Thein. Myint

Thein. Myint

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thein. Myint, Health/Beauty, Yangon.

30/04/2026

#အိမ်အလာများသမီးဆုံး #အလိမ္မာထားခရီးသုဉ်း

တက်ခေတ်တွင် လူသားချင်း သီလအားပြိုင်လျက်၊
တက်ကြသည်။

ကျခေတ်တွင်ကား လူသားချင်း ကာမအားလမ်းခင်း၍၊
ဆင်းနေကြသည်ဖြစ်ရာ...

မိုက်တွင်းနက်သူတို့ အဆင်ပြေကြပြီး၊ အလိမ္မာကြီး
သူများ ခက်ခက်ခဲခဲ သွားလာနေကြရမည်။

သို့ကြောင့် စာနာစိတ်ဖြင့် အရာရာ ကိုယ်ကဲ့သို့သဘော
ထားကာ လိုက်လျောခြင်း၊ ရက်ရောခြင်းအားကြီးသူတို့
တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်သွားတော့ကာ....
သူတကာအောက် ပြားပြားမှောက်ပေးကြရမည်။

ဘာမဆို ငါအလိုကျရမှ၊ ဘာပြောပြောငါတကောကော
ရမှ ဟူသော အယူသည်းသမားထုံးအတိုင်း ရိုင်းစိုင်းစွာ
နေထိုင်ဆက်ဆံခြင်း၊ သူတကာ့ဥစ္စာ အပါကုတ်၍၊ မိမိ
ဥစ္စာ ကျစ်ကျစ်ပါ ဆုပ်ထားတတ်သူတို့သာ-

တစ်နေ့တစ်ခြား ဒီရေအလား ကြီးထွားတိုးတက်လာကြ
တော့ကာ....သူတကာတို့ထိပ် ဘိသိက်ခံအဖြစ်ဖြင့်
အခြေတင့်ကြမည်။

ထိုသို့ဖြစ်လာရသည်မှာ ကိလေသာ အပူမိနေကြသော
ကံ၊စိတ်တို့၏ အလွန်ကြောင့်၊ ဥတု အာဟာရတို့ပါ အပူ
လွန်ကာ-လူ့ခန္ဓာတွင်း အပူသွင်းပေးထားလိုက်ခြင်း။

တစ်ဖန် ပူပြင်းသောဥတု၊အာဟာရတို့၏ အလွန်ကြောင့်
ကံ၊ စိတ်တို့လည်း မွှန်လာတော့ကာ ဥတု၊ အာဟာရခင်း
အခိုးပြင်းစေခြင်းတို့အကြား လှုပ်ရှားနေကြရသော
လူသားမှန်သမျှ- အနု အယုဖြင့် အားမရ၊ ကြမ်းပေးမှ
ရမ်းပေးမှသာ အနေတော်ကျ ဖြစ်နေကြတော့ရာ....

အမိုက်မှား လူကြမ်း၊ မှန်းသမျှကိစ္စ ဒိဌိအောင်မြင်စေ
တော့မည်။

ယဉ်ကျေးသူ လူလိမ္မာ၊ စာနာစိတ်ဖြင့် ချိန်ဆ၊ နွားပိန်
မြက်မဝ ဖြစ်စေမည်။

အလိမ္မာကြီးသူတို့ ပြိုင်ပွဲမှထွက်....တစ်ကိုယ်တည်း
သက်သက် နေရမည့်ခေတ်တည်း။

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
Credit to Original Writer

26/04/2026

🔹 #ကုက္ကုစ္စကိုရှုမှတ်ပြီး_နိဗ္ဗာန်ရောက်နိုင်ပုံ
✵══✵══✵══✵══✵══✵══✵══✵

🔹 ထားရာမနေတဲ့ စိတ်ကို ( ဥဒ္ဓစ္စ )လို့ခေါ်တယ်၊ တောင်တွေး မြောက်တွေးနဲ့ ပျံ့လွင့်တဲ့စိတ်ပေါ့၊

ဒုစရိုက်တွေ ပြုပြီးရင် ပြန်စိုးရိမ်တယ်၊ ကောင်းတာမလုပ်ခဲ့မိရင်လည်း မှားတယ်၊ မကောင်းတာ လုပ်မိခဲ့ရင်လည်း မှားတယ်ဆိုပြီး နောင်တရ ပူပန်တဲ့ စိုးရိမ်သောကကို (ကုက္ကုစ္စ)လို့ မှတ်ပါ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီတရား နှစ်ခုကို တွဲဟောခြင်းသည် တခုဖြစ်ရင် တခု ပါလာတတ်လို့ မှတ်ပါ။

ခင်ဗျားတို့ဖြစ်စေ ဘုန်းကြီးတို့ဖြစ်စေ ငယ်တုန်းကတော့ စိတ်လိုက်မာန်ပါ လုပ်ဖူးတာတွေက အကုသိုလ်တွေ မနည်းလှဘူး၊

ဒါကို တရားအားထုတ်နေတဲ့ချိန်မှာ ဖြစ်စေ၊
တရားအားမထုတ်ပဲ နေတဲ့အခါမှာဖြစ်စေ
ဘယ်ခါကာလမှ ပြန်မတွေးပါနဲ့၊ ဖျောက်ပစ်ပါ။

မလုပ်ရသေးတဲ့ ကုသိုလ်တွေကိုလည်း
မလုပ်ရသေးဘူး၊ ခက်သေးတယ်ဆိုတာ
မလာစေနဲ့၊

မလုပ်ဖြစ်ဘူး၊ မလုပ်တော့ဘူး၊ မပြီးသေးဘူး၊
မပြီးတာနဲ့ တော်ပြီ...ဖြတ်ချ။ မပြီးသေးလို့ ခက်သေးတယ် လာလို့ရှိရင်ဖြင့် ကုက္ကုစ္စ ဖြစ်သွားတယ်။

🔹 ဒါတွေဟာ လူတိုင်းမှာ ရှိတတ်တဲ့တရားလို့မှတ်ရမယ်။ “ဘယ်အချိန်မှာ လာတတ်သတုန်း” လို့ မေးတဲ့အခါ...

#သေခါနီး_အာသန္နကံအဖြစ်နဲ့ လာတတ်တယ်။ တစ်သက်လုံး ဒါနတွေပြု၊ သီလဆောက်တည်ပြီးတော့၊ သူက ဝင်အကျိုး ပေး လိမ့်မယ်၊ မနစ်နာဘူးလား။

ဘုရားလက်ထက်မှာ မလ္လိကာမိဖုရားကြီး
အသဒိသအလှူကြီး အခမ်းနားဆုံး အကြီးကျယ်ဆုံး လှူခဲ့တယ်၊

မလ္လိကာ သေခါနီးကြတော့ သူ့မှာ ကုက္ကုစ္စ ဝင်လာတယ် ရှင်ဘုရင်ကို လိမ်ညာခဲ့တဲ့အပြစ်လေးတစ်ခုက အာသန္နကံ ဖြစ်လာတယ်၊

သေခါနီးမှာ ပေါ်လာတော့ အသဒိသဒါနကြီးက နေရစ်ရတယ် မကယ်နိုင်ဘူး။

#ကုက္ကုစ္စက_အာသန္နကံလာဖြစ်နေတယ်၊
ဒါနဲ့ အဝီစိ (၇)ရက်ကျသွားတယ်။

ကုက္ကုစ္စဇော စောတာ ကြောက်စရာမကောင်းဘူးလား။ အကုသိုလ် ဟူသရွေ့၊ နောက်က ဘယ်လိုမိုက်ခဲ့ မိုက်ခဲ့ ပြန်မတွေးနဲ့။ တွေးရင် မိုက်တာပဲ၊ ကုက္ကုစ္စဖြစ်မယ်။

🔹 မပြုရသေးတဲ့ ကုသိုလ်ဟူသရွေ့ကိုလည်း ပြန်ပြီးသကာလ လွမ်းဆွတ်သောက ဗျာပါဒ
မဖြစ်နဲ့၊

အခုလုပ်နေတဲ့ ဖြစ်ပျက်ကိုသာ သေလည်း
ဒါ နှလုံးသွင်း၊ သေလည်း ဒီဖြစ်ပျက်ရှုပြီး
သေရုံပဲ။

ရှုပြီး သေတဲ့အချိန်မှာ သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်၊

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ပြီးမှ
ရှုပြီး သေအုံးမယ်ဆိုရင် သေခါနီးမှာ ရဟန္တာဖြစ်သေးတယ်။

ဒါကြောင့် ကုက္ကုစ္စသည် ကြောက်စရာကောင်းတယ် ဆိုတဲ့အဓိပ္ပာယ် ယနေ့ ရှင်းပါပြီ။ ဘယ်ကံအဖြစ်နဲ့ ဝင်ထိုးလိုက်တာလဲ၊

အာသန္နကံ အဖြစ်နဲ့ ဝင်ထိုးလိုက်တာပဲ။အာသန္နကံ အကျိုးပေးပုံ ဥပမာလေးတခု

နွားခြံကြီးတစ်ခြံ၊ ညနေ နွားတွေမောင်းသွင်းတဲ့အခါ အတင်းရိုက်သွင်းတော့ ခြံထဲရောက်အောင် ပျိုတဲ့နွားတွေက ပြေးနိုင်တာပေါ့၊

အိုတဲ့နွားကတော့ မပြေးနိုင်ဘူး မှန်မှန်ပဲသွားတယ်၊ နွားခြံထဲ နွားတွေပြည့်တော့ နွားအိုကြီးတွေက ဝင်ပေါက်နားမှာပဲ အိပ်ရတယ်။

မနက် နွားတွေထုတ်ရင် နွားအိုကြီးတွေက
#ခြံပေါက်ဝနဲ့နီးတော့ အရင်ထွက်ရတယ်။

ထို့အတူပဲ ကုက္ကုစ္စက သေပေါက်သေဝနဲ့နီးလို့ သူက အရင်အကျိုးပေးတယ်။ဘယ်လောက်ကြောက်စရာကောင်းလဲ။ကုက္ကုစ္စ မလာကောင်းဘူး။

မလာကောင်းတာ လာခဲ့တော့ သေဝနဲ့နီးတယ်၊ သူက အရင်ထွက်ပြီး အကျိုးပေးလိုက်တယ်။

🔹 ခြံပေါက်ဝနဲ့ နီးတာ မလာပါစေနဲ့၊ လာချင်လို့ရှိရင် ခင်ဗျားတို့ အာစိဏ္ဏကံလုပ်ထားတဲ့ ဖြစ်ပျက်ဝိပဿနာရှုထားတာ လာပါစေ၊

အာစိဏ္ဏကံက သေပေါက်သေဝကျအောင် ရှုနေလို့ရှိရင် အာသန္နကံအဖြစ်နဲ့ အမှုထမ်း လိမ့်မယ်။

နဂိုကလည်း အာစိဏ္ဏကံ၊ သေသည်တိုင်အောင်လည်း ဒါလေးရှုနေတော့မယ်ဆိုတော့ သူက အာသန္နကံလာဖြစ်တယ်။

မပြတ်လေ့ကျင့် ရှုထားတဲ့အလုပ်သည်ပင်လျှင် သေခါနီးလည်း ရှုရမယ်၊ ဝေဒနာလာ ဝေဒနာရှုရုံပေါ့၊

သေခါနီးမှာ မကောင်းတဲ့ အာသန္နကံလာတတ်ခြင်းကြောင့် ကောင်းတဲ့ အာသန္နကံအဖြစ် ပြောင်းလို့ရတယ်၊ ကိုယ့်ဟာကိုယ် ပြောင်းယူကြ။

#ခန္ဓာဖြစ်ပျက်ရှုဖို့ပဲပြောင်း၊
#စာဂနုဿတိတွေပြောင်းမနေနဲ့_အောက်တန်းတရားသွားဖြစ်လိမ့်မယ်။

🔹 မကောင်းတဲ့ကံတွေက သေပေါက်သေဝနီးမှ လာတယ်၊ အကယ်၍ပေါ်လာရင်လည်း ခုပေါ်တဲ့စိတ်ရဲ့ဖြစ်ပျက်ကို နောက်က ဉာဏ်နဲ့ရှု၊

ခုနက တွေးစိတ်ကလေး ကုက္ကုစ္စကလေးကို
ဖြစ်ပျက်ရှုလိုက်တော့ သူသည် ကုက္ကုစ္စလား အနိစ္စလား? (အနိစ္စပါဘုရား)

သူက အနိစ္စဆိုရင်… ရှုတာက မဂ္ဂ ဖြစ်ရမယ်၊ ကြားခုတဲ့ ကုက္ကုစ္စကို ဖြစ်ပျက်ရှုလိုက်ရင်...အနိစ္စ၊ ကျုပ်တို့ရှုတာက… မဂ္ဂ ဆိုတော့၊

#အသန္နကံဇော_စောဖို့လာတဲ့ကုက္ကုစ္စကို
ကျုပ်တို့က အနိစ္စ ဖြစ်အောင်လုပ်လိုက်တဲ့အတွက်ကြောင့်

#သူ့နောက်ကနေပြီး_မဂ်ဇောပြန်စောတယ်၊ ကုက္ကုစ္စက အနိစ္စ၊ ရှုတဲ့ဉာဏ်က
မဂ္ဂ ဖြစ်သွားတယ်၊

အဲတော့ #သေပေါက်သေဝနဲ့_မဂ္ဂကနီးတယ်။ ကုက္ကုစ္စက, အာသန္နကံလုပ်မယ် ဆိုပြီးလာတာ၊ ဒို့က ဖြစ်ပျက်ရှုလိုက်တော့

ခုနက ရှုတဲ့ မကောင်းတဲ့အတွေးက အနိစ္စ၊
ရှုတာက မဂ္ဂဆိုတော့ သေပေါက်သေဝနဲ့
မဂ္ဂ နီးသွားပြန်တယ်၊

#ဒါအာသန္နကံ_လဲလှယ်တဲ့နည်းပဲ။
#မဂ္ဂအာသန္နကံနဲ့ဆို_နိဗ္ဗာန်ရောက်တယ်။

🔹 မဂ္ဂ အာသန္နကံကြိုက်လား၊
အကုသိုလ် အာသန္နကံကြိုက်လား ?
(မဂ္ဂ အာသန္နကံ ကြိုက်ပါတယ်ဘုရား)

မဂ္ဂ အာသန္နကံကြိုက်ရင်ဖြင့် အာသန္နကံသည် ကုက္ကုစ္စဝင်လာရင် ကျုပ်တို့က

#သတိထား_ဝီရိယစိုက်_ပညာနဲ့သာရှုလိုက်

ဝမ်းထဲက ကံဇောစောတာကို ဉာဏ်ဇောနဲ့ရှုလိုက်ရင် ကုက္ကုစ္စပြေးပြီ။

ဒါဖြင့်ရင် ပြောင်းတတ်လွှဲတတ်ဖြစ်လေသောကြောင့် ကုက္ကုစ္စ နိဝရဏလား နိဗ္ဗာန်ပို့တဲ့တရားလား? (နိဗ္ဗာန်ပို့တဲ့တရားပါဘုရား)

အသုံးမချတတ်ရင်…ကုက္ကုစ္စ နိဝရဏ၊

အသုံးချတတ်ရင်…ကုက္ကုစ္စကို ဖြစ်ပျက်ရှုတဲ့အတွက် သူက အနိစ္စဖြစ်လို့ မဂ္ဂကိုကျေးဇူးပြုတယ်။

ရှုပြီးသေတဲ့အချိန်မှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်တယ်၊

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ပြီးမှ
ရှုပြီးသေရင် သေခါနီးမှာ ရဟန္တာဖြစ်နိုင်သေးတယ်။
(မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားအပ်သော“သေနည်းကောင်း”တရားတော်မှ ပူဇော်ပါသည်)


Credit to Original writer

26/04/2026

ရှင်ပြု ရဟန်းခံ သတိပြုရန် (အမေး အဖြေများ)
~~~~~~~~~~~~~~~~~~~~~~~~~~

အမေး- (၁)။ ။

(က) ရှင်ပြုရာ၌ ရှင်လောင်းလှည့်က ရှင်ပြုပွဲ
အခမ်းအနားဖြင့် ပြုခြင်း ဘုန်းကြီးကျောင်း၌ ခေါင်းတုံးရိတ် သင်္ကန်းဝတ်မှုပြု၍ ရှင်ပြုခြင်း ၂-မျိုးဝယ် ကုသိုလ်
အကျိုး မည်သို့ ထူးပ သနည်း၊

(ခ) သားတော်ရာဟုလာကို မည်ကဲ့သို့ ရှင်ပြုပါသနည်း။

( ဂ ) ရှင်လောင်းလှည့်ခြင်း အစဉ်အလာသည် မည်သည့် ခေတ်က ဖြစ်ပေါ် လာပါသနည်း။

အဖြေ။

(က)။ ။ ကုသိုလ်အကျိုး ရခြင်း မထူးပါ။

(ခ)။ ကပိလဝတ်ပြည် နန်းတော်၌ ဘုရားရှင်
ဆွမ်းဘုဉ်းပေးတော်မူပြီး၍ ပြန်ကြွလာတော်မူသေ၁အခါ ရာဟုလာသည် ဘုရားရှင်၏ နောက်တော်မှ လောကီအမွေတောင်းယင်း ပါလာ၏၊ ကျောင်းတော်သို့ ရောက်သောအခါ “ရာဟုလာအား လောကုတ္တရာအမွေ ပေးတော်မူရမည်” ဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာကို ရှင်ပြုပေးစေတော်မူ၏၊ အရှင်သာရိပုတ္တရာသည် အမိန့်တော်အတိုင်း ဦးခေါင်းရိတ်၍ သင်္ကန်းဝတ်ပေးတော်မူပါသည်။

( ဂ ) ။ ။

ရှင်လောင်းလှည့်ခြင်း မဏ္ဍပ်အတွင်း၌ အဘိသိက်သွန်းခြင်းစသော အစဉ်အလာကို မည်သည့်ခေတ်က
ဆင်းသက်လာသည်ဟု မသိပါ။

အချို့က “ ဓမ္မာသောကမင်း၏ သားတော်မဟိန္ဒမင်းသားကို ရှင်ပြုရာမှ ဆင်းသက်လာသည်” ဟု ဆိုကြ၏၊

ပါရာဇိကကဏ္ဍဋ္ဌကထာ မဟိန္ဒမင်းသား ရှင်ပြုခန်း၌
ထို အသိုင်းအဝိုင်း မပါချေ။

အမေး- (၂ )။ ။

သင်္ကန်း ပရိက္ခရာဖိုးမျှ မရှိ အခမ်းအနားလည်း
မလုပ်နိုင်သော မိဘသည် သားကို မည်ကဲ့သို့ ရှင်
ပြုနိုင်ပါသနည်း။

အဖြေ။ ။ သနားတတ်သော(သပိတ် သင်္ကန်းလည်း ပေးနိုင်လောက်သော )ဆရာသမားထံ အပ်နှံ၍ ရှင်ပြုနိုင်ပါသည်။

အမှန်အားဖြင့် ရှေးခေတ်က ရှင်ပြုရာ၌ သပိတ်သင်္ကန်းကို ဆရာရဟန်းကိုယ်တိုင်က မိမိမှာရှိလျှင် ပေးရပါသည်၊ မရှိလျှင်လည်း ရဖို့ရန် အားထုတ်ရပါသည်။

ဘုရားရှင်သည် ရဟန္တာဖြစ်လောက်သော အရည်အချင်းရှိပါလျက် ကြွေးတင်နေသော ပုဏ္ဏားကို ရဟန်း
ပြုပေးတော်မူပြီးလျှင် ကောသလမင်းအထံ ခေါ်သွား၍ အကျိုးအကြောင်း ပြောပြတော်မူ၏၊

ကောသလမင်းက ကြွေးတာဝန်ကို ယူပါသည်၊ ထိုရဟန်းလည်း တရားအားထုတ်၍ ရဟန္တာဖြစ်လေသည်။
[သဂါထာဝဂ္ဂ ဗြာဟ္မဏသံယုတ်။ ]

အမေး- (၃) ။ ။

ရှင်ပြုပေးရာ ကလေး၏ မည်သည့် အရွယ်တွင် ရှင်ပြုနိုင်ပါသနည်း။

အဖြေ။ ။

ဗုဒ္ဓမြတ်စွာသည် ပထမ ခွင့်ပြုတော်မူစဉ်၌ “၁၅-နှစ် အသက်ပြည့်မှ ရှင်ပြုပေးမည်”ဟု မိန့်တော်မူ၏။

ထို့ နောက်မိဘများ သေဆုံး သွားသဖြင့် ကိုးကွယ်ရာမဲ့ စနေသော ကလေးညီနောင် ၂-ယောက်ကို အကြောင်းပြ၍ “ မိမိထမင်းပွဲကို ကျီး နှိုက်လာလျင် ခြောက်နိုင်သော အရွယ်ရှိသူကို ရှင်ပြုပေးနိုင်၏။
ဟု ခွင့်ပြုတော်မူပြန် ၏။
[ဝိနည်း မဟာ ခန္ဓကပါဠိတော်]

မှတ်ချက် ။ ။ မလွဲသာ၍ ခွင့်ပြုတော်မူရသော ဤဒုတိယ ခွင့်ပြုတော်မူချက်ကို ကောက်ချက်ချ၍ ယခုကာလ၌
အတော်ငယ်သော ကလေးများကို ရှင်ပြုပေးကြ၏။

ထိုကလေးများသည် ဆယ်ပါးသီလနှင့် ထိုက်တန်သော ကျင့်ဝတ်ကို မကျင့်နှိင်ကြ၊ တချို့ဇာတရူပသိက္ခာပုဒ်ကို အပျက်ခံ၍ ပိုက်ဆံကို သူ့လက်ထဲ ထည့်ပြီးလျှင် ကျောင်းလိုက်ချင်အောင် မိဘတို့က ချောကြရ၏ ။

မဏ္ဍပ်အတွင်းမှာပင် သင်္ကန်းမနိုင်ဘဲ သိက္ခာပုဒ်များစွာ အပျက်အစီး ခံကြရ၏။ တချို့က ကျောင်း၌ မအိပ်လိုကြဘဲ အိမ်မှာပင် အိပ်ကြ၏၊ ဤအားလုံးအတွက် သာမဏေများထိုက်သော သေခိယ သိက္ခာပုဒ် သီလတွေ အတော်များ ပျက်လေပြီ၊

ထိုသို့ သီလတွေ အပျက်ခံ၍ ရှင်ပြုပေးရာ၌ မိဘတို့မှာ ငွေလည်း ထောင်ကုန် သောင်းကုန် ကုန်ကြသေး၏၊

အချို့သော ဗုဒ္ဓဘာသာဝင်တို့၏ မသိ နားမလည်ချက်က သာသနာဖျက်ရာ ရောက်ရုံသာမက ဘာသာခြားတွေနှင့် နောင်လာနောက်သားတို့ စဉ်းစား ဝေဖန်ကြတော့မည့်အတွက် အလွန်ပင်ရှက်ဖွယ် ကောင်းလှပေသည်။

ဖြစ်သင့်သော ရှင်ပြုနည်း ။ ။

သားကို ရှင်ပြုရာ၌ မိဘတို့သည် အရင်းအနှီး နည်းပါးသွားအောင် (သို့မဟုတ် ကုန်သွားအောင်) ရှင်ပြုပွဲ မကျင်းပ သင့်ပါ၊

သင့်တော်သော အရွယ်ရောက်မှ အနေအထိုင်အချိုးကျသော ကျောင်းသို့ ပို့ ၍ သင့်တော်ရုံ ငွေကုန်ကြေးကျ ခံရုံဖြင့် ရှင်ပြုပေးသင့်ပါသည်။

ရှင်သာမဏေ အဖြစ်ဖြင့် နေခိုက်၌ လူဝတ်ကြောင်တို၏
သီလယူနည်း, ဒါနပြုနည်း, ဥပုသ်စောင့်နည်းနှင့်တကွ ရဟန်းမဏေတို့ အမြဲကျင့်ရသော သိက္ခာပုဒ်များကို နားလည်၍ ကျင့်တတ်အောင်လည်းကောင်း၊ ဘာသာရေးကိစ္စတို့၌ အသားကျ နားလည်အောင်လည်းကောင်း လေ့လာသင့်၏၊

သို့မှ မိမိတို့က ဒကာအဖြစ်ဖြင့် ရသောအခါ ပုဂ္ဂိုလ်အကောင်းအဆိုး ရွေးချယ်တတ်၍ သာသနာထောက်ပံ့သော ဒါယကာတစ်ယောက် ဖြစ်လာဖွယ် ရှိပေသည်။ ။

မဟာဂန္ဓာရုံဆရာတော်
(ဘာသာရေး အမေးအဖြေများ)

Credit to Original Writer

24/04/2026

“ ဒိဌိ နဲ့ ဝိစိကိစ္ဆာ “

ဘုန်းကြီးတို့ပရိတ်သတ်တွေ
ရုပ်နာမ်ကို သက္ကာယဒိဌိနဲ့ကြည့်တော့
ဘာမြင်လဲ..? ပုဂ္ဂိုလ် သတ္တဝါ ငါ၊
သတိ ဝီရိယ သမာဓိနဲ့ကြည့်တော့ ရုပ်နာမ်၊
ရုပ်နာမ်လို့မြင်ပေမဲ့ မြင်ရုံပဲမြင်သေးတာ၊
သဘောပေါက်ပြီလား..? မပေါက်သေးဘူး၊
သဘောပေါက်သွားရင် ပညာ၊
မဂ္ဂင်ဘယ်နှစ်ပါးလဲ..? ငါးပါးနော်။

ပုဂ္ဂိုလ် သတ္တဝါ ငါလို့မြင်တာက ဒိဌိ၊
ရုပ်နာမ်လို့မြင်တာက ဉာဏ်၊
ဘာကိုကြည့်ပြောတာလဲ..?ရုပ်နာမ်ကိုကြည့်ပြောတာ၊
ရုပ်နာမ်ကို တဏှာဒိဌိနဲ့ကြည့်ရင် ဥပါဒါနက္ခန္ဓာ၊
ဉာဏ်နဲ့ကြည့်လိုက်ရင် ရိုးရိုးခန္ဓာ၊
အဲဒီလို ကွာခြားတယ်လို့မှတ်ပါ။

အမှန်က ခန္ဓာကခန္ဓာပဲ၊
တဏှာဒိဌိနဲ့ကြည့်လိုက်လို့သာ
ဥပါဒါနက္ခန္ဓာ ဖြစ်သွားတာပါ၊
ဉာဏ်နဲ့ကြည့်လိုက်ရင် ရိုးရိုးခန္ဓာပါပဲ၊
ဒါဆို ဘုန်းကြီးတို့ယောဂီတွေက
မူလရုပ်နာမ်ဆိုတဲ့ခန္ဓာနာမည်ကို
ခန္ဓာဆိုတဲ့နာမည်အတိုင်းမြင်အောင်
ကြိုးစားပြီးတော့ ကြည့်ပေးဖို့လိုအပ်တာပေါ့။

ဘုန်းကြီးတို့ပရိတ်သတ်တွေ
ဉာဏ်ကိန်းဖို့ဆိုတာကလည်း
သတိ ဝီရိယ သမာဓိသုံးမျိုးကိုအခြေခံရတယ်၊
အဲဒီမဂ္ဂင်(၃)ပါးကိုအခြေခံမှ ဉာဏ်ဖြစ်တယ်၊
ဉာဏ်ဖြစ်လာပြီးဉာဏ်နဲ့ကြည့်မှ ဒိဌိစင်တယ်၊
ဒိဌိစင်မှ ဒိဌိဝိသုဒ္ဓိဖြစ်တယ်၊
အဲဒါမှ စိတ်မှာဖြစ်တဲ့ ပရိယုဌာနဒိဌိစင်တယ်၊
ဘာဒိဌိစင်သွားတာလဲ..? သက္ကာယဒိဌိစင်တာ။

သက္ကာယဒိဌိစင်တာဆိုတော့
အဲဒီဉာဏ်သည် ဘာကိုသဘောပေါက်တာလဲ..?
ရုပ်နာမ်ကို သဘောပေါက်သွားတာ၊
ရုပ်ကိုသဘောပေါက်တာက ရူပပရိစ္ဆေဒဉာဏ်၊
နာမ်ကိုသဘောပေါက်တာက နာမပရိစ္ဆေဒဉာဏ်၊
ဒီတော့ ဉာဏ်ရဲ့အမြင်မှာ ဒိဌိမရှိတော့ဘူး၊
ဘာဒိဌိမရှိတာလဲ..? သက္ကာယဒိဌိမရှိတော့တာ။

အဲဒီသက္ကာယဒိဌိက ဘယ်မှာစင်တာလဲ..?
ခန္ဓာငါးပါးမှာ စင်သွားတာ၊
အဓိကကတော့ ဝိညာဏက္ခန္ဓာထဲမှာစင်တာ၊
စိတ်ထဲမှာဒိဌိစင်သွားပြီဆိုတော့
ကိလေသာနာမည်က ပရိယုဌာနကိလေသာ၊
ဘာပရိညာလဲ..? တီရဏပရိညာ၊
သက္ကာယဒိဌိဝိသုဒ္ဓိလေးလည်း ဖြစ်သွားပြီ၊
ဉာဏ်အနေနဲ့ဆိုရင် နာမရူပပရိစ္ဆေဒဉာဏ်။

အဲဒီလို တီရဏပရိညာနဲ့ ဒိဌိစင်သွားပြီဆိုတော့
ဒါလေးက ရုပ်၊ဒါလေးက ဉာဏ်ပဲလို့
ဆုံးဖြတ်ချက်ကျသွားပါပြီ၊
ဘာနဲ့ဆုံးဖြတ်ချက်ကျတာလဲ..?
ဉာဏ်နဲ့ ဆုံးဖြတ်ချက်ကျတာ၊
အဲဒီလိုဉာဏ်နဲ့ဆုံးဖြတ်ချက်ကျတဲ့အချိန်ဟာ
ဘာတဲ့လဲ..? သံသယကင်းသွားတဲ့အချိန်ပါပဲတဲ့။

အဘယသုတ္တန်မှာ မြတ်စွာဘုရားက-
“နဌင်္ဂတော သဒ္ဓမ္မေ၊အင်္ကခီ ဟောတိ အဝိစိကိစ္ဆိ“
သဒ္ဓမ္မေ- သဒ္ဓမ္မလို့ခေါ်တဲ့ရုပ်နာမ်တရားမှာ
နဌင်္ဂတော- ဒါရုပ်တရား နာမ်တရားပါပဲလို့
ဆုံးဖြတ်ချက်ကျသွားပြီဆိုရင်
အင်္ကခီ- ယုံမှားသံသယ မရှိတော့ပါဘူးတဲ့၊
အဝိစိကိစ္ဆိ- ဝိစိကိစ္ဆာတရားလည်း မရှိတော့ဘူး၊
ဘာကြောင့်လဲ..? ဆုံးဖြတ်ချက်ကျသွားလို့။

ဆုံးဖြတ်ချက်ကျတာက ဒိဌိစင်တာ၊ သမ္မာဒိဌိ၊
သံသယမရှိတော့တာက ဝိစိကိစ္ဆာစင်တာ၊
အဲဒီတော့ နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်ကတည်းက
ဓမ္မသဘာဝအရပြောမယ်ဆိုရင်
ယောဂီတို့မှာ သံသယဝိစိကိစ္ဆာရှိသေးရဲ့လား..?
နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာက ဓမ္မဝဝတ္ထာနဉာဏ်။

ဟောဒီ ရုပ်နာမ်ခန္ဓာငါးပါးထဲမှာ
ခန္ဓာတစ်ပါးမှာ ဆုံးဖြတ်ချက်ကျရင်
ခန္ဓာတစ်ပါးအတွက် သံသယမရှိတော့ဘူး၊
ဒုတိယခန္ဓာတစ်ပါးမှာ ဆုံးဖြတ်ချက်ကျရင်
ဒုတိယခန္ဓာအတွက် သံသယမရှိတော့ဘူး၊
တတိယခန္ဓာတစ်ပါးမှာ ဆုံးဖြတ်ချက်ကျရင်
တတိယခန္ဓာအတွက် သံသယမရှိတော့ဘူး၊
ခန္ဓာငါးပါးလုံးမှာ ဆုံးဖြတ်ချက်ကျရင်
ခန္ဓာငါးပါးနဲ့ပတ်သက်တဲ့ သံသယမရှိတော့ဘူး။

အဲဒီတော့ ဆုံးဖြတ်ချက်ကျတာနဲ့
သံသယကင်းသွားခြင်းသည်
သီးခြားလား၊အတူတူလား..? အတူတူပဲနော်၊
ဒိဌိစင်ရင် ဝိစိကိစ္ဆာစင်တယ်၊
အဲဒီလိုပဲ ဝိစိကိစ္ဆာစင်ရင် ဒိဌိလည်းစင်တယ်၊
ဒါကြောင့် ဒိဌိစင်ပြီဆိုရင် ဝိစိကိစ္ဆာစင်ဖို့အတွက်
ထပ်ပြီးသီးခြားလုပ်ဖို့လိုသေးလာ..? မလိုဘူးနော်၊
ပါဠိတော်ရင်းမှာ မလိုပါဘူး၊
အဌကထာကျမှ ခွဲပြောလိုက်တဲ့အတွက်
လိုတယ်လို့ထင်သွားတာပါလို့ မှတ်လိုက်ပါ။

ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ

24/04/2026

💥 #လူ့စိတ်ဆိုတာ လောကဓံတရားနဲ့ တွေ့ကြုံရင် လှုပ်ရှားတတ်တယ်၊ ဒီလိုလှုပ်ရှားတာ ဘာကြောင့်လဲ ဆိုတော့ သမုဒယသစ္စာဆိုတဲ့ လောဘကြောင့် ဝမ်းသာဝမ်းနည်း ဖြစ်ရတယ်၊ လှုပ်ရှားပြီး နေရတယ်။

လောဘဆိုတာ ဘာနဲ့တူသလဲဆိုရင် ဧရာဝတီမြစ်ရေစီးထဲမှာ မျောနေတဲ့ နွားချေးခြောက်ကလေးနဲ့ တူတယ်။ တောင်လေလာလဲ လှုပ်လိုက်၊ မြောက်လေလာလဲ လှုပ်လိုက်၊ ရေစီးထဲမှာ အမြဲလှုပ်ရှားပြီး မျောနေတယ်။

လူသဏ္ဌာန်မှာလဲ အမြဲလှုပ်ရှားပြီး မျောနေတယ်၊ လောဘမီးကြောင့်လည်း လှုပ်ရတာပဲ၊ ဒေါသမီးကြောင့်လဲ လှုပ်ရှားတာပဲ၊ လှုပ်ရင်းမတ်တတ် အိုရာ နာရာသေရာဘက်ကို အမြဲတမ်း စီးဆင်းနေရတာပဲ၊ လက်သည်ကို လိုက်ရှာလိုက်တော့ သမုဒယသစ္စာ တဏှာလောဘကြောင့်ပဲ။

ခန္ဓာကိုယ်ရုပ်နာမ်ဟာ အကုသိုလ်ကံက လှုပ်လိုက်လည်း အပါယ်လေးပါးသွားရတာပဲ၊ ကုသိုလ်ကံက လှုပ်လိုက်ရင်လည်း လူ့ပြည်နတ်ပြည် သွားကြရတယ်။ ဒါကြောင့် ဝဋ်ကုသိုလ်လည်း ကြောက်စရာ၊ အကုသိုလ်လည်း ကြောက်စရာပဲ။ ကုသိုလ်ပြုလုပ်ကြတာတော့ ကောင်းပါရဲ့ ဒါပေမယ့် မင်းတို့သံသရာ ပြန်လည်ကြဦးမှာပဲ။

ဝိဝဋ္ဋဖြစ်တဲ့ မဂ်ကုသိုလ်မှ ပိုကောင်းတယ်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းမယ်၊ အသိဥာဏ်ကလေး ရှိနေတဲ့အချိန်ကလေးမှာ မင်း တရားအားထုတ်ဖို့ကောင်းပြီ။

#မိုးကုတ်ဆရာတော်ဘုရားကြီး - ထေရုပ္ပတ္တိနှင့်ကျင့်စဉ်

23/04/2026

#လူ့ဘောင်မှာ_ပင်ပန်းလို့ ~
#သင်ကန်းနဲ့_အချောင်နေ၊
#အလွန်ဆန်းတဲ့_အကောင်တွေရယ် ~
#နောင်သေလျင်_တလမ်း၊
#ရဟန်းနဲ့_မတူတန်သည် ~
#အလှူခံ_ရဲသတ္တိစွမ်း၊
#ပေးကမ်း၍_ရှာဖွေသည် ~
#ဒကာတွေ_ညာဖြန်း၊
#ပုထုဇဉ်အမြင်ကန်းသူတို့ ~
#အစဉ်တမ်း_ကိုးကွယ်၊
#ဖိုးသူတော်_မယ်သီလ ~
#ဘယ်သူမှ_မတူကြပါဘူးကွယ်၊
#ရသမျှ_ရောင်းဝယ်သည် ~
#တောင်းစလယ်_ချိန်ခွင်လေးတွေနဲ့၊
#နောင်ပေးမယ့်_အကြွေးဆို ~
#အိမ်ဈေးထက်ပို့၊
#ရသမျှ_အမြဲသိုသည် ~
#ငရဲကို_ဇောက်ထိုးကွဲ့လေး။ ။
~~~~~~~~~~
(( လူဝတ်ကြောင်ဆိုတာ ကိုယ့်လုပ်စာ ကိုယ်စားပြီး ~
ကိုယ့်ဇနီး,သား သမီးများနဲ့အတူနေရလို့ အလုပ်အကိုင် ~
ဆင်းရဲသော်လည်း စိတ်ပျော်နေတယ်။
ဒါနလည်း ထိုက်တန်သမျှ ပြုကြပါတယ်။
ငါးပါးသီလ လုံခြုံရင် အပါယ်လည်း မကျနိုင်ဘူး။
သေရင် ဘဝကောင်းရဖို့ များပါတယ်။
ရဟန်းဘဝဆိုတာကတော့ လူဝတ်ကြောင်များရဲ့
လုပ်စာကိုစား- ဝတ်- နေရလို့, သီလမစင်ကြယ်ရင် အပါယ်ကျဖို့ သေချာပါတယ်။
ဒါကြောင့် ရဟန်း သာမဏေဘဝနဲ့ ပေါ့ပေါ့ဆဆ ~ နေမဲအစား လူဝတ်ကြောင်ဘဝဖြင့် နေခြင်းက
တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။
ယောကျာ်းဖြစ်ပါလျက် သူများလုပ်စာကို မှီခိုပြီး ~
(ရဟန်းကျင့်ဝတ်ကို မကျင့်ဘဲ) အချောင်စားနေခြင်းဟာလည်း..
*ယောကျာ်း မပီသရာ* ရောက်ပါတယ်။

#အရှင်ဇနကာဘိဝံသ

Credit to Original Writer

22/04/2026

⭐️အဝိဇ္ဇာနှင့် တဏှာ ဘယ်သူဦးဆောင်လဲ⭐️

🔸 သုခ၊ ဒုက္ခကို အကြောင်းပြုပြီးတော့ လူတွေဟာကံတရားကို ဖန်တီးကြတယ်၊ ပြုလုပ်ကြတယ်၊
🔸အဲ့လိုပြုလုပ်တဲ့အခါမှာ ဒုက္ခကို အကြောင်းပြုပြီး တော့ လုပ်တဲ့နေရာမှာ အဝိဇ္ဇာနဲ့တဏှာ ဘယ်သူက ဦးဆောင်သွားလဲ? စဉ်းစားကြည့်ပေါ့၊
🔸ဒုက္ခဆိုရင် တဏှာက မကြိုက်ဘူးလေ၊ တဏှာရဲ့အကြိုက် မဟုတ်ဘူး၊ အဲ့ဒီအခါမှာဘဘယ်သူက ဦးဆောင်တုံးဆို အဝိဇ္ဇာက ဦးဆောင်သွားတာ၊ တဏှာက အဝိဇ္ဇာပါသည့် အတွက်ကြောင့် နောက်ကလိုက် သွားရတယ်၊ ဒုက္ခနဲ့ ပတ်သက်လာလို့ရှိရင်၊
🔸သုခနဲ့ ပတ်သက်လာတဲ့ အခါကျတော့၊ တဏှာကဦးဆောင်သွားတယ်၊ အဝိဇ္ဇာက နောက်ကလိုက်တယ်၊ တစ်လှည့်စီ ခေါင်းဆောင်ကြတယ်လို့ပြောတယ်၊ အဝိဇ္ဇာနဲ့ တဏှာဟာ၊
🔸ထင်ရှားတဲ့ ဥပမာလေးတစ်ခုနဲ့ စဉ်းစားကြည့်ပေါ့၊ ငယ်ရွယ်သူ တစ်ယောက်ကို အပေါင်းအသင်းတွေကနေပြီးတော့ ခုခေတ်ဖြစ်နေတဲ့ စိတ်ကြွစေတဲ့ မူးယစ် ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဆွဲဆောင်လို့ မူးယစ် ဆေးဝါး ဆွဲသွားတဲ့ လူငယ်တစ်ယောက် ကိုပဲကြည့်
🔸ပထမ အဲ့ဒီလူငယ်ဟာ မူးယစ်ဆေးဝါးရဲ့အပြစ်ကိုသူမမြင်ဘူး၊ မမြင်သည့် အတွက်ကြောင့် သူကစမ်းကြည့်တယ်၊ မမြင်ဘူးဆိုကတည်းက သူက အဝိဇ္ဇာကောင်းဆိုးမသိလို့ လုပ်မိတယ်ပေါ့၊ စမ်းကြည့်တယ် တဏှာ၊
🔸ကဲသိသွားပြီ မူးယစ်ဆေးဝါးရဲ့အပြစ်ဟာ အင်မတန်ဆိုးတယ်ဆိုတာ သိသွားတယ်၊ သိတော့သိတယ် မကောင်းမှန်းသိတယ် သို့သော်လည်း ဖြတ်လို့မရဘူးအဲ့ဒါကျတော့ တဏှာက ဦးဆောင်သွားပြန်ရော
🔸အဲ့ဒါကိုပဲ ဝိသုတ္တိမဂ် မဟာဋီကာမှာ ရေးထားတဲ့စကားလုံးလေးက “ဒုက္ခေ အဝိဇ္ဇံ တဏှာ အနု ဝတ္တတိ” တဲ့၊ ဒုက္ခနဲ့ ပတ်သက်လာလို့ရှိရင်တဲ့ အဝိဇ္ဇာက ဦးဆောင် သွားပြီးတော့၊ တဏှာက အဝိဇ္ဇာ နောက် လိုက် ရတာပါတဲ့၊
🔸ဘာဖြစ်လို့ အဝိဇ္ဇာက ဒုက္ခနဲ့ ပတ်သက်လာတာ ဦးဆောင်တုံးဆို အေးဒုက္ခကို ဒုက္ခလို့မမြင်ရလောက် အောင် အဝိဇ္ဇာ ဖုံးပေးထားတာ၊ ဖုံးပေးထားသည့် အတွက်ကြောင့် တဏှာ တွယ်တယ်၊ တွယ်သည့် အတွက်ကြောင့် ကံတရားတွေကို လုပ်တယ်လို့၊ ဒီလိုပြောတာနော်၊
🔸ဪ သုခနဲ့ တွေ့လာတဲ့အခါကျတော့ “သုခေ တဏှံ အဝိဇ္ဇာ အနု ဝတ္တတိ” သုခနဲ့ ပတ်သက်လာတဲ့ အခါကျတော့ တဏှာအကြိုက် ဖြစ်နေတယ်၊ အပြစ် မြင်စရာ အကြောင်းမရှိတော့ဘူး၊ တဏှာအကြိုက် ဖြစ်နေသည့် အတွက်ကြောင့် တဏှာကတွယ်တာတယ် တွယ်တာတဲ့နောက် အဝိဇ္ဇာက လိုက်ရတယ်၊
🔸ဒါကြောင့်မို့လို့ အဝိဇ္ဇာ၊ တဏှာဟာ အပြန်အလှန် ဦးဆောင်မှု့နဲ့ သံသရာကြီးထဲမှာ ဘုန်းကြီးတို့တတွေလည်ပတ် နေရတယ်လို့ ဒီလို ပဋိစသမုပ္ပါဒ် မှာအချုပ်အားဖြင့် ဒီလိုရှင်းပြထားတာနော်.

( ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော် ဘုရားကြီး)

18/04/2026

{{{ ပုထုဇဉ်ဘဲဆိုပြီး လွတ်လပ်စွာ အစွမ်းကုန် ရူးတော့မှာလား }}}
ရူးတာတော့ စိတ်ချမ်းသာသလို ရူးပါ - ကိလေသာအမိုက်တိုက်ထဲမှာ အကန်းဘဝနဲ့ မနေပါနဲ့။
ရူးတော့ ရူးပါ - ဒုစရိုက်မျိုးစုံ လုပ်ပြီး ဒုစရိုက်နဲ့ မမိုက်ပါနဲ့။
ကဲလေ ပြောမရဘူးဆိုရင်လဲ -
မိုက်မိုက် ကန်းကန်း အရူးကြီး ရူးလိုက်ကြပါကုန်တော့လော။ ။
~~~~~~~~~~~~~~
{{{{{ ရူးလိုက်ကြစို့ ပျော်ပျော်ပါးပါး }}}}}

{{{{ အရူး (၈)မျိုး }}}}

၁,ရာဂမွှန် စိတ်ရှိဘူးပါတဲ့ ၂,ဒိဋ္ဌိရူး ဤနှစ်လီ --- ။
၃,သည်းခြေမှာ ပျက်လို့ရူးရတယ် ထူးတဲ့အညီ --- ။
၄,အမျက်ကြီးရင်လ ပျက်စီးလိမ့် ပြောကြတယ် -
ကောဓမှီတဲ့ ထိုအရူး --- ။
၅,ဆန်းပြားလို့ ခက်ပုံ ဖမ်းစားလျှင် ယက္ခုံပ --- ။
၆, မောဟုံမှာ ၇,သူရာဖက်ပါလို့ ၈,ဗျသနာ လှစ်ခါပြလိုက်မယ် --- ။
ထွေးယှက် ရှစ်ရူး --- ။ ။ ။

၁၊ ရာဂုမ္မတ္တက= ရာဂရူး။
၂၊ ဒိဋ္ဌုမ္မတ္တက= ဒိဋ္ဌိရူး။
၃၊ ပိတ္တုမ္မတ္တက= သည်းခြေရူး။
၄၊ ကောဓုမ္မတ္တက= ဒေါသရူး။
၅၊ ယက္ခုမ္မတ္တက= နတ်ရူး။
၆၊ မောဟုမ္မတ္တက= မောဟရူး။
၇၊ သုရုမ္မတ္တက=အရက်ရူး။
၈၊ ဗျသနုမ္မတ္တက= ဥစ္စာရူး(စီးပွားပျက်/ရာထူးပြုတ်)
(ဒရီမုခဇာတ်၊ အဋ္ဌကထာ၊ စာမျက်နှာ၊ တတိယတွဲ - ၂၂၃ )
(ဘယ်လိုအရူးမျိုးက အကောင်းဆုံးလဲ ?)
~~~~~…………~~~~~
{{{ သတ္တဝါတို့ အရူးထခြင်း }}}

((( အရှင်သြဘာသာဘိဝံသ ၏)))

{{{ သုတေသန သမ္မာမဂ္ဂင်္ပဥှာကျမ်း }}}

ဒကာ ။ ။ ဘယ်လို သတ္တဝါတွေ အရူးထတာလဲ ဆရာတော်၊ အရူးထပုံ ရောဂါကလေးကို ရှင်းပြဦးမှပေါ့ဘုရား။
ဆရာတော် ။ ။ အင်း အရူထပုံကို ဒကာကြီးတို့နားလည်အောင် ပါဠိလေးနဲ့ နည်းနည်းပြောပြပါ့မယ်။
(က) အနိစ္စံ နိစ္စသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ။ ။ မမြဲမခိုင် ကိုယ်မပိုင်တဲ့ သားသမီး ဥစ္စာ ရွှေငွေရတနာ အရာဝတ္ထုအစုစုတွေကိုမြဲတယ် ခိုင်တယ် ပိုင်တယ် ငါ၊ငါ့ဥစ္စာ၊ငါ့ဟာ၊ငါပိုင်တယ်ဟု စိတ်ထားလျက် အမှား အလွဲ ထင်စွဲမှတ်ယူကာ နေ့တိုင်းနေ့တိုင်း အရူးထနေကုန်၏တဲ့။
(ခ) ဒုက္ခံ သုခသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ။ ။ ယင်းသို့ မခိုင်မမြဲဘဲ ပျက်စီး ပျက်စီးသွားလို့ စိုးရိမ်ရပူဆွေးရ ငိုကြွေးနေကြတဲ့ ဆင်းရဲအစု ဝတ္ထုပစ္စည်းတွေကိုလည်း သူတို့နဲ့ နေထိုင်ပေါင်းသင်းဆက်ဆံသုံးဆောင် ခံစားရတာကိုပင် ချမ်းသာတယ် သာယာတယ်ဟု မှတ်ထင် ပျော်ရွှင်ကာ နေ့တိုင်း နေတိုင်း အရူးထ နေကြကုန်၏တဲ့။
(ဂ) အနတ္တံ အတ္တသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ။ ။ လောကထဲမှာ ဘယ်အရာဝတ္ထုပစ္စည်းမှ ကိုယ့်အလိုမလိုက် ကိုယ့်အကြိုက်မပါ၊ကိုယ်လိုရာမပြီး၊ပျက်စီးပြုန်းတီး အချည်းနှီးသဘောကိုသာ ဆောင်နေကြ၍ အမာခံအနှစ်သာရ ဘာတစ်ခုမျှ မရှိတာတွေကိုပင်အခိုင်အမာမကွဲမကွာဘဲ ငါနဲ့အမြဲနေရမည်၊ငါ့ကိုယ်၊ငါ့ဟာ၊ငါ့ဥစ္စာဟု အခိုင်အမြဲစွဲယူကာ နေ့တိုင်းနေ့တိုင်း တငါငါနဲ့ အရူးထကာ နေကြကုန်၏တဲ့။
(ဃ) အသုဘံ သုဘသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ။ ။ ဘာမျှ မလှပ မတင့်တယ်ဘဲ ပြည် သွေး ချွေး တံတွေး သလိပ် ချွဲခန်း ကျင်ကြီးကျင်ငယ်တို့ဖြင့် ပြည့်လျှံယိုစီးထွက်ကျ ပေကျံ နံစော် နေသော ဤကိုယ်ကောင်ကြီးကို တင့်တယ်လှပတယ် ထင်အောင် မြင်လိုက်ရင် တပ်မက်စွဲလမ်း သာယာစရာထင်အောင် တစ်ဦးထက် တစ်ဦးသာအောင် ဆင်ယင်ထုံးဖွဲ့ ဖြီးလိမ်းဝတ်စားကာ မာန်မာနတွေ ဝင့်ဝါတက်ကြွ ဆင်ယင်လို့အားမရနိုင်အောင် ပြိုင်ဆိုင်ပြီး နေ့တိုင်းနေ့တိုင်း အရူးထနေကြကုန်၏တဲ့။
အဲ့ဒီအရူးထရောဂါဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့ကူးစက်နေတယ်၊အဲဒါ ဘာဖြစ်လို့လဲ ရူပက္ခန္ဓာ၊ကိုယ်တစ်ခုပေါ်မှာ သမ္မာသတိဆိုတဲ့ မှန်ကန်စွာအောက်မေ့မှု သတိ ပျက်နေကြလို့ အမှန်တရားတွေ မေ့လျော့ကာ ငါ ငါ့ဥစ္စာ ငါ့ဟာ ငါလှတယ် ယဉ်တယ် ချောတယ် ဟု အထင်ကြီးပြီး အရူထနေကြတာသာ ဖြစ်တယ်တဲ့။
ကဲ...ဒကာကြီးတို့ကော သတိကောင်းရဲ့လား၊အသုဘကောင်ကို သုဘဖြစ်လာအောင် ပြင်ဆင်မွမ်းမံထားတဲ့ အ်ိမ်က ဒကာမကြီးကို အလှဘုရင်ထင်ကာ မခွဲနိုင်ဘဲ စွဲနေတာ မဟုတ်လား။
ဒကာ ။ ။ အလှဘုရင်ထင်လည်း ခဏပဲရတာပါဆရာတော်၊တစ်နေ့တောင်မခံပါဘူး။တော်တော်ကြာ သူ့ဇာတိပြလာကာ လိမ်းကျံမွမ်းမံထားတဲ့ သနပ်ခား နံ့သာတွေပျက် ချွေးတွေထွက်ကျ မျက်နှာကြီးက အဆီပြန် နံစော်တဲ့ အနံ့တွေနဲ့ အသုဘသဘောတွေ ပေါလောပေါ်လာတ ာဘဲ မကောင်းပါဘူး ဘုရား။
ဆရာတော် ။ ။ အဲဒီအသုဘသဘောတွေကို ကြိုတင်သတိရ အောက်မေ့နေရင် မှန်ကန်စွာ အောက်မေ့သတိရမှု သမ္မာသတိမဂ္ဂင်ရှုဆင်ခြင် ပွားများနေတာဘဲ၊သည်ကြားထဲ လောဘစိတ် ဒောသစိတ်တွေဖြစ်ပေါ်နေတယ်ဟု ဖြစ်ပေါ်ဖြစ်ပေါ်သွားတဲ့ ရှေ့စိတ်တွေကိုအသစ် အသစ်ဖြစ်ပေါ်လာတဲ့ နောက်စိတ်ကလေးတွေနဲ့ လိုက်မှတ်နေတဲ့ သမ္မာသတိမဂ္ဂင်နဲ့ ရှုမှတ်နေရမယ်။
ဒီထဲမှာ လောကီသမထစျာန်လမ်း သမ္မာသတိမဂ္ဂင်၊လောကုတ္တရာ မဂ်၊ဖိုလ်၊နိဗ္ဗာန်လမ်းသမ္မာသတိမဂ္ဂင်ဟုနှစ်မျိုးမှတ်ပါ။ ကမ္မ္ပဋ္ဌာန်းလေးဆယ်မှ စျာန်ရနိုင်တဲ့ကိုယ်နဲ့လျော်ရာ၊ကိုယ်ကြိုက်တဲ့ ကမ္မဋ္ဌာန်း တစ်းပါးပါးကို စိတ်တည်ငြိမ်တဲ့ သမထဘာဝနာကိုယ်လည်းကောင်း၊ရုပ်နာမ်ဓမ္မတို့ရဲ့ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း အခိုက်၌ လိုက်လိုက်သိမှတ်နေတဲ့ ခဏိကသမာဓိဖြင့် ဝိပဿနာ ရှုပွားနေရင် ဒီအရူးရောဂာကင်းပေလိမ့်မယ်တဲ့။ ။ ။
ဥမ္မာဒန္တိ ဒိနေ ဒိနေ = နေ့တိုင်းနေ့တိုင်း အရူးထနေကြကုန်၏။
ပျော်ပျော်ပါးပါး၊ အရူးများမှာ၊ ရှစ်ပါးရူးမျိုး၊ တစ်မျိုးမျိုးဖြင့်၊ မရိုးနိုင်အောင်ရူးကြသည်။ ။ ။
~~~~~~~~~~
{{{ အရူးအား အရူးပျောက်ဆေးကို အရူးကတိုက်တာ ? }}}
ဆေးမသောက်က၊ ဘေးရောက်မည်ထင်
ဆေးကိုသောက်မှ၊ ဘေးပျောက်မည်ပင်။
သံသရာရေး၊ မျှော်တွေးဆင်ခြင်။
ဓမ္မဆေး၊ မနှေး သောက်စေချင်။ ။
ဘေးဖြစ်တာ လေးသစ္စာ မမြင်ကန်းတာကြောင့် -
ပင်ပန်းသူ လူတချို့မှာကွယ် ပူလို့မဆုံး။
သနားလေးသနော် တရားအရေဖျော်လို့ -
တစ်ခွန်းခေါ် ဇွန်းကော်လို့ တိုက်ချင်လှ။
မလိမ္မာ သူနာမိုက်ကယ်သို့ -
သံသရာ သည်ကြောတဝိုက်မှာကွယ် -
မျောလိုက်ကြပေအုံးတဲ့မှကွယ် မျောလိုက်ကြပေအုံး။ ။

Credit to original writer

15/04/2026

၀ိပဿနာတရားပွားများအားထုတ်တဲ့အခါ ဝေဒနာ ဟာ အရေးကြီးသလို အခက်ခဲဆုံး အတားအဆီးတစ် ခုလည်း ဖြစ်ပါတယ်။ ဝေဒနာကို ကျော်ဖြတ်နိုင်ဖို့ အတွက် ဗုဒ္ဓဒေသနာတော်လာ နည်းလမ်းများနဲ့ ပါဠိအကိုးအကားများကို အောက်ပါအတိုင်း ရှင်းလင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝေဒနာကို အနိစ္စ (မမြဲခြင်း) အဖြစ် ရှုမြင်ခြင်း ဝေဒနာကို ကျော်ဖြတ်ဖို့ အဓိကသော့ချက်က ဝေဒနာ ကို "ငါ၊ ငါ့ဟာ၊ ငါ့ကိုယ်" လို့ မစွဲလမ်းဘဲ ဖြစ်ပျက်နေ တဲ့ သဘောတရားသက်သက်လို့ မြင်အောင်ကြည့်ဖို့ ဖြစ်ပါတယ်။

ပါဠိအကိုးအကား: "

ယံ ကိဉ္စိ ဝေဒယိတံ၊ သဗ္ဗ တံ ဒုက္ခသ္မိံ" သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂ)

( အဓိပ္ပာယ်: ခံစားရသမျှသော ဝေဒနာအားလုံးဟာ ဒုက္ခ

တရားတွေသာ ဖြစ်တယ်။

လက်တွေ့ကျင့်စဉ်း

နာကျင်မှု (ဒုက္ခဝေဒနာ) တက်လာတဲ့အခါ "ငါနာ တယ်" လို့ မမှတ်ဘဲ "နာတာက ဝေဒနာ၊ သိတာက စိတ်" လို့ ခွဲခြားပြီး အဲ့ဒီနာကျင်မှုရဲ့ တရွရွပြောင်းလဲ နေတဲ့ သဘောကို အနိစ္စအမြင်နဲ့ စောင့်ကြည့်ရပါမယ်။ ၂။ ဝေဒနာနုပဿနာ (ဝေဒနာ၌ ဝေဒနာကို အဖန်ဖန်ရှု

ခြင်း) မဟာသတိပဋ္ဌာန်သုတ်မှာ ဝေဒနာကို ဘယ်လိုရှုရမ လဲဆိုတာ တိတိကျကျ ပြဆိုထားပါတယ်။

ပါဠိအကိုးအကား

"ဒုက္ခံ ဝေဒနံ ဝေဒယမာနော 'ဒုက္ခံ ဝေဒနံ ဝေဒယာ

မီ'တီ ပဇာနာတိ။" (မဟာသတိပဋ္ဌာန်သုတ်)

အဓိပ္ပာယ်: ဆင်းရဲသော ဝေဒနာကို ခံစားရသောအခါ "ဆင်းရဲသော ဝေဒနာကို ခံစားရ၏" ဟု ကွဲကွဲပြားပြား

သိရမည်။ လက်တွေ့ကျင့်စဉ်း

ဝေဒနာကို တိုက်ထုတ်ဖို့ ဒါမှမဟုတ် ပျောက်သွားဖို့ မ ကြိုးစားပါနဲ့။ ဝေဒနာကို "ဧည့်သည်" လို့ သဘောထား ပြီး မိမိက "အိမ်ရှင်" အဖြစ်နဲ့ အကဲခတ်ရုံပဲ လုပ်ပါ။ ဝေဒနာအပေါ်မှာ "ဒေါသ" (မကျေနပ်မှု) မဖြစ်အောင် သတိနဲ့ ထိန်းကျောင်းရပါမယ်။

၃။ သဗ္ဗေ သင်္ခါရာ အနိစ္စာ (သင်္ခါရတရားတို့၏ မမြဲ ခြင်း)

ဝေဒနာဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာဖြစ် ပြီး အကြောင်းကုန်ရင် ပျက်သွားမယ့် သဘောရှိပါ တယ်။

ပါဠိအကိုးအကား: "

ဝေဒနာပိ အနိစ္စာ ဝိပရိဏာမညထာဘာဝီ"

အဓိပ္ပာယ်: ဝေဒနာသည်လည်း မမြဲ၊ ဖောက်ပြန်တတ် သော သဘောရှိ၏။

လက်တွေ့ကျင့်စဉ်း

ဝေဒနာဟာ တစ်သားတည်း ခဲနေတာမဟုတ်ဘဲ တဖြည်းဖြည်း ပြင်းထန်လာလိုက်၊ ပြန်လျော့သွား လိုက်၊ ပုံစံပြောင်းသွားလိုက် ဖြစ်နေတာကို သတိထား ကြည့်ပါ။ အဲ့ဒီလို "ပြောင်းလဲနေမှု" ကို မြင်သွားရင်

ဝေဒနာရဲ့ အုပ်စိုးမှုကို ကျော်လွှားနိုင်ပါပြီ။ ဝေဒနာကို ကျော်ဖြတ်ရန် အကျဉ်းချုပ် နည်းလမ်း ၃ သွယ်

၁။ သတိ (Mindfulness): ဝေဒနာပေါ်တာကို သိနေရ မယ်။

၂။ သမ္ပဇဉ် (Wisdom): ဝေဒနာဟာ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) လို့ ဆင်ခြင်ရမယ်။

၃။ ခန္တီ (Patience): ဝေဒနာကို သည်းခံရမယ်။ "သည်းခံခြင်းသည် အမြတ်ဆုံး အကျင့်" (ခန္တီ ပရ မံ တပေါ တီတိက္ခာ) ဆိုတဲ့အတိုင်း စိတ်မလှုပ်ရှားဘဲ

ကြည့်နိုင်ရပါမယ်။ အကြံပြုချက်း

ဝေဒနာကို အနိုင်ယူဖို့ထက် ဝေဒနာကို "သင်ခန်းစာ" အဖြစ် သဘောထားပါ။ ဝေဒနာပြင်းထန်လေလေ

ဝိပဿနာဉာဏ် ရင့်သန်ဖို့ အခွင့်အရေးကောင်းလေ လေ ဖြစ်ပါတယ်။ ဝေဒနာရဲ့ အဆုံးသတ် (ချုပ်ငြိမ်းမှု)

ကို မြင်အောင် ကြည့်နိုင်ရင် ၀ိပဿနာလမ်းကြောင်းမှာ သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်

Credit to original writer

11/04/2026

" သင်္ခါရ နှင့် အနိစ္စကို မြင်အောင်ရှုပါ “
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ခြေထောက်လေးက ကိုက်လိုက်တာ ..
ဒူးလေးက နာလိုက်တာ ..

အဲဒါ
ဘာဖြစ်တာလဲ မေးတော့ ..
ရုပ်တွေ ဖောက်ပြန်နေတာ၊
ကိုက်တဲ့ သဘောက ရုပ်တွေ ဖောက်ပြန်တာ၊
နာတဲ့ သဘောကလည်း ရုပ်တွေ ဖောက်ပြန်တာ။

ပူတာကလည်း ရုပ်တွေ ဖောက်ပြန်တာ၊
အေးတာကလည်း ရုပ်တွေ ဖောက်ပြန်တာ၊

ရုပ် ဖောက်ပြန် နေတာကို
ရုပ် ဖောက်ပြန်တာလို့ သဘော မပေါက်ပဲနဲ့၊
ခြေထောက်က ကိုက်လိုက်တာ.
ဒူးက နာလိုက်တာ ဆိုရင် "သက္ကာယဒိဋ္ဌိ" ပဲနော်။

စောစော ကတည်းက နာနေတာ,
အခု ထက်ထိတော့ မပျောက်နိုင်သေးဘူး၊

အခုထိကို
မပျောက်နိုင်သေးဘူး ဆိုတော့
ဒီနာတဲ့ သဘောကို ခိုင်တယ် မြဲတယ်လို့
ယူဆသွားလို့ "သဿတဒိဋ္ဌိ" နော်။

ဒီနာတဲ့ သဘောလေးက
ဘယ်လောက်ကြာရင် ပျောက်တာလဲ၊
ဖြစ်ပြီး ချက်ချင်း ပျောက်သွားတာပဲ၊
မပျောက်ဘူးလို့ ထင်တာ ဘာကြောင့်လဲ၊
ဆက်ခါ ဆက်ခါ ဖြစ်နေတဲ့ ရုပ် အစဉ်တန်းလေးကို
သန္တတိပညတ် အနေနဲ့ တစ်ပုံစံတည်း
တစ်ခုတည်းလို့ ထင်နေတာ။

တကယ်တမ်းကျတော့
စောစောက နာတဲ့ အနာနဲ့
အခု နာတဲ့အနာ တူပါ့မလား၊ မတူပါဘူး၊
စောစောက နာတဲ့ အနာက တစ်မျိုး၊
အခု နာတဲ့ အနာက တစ်မျိုးပဲ၊
အနာချင်း တူလို့လား၊ မတူပါဘူး။

ဒါကြောင့်
စောစောတုန်း ကတည်းက နာတဲအနာ
အခု ထက်ထိကို မပျောက်နိုင်သေးပါဘူးလို့
ထင်လိုက်ရင် "သဿတဒိဋ္ဌိ"။

အဲဒီတော့
နာတဲ့ သဘောလေးက ဘယ်သူလဲ ?
ဒူး,ပေါင်,ခါး,ခြေ,လက်လား၊ ပုဂ္ဂိုလ် သတ္တဝါလား၊
ငါလား၊ ရုပ်နာမ်တွေ ဖြစ်နေတာ၊
ရုပ်နာမ်တွေ ဖြစ်နေတာကို မြင်အောင် ကြည့်၊
ရုပ်နာမ်ကို မသိရင် သက္ကာယဒိဋ္ဌိ။

ပြတ်ပြတ်သွားတဲ့ သဘော၊
ပျက်ပျက်သွားတဲ့ သဘောတရား လေးတွေကို
မသိဘူးဆိုရင် သဿတဒိဋ္ဌိ နော်။

ဒီတစ်ခါကျတော့
နာတာလေးတွေ ပျောက်သွားပြီ၊
ကျင်တာလေးတွေ ပျောက်သွားပြီ၊
ဖောက်ပြန်မှုတွေ ကုန်သွားပြီ၊ ဘာမှ မရှိတော့ဘူး၊
ဝေဒနာ ကုန်သွားပြီလို့ ထင်တတ်ကြတယ်။

တကယ်တမ်းကျတော့
ဝေဒနာ ကုန်သွားတာလား,
ဝေဒနာ ပြောင်းသွားတာလား ဆိုတော့
ဝေဒနာတွေ ပြောင်းသွားတာနော်။

ဖောက်ပြန်မှုတွေ ပြောင်းသွားတာ၊
နောက်ထပ် မျိုးမတူတဲ့ သဘာဝတွေ
အစားထိုး လာတာကို မြင်အောင် ကြည့်ရမှာ။

နာတယ်လို့ ခံစားတဲ့ ဒုက္ခဝေဒနာ နေရာမှာ
မနာတဲ့ သုခဝေဒနာလေး အစားထိုးလာတာ၊
အဲဒီလို အစားထိုးတာကို မသိတော့
ပြတ်သွားပြီ၊ ရပ်သွားပြီလို့
ထင်လိုက်ရင် "ဥစ္ဆေဒဒိဋ္ဌိ"။

ဪ..ပြတ်သွားတာ မဟုတ်ဘူး၊
ရပ်သွားတာ မဟုတ်ဘူး၊
နောက်ထပ် မျိုးမတူတာ လေးတွေ
အစားထိုး ဝင်နေတာ၊
အဲဒီလို သဘော ပေါက်လိုက်မယ် ဆိုရင်
ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ်။

ဒီတော့ ဝေဒနာကလည်း
တစ်ခု ပျက်ရင် တစ်ခု အစားထိုး လာတယ်၊
သိတဲ့ အသိလေးကလည်း
တစ်ခု ပျက်ရင် တစ်ခု အစားထိုး လာတယ်၊
ရုပ် သဘာဝ လေးတွေကလည်း
တစ်ခု ပျက်ရင် တစ်ခု အစားထိုး လာတယ်။

အမြဲတမ်း အစားထိုး ဝင်လာတာသည်
သင်္ခါရတရား လေးတွေပါပဲ၊
ပျောက်ပျက် သွားတာသည် အနိစ္စသဘော၊
သဘောတရားလေး တစ်ခု ပျက်သွားတယ်,အနိစ္စ၊
နောက်ထပ် အစားထိုး ဝင်လာတယ်, သင်္ခါရ၊
သူကလည်း ပျက်သွားတယ်,အနိစ္စ၊
နောက်ထပ် အစားထိုး လာတယ်,သင်္ခါရ။

သင်္ခါရရယ် အနိစ္စရယ်၊
သင်္ခါရရယ် အနိစ္စရယ်၊
ဒီအထဲမှာ ပုဂ္ဂိုလ် သတ္တဝါလည်း မပါဘူး၊
ယောင်္ကျား မိန်းမလည်း မပါဘူး၊
ငါ ဆိုတာလည်း မရှိဘူး၊ ဘာရှိသလဲ မေးရင်
သင်္ခါရနဲ့ အနိစ္စပဲ ရှိနေတာ၊
အဲဒီလို မြင်အောင် ကြည့်ရမှာနော်။

သင်္ခါရ နဲ့ အနိစ္စကို
မြင်အောင်ကြည့်ပါ ဆိုတဲ့ စကားသည်
ဒိဋ္ဌိစင်အောင် ကြိုးစားခိုင်းတဲ့ စကားပါ။

ဒိဋ္ဌိစင်မှ ဝိပဿနာ ဖြစ်တာ၊
ဝိပဿနာ ဖြစ်မှလည်း ဒိဋ္ဌိ စင်တာပါ။

ယောဂီတို့ ဘယ်လောက်ပဲ ရှုနေ ရှုနေ၊
ဒိဋ္ဌိအမြင် တန်းလန်းနဲ့ ရှုနေရင်
ဝိပဿနာ မဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် ယနေ့ ဘယ်လို ရှုမလဲ ဆိုရင်
သင်္ခါရ နဲ့ အနိစ္စကို မြင်အောင် ရှုကြပါလို့
တိုက်တွန်းရင်း သာဓု ခေါ်လိုက်ကြ..။

ကျိုက္ကလော့ဆရာတော်
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ

Credit to original writer

11/04/2026

#ဒါနတိုက်ပွဲ

မြတ်စွာဘုရားရှင် ပွင့်တော်မူခြင်းသည် "ကိလေသာ
တော်လှန်ရေးကြီး"ဆင်နွှဲရန် လက်နက်တပ်ဆင်ပေး
ခြင်း နည်းလမ်းပေးခြင်းသာဖြစ်ကြောင်း မှတ်ယူသင့်
သည်။

နည်းလမ်းမှာ ဆယ်မျိုးရှိသည်။ ယင်းကို "ပုညကိရိယာ
ဝတ္ထု"ဟု ခေါ်၏။

၁။ ဒါန
ပေးလှူစွန့်ကြဲခြင်း။

၂။ သီလ
ကိုယ်နှုတ် စောင့်သုံးခြင်း။

၃။ ဘာဝနာ
သမထ ဝိပဿနာ ရှုပွားခြင်း။

၄။ အပစာယန
အသက်သိက္ခာ ဂုဏ်ဝါကြီးသူတို့အား (မျှော်လင့်ချက်
မထားပဲ)ခရီးဦး ကြိုခြင်း စသည်ဖြင့် မြတ်နိုးတနာ
ပူဇော်ခြင်း။

၅။ ဝေယျာဝစ္စ
ထို ပုဂ္ဂိုလ်ကြီးများနှင့် လူနာများအား ကိစ္စ ကြီးငယ်
ပြုစုဆောင်ရွက်ပေးခြင်း။

၆။ ပတ္တိဒါန
မိမိ၏ ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း။

၇။ ပတ္တာနုမောဒနာ
အခြားသူတို့ ကုသိုလ်ကောင်းမှု ပြုသည်ကို
မြင်လျှင် ကြားလျှင်.. အမျှပေးသည်ဖြစ်စေ မပေး
သည်ဖြစ်စေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း။

၈။ ဓမ္မဿဝန
အကျိုးရှိအောင် တရားနာယူခြင်း။

၉။ ဓမ္မဒေသနာ
လာဘ် ကျော်ဇောသကာ မငဲ့ဘဲ တရားဟောခြင်း။

၁၀။ ဒိဌိဇုကမ္မ
အယူကို ဖြောင့်မှန်အောင်ပြုခြင်း။ ကံ ကံ၏အကျိုးကို
ယုံကြည်ခြင်း။

ဤကား ပုညကိရိယာဝတ္ထု ခေါ် ဆန်တက်ရန် နည်းလမ်း
ဆယ်မျိုးတည်း။

ထို ဆယ်မျိုးကို အကျဥ်းချုပ်လျှင် ဒါန သီလ ဘာဝနာ
သုံးမျိုးသာလျှင် ဖြစ်သည်။

ထိုတွင် ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမဆုံး သန့်ရှင်း
ရေး အလုပ်ကား ဒါန ဖြစ်သည်။ ဘုရားရှင်က ဒါနကို
စစ်တိုက်ရခြင်း(ယုဒ္ဓ)ဟု ဟောတော်မူ၏။

မိမိချွေးနှဲစာနှင့် ရှာဖွေထားရသော ဥစ္စာ ပစ္စည်းကို
စွန့်လွှတ်ရသည်မှာ လွယ်ကူသောအလုပ်မဟုတ်။

လောဘနှင့် ဣဿာ မစ္ဆရိယတို့က အမြဲတမ်း
ကန့်ကွက်နေခဲ့ကြသည် မဟုတ်ပါလား။

လောဘ မစ္ဆရိယ..စသော အောက်ဆွဲအားများကို
တွန်းလှန်တိုက်ခိုက်ရခြင်း ဒါနအလုပ်သည် ဗုဒ္ဓဘာသာ
ဝင်တို့အတွက် ပွဲဦးထွက် တိုက်ပွဲပင် ဖြစ်သည်။

ဒါနဖြင့် လောဘ မစ္ဆေရတို့ကို ဆွဲထုတ်၍ ပါးလျား
အောင် လှီးဖြတ်ပေးရ၏။ သူ့အတိုင်းအတာနှင့်သူ
ကိလေသာကို ပယ်သတ်ခြင်းပင်တည်း။

ထို့ကြောင့် ဒါန တစ်စုံတစ်ခုလုပ်တိုင်း ကိလေသာကို
အကြွင်းမဲ့အောင်နိုင်သော နိဗ္ဗာန်ပန်းတိုင်ကို ဦးတိုက်
ဆန္ဒ ပြုကြရမည်။

ဒါနပြုခြင်းသည် "ကိလေသာကို မည်မျှ အတိုင်းအတာ
အထိ စွန့်လွှတ်နိုင်ပါပြီ"ဟု ကြေငြာဖော်ပြခြင်းမည်၏။

ထိုမှတစ်ပါး ဒါနသည်.. ပီယဆေး၊ စည်းရုံးမှု၊အောင်မြင်ရေးလက်နက်၊ နိဗ္ဗာန်သွားရာ လှေကား၊
စိတ်ကြည်ဆေး".. စသည်ဖြင့် ဟောတော်မူသည်။

ဒါနနှင့်စပ်၍ လက်ငင်းအကျိုး၊ တမလွန်အကျိုးများ
များစွာ ဟောတော်မူထားသည်။

အချုပ်အားဖြင့်.. စေတနာသုံးတန် ညီညွတ်ရန်နှင့်
ဒါနပြုတိုင်း ရိုရိုသေသေ လေးလေးစားစား သန့်သန့်
ရှင်းရှင်းလုပ်၍ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်မှုသည်
အရေးအကြီးဆုံး ဖြစ်၏။

သာသနာတော်အတွက်၊ အလှူခံပုဂ္ဂိုလ်အတွက် အမှန်
တကယ် လိုအပ်ချက်ဖြစ်၍ ကိုယ်ကျိုးမဖက် မျှော်လင့်
ချက်မပါသော အလှူသည် ပို၍ အကျိုးပေး ထက်သန်
စေ၏။

မြတ်ဘုရားရှင်သည် လွန်ခဲ့သော ၉၁-ကမ္ဘာအတွင်းက
ဖြစ်ရပ်များကို ဆင်ခြင်တော်မူရာ.. "အလှူရဲ၍ မွဲသူ
တစ်ဦးတစ်လေကိုမျှ မတွေ့ရ၊

ချမ်းသာကြွယ်ဝနေသူ မှန်သမျှ .. ဒါနရှင်တွေသာ
ဖြစ်ကြောင်း" အတည့်အလင်း ဟောပြတော်မူခဲ့သည်။

လူတချို့ကား သိန်းရာထောင် ရက်ရက်ရောရော စွန့်လှူ
နိုင်သော်လည်း မိဘဆွေမျိုး သားချင်းနှင့် ချို့ငဲ့သူများ
အား ကူညီမ,စရန်ကိုမူ ဝန်လေးနေတတ်ကြ၏။

အလှူကြီးပေးနိုင်သော်လည်း တစ်ကျပ်ငါးမူးနှင့်
အကြီးအကျယ် ရန်ဖြစ် ငြင်းခုံတတ်ကြသေးသည်။
ဒါန၏ အဓိပ္ပာယ်ကို နည်းမလည်ရှာကြ။
.

သာသနာတော်နှင့် ကြုံကြိုက်တုန်း လှူရသောဒါနသည်
သာသနာပ ဒါနနှင့်မတူ။ အလွန်အကျိုးကြီးလှ၏။

သာသနာပဒါနကြောင့် သိကြားမင်းစည်းစိမ်ကို
ရသော်လည်း ကိုယ်ရောင်ကိုယ်ဝါ မတောက်ပ၊
ဗိမာန်..ကလည်း ညှိုးမှိန်လျက်ရှိ၏။

သာသနာတွင်းဒါနကြောင့် နတ်ဖြစ်ကြသော နတ်သား
နတ်သမီးများမှာ ကိုယ်ရောင်ကိုယ်ဝါ လွန်စွာတောက်ပလျက် သိကြားမင်းဗိမာန်အနီး သွားကြလာကြရာ
သိကြားမင်းဇနီးမောင်နှံမှာ ရှက်လွန်း၍ ပုန်းနေကြရ၏။

နောက်မှအကြံရကာ သူဆင်းရဲ အဘိုးအဘွားယောင်
ဆောင်၍ လူ့ပြည်ဆင်းပြီး အရှင်မဟာကဿပ
ကိုယ်တော်မြတ်ကြီးအား ဆွမ်းလောင်းလှူကြရလေသည်။

အလှူဒါနပြုလိုသူများအတွက် လှူစရာတွေကား ပေါလှ
ပါဘိ....။

၁၂၆၇-ခုနှစ် ပြာသိုလတွင် ရဟန္တာဟု ကျော်ကြားသော
ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင်မြို့၌ သိမ်သမုတ်
ကြွတော်မူ၏။

ထိုစဥ် တောင်ပေါ်မှ ကရင်ကြီး ၅-ယောက် ကန်တော့်ပွဲ
ကိုယ်စီနှင့် လာရောက်ဖူးမြော် ကြ၏။

ဘုန်းတော်ကြီး ။ ။ မင်းတို့တောင်ပေါ်မှာ ချမ်းသာတဲ့လူ
ပေါကြရဲ့လား။

ဒကာများ။ ။ မပေါပါ အရှင်ဘုရား။ ဆင်းရဲတဲ့လူတွေပဲ
များပါတယ်။

ဘုန်းတော်ကြီး ။ ။ ရေမိုးကော ပြည့်စုံကြရဲ့လားကွယ့်။

ဒကာများ ။ ။ ပြည့်စုံပါတယ်ဘုရား...။ ရေလည်း
အင်မတန် ကောင်းပါတယ်။

ဘုန်းတော်ကြီး ။ ။ အိမ်း..ဒါဖြင့် နေရာကျသားပဲ။
မင်းတို့ ဆင်းရဲတဲ့ ကရင်ဒကာတွေ ပိုက်ဆံမကုန်ဘဲနဲ့
ကုသိုလ်ရအောင် ဘုရားကိုနေ့တိုင်း ရေတစ်ခွက်
နှစ်ခွက် လှူကြ ..ကြားလား။

ဒကာများ ။ ။ မှန်ပါ့ အရှင်ဘုရား။

ဘုန်းတော်ကြီး ။ ။ ဒါန ဘာခက်သလဲကွယ့်။ ပန်းမပွင့်
တဲ့အခါမျိုး သစ်ခက် သစ်ညွှန့်ကလေးတွေ ချိုးပြီးလှူ။

ဖရောင်းတိုင် မဝယ်နိုင်တဲ့အခါ ကောက်ရိုးတွေစည်းပြီး
ဘုရားကို မီးပူဇော်ကြ။ ကဲ ကဲ ငါးပါးသီလယူ ပြန်ကြ။

မကြားစဖူး.. တရားထူးကို ကြားနာရသဖြင့် ဒကာများ
ဝမ်းသာမဆုံး ရှိကြရလေ၏။

တန်ခိုးအဘိညာဥ်ဖြင့် လက်တွေ့သိမြင်တော်မူကြသော
သူတော်ကောင်းကြီးများက လူတိုင်းချမ်းသာလိုသော
စေတနာဖြင့် မလုပ်တတ်စရာလည်း မရှိရအောင်
ညွှန်ပြတော်မူခြင်း ဖြစ်သည်။

မြတ်စွာဘုရားရှင်၏ သာသနာတော်သည်.. အလွန်
ပွင့်လင်း၏။

လိုက်နာကျင့်သုံးရမည့် လမ်းစဥ်ကလည်း လွယ်ကူ
လွန်းလှသည်။ တနည်းအားဖြင့် ရိုးရိုးရှင်းရှင်း ကလေး
ပင်တည်း။ အရိုးခံချည်းပင်တည်း။

တကယ်ယုံကြည်၍ အဟုတ်လုပ်နိုင်မှုသာ အရေးကြီးသည်။

ခြံစည်းရိုးတွင် အလေ့ကျ ပေါက်နေသော ပန်းတပွင့်
ဖြင့်လည်း နိဗ္ဗာန်ရောက်စေနိုင်၍ နတ်ပြည်လောက်ကို
မူ .. အသာကလေးပင်တည်း။


Credit to original writer

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon