𝘈 𝓎 𝑒

𝘈 𝓎 𝑒

Share

�Step In Every Moment�

05/08/2026

“ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်နိုင်တာရယ်”

🔳 မနေ့က ကရင်နီဘက်က လူငယ်တွေအတွက် ဟောပြောပွဲမှာ ဒီအကြောင်းအရာလေး ထည့်ပြောဖြစ်ခဲ့တယ်။

လူတချို့ဟာ ကံကောင်းတယ်။ ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်နိုင်တာရယ်က တထပ်တည်း ကျနေတာ။ တချို့ကျ အဲဒီလို မဟုတ်ဘူး။ ဖြစ်ချင်တာတွေ ရှိတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ လတ်တလော အခြေအနေအရလည်း မဖြစ်သင့်သေးဘူး။ အဲဒီအခါ ဖြစ်နိုင်တာ၊ ဖြစ်သင့်တာတွေကို ဦးစားပေးလိုက်ရတယ်။

ရလဒ်ကတော့ ကိုယ့်ဘဝကို ကျေနပ်နှစ်သက်မှု မရှိတော့တာပဲ။ အလုပ်ကို လစာအတွက်နဲ့ လုပ်နေရတာအပြင် မပိုဘူး။ တက်ကြွမှုလည်း မရှိဘူး။ စေတနာလည်း မပါဘူး။ ရှင်သန်နေရတာလည်း အဓိပ္ပါယ်မရှိသလို ခံစားနေရတယ်။

🔳 တကယ်တော့ အဲဒီလိုတွေ စဉ်းစားနိုင်သေးတယ် ဆိုတာကမှ မဆိုးသေးဘူး ပြောရမယ်ထင်တယ်။ အလုပ်တစ်ခုရယ်လို့တောင် မရှိနေတဲ့ လူငယ်တွေ ခုချိန်မှာ တပုံကြီး မဟုတ်လား။ အလုပ်ကနေမှ ပိုက်ဆံထက်ပိုတဲ့ အရာတွေ ရနေဖို့ဆိုတာ နောက်ထပ်အဆင့်တွေဖြစ်တယ်။ ခုက ရပ်တည်ရေးအတွက်တောင် အလုပ်ရှာရခက်နေတဲ့ ခေတ်ကြီး။

ဒီလိုနဲ့ပဲ ရတဲ့အလုပ်လုပ်။ နေ့ရက်တွေကို အဆင်ပြေသလို ဖြတ်သန်း။ ဘဝနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ နည်းလာ။ ငါကြိုးစားရင် ရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေလည်း ပါးလျလာတော့တယ်။

ဒါ လက်ရှိအချိန် လူငယ်တော်တော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာပဲ။

🔳 မျှော်လင့်ချက် ကင်းမဲ့မှုဟာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်လိုစိတ်တွေကိုပါ ပျက်စီးသွားစေတယ်။ မူးယစ်ဆေးလား။ သုံးလိုက်တာပေါ့။ လောင်းကစားလား။ ဒါကလည်း ထွက်ပေါက်တစ်ခု ဖြစ်သွားနိုင်တာပေါ့။ လိင်ကိစ္စလား။ အဆင်ပြေရင် နေလိုက်တာပေါ့။ ဒီလိုတွေ ဖြစ်ကုန်တယ်။

ဒါဖြင့် မျှော်လင့်ချက်ကို ပြန်ရှာဖွေပေးဖို့ကလည်း ဘယ်သူ့ဘယ်သူမှ မတတ်နိုင်ဘူး။ သူလည်း စမ်းတဝါးဝါး၊ ကိုယ်လည်း လမ်းပျောက်။ သူလည်း မသေရုံတမည် အသက်ရှင်၊ ကိုယ်လည်း တစ်နေ့စာတစ်နေ့ တွေးပြီးပဲ ရှင်နေကြရတာပဲ။

ကျွန်တော်တို့ကမှ လူလတ်ပိုင်း။ Career တစ်ခုရယ်လို့လည်း ရှိထားပြီးပြီမို့ နည်းနည်းတော်သေးတယ် ပြောရမယ်။ ဒါကြောင့် လူငယ်တွေကိုမြင်ရင် အားလည်းနာတယ်။ စိတ်လည်းမကောင်းဘူး။ ဘာလုပ်ပေးရမယ်လည်း မသိဘူး။ အဲဒီမှာမှ လူငယ်တွေကို ရွှေချ ဘာညာလျှောက်အော်ပြီး ချင်း (ဂျင်း) ထပ်ထည့်ဖို့၊ ပိုက်ဆံရှာဖို့ချည်း လုပ်နေတာတွေ မြင်ရင် ပိုအသည်းပေါက်လာရော။

🔳 ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်နိုင်တာရယ်မှာ ဘယ်ဟာကို ဦးစားပေးရမလဲဆို ဘယ်သူမှတော့ တိတိကျကျ မသိနိုင်ဘူး။ ဖြစ်ချင်တာကို တစိုက်မတ်မတ်လုပ်လို့ အောင်မြင်သွားသူတွေ ရှိသလို၊ ခေါင်းမမာသင့်တာ မာလို့ အချိန်တွေ ကုန်ခဲ့ရသူတွေလည်း ရှိတယ်။

ဒါကြောင့်လည်း Reality check လုပ်နိုင်ဖို့၊ အခြေအနေမှန်ကို ဆန်းစစ်နိုင်ဖို့က သိပ်အရေးကြီးတယ်။ စိတ်ဓါတ်မြှင့်တင်ရေး စာတွေ၊ ဗွီဒီယိုတွေကတော့ မင်းဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ပဲ ပြောမှာပဲ။ မဖြစ်နိုင်ဘူး ဆိုတာတွေကို မယုံနဲ့ ဘာညာ အားပေးမှာပဲ။ မဖြစ်နိုင်တာ မဟုတ်ဘူး၊ မဖြစ်သေးတာပဲ ရှိတာ ဆိုပြီး ရေးကြမှာပဲ။ တကယ်တမ်းကျ လောကမှာ မဖြစ်နိုင်တာတွေ တပုံကြီး။

ဒီအတွက် မညာတမ်း၊ မညှာတမ်း ဆန်းစစ်။ အမုန်းခံပြောပေးမယ့် မိတ်ဆွေကောင်းတွေ၊ ကိုယ့်ထက် ပိုစဉ်းစားတတ်တဲ့ ဆရာသမားတွေရဲ့ အကြံဉာဏ်လည်း လိုကောင်းလိုလိမ့်မယ်။ ဒီလိုအဘက်ဘက်က စဉ်းစားပြီး ရွေးချယ်ဖို့ကသာ အရေးကြီးဆုံးပဲ။

🔳 Want to do ရယ်၊ Should do ရယ်၊ Can do ရယ်မှာ လတ်တလော အာရုံအစိုက်သင့်ဆုံးကတော့ Can do ပဲလို့ မြင်မိတယ်။ မင်း ဘာလုပ်နိုင်သလဲ၊ ဘာဖြစ်နိုင်သလဲပေါ့။

ဆိုလိုတာက အလုပ်ရှာတယ်။ မင်းမှာ ဘာအတွေ့အကြုံမှ မရှိဘူး။ CV မှာ ထည့်ရေးစရာ ဘာအရည်အချင်းမှ ရှိမနေဘူး။ မင်းကို ထောက်ခံပေးမယ့်လူလည်း ရေရေရာရာ မရှိဘူးဆို သေချာတယ်။ မင်း လုပ်နိုင်တာ ဘာမှမရှိသေးဘူး။

ဒီတော့ လုပ်နိုင်တာတွေ များများဖြစ်လာအောင် လုပ်။ ကျွန်တော် ဆိုရှယ်မီဒီယာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်တယ်။ ကျွန်မ ထိုင်းစကားတတ်တယ်။ ကျွန်တော် Video Editing ရတယ်။ ကျွန်မ Data Analysis ကို လေ့လာဖူးတယ်။ ဒီလိုလုပ်နိုင်တာတွေ များလာရင် လမ်းကြောင်းတွေလည်း သူ့အလိုလို ပေါ်လာနိုင်တယ်။

🔳 ကျွန်တော့်ဘဝဇာတ်ကြောင်းကိုလည်း မကြာခဏ ပြောပြဖူးတယ်။ ကျွန်တော်က ရှေ့ကိုမျှော်ပြီး ဘဝကို တည်ဆောက်ခဲ့သူ မဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာတွေ လုပ်ရင်း၊ ကိုယ့်ကိုယ်ကိုယ်ဖြည့်ရင်း ခုလက်ရှိ ကျွန်တော်ရောက်နေတဲ့နေရာကို ရောက်လာတာ။ လမ်းတွေ သူ့ဟာသူ ပေါ်လာတာ။ တံခါးတွေ သူ့အလိုအလျောက် ပွင့်လာတာ။

စာရေးဆရာ ဖြစ်ချင်တယ်လည်း မရှိခဲ့ဘူး။ စာရေးရတာ ဝါသနာပါမှန်းတောင် မသိခဲ့ဘူး။ စာရေးဆရာတစ်ယောက်အဖြစ်နဲ့ အသက်မွေးလို့ ဖြစ်နိုင်မလား ဆိုတာတွေလည်း ယောင်ပြီးတောင် မစဉ်းစားခဲ့ဖူးဘူး။ လုပ်ခဲ့တာဆိုလို့ တစ်ခုတည်း။ ကိုယ်ရေးသမျှစာတိုင်းကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် အားထုတ်တာပဲ။ ကိုယ့်ဟာကိုယ် ဖြည့်စရာရှိတာ ဖြည့်တာပဲ။

ဒါကြောင့် ဘာဖြစ်ချင်မှန်း မသိဘူးလို့ ညည်းမနေနဲ့။ ဖြစ်ချင်တာတခြား၊ ဖြစ်နေတာတခြားမို့လို့ စိတ်ပျက်မနေနဲ့။ ဆန္ဒနဲ့ ဘဝကို ဘာကိုဦးစားပေးရမလဲ ဝေခွဲရခက်မနေနဲ့။ ဖြစ်နိုင်တာတွေကို အရင်လုပ်။ ဖြစ်နိုင်တာတွေ များလာအောင် ကိုယ့်အရည်အချင်းကိုယ်ဖြည့်။ ကိုယ့်လွှကိုယ်သွေး။

🔳 စေတနာ့ဝန်ထမ်း လုပ်ရမလား။ အကောင်းဆုံးဖြစ်အောင် လုပ်လိုက်။ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ ရလာလိမ့်မယ်။

ငယ်တုန်းမှာ များများခိုင်းတဲ့သူနဲ့ တွေ့ထားလေ၊ များများတတ်လေပဲ။ လစာက ဘယ်လောက်၊ လုပ်ရတာက ဘယ်လောက်လို့ သိပ်မတွေးနဲ့။ ဒါက အလုပ်ရှင်တွေ အနိုင်ကျင့်သမျှ၊ Abuse လုပ်သမျှ ခံရမယ် ပြောတာမဟုတ်ဘူး။ ငယ်ရွယ်စဉ်မှာ လစာကို အရမ်းမကြည့်ဖို့ ပြောတာ။ ကိုယ့်ကို ‘သွေး’ပေးနေတယ် သဘောထား။

🔳 What do you want to be? မင်း ဘာဖြစ်ချင်သလဲ - သေချာမသိသေးဘူး။ ဒါမှမဟုတ် သိပေမဲ့ အဲဒါက မဖြစ်နိုင်သေးဘူး။

What should you do? မင်း ဘာလုပ်သင့်သလဲ - ဒါလည်း မသေချာပြန်ဘူး။ ခေတ်ကာလ အနေအထားအရလည်း ပြောရခက်တယ်။

What can you do? မင်း ဘာလုပ်နိုင်သလဲ - ဒါကတော့ ရှေ့နှစ်ခုနဲ့ ယှဉ်ရင် ဖြေရအလွယ်ဆုံးမေးခွန်း ဖြစ်လိမ့်မယ်။

🔳 တကယ်တမ်းတော့ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေအတွက် ဘယ်သူ့ဆီကမှ အဖြေသွားတောင်းလို့ မရသလို၊ ဘယ်သူ့ဆီမှာမှလည်း အဖြေမရှိပါဘူး။ ဖြစ်လာသမျှ အကောင်းအဆိုးကလည်း ကိုယ်ပဲ တာဝန်ခံရမှာမို့ ကိုယ်ပဲ ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ။

ဒီဆောင်းပါးကလည်း လမ်းပျောက်နေတဲ့ လူငယ်တွေ တွေးစရာတစ်ခုခု ရစေဖို့ပါပဲ။ ကိုယ်လုပ်နိုင်တာတွေ များများလာအောင် ကြိုးစားရင်း လမ်းတွေ တွေ့လာ၊ တံခါးချပ်တွေ ပွင့်လာပါစေလို့လည်း ဆုတောင်းပေးပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၄.၈.၂၀၂၆

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when 𝘈 𝓎 𝑒 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.