လူကြီးဆိုရင် နွားနို့ကို အဆီထုတ်ထားတဲ့၊ လျှော့ထားတဲ့ နို့ သောက်ဖို့လိုပေမယ့် နှစ်နှစ်အောက် ကလေးငယ်တွေ ကတော့ မလိုင်ပြည့် ပါတဲ့ နို့ တိုက်ပေးဖို့လိုပါတယ်။
7. ပင်လယ်စာ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။
လူကြီးတွေ စားသလို ပုဇွန်အစိမ်းသုတ်လိုမျိုး၊ ပင်လယ်စာ အစိမ်းသုတ် လိုမျိုးကျွေးလို့မရပါဘူး။ ကလေးငယ်တွေ ရဲ့ အူလမ်းကြောင်း က နုနယ်သေးတဲ့ အတွက် အသားအစိမ်း ငါးအစိမ်းတွေ မှာပါတဲ့ ဘတ်တီးရီးယားတွေ ကြောင့် အစာအဆိပ်သင့်တာ ကို ဆိုးရွားစွာ ခံစားရတတ်ပါတယ်။
8. ကြက်ဥ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။
ကလေးငယ် တွေ အသက် ၈ လလောက် ရှိပြီ ဆိုတာ နဲ့ ကြက်ဥ စကျွေးလို့ရပါပြီ။ စကျွေးတဲ့ နေရာ မှာ တည့်မတည့် ကို အရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင် တည့်တယ် လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေ ကို ကျွေးတဲ့ နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် ပြုတ်ပြီး ကျွေးရပါမယ်။
လေးစားစွာဖြင့်
to ဒေါက်တာ ညီညီကျော်
#မိခင်နှင့်ကလေးကျန်းမာရေး #ကလေးကျန်းမာရေး #ကျန်းမာရေးဗဟုတုသ
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon