Better Me

Better Me

Share

A Better Me, Better Us , Better World

19/09/2024

လူတွေက ဒီနောက်ပိုင်းမှာ ဘက်ပေါင်းစုံက ရိုက်ခတ်မှုတွေကြောင့် ဒေါသတွေ၊ သောကတွေများကြတယ်၊ ဒါကြောင့် ပျော်ချင်တယ်။ ပျော်ရွှင်မှုကိုရှာဖွေတဲ့အခါမှာ တချို့က ငွေကုန်ကြေးကျများတယ်။ တပါးသူ ပေးမှ ရမဲ့ ပျော်ရွှင်မှုကို လိုလားတောင့်တနေကြတယ်..
မေ ဒီနေ့ မျှဝေပေးချင်တဲ့ အကြောင်းအရာက ကိုယ်တိုင် ပျော်ရွှင်မှုကို ငွေကုန်ကြေးကျ မများပဲ နေ့စဥ် လုပ်ဆောင်ချက်သေးသေးလေးတွေကနေ ပျော်ရွှင်စေမဲ့ ‌ဟော်မုန်းတွေ ထွက်လာအောင် ဖန်တီးနိုင်ပါတယ်...
အမှန်တကယ် ပျော်ရွှင်စေမဲ့ ‌ဟော်မုန်းတွေ ထုတ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေကဘာတွေလဲ ကြည့်လိုက်ရအောင်...
၁။ Dopamine လို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ‌ဟော်မုန်းထုတ်လုပ်စေရန် မြူးကြွတဲ့ သီချင်းသံနားထောင်ခြင်း၊ ကောင်းမွန် လုံလောက်သော အနားယူခြင်း၊ ချောကလတ်အမဲလိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အချိုစားပေးခြင်း၊ တနေ့တာ အသေးစားအလုပ်မျိုး ဥပမာ အိမ်ရှင်းခြင်း၊ စာအုပ်တွေ ပြန်စီခြင်း စသည်ဖြင့် နောက်ဆုတ်ထားတဲ့ အလုပ်အသေးစားတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့ ရလာဒ်တို့ကြောင့် Dopamine ရရှိစေပါတယ်။
၂။ Serotonin ကလဲ ကောင်းမွန်တဲ့ ဟော်မုန်းအမျိုးအစားပါပဲ။ ဒီဟော်မုန်းရရှိဖို့ဆိုရင် ပုံမှန် လမ်းလျှောက်ပေးခြင်း၊ နေရောင်ခြည် အပျော့စားကို ခံယူခြင်း၊ တရားထိုင်ခြင်း၊ အလေးမ တဲ့ လေ့ကျင့်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် Serotoninကို ရရှိစေပါတယ်။
၃။ Oxytocin ကလဲ နွေးထွေးမှု၊ စိတ်လုံခြုံမှုနဲ့ အကောင်းမြင်တဲ့ စိတ်ကတဆင့် ဖြစ်ပေါ်လာတဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒါကို တစုံတယောက်ကို ပွေ့ဖက်ခြင်း၊ ကိုယ် ဂရုစိုက်တဲ့သူအတွက် ဟင်းချက်ပေး၊ စားဖို့ စီစဥ်ပေးခြင်း၊ ကိုယ်ခင်မင်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောဆိုခြင်းနဲ့ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ပေးခြင်းကနေ ရရှိစေပါတယ်။
၄။ Endorphins ကလဲ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်တဲ့ ‌ဟော်မုန်းကို ရစေနိုင်ပါတယ်။ တချို့က နုပျိုတဲ့ မအိုဆေးလို့တောင် ခေါ်ကြပါတယ်။ ဒါကို ဟာသရုပ်ရှင်ကြည့်ခြင်း၊ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဆီ (Essential oils) ကိုစာသုံးပြီး Burning လေ့ကျင့်ခန်းလုပ်ရာကနေတဆင့် ခန္ဓာကိုယ်အတွက် ဒီဆီ လောင်ကျွမ်းပေးခြင်းဖြင့် ကောင်းကျိုးရရှိနိုင်ခြင်းနဲ့ ချောကလတ်အမဲလိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အချိုစားပေးခြင်းကနေ Endorphins ‌ဟော်မုန်းကို ရရှိစေနိုင်ပါတယ်။
ကဲ... ဒီတော့ တနေ့တာ ကိုယ့်ရဲ့ inner happiness ကို အမှန်အကန် ရရှိစေဖို့ ဒါအချက်တွေကို တကူးတကကို အစီအစဥ်ဆွဲပြီး ဖြစ်မြောက်အောင် လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်.... ဒါမှ သက်ရောက်မှု ပမာဏကို ကိုယ်တိုင် ခံစား စံစားရမှာဖြစ်ပါတယ်....
ထပ်မံပြီး အကျိူးပြုစေမဲ့ ဒီလို စာတိုလေးတွေကို ချစ်ရတဲ့သူတွေအတွက် မျှဝေပေးပါအုန်းမယ်... stay tuned!

ချစ်တဲ့
မေ

18/09/2024

မေ ဒီpageမှာ ပြောတဲ့ ထက်မြက်တဲ့ အမျိုးသမီးဆိုတာ တနေရာတည်းမှာ ထူးချွန်တာကို ပြောတာမဟုတ်ပါဘူး၊ ကိုယ့်ရဲ့ နေ့စဥ်ဘဝမှာ ကိုယ်လိုချင်တဲ့ ကောင်းမွန်တဲ့ရည်မှန်းချက်တွေကို ပြည့်မှီဖို့ ကိုယ်တောင်းဆိုတာ များကောင်းများနိုင်တယ်၊ ခက်လည်း ခက်နိုင်တယ်။ အရာရာက အလကားတော့ ဘယ်ရမလဲ။ အားစိုက်ထုတ်ရမှာပေါ့... သို့သော် ကိုယ်လျှောက်ချင်တဲ့ လမ်းနဲ့ ကိုယ်ခင်းနေတဲ့ လမ်းက လွဲနေရင် တော်တော်နဲ့ အရာမထင်နိုင်ဘူး၊ ဒါကြောင့် ထိရောက်တဲ့ နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။
၁၊ ၁၀ နှစ်အတွင်း ကိုယ်ရောက်ချင်တဲ့ ပန်းတိုင် (၁၀) ချက်လောက် ချရေးပါ။
၂၊ ဒီပန်းတိုင် ၁ ချက်ချင်းစီရဲ့နောက်မှာ ပြည့်မှီနိုင်မဲ့ အချိန်(ခုနှစ်သက္ကရာဇ်)ကို ရေးပြီး၊ နှစ်အလိုက် ငယ်စဥ်ကြီးလိုက်ပြန်စီပါ။
၃၊ ဒီ ပန်းတိုင် ၁ ချက်ချင်းစီ ရောက်ဖို့ baby step လိုခေါ်တဲ့ ကလေးလမ်းစလျှောက်သလို တလှမ်းချင်းစီ ဖြေးဖြေး (Steady) နဲ့ မှန်မှန် (Consistent) လှမ်းနိုင်မဲ့ နည်းလမ်းတွေ ချရေးပါ။
၄၊ ပန်းတိုင်အားလုံးကို တပြိုင်နက်တည်း ရောက်ဖို့မစဥ်းစားပါနဲ့၊ ဖြစ်နိုင်တဲ့ ကြာချိန်နဲ့ ပုံမှန် လုပ်ကိုလုပ်မယ်ဆိုတဲ့ Commitment က အရမ်း အရေးကြီးပါတယ်။
၅၊ နေ့စဥ် ဒီ commitment ကို မပျောက်ပျက်သွားအောင် ထိန်းထားနိုင်မဲ့ နည်းလမ်းတွေ ဆက်ကြည့်မယ်နော်..
၆၊ နေ့တိုင်း စိတ်က ပန်းတွေပွင့်နေမှာ မဟုတ်ဘူးလေနော်.... ဒီတော့ အများစုပြောကြတဲ့ Motivation and Affirmation က လိုလာပြီ။ ဒီတော့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ခဲ့ရင် ကိုယ်ဘာတွေပြောင်းလဲသွားမလဲ၊ ဘာတွေ လုပ်ချင်လဲ၊ ဘယ်နေရာ ရောက်နေမလဲ၊ ဘယ်သူတွေ့နဲ့ ရှိနေနိုင်မလဲ၊ သားသမီးတွေကို ဘယ်လိုထောက်ပံ့နိုင်မလဲ၊ ကိုယ့်မိဘကို ဘယ်လိုလုပ်ပေးနိုင်မလဲ စတဲ့ အချက်တွေကိုချရေးပြီး စိတ်ကူးထဲမှာ တကယ်ရရှိသွားတဲ့အတိုင်း စိတ်ကူးယဥ်ကြည့်ပါ...... ဒီစိတ်ကူးကို အကောင်အထည်‌ဖော်ကို ဖော်ရမယ်ဆိုတဲ့ ဇွဲနဲ့ ဝိရိယကို တည်ဆောက်ပြီး နေ့စဥ်မနက်တိုင်း ဒီစိတ်ကူးတွေကို ချရေးပြီးရင် ၃ ခေါက် ရွတ်ဖတ်ပြီး စိတ်ဆွဲငင်အားကို ရယူပါလို့ အကြံပေးချင်ပါတယ်...
ဒါတွေက မေ နေ့စဥ်လုပ်နေတဲ့ positive affirmation and commitment generation ပါ။ အားလုံးနဲ့ အတွေးအမြင် တူချင်မှတူပါလိမ့်မယ်။ Sharing သတ်သတ်ဖြစ်လို့ ချစ်တဲ့ စိတ်နဲ့ ကြည့်ပေးပါရှင်...
မြန်မာအမျိုးသမီးများ နေ့ရက်တိုင်း ထက်မြက်စွာ တောက်ပနေစေဖို့ ရည်ရွယ်ရင်း..
ချစ်တဲ့
မေ
Confident Curves

18/09/2024

မြန်မာပြည်မှာ ထက်မြက်တဲ့ အမျိုးသမီးတွေ အများကြီး လိုအပ်တယ်။ ဒါကြောင့် ဒီpage မှာပေးချင်တဲ့ ရည်ရွယ်ချက်က
- မိမိ ခန္ဓာကိုယ် အတွင်းကော အပြင်ပန်းကော ကျန်းမာလှပစွာနဲ့ အမိုက်စား
ခန္ဓာကိုယ်ဖြစ်စေစေ
- ကိုယ့်ရဲ့လက်တွဲဖော်နဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ရေရှည်ဆက်ဆံရေးတည်မြဲနေဖို့
- ကိုယ့် ကိုကိုယ် အမြဲ ယုံကြည်မှုနဲ့ လေးစားမှု ( Respect) အပြည့်ရှိဖို့
-အလုပ်ဝင်နေရတဲ့ မေမေတွေအနေနဲ့ အလုပ်နဲ့ မိသားစုကို balanceဖြစ်အောင် တည်ဆောက်နိုင်ဖို့
-သားသမီးတွေကို ထူးချွန်ထက်မြက်ပြီး အလွယ်ဆုံးနဲ့ နည်းမှန်လမ်းမှန် ပြုစုပျိုးထောင်နိုင်ဖို့
- ကိုယ်တာဝန်ယူနေရတဲ့ အလုပ်တွေရဲ့ ထူးချွန်ပြီး အများလေးစားအားကျရတဲ့ အောင်မြင်တဲ့ Smart Lady အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်များကို ဦးတည်ပြီး ဒီ Page လေးမှာ နေ့တိုင်း ဗဟုသုတရစေမဲ့ ကျန်းမာရေး၊ လေ့ကျင့်ခန်း၊ စိတ်ဓါတ်အားဖြည့်ဆေးနဲ့ Personal and Professional Development များကို မျှဝေပေးမှာမို့ စောင့်မျှော်အားပေးရင်း အချင်းချင်း ရိုင်းပင်းကူညီကြမယ်နော်....
ချစ်တဲ့
မေ
Confident Curves

25/08/2021

စီးပွားရေး အိမ်ထောင်ရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ တွေ့ရတဲ့ ထူးချွန်ထက် မြက်တဲ့အမျိုးသမီးတွေရဲ့လက္ခဏာ 14 ချက်

သင်ကော ဘယ်နှစ်ချက် လုပ်နိုင်ပြီလဲ ❓

1. အမြော်အမြင်ရှိပြီး နားထောင်ကောင်းသူ
အမြော်အမြင် ရိှတဲ့ အမျိုးသမီးတွေဟာ စကားပြောတဲ့အခါ အသိဉာဏ်ကို အသုံးချပြီး မှန်ကန်တဲ့စကားကို လိုရင်းတိုရှင်း ပြောပါတယ်။ တချို့ အမှန်တရားဟာ နားခါးတယ်ဆိုပေမဲ့ အယောင်ဆောင်ပြီး သံယောင်လိုက်တဲ့ အခါ ကိုယ့်အပေါ် တဖက်သားရဲ့ ယုံကြည့်မှု လျော့နည်းလာပါတယ်။ အနည်းဆုံးတော့ ကိုယ်ဟာ သူရဲ့ ပြဿနာကို မဖြေရှင်းပေးနိုင်တောင်မှ သောကမီးတွေနဲ့ စိတ် ပေါ့ပါးသွားအောင် နားထောင်ပေးနိုင်ပါလိမ့်မယ်။ သင်ရဲ့ အခက်အခဲတွေ ရင်ဖွင့်လာတဲ့အခါ သူမဟာ သင့်ရဲ့ မျက်လုံးကို ကြည့်ပြီး သင့်ရဲ့ ပြဿနာတွေကို စိတ်ရှည်စွာ အချိန်ပေး နားထောင်နိုင်တဲ့အပြင် လိုအပ်ရင် သင့်‌တင့် လျောက်ပတ်တဲ့ မေးခွန်းတွေ မေးပြီး သင့်အတွက် အကောင်းဆုံး ဘာလုပ်ပေးနိုင်မလဲ ဘယ်လို အကြံဉာဏ်တွေ ပေးနိုင်မလဲ အဖြေရှာပေးနိုင်သူပါ။

2. ညင်သာတဲ့ ပြောဆို ဆက်ဆံရေးရှိသူ
အကြောင်းအရာတခုကို မတူညီတဲ့ ရှုထောင့်ကနေ တဖက်နဲ့ တဖက် ပြောဆို ညှိ့နှိုင်းရတဲ့အခါ များသောအားဖြင့် ကိုယ်ယူဆထားသလို တဖက်က လက် မခံတဲ့အခါ အများစုက လေသံမြင့်လာတာ၊ ငြင်းခုံဟန်ပါလာတာ‌ေတွ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်အနေမျိုးမှာ အမြော်အမြင် ရိှတဲ့ အမျိုးသမီးတွေဟာ တဖက်သားကို လက်တွေ့နည်းလမ်းကျကျ ပြန်လည် နားလည်အောင် ညှိ့နှိုင်နိုင်ပြီး တဖက်သားကို ရှုံးစေ၊ ကိုယ်နိုင်စေဆိုတဲ့ စိတ်မျိုးကို အထူးရှောင်ကျဉ်ပါတယ်။ ဒီခေတ်စီးပွားရေးနယ်ပယ်မှာ win-win situationလို ခေါ်တဲ့ နှစ်ဦးနှစ်ဖက်လံုးအတွက် အကောင်းဆုံး ရလာဒ်ကောင်းပိုင်ဆိုင်နိုင်အောင် လေသံမမြင့်ပဲ ကိုယ်လိုချင်တာ သူဖြစ်ချင်တာ ညှိ့နှိုင်းနိုင်သူတွေပါ။

3. မိသားစုအတွက် အခရာကျတဲ့သူ
အထက်ဖော်ပြပါ အရည်အချင်းရှိသူမိန်းမတွေဟာ အိမ်မှာလဲ သဟဇာတ ဖြစ်အောင် နေထိုင် ပြောဆိုနိုင်သူတွေပါ။ အရင်ခေတ်ကလို အိမ်ထောင်ရှင်မမျိုးမဟုတ်တောင်မှ သူမရဲ့ခင်ပွန်းနဲ့ သားသမီးတွေကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက် မှု တာ၀န်ကို မလစ်ဟင်းအောင် စီမံနိုင်သူတွေပါ။ ကိုယ့် ကလေးတွေရဲ့ လိုအပ်ချက်တွေကိုလဲ အလိုလိုက်ခြင်းမျိုးမပါပဲ ကောင်းစွာ ထိန်းကျောင်းနိုင်ပြီး ဘ၀ လုံခြုံမှု နွေးထွေးမှုရှိအောင် ဖြည့်ဆည်းပေးနိုင်ပါတယ်။

4. သားသမီးအပေါ် ဂရုစိုက်တဲ့ မိခင်တယောက်
အိမ်ရောက်ပြီဆိုတာနဲ့ ကလေးကို ကောင်းစွာ သင်ယူခြင်းများကို အချိန်သီးသန့်ပေးပြီး လမ်းညွှန်နိုင်သူပါ။ ကလေးတွေနဲ့ ရှိချိန်ဟာ သူမအတွက် အပြင်လောကဆိုတာ ခဏတာ မေ့ပျောက်သွားပါတယ်။ ဖုန်းကို silent modeထား၊ တခြားသော distraction အနှောက်အယှက်တွေ လျစ်လှုရှု့ထားပြီး ကလေးအတွက် focus အာရုံစိုက်ထားသူပါ။ ကလေးတိုင်းဟာ မိဘရဲ့ ချစ်ခြင်းမေတာနဲ့ ဂရုစိုက် မှု ကို ရရှိဖို့ ထိုက်တန်သူ‌ေတွပါ။ ဒါကြောင့် မေမေတိုင်းလဲ ကိုယ့်ကလေးအတွက် ဘာတွေက အဓိက ကျလဲ လိုအပ်မလဲဆိုတာ ကောင်းစွာ သိရှိထားဖို့လိုပါတယ်။

5. ကိုယ့်ရဲ့ လက်တွဲဖော်၊ သို့မဟုတ် ချစ်သူ ကိုလဲ ဂရုစိုက်သူ
Relationshipတိုင်းဟာ အသွားနဲ့ အပြန် အမြဲရှိပါတယ်။ Relationship တခုမှာ အမျိုးသားတိုင်းဟာ သူရဲ့ ချစ်သူ သို့မဟုတ် ဇနီးသည်ရဲ့ respect ပေးခြင်းကို အကုန်လိုလားကြသူပါ။ အမျိုးသားတွေရဲ့ လိုအင်ဆန်ဒက မရှုပ်ထွေးပါဘူး၊ နားလည်မှုပဲ လွှဲကြတာပါ။ ဒါကြောင့် ထက် မြက်တဲ့ အမျိုးသမီးတွေဟာ ပွင့်လင်းတဲ့ ပြောဆို ညှိ့နှိုင်းမှုနဲ့ ကိုယ့် Spouse or relationshipရဲ့ လိုအပ်ချက်ကို အချိန် ပေးပြီး အဖြေရှာနိုင်တယ်၊ပြီးရင်ကြာရှည်ခိုင်မြဲ‌ေအာင် ကောင်းမွန်စွာ တည်ဆောက်နိုင်သူတွေပါ။

6. အလုပ်ကြိုးစားသူတွေ
ထူးချွန်တဲ့ အမျိုးသမီးတိုင်းဟာ အလုပ်တခုလုပ်ပြီဆိုရင် passion နဲ့ focus ယှဉ်တွဲပြီး အလုပ်လုပ်ကြပါတယ်။ ဘယ်အရာမဆို ကောင်းအောင်လုပ်ပြတယ်၊ လုပ်တတ်တဲ့သူတွေပါ။ ပိုလဲ အတတ်မြန် ြပီး အလုပ်တခုကို အချိန်အတော်ကြာထိ အာရုံစိုက် လုပ်ကိုင်နိုင်သူတွေပါ။ ပန်းတိုင်ရောက်အောင် ဇောက်ချပြီး passion အပြည့်နဲ့ မောင်းတင် လုပ်နိုင်သူ အာဂအမျိုးသမီးတွေပါ။ သူမလို လူမျိုးတွေဆီ်မှာ အတင်းပြောနေတာ၊ facebook ပဲ ထိုင်သုံးနေတာ၊ ပျင်းရိနေတာတွေ တွေ့ရမှာ မဟုတ်ဘဲ သူ့ချမှတ်ထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ စိတ်နှစ်ထားလို့ အမြဲ အလုပ်ရှုပ်နေ သူတွေပါ။

7. အရေးကြုံရင် ခေါင်းအေးအေးနဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်သူ
အ‌ဓိက ထူးချွန်တဲ့ အမျိုးသမီးတွေမှာ တွေ့ရတဲ့ key quantity တခုဖြစ်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရပြီဆိုရင် စိတ်ဓါတ် ပြတ်သားခြင်း၊ ဆုံးဖြတ်ချက်ကို အခိုင်အမာချနိုင်ပြီး ရလာတဲ့ ရွေးချယ်စရာ အချက်အလက်တွေနဲ့ နှစ်ဦးနှစ်ဖက် စကားသံတွေကို သေချာနားထောင်ပြီး မျှတတဲ့ ရလာဒ်ကို ဖော်ထုတ်နိုင်သူတွေပါ။

8. ဘက်စုံတော်သူ
တော်တဲ့အမျိုးသမီးအများစုဟာ တခုထဲ ဖောက်ထွက်တော်တာမဟုတ်ပါ။ သူရဲ့ လုပ်ငန်းခွင်မှာ အသိအမှတ်ပြုခြင်း၊ လေးစားခြင်းခံရပြီး အပြင်လောကမှာလဲ အပြောအဆိုကောင်းသူ၊ ဂရုစိုက် ကြင်နာတတ်တဲ့ မိခင် သို့မဟုတ် အမျိုးသမီးအဖြစ် ဂုဏ်သတင်း ကျော်ဇော်နေသူပါ။ ထက် မြက်တဲ့ အမျိုးသမီးတွေဟာ တိုးတက်ဖို့ လမ်းကြောင်းကို အမြဲမပျက် ရှာဖွေပြီး သူမရဲ့ စွမ်းဆောင်ရည် ပိုတက်အောင် အမြဲ တိုးချဲ့ သင်ယူနေသူပါ။

9. ကိုယ့်ကိုကိုယ်အမြဲ respect ထားသူ
မြင့်မြတ်တဲ့ မိန်းမတွေဟာ သူမရဲ့ရိုးသားဖြောင့်မတ်မှု integrity နဲ့ ဂုဏ်ကျက်သရေ dignity ကို အမြဲ စောင့်ထိန‌်းနေသူပါ။ ဖြတ်လမ်းနဲ့ ချမ်းသာတဲ့ အခွင့်အလမ်းတွေကို စွန့်လွှတ်ဖို့ လက် မတွန့်သူတွေပါ။ သူမ bodyနဲ့ energyကို ထိခိုက်စေနိုင်မဲ့ လုပ်ရပ်တွေကို ဘယ်ပုံ ဘယ်နည်းနဲ့မှ အစွန်းထင်း မခံသူတွေပါ။

10. တခြားသူအပေါ်မှာလဲ respect ရှိသူ
မိသားစု၊ သူငယ်ချင်း၊ နဲ့ လုပ်ငန်းခွင်မှာလဲ respect က အလွန် အရေးကြီးပါတယ်။ ဖြောင့်မတ်တဲ့ မိန်းမတွေ ကောင်းကောင်း နားလည်တာကတော့ respect ဆိုတာ လုပ်ပြလိုက်ရုံသက်သက် မရပါဘူး၊ သင်ကိုယ်တိုင် စိတ်ပါလက်ပါ ရှာဖွေ ပြီး ကာလ အတန်ကြာ ‌တည်ဆောက်ယူရပါတယ်။ စစ်မှန်တဲ့ Respectရဖို့ သင်ကိုယ်တိုင်က အဆင်ပြေ‌တဲ့လုပ်ရပ်ထပ် မှန်ကန်တဲ့လုပ်ရပ်ကို integrity ရှိရှိ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။
အရေးကြီးဆုံး Relationshipတခု တည်ဆောက်တဲ့ နေရာမှာလဲ အဆုံးတိုင် ခိုင်မြဲဖို့ဆိုတာ Respect က အဓိက အုတ်မြစ်ပါ။ အမျိုးသားတွေရဲ့ DNA မှာကိုက respect ပေးခံရတာဟာ ချစ်ခြင်းခံရတာထပ် ပိုမိုလိုလားတဲ့ ဓါတ်ခံရှိပါတယ်။

11. သူမ့ ၀န်းကျင်မှာ သူမကို အတုယူထိုက်သူအဖြစ် စံနမူနာ ထားသူ
ထူးချွန်ထက် မြတ်တဲ့ အမျိုးသမီးရောက်ရှိလာတဲ့ နေရာ၊ ပွဲ၊ အစည်းအဝေးတိုင်းမှာ သူမရဲ့ တည်ရှိမှုကို အများက အာရုံစိုက်ကြပါတယ်။ အများက သူမရဲ့ လုပ်ကိုင်ပုံ၊ ပြောဆို ဆက်ဆံပုံတို့ကို နမူနာယူပြီး သူမ့လို အလုပ်ပိုလုပ်ချင်စိတ် ထက်သန်လာအောင် inspire ပေးနိုင်သူတွေပါ။

12. ကိုယ်ပိုင် စည်းကမ်းအတိုင်း အတိအကျ လုပ်ဆောင်နိုင်သူ
ဘေးပယောဂတွေ၊ သံသယတွေကြောင့် ကိုယ့်ရဲ့ ဦးတည်ချက်ကို အခိုင်အမာ မချနိုင်သူတွေ ပတ်၀န်းကျင်မှာ အများကြီးတွေ့နိုင်ပါတယ်။ ရေတို အောင်မြင်ဖို့ အလုပ်ကို လိုက်ပြီး စိတ်ဓါတ် ပျက်ပြားသူတွေကြားမှာ ထက် မြတ်တဲ့ မိန်းမဟာ ပါးနပ်စွာ တွန်းထုတ်နိုင်ပြီး သူမ့ရဲ ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ စည်းကမ်းအတိုင်း အများအလည်မှာ ရပ်တည်နိုင်သူပါ။ သူမရဲ့ ပတ်၀န်းကျင်မှာလဲ မှန်ကန်တဲ့ လမ်းစဉ်ကိုပဲ ရွေးချယ်ပြီး မျှတမှုကို တန်ဖိုးထားသူတွေပါ။

13. တာ၀န်ကို အပြည့်အ၀ ယူနိုင်သူ
လုပ်ဆောင်ရမဲ့ တာ၀န်ယူမှု၊ တာ၀န်ခံမှု (responsibility) ကို ခေါင်ရှောင်မဲ့သူ မဟုတ်ပါ။ ဒီနေရာမှာ (work ethic) လုပ်ငန်းကျင့်၀တ် ကို ခိုင်ခိုင်မာမာ လက်ကိုင်ထားနိုင်တဲ့ သူမ ရဲ့ သွေဖယ်မသွားတဲ့လက္ခဏာပါ (a sign of dedication )။ ဘယ်လောက်ပဲ အလုပ်များပြီး သူငယ်ချင်း၊ မိသားစုနဲ့ တခြားသော လူမှုရေးအကြောင်းအရာတွေပဲ ရှိရှိ သူမ တာ၀န်ယူ ပြီးအောင် လုပ်မယ်လို့ ကတိပေးထားရင် ဖြစ်အောင် လုပ်ပြနိုင်သူပါ။

14. ကြွားဝါးမှုမရှိသူ
သူမရဲ့ အောင်မြင်မှုအတွက် ဂုဏ်ဆောင်ပြသမှု မရှိသူပါ။ တခါတရံမှာ ထူးချွန်တဲ့ အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင် မသိပါဘူး၊ မတတ်ပါဘူး၊ နားမလည်ပါဘူး ဆိုတဲ့ စကား‌ေတွ ကို ပြောဖို့ ၀န်မလေးပဲ သင်ယူလေ့လာဖို့ စိတ်အားထက်သန်သူတွေပါ။ သူမတို့ဟာ အမြဲ စင်းလုံးချောအတတ်ဆုံး perfect မဟုတ်ဘူးဆိုတာ လက်ခံနိုင်သူတွေပါ။

Sincerely,
Better Me

✨ A better me, better us, better world ✨

24/08/2021

ရင်သွေးလေး လိုလား‌ေတာင့်တနေ‌တဲ့ အမျိုးသမီးများ အားလုံးအတွက် ရည်ရွယ်ရင်း ကျမ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို မျှဝေပေးချင်ပါတယ်။

ကျမရဲ့ အိမ်ထောင်သက် 4 နှစ်နီးပါးမှာ ပထမတနှစ်ကတော့ ကလေးမယူခဲ့ဘူး။ ကျန်နှစ်တွေက‌တော့ မရတာပါ။ အဲ့ဒါနဲ့ ဆရာ၀န် နှစ်ဦးနဲ့ ပြခဲ့တယ်။ အနည်းငယ်သော စစ်ဆေးမှုတွေ ခံယူတယ်။ သွေးစစ်တယ် ဆီးစစ်တယ်။ အကုန်ကောင်းတယ်။ ဒါနဲ့ လတိုင်း မျိုးဉ ကြွေဆေးပေးပါတယ်။ သုံးလေး လလောက်ထိ ကျမ လတိုင်းသောက်တယ် မရခဲ့ဘူး။ အသက် 30ကျော်လာပြီးစိတ်ဖိစီးမှု များလွန်းတဲ့ စက်ရုံ လုပ်ငန်းအုပ်ချုပ်နေတဲ့ ကျမအတွက် ကလေးရဖို့ကလဲ နောက်ထပ် ဖိအားတရပ် ဖြစ်လာခဲ့တယ်။ အသိ ဆွေမျိုးတွေကလဲ ဖန်ပြွန်သနွေသားလုပ်ဖို့၊ နိုင်ငံခြားမှာ တခြားသော ‌ခေတ်မီ ဆေးပညာ နည်းလမ်းတွေသုံးပြီး ကလေးရအောင် ယူဖို့ တိုက်တွန်းကြပါတော့တယ်။ တချို့ကလဲ အချိန်တန်ရင် သူ့အလိုလိုလာပါလိမ့်မယ်ပေါ့.. အမျိုးမျိုး အဖုံဖုံ အကြံဉာဏ်ပေးကြပါတယ်။

ဒါနဲ့ပဲ သူငယ်ချင်းတယောက်က ညွှန်းလို့ OG ဆရာမ တဦးဆီ သွားပြခဲ့တယ်။ ဆရာမနဲ့ကျမှ ကျမ့ကို ပိုက်စေ့တိုက်အောင် သွေး ဆီး အကုန် စစ်ပါတော့တယ်။ အဲ့ဒိအခါ တွေ့လာတာက ကျမ တခါမှ မကြားဖူးတဲ့ ဦးနှောက်ထဲကို ပို့လွှတ်တဲ့ ဟော်မုန်းက သူများထပ် အဆမတန် များနေလို့ ကလေး မရတာဆိုတာ သိလာတယ်။ အဲ့အတွက် ဆေးတပတ်သောက်ခဲ့တယ်။ နောက်ထပ်တမျိုး စစ်လိုက်တဲ့အခါမှာလဲ ဘက်တီးရီးယားတချို့ သွားတွေ့တဲ့အတွက် ပိုးသတ်ဆေး တပတ် သောက်ရပါတယ်။အဲ့ဒါ သောက်ပြီး တလ ‌ေတာင်မကြာဘူး ကိုယ်၀န်စ ရပါတယ်။ အခုဆို ကျမ ကိုယ်၀န် 39ပတ်ရှိပါပြီ။ ခွဲမွေးဖို့ အချိန် 3ရက်ပဲ လိုပါတော့တယ်။

အနှစ်ချုပ်ပြောရရင်
1. ဆရာ၀န် OG နဲ့ သေချာ စစ်ဆေးမှုခံယူပါ။ အမျိုးသမီးကော အမျိုးသားကိုပါ စစ်ရပါတယ်။

2. ဆရာ၀န် တယောက်နဲ့ တယောက်ရဲ့ အယူအဆ မတူပါ။ ကိုယ့်အတွက် အဆင်မပြေဘူးထင်ရင်၊ 3-6လ လောက်ထိမှ ဘာမှ မထူးရင် နောက်ဆရာ၀န်နဲ့ ပြောင်းပြကြည့်ပါ။

3. နိုင်ငံခြားမှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲ ဖြစ်ဖြစ် ဖန်ပြွန်သနွေသားတို့၊ တခြား ခေတ်မီ ဆေးပညာတွေနဲ့ ကလေးရအောင်ယူနည်းက နောက်ဆုံး လက်နက် ဖြစ်ပါတယ်။ဒါတောင် ငွေကုန်ကြေးကျ အလွန်များပြီး အောင်မြင်ဖို့ မလွယ်ပါဘူး။ အဲ့မတိုင်ခင် သေချာ စစ်ဆေးမှုတွေ ခံယူကြည့်ပါဦးလို့ အကြံဉာဏ်ပေးချင်ပါတယ်။

4. မိမိကိုယ်တိုင်က အိမ်ထောင်ရေး သာယာအောင် တည်ဆောက်ဖို့လဲ အလွန် အရေးကြီးပါတယ်။ ဒါမှ သာယာချမ်းမြေ့တဲ့မိဘဆီကို နားခိုလာမဲ့ ကလေးလေး လာနိုင်မှာပါ။

5. မိမိစိတ်ကို အကောင်းမြင်နိုင်စိတ်ဖြစ်အောင် လေ့ကျင့်ယူပါ။ ဘေး ပယောဂတွေ၊ မိသားစု အသိုင်းဝိုင်းနှစ်ဖက်က စိုးရိမ်ပူပန်စိတ်တွေ၊ ထိုးနှက် မှုတွေ က အနည်းနဲ့ အများဆိုသလို ကြုံနိုင်ပါတယ်။ ဒါတွေကို ဦးနှောက်ထဲ မထည့်ပါနဲ့။ ကိုယ်ထုဆစ်ရမဲ့ ကိုယ့် အိမ်ထောင်ရေးမှာ ကိုယ်နဲ့ ကိုယ့်ခင်ပွန်းသာ အခရာပါ။ ကျန်သူတွေကို respect ထားပြီး ဉာဏ်နဲ့ သတိ ကပ်ပြီး ပြောဆို ဆက်ဆံပေးပါ။ သူတို့ ပြောသမျှကို against လဲ မလုပ်သလို ကိုယ့်စိတ်ထဲမှာလဲ pressure တရပ်လို့ သောက မများပါနဲ့။

6. စီးပွားရှာသူအတွက် အလုပ်လုပ်ဖို့လဲ လိုသလို၊ work life balance မျှဖို့လဲ လိုပါတယ်။ ဒီနေရာမှာ time managementက အရမ်းအရေးကြီးပါတယ်။ ကျမအတွက် အမြဲ အချိန်ကို ရက်အလိုက် အပိုင်းခွဲထားတယ်။ ကျမမိဘအတွက် အချိန်၊ ခင်ပွန်းသည်နဲ့အချိန်၊ အလုပ်အတွက် အချိန်နဲ့ ဆက်လက်သင်ယူနေတဲ့ ပညာရေးအတွက် ကျမ အမြဲ အချိန် တခုစီ သတ်မှတ်ပြီး ကိုယ့် ကိုယ်ပိုင်အချိန်ကုိလဲနေ့တိုင်း 2 နာရီ ထားပါတယ်။ ရအောင်လုပ်ရင် မဖြစ်နိုင်တာ မဟုတ်ဘူးနော်။ သက်တောင့်သက်‌တာနဲ့ အဲ့အချိန်တွေ တကယ်ထွက်လာပါတယ်။ အဓိကက မပျင်းဖို့နဲ့ ကိုယ့်ကိုကိုယ် အလိုမလိုက်ဖို့ပဲ လိုပါတယ်။ အချိန် ဘယ်လို စီမံ သလဲ ဆိုတာ နောက်ပိုင်းမှာ သီးသန့် တင်ပေးပါမယ်။

7. နောက် အရေးကြီးဆံုး တခုဖြစ်တဲ့ ကလေးနဲ့ ပတ်သက်တဲ့ ဆေးပညာ နည်းလမ်း ဗဟုသုတ ရှိဖို့ လက်တွေ့အနောက်တိုင်း ဆေးပညာကို အခြေခံပြီး ထုတ်ထားတဲ့ စာအုပ်တွေ online မှာ ရှာဖတ်လို့ရပါတယ်။ English နားလည်ကျွမ်းကျင်ရင် Youtubeတို့ international medical website တွေမှာ လေ့လာလို့ ရပါတယ်။ ကလေးရဖို့ နည်းလမ်းတွေကို ရှာဖွေတဲ့ နေရာမှာ လူတိုင်းရဲ့ အကြံဉာဏ်ကို မယူပါနဲ့၊ နောက်ဆုံးမှာ ကိုယ်ပဲ စိတ်အနှောက်အယှက် ဖြစ်ရပါလိမ့်မယ်။ ဆရာ၀န်တွေ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ ပြောကြားထားတဲ့ စာပေ ဆောင်းပါး video တွေကို လေ့လာပါ။ facebook မှာလဲ တချို့ OG ဆရာ၀န်ကြီးတွေ ပြောကြားထားတာရှိပါတယ်။ ဒါတွေကို ပိုပြီး နားထောင်စေချင်ပါတယ်။ ‌

ကျန်ခဲ့တာများရှိရင်လဲ လွတ်လပ်စွာ comment ရေးသွားလို့ရပါတယ်ရှင်။

အားလုံးပဲ လိုအင် ဆန္ဒ ပြည့်၀ကြပါစေ

Sincerely,
Better Me

23/08/2021

baby girl လေးကို မြင်ရဖို့ 4ရက်ပဲ လိုတော့တယ်။ လူလောကထဲရောက်လာမဲ့ သမီးလေးအတွက် ကြိုတင်ပြင်ဆင်ရမဲ့ အရာတွေ အများကြီးပါ။ အဲ့ထဲမှာမှ အရေးအကြီးဆုံးနဲ့ ရေရှည် လုပ်ပေးရမဲ့ အချက်တွေကို စဉ်းစားထားသမျှ မျှဝေ သွားပါမယ်။

1. ငွေကြေး
ဟုတ်ပါတယ်၊ အားလုံးသိကြတဲ့အတိုင်း အများအလည်မှာ ကိုယ့်ခလေး မျက်နှာ မငယ်စေဖို့ လိုရာထောက်ပံ့နိုင်တာ ဓနအင်အားပါ။ သူ့အတွက် မွေးခင်းစမှာကတည်းက ကျန်းမာရေး၊ လုံခြုံရေးနဲ့ အာဟာရပြည့်၀စွာ ကျွေးမွေးနိုင်ဖို့ဆိုတာ အားလုံးက ငွေကြေးအထောက်အပံ့ မပါလို့ မရပါဘူး။ နောင်ရေးမှာလဲ ပညာရေးထူးချွန်ဖို့၊ လူတန်းစေ့ နေနိုင်ဖို့၊ သူ့အတွက် လိုအပ်တာ ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာလဲ ငွေကြေးက ဆက်တိုက်ပါနေမှာပါ။
ဒါကြောင့် ကိုယ်၀န်စ ရကတည်းက သူ့အတွက် စစဉ်းစားရတာကတော့ ငွေစုခြင်းပါ။ ဒီခေတ် မြန်မာပြည်အခြေအနေနဲ့ ငွေစုရတာ ပိုခက်ခဲ သေးသိမ်ပါတယ်။ inflation rate ငွေကြေးဖောင်းပွမှုကြောင့် မြန်မာငွေ တန်ဖိုးကျလာတယ်၊ မြန်မာပြည်မှာ သုံးစွဲကုန်အများစုက imported commodity ပြည်ပမှ တင်သွင်းကုန်ဖြစ်တာကြောင့် ကုန်ဈေးနှုန်းအတက်အကျနဲ့ ပုံမှန်ရရှိနိုင်မှု ခက်ခဲတယ်၊ အဆိုးဆုံးက မြန်မာပြည်မှာ 2020 march လကုန်ကတည်းက စခဲ့တဲ့ ကိုဗစ်ရောဂါဘေးဒဏ်ကြောင့် လုပ်ငန်းကြီးငယ်မျိုးစုံကို အပြင်းထန်ဆုံး ထိခိုက်စေရုံသာမက အခြေခံ လူတန်းစားနဲ့ ၀န်ထမ်းမိသားစု တရပ်လုံးကိုပါ နေ့စဉ် စား၀တ်နေရေးနဲ့ ကျန်းမာရေးအတွက် ခြိမ်းခြောက်လာခဲ့တာ အခုဆိုရင် 2021 Augustလထိတောင် မပြီးဆုံးနိုင်သေးပါဘူး။ ဒါတွေရဲ့ အရင်းခံကြောင့် ငွေရှာ ရတာ ပိုပြီး ခက်ခဲလာပါတယ်။ ဒါကြောင့် ကလေးအတွက် နည်းနည်းကစပြီးသီးသန့် စောလျင်စွာနဲ့ ပုံမှန် ငွေစုထားခြင်းဖြင့် တချိန် အရေးပေါ်လိုအပ်လာရင် ထုတ်သုံးနိုင်မှာပါ။

2. ငွေစုပုံစံ
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ငွေကြေးတန်ဖိုးကျဆင်းလာမှုကြောင့် ကိုယ့်လက်ထဲမှာ မြန်မာငွေကျပ်ကိုင်ထားရင် ရေရှည်မှာ ကျိမ်းသေ တန်ဖိုးနည်းလာမှာပါ။ ဒါကြောင့် တခြား ငွေပြန်လဲနိုင်မဲ့ တန်ဖိုးကျဆင်းမှုနည်းမဲ့ ရင်းနှီးမှုကို စဉ်းစားသင့်ပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်းမှာ နိုင်ငံခြားငွေစုတာတို့၊ ရွှေတုံး၀ယ်ကြတာတို့ ပိုပြီး တွင်ကျယ်လာကြပါတယ်။
နောက်တခုက သူ့အတွက် လတိုင်းကို နှုန်းထားတခုသတ်မှတ်ပြီး ငွေစုထားခြင်းပါ။ နဂိုဆိုရင်တော့ ဘဏ်မှာ ငွေစုထားရင်းနဲ့ ဘဏ်တိုးပါ ပေါင်းထည့်သွားပါတယ်။ နှစ်ချီလာတဲ့အခါ ပမာဏတခုတော့ အသုံးတည့်မှာ သေချာပါတယ်။

3. ကလေးအတွက် ဗဟုသုတ ရှာဖွေ စုဆောင်းခြင်း
ကျမ ကိုယ်၀န်ဆောင်လာတဲ့ တလျှောက် မှာ ဆရာ၀န်တွေ ပြောကြားချက်၊ နားလည်တက်ကျွမ်းတဲ့ ‌အနောက်တိုင်းဆေးပညာကို မှီငြိမ်းပြီး ထုတ်ထားတဲ့ ကလေးဉာဏ်ရည် ဖွံ့ဖြိုးဖို့နဲ့ လအလိုက် ဆောင်ရန် ရှောင်ရန်တွေမှတ်သားထားတဲ့ စာအုပ်တွေကို ရွေးဖတ်ပါတယ်။ သိချင်တာ မှန်သမျှလဲ ကျမအပ်ထားတဲ့ OG ဆရာ၀န်ကို သေချာ မေးပါတယ်။ Facebook မှာ ကိုယ်တွေ့ကြုံရတဲ့ Senior မိခင်တွေရဲ့ စာတွေလဲဖတ်ပါတယ်။ ဒါပေမဲ့ တထစ်ချ မယူပါဘူး၊ ကိုယ်နဲ့ သင့်‌ေတာ် မတော်ကို ဆရာ၀န် OG ကိုပဲ ပြန်မေးပါတယ်။
"ရှေ့ထုံးလဲ မပယ်နဲ့.. ဈေးသုံးလဲ မကြွယ်နဲ့" ဆိုသလို ရှေးလူကြီးပြောတာလဲ နားထောင်ကြည့်ပါ၊ ဉာဏ်နဲ့ယှဉ်ပြီး လက်ခံသင့်မှ လုပ်ပါ။ မဟုတ်ရင် ကိုယ့်ကလေးပဲ ထိခိုက်သွားနိုင်ပါတယ်။ အများစုသော မသေချာ မရေရာတဲ့ ထုံးတမ်းအစဉ်အလာတွေ၊ ဆေးမှီးတိုတွေတော့ ကျမ အားမပေးပါဘူး။ ဒီခေတ်မှာပိုပြီးတောင် အဆင်ပြေလာပါတယ်၊ တချို့ ဆရာ၀န်နဲ့ မအပ်ထားတဲ့မိခင်‌ေတွနဲ့ ကျေးလက် မှာနေသူတွေဆိုရင် online clinic တွေ facebook မှာ ရှာပြီး ဆရာ၀န်ရဲ့ အကြံဉာဏ်ယူလို့ရပါတယ်။ ပရဟိတ ဆရာ၀န်တွေရဲ့ ပညာဒါန လုပ်ပေးနေတာတွေလဲ တချို့ page မှာ ၀မ်းသာစရာ တွေ့ရပါတယ်။ သူတို့ကို အရင် အကူအညီ တောင်းခံပြီးမှ ကလေးအတွက် အကောင်းဆုံး လမ်းညွှန် စောင့်ရှောက် မှု ယူသင့်တယ်လို့ မြင်ပါတယ်။

4. နာမည်မှည့်ခြင်း
အများစု မေမေတွေ ခေါင်းစားရတဲ့ထဲမှာ နာမည်ပေးခြင်းလဲ ပါမယ်ထင်ပါတယ်။ ကျမလဲ သမီးအတွက် တသက်လုံး လူတိုင်းခေါ်မဲ့ သူ့ရဲ့ နာမည်ကို အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး စဉ်းစားခဲ့ပါတယ်။

5. ကျန်းမာရေး
သားဦး ကလေးဖြစ်တာကြောင့် ပြုစုစောင့်ရှောက် မှုနဲ့ အာဟာရဖြည့်တင်းရေးအပိုင်းမှာတော့ ကြိုတင် လေ့လာမှုတွေ အများကြီးလုပ်ရပါတယ်။ ကလေးရဲ့ ဉာဏ်ရည်နဲ့ ကိုယ်တွင်းအဂ်ါ ပြည့်စုံကျန်းမာဖို့ သင့်တင့်တဲ့ အစားစာ၊ ဆောင်ရန် ရှောင်ရန်တွေကို မိခင်အနေနဲ့ ကိုယ်၀န် စရှိကတည်းက အလေးပေးပါတယ်။ ဆရာ၀န် ညွှန်ကြားတဲ့ အားဆေးနဲ့ ကိုယ့်မှာ ချို့တဲ့နိုင်မဲ့ Vitamins နဲ့ တခြား caseတွေကို ဆီးသွေးစစ်ခြင်း၊ Ultrasoundရိုက်ခြင်းနဲ့ တခြားသော စက်ကိရိယာတွေနဲ့ စစ်ဆေးပြီး ကာကွယ်ဆေးများကိုလဲ လ အလိုက် ခံယူပါတယ်။

6. အထူးကာကွယ်ရမဲ့ ကိုဗစ်ကူးစက် မှု
ကိုယ်၀န်ဆောင်စဉ်တလျှောက် အဓိက ခြိမ်းခြောက်တာကတော့ ကိုဗစ်ပိုး ကူးမှာ ကြောက်တာပါပဲ။ အပြင်လဲ မထွက်ရဲ၊ ဆေးခန်းလဲ မပြရဲနဲ့ လိုအပ်တဲ့ ဆေးလဲ ၀ယ်ရခက်တဲ့ အခြေအနေမျိုးမှာ မိမိကိုယ်ကို အတတ်နိုင်ဆုံး ကိုဗစ်မကူးအောင် အမျိုး မျိုး ရှောင်ကျဉ်ပါတယ်။ အပြင်က လာသူနဲ့လဲ ဝေးဝေးကနေတယ်၊ အိမ်ပြန်လာသူကိုလဲ ပိုးသတ်ဆေးရည်ဖျဉ်း၊ ရေချိုး‌ ဖြစ်နိုင်ရင် ခေါင်းလျှော်ခိုင်းရပါတယ်၊ ဟင်းသီးဟင်းရွက် အသားငါးတွေကိုလဲ ဆယ်ရက် တပတ်စာ ကြို၀ယ်ပြီး ရောက်ရောက်ချင်း ဆေးဖျဉ်းပြီး ‌အဝေး တနေရာမှာ အချိန်တနာရီလောက် ထားထားရပါတယ်။ ပုံမှန် ကာကွယ်မှုဖြစ်တဲ့ လက်ဆေး၊ maskတပ်ပြီး လေ၀င်လေထွက်ကောင်းတဲ့ နေရာ နေပါတယ်။ ဒီကာလက မိုးတွင်းဖြစ်တဲ့အတွက် အအေးမိဖို့ သိပ်လွယ်ပါတယ်။ ဒါကြောင့် နွေးနွေးထွေးထွေးနဲ့ အဟာရဖြစ်တဲ့ အိမ်ချက်ပဲ စားပြီး အအိပ် မှန်ဖို့ လိုပါတယ်။ ကျမကတော့ တုတ်ကွေး ကာကွယ်‌ေဆးထိုးတယ်။ ကိုဗစ်ကာကွယ်ဆေးက ထိုးလို့မရတော့ မထိုးခဲ့ပါဘူး။ တခြားနိုင်ငံမှာတော့ ကိုယ်၀န်သည်ကို ဦးစားပေးထိုးတာတောင် ကြားဖူးပါတယ်။

7. ကလေးအတွက် လိုအပ်မဲ့ အရာ ၀ယ်ယူထားခြင်း
7 လ လောက် မှာ ကလေး ပစည်းတွေ နည်းနည်းစီ စတင်၀ယ်ယူပါတယ်။ တချို့၀ယ်ရခက်တာ‌ေတွဆိုရင် လေ့လာပြီး ကြို၀ယ်ဖြစ်ပါတယ်။ ဒီကာလမှာ ဈေးနှုန်းနဲ့ ချိန်ပြီး တကယ်လိုအပ်မဲ့ အရာတွေကိုပဲ ဦးစားပေး၀ယ်ဖြစ်ပါတယ်။

8. New Born Nurse ခေါ်ယူခြင်း
သူငယ်ချင်းနဲ့ အသိတွေ အများစုသောက ရောက်ရတဲ့ အထဲမှာ Nurse ပြဿနာလဲ ပါပါတယ်။ တချို့ မေမေတွေ မီးတွင်းထဲမှာ Nurse ၀င်လိုက်ထွက်လိုက်နဲ့ သူတို့နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် baby blue တောင် ဖြစ်ကြရတယ်။ ကျမလဲ ကြိုခေါ်ထားပါတယ်။ နောက်ပြီး ဒီကိုဗစ်ကာလကြောင့် ပိုသတိထားပြီး သူ့ကို မခေါ်ခင် သီးသန့် isolated ထားပေးတာ၊ သုံးရက်တခါ ကိုဗစ် စစ်ဆေးတာတွေနဲ့ ပြင်ဆင်ထားရပါတယ်။

9. စိတ်ပြင်ဆင်ထားနိုင်မှု
ကိုယ်၀န်ဆောင်စဉ် တလျှောက်လုံးမှာ စိတ်အတက်အကျ ရှိတာ သဘာ၀ပါ။ စိတ်တို စိတ်ညစ်တဲ့အခါ ကျမ တော်ရုံ စကားမပြောပါဘူး။ နောင်တရမဲ့စကား၊ ကိုယ့်အိမ်သားနဲ့ ကိုယ့်၀န်ထမ်းတွေကို စိတ်ထိခိုက်စေမဲ့ စိတ်တိုစဉ်ပြောတဲ့ စကားတွေရဲ့ back fire တန်ပြန်ထိခိုက်လာနိုင်မှု သတိထားပြီး ရှောင်ကျဉ်ပါတယ်။ နောက်ပြီး ကိုယ်က ကိုယ်၀န်သည်မို့လို့ စိတ်လွတ်ကိုယ်လွတ် ပြောမှာပဲဆိုတာတွေ ကြားဖူးပါတယ်။ ပြောပြီးသွားရင် ဒီစကားတွေ အပြုအမှုတွေက ကိုယ်ထွေးလိုက်တဲ့ တံထွေးလို့ပဲ ပြန်မျိုချလို့ မရပါဘူးနော်။
အိမ်တအိမ်ရဲ့ ကျက်သရေမဂ်လာရှိခြင်းဟာ အိမ်သား‌‌ေတွရဲ့ ကိုယ်နှုတ်အမှုအရာကစတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် အသိကို သတိနဲ့ကပ်ပြီး မငြင်းပါနဲ့၊ မဆဲပါနဲ့၊ ဆက်ပြောဖို့ မဖြစ်နိုင်ရင် လျစ်လျှုရှု့လိုက်ပါ။ ဒီအချိန်မှာ ကိုယ့်ကလေးရဲ့ ရှေ့ရေးအတွက် ဒါတွေကို အတင်း အနိုင်မယူချင်ပါနဲ့တော့။

မွေးဖို့ရက်နီးလာတာနဲ့အမျှ မေမေတွေ အများစုရဲ့ စိုးရိမ် ပူပန်မှုလဲ မြင့်တက်လာမှာ အသေချာပါပဲ။ ကိုဗစ်ကြောင့်လဲ အိမ်တွင်းပုန်းရတာလဲ များလာတော့ အတွေးလွန်လာတတ်ပါတယ်။ ကျမကတော့ ဒါတွေကို အဓိက ဖြေရှင်းဖို့ တရားကို ပိုဇောင်းပေးလုပ်ဖြစ်တယ်။ အကောင်းမြင်စိတ်ရစေမဲ့ စာတိုတွေ၊ ကိုယ်စိတ်အပန်းပြေစေမဲ့ ဟာသလေးတွေ ကြည့်ပါတယ်။ Facebookကို အတတ်နိုင်ဆုံး လျော့ချလိုက်တယ်၊ သွေးထွက်သံရုံတွေ စိတ်သောကများစရာpostတွေ videoတွေကို လုံး၀ မကြည့်ပါ၊ ဒါတွေကို မြင်ပြီးကြားပြီးသွားရင် ကိုယ့်အတွက် ‌ပိုပြီး အဆိုးမြင်လာစေပါတယ်။
အဲ့အစား သူငယ်ချင်းတွေ၊ မိသားစု၀င်‌ေတွနဲ့ ဖုန်းပြော video call ခေါ်ပါတယ်။ ဒါတွေက‌ အင်မတန်မှ အထောက်အကူဖြစ်စေပါတယ်။ ဒီလို ကာလမှာ အဓိက ကတော့ ကိုယ့်စိတ်‌ေတွ ယိုယွင်းလာချိန်မှာ သတိရှိပြီး အတတ်နိုင်ဆုံး အကောင်းမြင်စိတ်နဲ့ ထိန်းနိုင်ဖို့ပါပဲ။ မကြာခင်ရောက်လာမဲ့ ကိုယ့်ရင်သွေးလေးအတွက် ကြံ့ကြံ့ခံနိုင်ဖို့ အခုကတည်းက တို့မေမေတွေ လေ့ကျင်ပြင်ဆင်ရမှာ မဟုတ်ပါလား 💞

Sincerely,
Better Me

Credit: Photo from internet

22/08/2021

ခက်ခဲတဲ့ ဒီကာလ ကြားထဲမှာ တို့တွေ ခါးသီးစွာ ရင်ဆိုင်ကျော်ဖြတ်ရင်း ရလာတဲ့ သင်ခန်းစာအသစ်တွေနဲ့ ပိုကောင်းမွန်တဲ့ဘ၀တွေကို ထုဆစ်ကြမယ်။ အတွေ့အကြုံတွေ မျှဝေကြမယ်။ ပိုကောင်းတဲ့ ဘ၀တွေကို အတူတူ ဖေးမရင်း နောက်တလှမ်း တက်ကြဖို့ ရည်ရွယ်ရင်း ဒီ pageလေးကို ထောင်လိုက်တာပါ...
ချစ်ရတဲ့မြန်မာတွေ အားလုံး ဆက်လက် ရင်ဆိုင် ကျော်ဖြတ်ကြမယ်နော်...
Photo Credit: BetterMe

22/08/2021

22.8.2021 ဝါခေါင်လပြည့်နေ့မှာ ဒီ page‌ေလးကို စတင်တည်ထောင်ခဲ့ပြီး ဒီကနေ့မှ စ၍ ပြည်တွင်း ပြည်ပမှ မြန်မာလူမျိုး များအားလုံး ရောဂါကပ်ဘေးနဲ့ ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲခြင်းတို့မှ အမြန်ကင်းဝေးနိုင်ကြပါစေ 🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Alone Township
Yangon