Dr Wai Yan Phyo
ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများကို အများပြည်သူသိရှိစေရန်
23/05/2026
#ဒဏ်ရာတစ်ခုရပြီးတဲ့အခါ ဒဏ်ရာလည်းကျက်ရော၊ အဲဒီနေရာမှာ ပုံမှန်မဟုတ်ဘဲ အသားဖုကြီး လုံးတက်လာတာ၊ ပိုကြီးလာပြီး ယားယံတာမျိုး ကြုံဖူးကြမှာပါ။ ဒါကို ဆေးပညာအရ Keloid (ကီးလွိုက်) ခေါ်တဲ့ #အနာရွတ်အသီးတက်ခြင်း (သို့) #အနာရွတ်ထူ လို့ ခေါ်ပါတယ်။
၁။ Keloid က ဘာကြောင့် ဖြစ်ရတာလဲ?
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဒဏ်ရာရတဲ့အခါ ပြန်လည်ပြုပြင်ဖို့အတွက် Collagen (ကော်လာဂျင်) ဆိုတဲ့ အသားဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။
ပုံမှန်ဆိုရင်ဒဏ်ရာကျက်သွားတာနဲ့ ကော်လာဂျင်ထုတ်တာ ရပ်သွားပါတယ်။
Keloid ဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အနာကျက်စနစ်က ဘရိတ်ပေါက်သွားသလို ဖြစ်ပြီး ကော်လာဂျင်တွေကို လိုအပ်တာထက် ပိုလျှံစွာ တောက်လျှောက် ထုတ်နေမိပါတယ်။ ဒါကြောင့် ဒဏ်ရာအတိုင်းအတာထက် ပိုပြီး ဘေးကို ကျော်လွန်ကာ အသားဖုကြီး ဖောင်းတက်လာရတာ ဖြစ်ပါတယ်။
၂။ အစားအသောက်နဲ့ ဆိုင်လား? ကြက်သားစားလို့ ဖြစ်တာလား?
ဒါဟာ လုံးဝအယူအဆအမှား (Myth) သာ ဖြစ်ပါတယ်။
"ကြက်သားစားလို့၊ ကောက်ညှင်းစားလို့ အနာရွတ်ဖောင်းတာ" ဆိုတာ ဆေးပညာအရ လုံးဝအထောက်အထားမရှိပါဘူး။ အစားအသောက်ကြောင့် Keloid ဖြစ်တာ မဟုတ်သလို၊ အစားရှောင်လို့လည်း Keloid က ပျောက်မသွားပါဘူး။ ဒါကြောင့် အနာကျက်ဖို့အတွက် လိုအပ်တဲ့ အသားဓာတ် (Protein) ကို မျှတအောင် ပုံမှန်အတိုင်း ဆက်စားပေးဖို့ လိုပါတယ်။
၃။ ခန္ဓာကိုယ် နေရာတိုင်း ဖြစ်တတ်လား? အဖြစ်များတဲ့ နေရာတွေကရော?
ခန္ဓာကိုယ်ရဲ့ အရေပြား ရှိတဲ့နေရာတိုင်းမှာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ အရေပြား တင်းအားများတဲ့ အောက်ပါနေရာတွေမှာ အဖြစ်ဆုံးပါ -
-ရင်ဘတ် (Chest)
-ပုခုံး နှင့် ကျောဘက်အပေါ်ပိုင်း (Shoulders and Upper Back)
-နားရွက် (Earlobes) - အထူးသဖြင့် နားဖောက်ပြီးနောက်
-လက်မောင်း အပြင်ဘက်
၄။ ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ?
မိသားစုထဲမှာ Keloid ဖြစ်တတ်တဲ့သူ ရှိရင် မိမိမှာလည်း ဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ်။
အသားညိုသူ လူမည်းနဲ့ အာရှတိုက်သားတွေလို အသားအရောင် ရောင်ခြယ် (Melanin) ပိုများသူတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၁၀ နှစ်ကနေ ၃၀ ကြား လူငယ်/လူလတ်ပိုင်းတွေမှာ အဖြစ်များဆုံးပါ။
၅။ ကင်ဆာအဖြစ် ပြောင်းနိုင်လား?
လူနာတော်တော်များများ ဒါကို အရမ်းကြောက်ကြပါတယ်။ စိတ်ချပါ... Keloid ဟာ ကင်ဆာ မဟုတ်သလို၊ ကင်ဆာအဖြစ်လည်း လုံးဝ ပြောင်းလဲသွားခြင်း မရှိပါဘူး။ အလှအပဆိုင်ရာနဲ့ ယားယံတာ၊ နာတာလောက်ပဲ စိတ်အနှောင့်အယှက် ပေးတတ်တဲ့ အရေပြားပြဿနာတစ်ခုသာ ဖြစ်ပါတယ်။
၆။ ခွဲစိတ်ပြီးရင် ဘာကြောင့် အနာရွတ်အထူ ဖြစ်လာတာလဲ?
ဒဏ်ရာရတာပဲဖြစ်ဖြစ်၊ ခွဲစိတ်မှု လုပ်တာပဲဖြစ်ဖြစ် အရေပြားရဲ့ ဒုတိယအလွှာ (Dermis) ထိ နက်နက်ရှိုင်းရှိုင်း ထိခိုက်မိတဲ့အခါ ခန္ဓာကိုယ်က အနာကျက်ဖို့ ရုန်းကန်ရပါတယ်။ မျိုးရိုးဗီဇအရ Keloid ဖြစ်တတ်တဲ့ သဘာဝရှိသူတွေမှာ ခွဲစိတ်ရာကြောင်း တောက်လျှောက်မှာ ကော်လာဂျင်တွေ အလွန်အကျွံ စုပုံလာပြီး အနာရွတ်ထူထူကြီး ဖြစ်လာရတာပါ။
၇။ Keloid နဲ့ ဆင်တူတဲ့ တခြားရောဂါ ရှိသေးလား?
ရှိပါတယ်။ အဓိကအားဖြင့် Hypertrophic Scar (အမာရွတ်အသားပို) နဲ့ အလွန်ဆင်တူပြီး မှားတတ်ကြပါတယ်။ သူတို့နှစ်ခုရဲ့ ကွာခြားချက်ကတော့ Keloid အမာရွတ်ဟာ မူလဒဏ်ရာအတိုင်းအတာထက် ပိုမိုကြီးထွားလာပြီး ဘေးပတ်ဝန်းကျင် အရေပြားကိုပါ ကျော်လွန်ကာ ပြန့်ပွားတတ်တဲ့အပြင်၊ အချိန်ကြာလာရင်လည်း အလိုအလျောက် ပြန်မချပ်ဘဲ ပိုကြီးလာတတ်ပါတယ်။ Hypertrophic Scar ကတော့ မူလဒဏ်ရာရခဲ့တဲ့ အတိုင်းအတာ ဘောင်အတွင်းမှာပဲ ဖောင်းတက်လာတာဖြစ်ပြီး လပိုင်း၊ နှစ်ပိုင်း စသဖြင့် အချိန်ကြာလာတဲ့အခါမှာတော့ အလိုအလျောက် အနည်းငယ် ပြန်လည်ချပ်သွားတတ်တဲ့ သဘာဝရှိပါတယ်။
၈။ ဘယ်လိုကုသရသလဲ? (အထိရောက်ဆုံးနည်းလမ်းများ)
Keloid ကို ပျောက်ကင်းအောင် သောက်ဆေးသီးသန့် မရှိပါဘူး။ လက်ရှိ ဆေးပညာအရ အသုံးအများဆုံး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
✅အမာရွတ်ထဲ ဆေးထိုးခြင်း (Intralesional Steroid Injection): ဒါဟာ အထိရောက်ဆုံးနဲ့ အခြေခံအကျဆုံး နည်းလမ်းပါ။ Keloid ထဲကို Steroid ဆေး တိုက်ရိုက်ထိုးသွင်းပြီး ကော်လာဂျင် ထုတ်လုပ်မှုကို လျှော့ချကာ အမာရွတ်ကို ချပ်သွားစေပါတယ်။ (၂ ပတ် သို့မဟုတ် ၄ ပတ်တစ်ကြိမ် ဆက်တိုက်ထိုးရန် လိုအပ်တတ်သည်)
✅Silicone Gel / Sheets များ သုံးခြင်း: အမာရွတ်အသစ် ဖြစ်စမှာ ဆီလီကွန်ဂျဲလ် လိမ်းပေးတာ၊ ဆီလီကွန် ကပ်ခွာ ကပ်ပေးတာမျိုးက အရေပြားရဲ့ တင်းအားကို လျှော့ချပေးပြီး အမာရွတ် မကြီးအောင် ကာကွယ်ပေးပါတယ်။
✅အအေးပေးစနစ်ဖြင့် ကုသခြင်း (Cryotherapy): နိုက်ထရိုဂျင်အရည် သုံးပြီး Keloid ကို အေးခဲစေကာ ဆဲလ်တွေကို သေစေတဲ့နည်းပါ။
⚠️ ကုသတဲ့ ဆေးထိုးရင် ဘယ်လို ဘေးထွက်ဆိုးကျိုး (Side Effects) ရှိနိုင်လဲ?
Steroid ဆေးထိုးခြင်းက အမာရွတ်ချပ်ဖို့ အလွန်ထိရောက်ပေမယ့် အောက်ပါဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်ပါတယ် -
📌ဆေးထိုးတဲ့နေရာမှာ အရေပြားပါးသွားတာ၊ အသားချိုင့်ဝင်သွားတာ
📌အရေပြားအရောင် ဖျော့သွားတာ (သို့) ဖြူသွားတာ
📌အမာရွတ်တစ်ဝိုက်မှာ သွေးကြောမျှင်လေးတွေ ပေါ်လာတာမျိုး ကြုံရနိုင်ပါတယ်။ (ဒါပေမဲ့ စနစ်တကျ ဆေးပမာဏ ချိန်ဆထိုးရင် ဒီဆိုးကျိုးတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါတယ်)
၉။ မြန်မြန်ပျောက်အောင် Laser (လေဆာ) တွေ၊ ခွဲစိတ်တာတွေ ချက်ချင်းလုပ်လို့ရလား?
လုပ်သင့်လား?
"ဒီအတိုင်းကြီး မလှလို့ မြန်မြန်ဖြတ်ထုတ်ချင်တယ်၊ လေဆာပစ်ချင်တယ်" ဆိုပြီး လူနာတွေ ဇောစောတတ်ကြပါတယ်။ ဒါပေမဲ့ သတိထားရမှာက -
👉Keloid ကို ဒီအတိုင်း ဓားနဲ့ ဖြတ်ထုတ်လိုက်ရင် ၄၅% ကနေ ၁၀၀% အထိ (မူလထက် ပိုကြီးပြီး) ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် Keloid ကို ဖြတ်ထုတ်မယ်ဆိုရင် ခွဲစိတ်ပြီးတာနဲ့ ဆေးထိုးခြင်း (သို့) ဓာတ်ရောင်ခြည်ပြခြင်း (Radiation) တို့နဲ့ မဖြစ်မနေ တွဲဖက်ကုသမှသာ ရလဒ်ကောင်းမှာ ဖြစ်လို့ ချက်ချင်းကြီး ဖြတ်ထုတ်ဖို့ မသင့်ပါဘူး။
👉လေဆာ (ဥပမာ - Pulse Dye Laser) ဟာ အမာရွတ်ထဲက သွေးကြောတွေကို ဖျက်စီးပြီး နီမြန်းတာနဲ့ ယားယံတာကို သက်သာစေပါတယ်။ ဒါပေမဲ့ လေဆာတစ်ခုတည်းနဲ့ Keloid ကို မြန်မြန်ချပ်အောင် လုပ်ဖို့ ခက်ခဲပြီး ဆေးထိုးတဲ့နည်းလမ်းနဲ့ တွဲဖက်မှသာ အာနိသင် အကောင်းဆုံး ဖြစ်ပါတယ်။
အတိုချုပ်ပြောရရင် "မြန်မြန်ပျောက်ချင်ဇောနဲ့ ချက်ချင်း ခွဲစိတ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။" ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စိတ်ရှည်လက်ရှည် အဆင့်ဆင့် ကုသရမယ့်ရောဂါ ဖြစ်ပါတယ်။
၁၀။ အနာရွတ်အထူတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ? ဘာတွေရှောင်ရမလဲ?
မိမိက Keloid ဖြစ်တတ်တဲ့ အသားအရေမျိုး ရှိတယ်ဆိုရင် အောက်ပါအချက်တွေကို အထူးသတိပြု ရှောင်ကြဉ်ရပါမယ် -
❌မလိုအပ်ဘဲ အရေပြားကို ဒဏ်ရာမပေးပါနဲ့: နားဖောက်တာ၊ ခန္ဓာကိုယ်မှာ Tattoo (တက်တူး) ထိုးတာ၊ Piercing (ခန္ဓာကိုယ်အနှံ့ အပေါက်ဖောက်တာ) တွေကို လုံးဝရှောင်ကြဉ်ပါ။
❌ဝက်ခြံကို မဆိတ်ပါနဲ့: ရင်ဘတ်နဲ့ ပုခုံးက ဝက်ခြံတွေကို ညှစ်တာ၊ ဆိတ်တာတွေကနေ Keloid ဖြစ်သွားတတ်ပါတယ်။
🟢ဒဏ်ရာရလျှင် ချက်ချင်း ဂရုစိုက်ပါ: ဒဏ်ရာရပါက ပိုးမဝင်အောင် သန့်ရှင်းရေးလုပ်ပါ၊ အစိုဓာတ်ထိန်းပေးပါ (Vaseline ကဲ့သို့ Petroleum Jelly သုံးနိုင်သည်)။ ဒဏ်ရာကျက်စမှာ ဆီလီကွန် ကပ်ခွာကို စောစောစီးစီး သုံးပေးပါ။
💡 အကြံပြုချက်
ဟာ ကုသရတာ အချိန်ယူရပြီး စိတ်ရှည်ဖို့ လိုအပ်တဲ့ အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ အမာရွတ်က သေးငယ်ပြီး အသစ်ဖြစ်နေတဲ့ အချိန်မှာ ကုသရတာ ပိုမိုထိရောက်တာကြောင့် သင့်မှာ Keloid ရှိနေပြီး ယားယံတာ၊ ပိုကြီးလာတာမျိုး ကြုံနေရရင် အချိန်ဆွဲမနေပါနဲ့။
မိမိသဘောနဲ့မိမိ အမာရွတ်ပျောက်ဆေးတွေ လျှောက်လိမ်းတာ၊ အပ်နဲ့ ထိုးဆွတာမျိုး လုံးဝမလုပ်ဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြီး မိမိအသားအရေနဲ့ ကိုက်ညီမယ့် စနစ်တကျ ကုသမှု ခံယူဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
လေးစားစွာဖြင့် -
#ဒေါက်တာဝေယံဖြိုး
20/05/2026
#နေမကောင်းဖြစ်လို့ အဖျားမြန်မြန်ကျချင်တာ၊ အနာအမြန်သက်သာချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမဲ့ အဲဒီဆန္ဒစောပြီး ဆေးဆိုင်ပြေးကာ " #ပိုးသတ်ဆေး ( )" တွေကို အလွယ်တကူ ကိုယ်တိုင်ဝယ်သောက်မိနေပြီဆိုရင်တော့... မိမိခန္ဓာကိုယ်ကို မိမိလက်နဲ့ ပြန်ဖျက်ဆီးနေသလို ဖြစ်နေပါပြီ...
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပိုးသတ်ဆေးသောက်ဖို့ ဘာလို့ ဝန်လေးကြတာလဲ?
အဓိကအကြောင်းရင်းကတော့ ဥပဒေတင်းကျပ်ပြီး ဆရာဝန်လက်မှတ် (Prescription) မပါဘဲ ဝယ်လို့မရတာကြောင့်ဖြစ်သလို၊ ပြည်သူတွေကလည်း ပိုးသတ်ဆေးကို မလိုဘဲသောက်ရင် နောင်တစ်ချိန်မှာ ဆေးမတိုးတော့တဲ့ " #ဆေးယဉ်ပါးမှု (AMR)" အန္တရာယ်နဲ့ ခန္ဓာကိုယ်ထဲက "အကျိုးပြုဗက်တီးရီးယား (Good Bacteria)" တွေ ပျက်စီးကုန်မယ်ဆိုတာကို ကောင်းကောင်းနားလည်ကြလို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲ (အထူးသဖြင့် အူလမ်းကြောင်း၊ အရေပြားနဲ့ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်း) မှာ ရှိနေတဲ့ အကျိုးပြုဗက်တီးရီးယား (Good Bacteria) တွေကို Microbiome (အဏုဇီဝဂေဟစနစ်) လို့ ခေါ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် တံတိုင်းကြီးတစ်ခုလို ကာကွယ်ပေးထားတာပါ။
မလိုအပ်ဘဲ ပိုးသတ်ဆေး (Antibiotics) သောက်လိုက်တဲ့အခါ ဒီဆေးတွေက ရောဂါပိုး (Bad Bacteria) တင်မကဘဲ ကျွန်တော်တို့ကို ကာကွယ်ပေးနေတဲ့ အကျိုးပြုဗက်တီးရီးယားတွေကိုပါ ဗုံးကြဲချသလို အကုန်သတ်ပစ်လိုက်ပါတယ်။ ဒါကို ဆေးပညာအရ Dysbiosis (အဏုဇီဝဂေဟစနစ် ပျက်စီးခြင်း) လို့ ခေါ်ပါတယ်။
ဒီလို အကျိုးပြုဗက်တီးရီးယားတွေ သေကျေပျက်စီးသွားတဲ့အခါ ခန္ဓာကိုယ်မှာ ရေတိုတင်မကဘဲ၊ ပြန်ပြင်ဖို့ အလွန်ခက်ခဲတဲ့ (သို့မဟုတ်) ပြန်ပြင်လို့မရတော့တဲ့ ရေရှည်ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။
၁။ အူလမ်းကြောင်း ဂေဟစနစ် ရာသက်ပန် ပျက်စီးသွားခြင်း (Permanent Microbiome Alteration)
ဆေးပညာသုတေသနတွေအရ ပြင်းထန်တဲ့ ပိုးသတ်ဆေးတစ်ပတ်စာ သောက်လိုက်ရုံနဲ့တင် အူလမ်းကြောင်းထဲက အကျိုးပြုဗက်တီးရီးယားမျိုးစိတ်တချို့ဟာ လုံးဝမျိုးတုံး ပျောက်ကွယ်သွားတတ်ပါတယ်။ ဆေးဖြတ်ပြီး လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာတဲ့အထိ မူလအခြေအနေအတိုင်း ပြန်မပြည့်နိုင်တော့ပါဘူး။ အိမ်တစ်အိမ်ရဲ့ အစောင့်အရှောက် အားလုံးကို သတ်ပစ်လိုက်သလိုဖြစ်လို့ နောက်ပိုင်းမှာ အပြင်က ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်အခြေချနိုင်တဲ့ ခန္ဓာကိုယ် ဖြစ်သွားရပါတယ်။
၂။ ကုသရခက်ခဲပြီး အသက်အန္တရာယ်ရှိတဲ့ အူမကြီးရောင်ရောဂါ ဖြစ်ခြင်း
ဒါက လက်တွေ့မှာ အလွန်ကြောက်ဖို့ကောင်းတဲ့ ရောဂါပါ။ အူလမ်းကြောင်းထဲက အကျိုးပြုပိုးတွေ သေကုန်တဲ့အခါ အခွင့်ကောင်းစောင့်နေတဲ့ Clostridioides difficile ဆိုတဲ့ ဆိုးသွမ်းဗက်တီးရီးယားပိုးက အဆမတန် ပွားများလာပြီး ပြင်းထန်တဲ့ အူမကြီးရောင်ခြင်းနဲ့ သွေးဝမ်းသွားခြင်းကို ဖြစ်စေပါတယ်။ ဒီပိုးဟာ ဆေးယဉ်ပါးတတ်ပြီး လူနာကို အသက်အန္တရာယ်အထိ ပေးနိုင်ပါတယ်။
၃။ ကိုယ်ခံအားစနစ် (Immune System) ကမောက်ကမဖြစ်ပြီး ရောဂါအသစ်များရခြင်း
ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ဟာ အူလမ်းကြောင်းထဲက အကျိုးပြုဗက်တီးရီးယားတွေနဲ့ တိုက်ရိုက်ထိတွေ့ ပတ်သက်နေတာပါ။ သူတို့မရှိတော့တဲ့အခါ ကိုယ်ခံအားစနစ်က ဘာကိုတိုက်ခိုက်ရမှန်းမသိဘဲ လမ်းပျောက်ပြီး ကမောက်ကမ ဖြစ်ကုန်ပါတယ်။
မလိုဘဲ ဓာတ်မတည့်မှုများခြင်း (Allergies & Asthma): ပိုးသတ်ဆေး အလွယ်တကူသောက်တဲ့ကလေးတွေမှာ ပန်းနာရင်ကြပ်နဲ့ အရေပြားဓာတ်မတည့်မှုတွေ ရာသက်ပန်ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများလာပါတယ်။
Autoimmune Diseases (ကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ကို ပြန်တိုက်သည့်ရောဂါများ): အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါ (IBD)၊ အဆစ်အမြစ်ရောင်ရောဂါတွေနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။
၄။ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲပြီး အဝလွန်ခြင်းနှင့် ဆီးချိုရောဂါဖြစ်ခြင်း
အကျိုးပြုဗက်တီးရီးယားတွေက ကျွန်တော်တို့စားတဲ့ အစားအစာတွေကို ချေဖျက်ပေးတာ၊ အာဟာရစုပ်ယူတာနဲ့ စွမ်းအင်မျှတမှုကို ထိန်းညှိပေးပါတယ်။ သူတို့ ပျက်စီးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကမောက်ကမဖြစ်ပြီး ရေရှည်မှာ အဝလွန်ခြင်း (Obesity) နှင့် အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes) ဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်သွားစေပါတယ်။
၅။ စိတ်ကျန်းမာရေး ထိခိုက်ခြင်း (Gut-Brain Axis အားနည်းခြင်း)
ဆေးပညာမှာ "အူလမ်းကြောင်းဟာ ဒုတိယဦးနှောက်ပဲ" လို့ တင်စားကြပါတယ်။ ကျွန်တော်တို့ကို ပျော်ရွှင်စေတဲ့ Serotonin ဆိုတဲ့ ဓာတုပစ္စည်း ( neurotransmitter) ရဲ့ ၉၀ ရာခိုင်နှုန်းကို အူလမ်းကြောင်းထဲက ဗက်တီးရီးယားတွေက ထုတ်လုပ်ပေးတာပါ။ ပိုးသတ်ဆေးကြောင့် သူတို့သေကုန်တဲ့အခါ ရေရှည်မှာ စိတ်ဓာတ်ကျခြင်း (Depression) နဲ့ သောကများခြင်း (Anxiety) တို့လို စိတ်ကျန်းမာရေးပြဿနာတွေကိုပါ သွယ်ဝိုက်သောနည်းနဲ့ ခံစားရစေပါတယ်။
ဘယ်လို အခြေအနေမျိုးဆိုရင် ပိုးသတ်ဆေး လိုအပ်သလဲ?
ဒီနေရာမှာ အရေးအကြီးဆုံး မီးမောင်းထိုးပြချင်တာက "ပိုးသတ်ဆေး (Antibiotics) ဆိုတာ ဗက်တီးရီးယား (Bacteria) ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုပဲ သတ်နိုင်တာ" ဖြစ်ပါတယ်။
အအေးမိခြင်း၊ နှာစေးခြင်း၊ တုပ်ကွေး (Flu) ဖြစ်ခြင်း၊ လည်ချောင်းနာခြင်း အများစုက ဗိုင်းရပ်စ် (Virus) ကြောင့် ဖြစ်တာမို့ ပိုးသတ်ဆေးသောက်လည်း လုံးဝမပျောက်ပါဘူး။
တကယ်လိုအပ်တဲ့ အခြေအနေများ-
ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ (Bacterial Pneumonia)
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)
သွေးထဲပိုးဝင်ခြင်း (Sepsis)
ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ပြည်တည်နာ၊ အနာစိမ်းများ
အရေပြားရောဂါတွေမှာ ဘယ်အချိန်ဆို ပိုးသတ်ဆေး တကယ်လိုလဲ?
အရေပြားမှာ ယားယံတာ၊ အနီကွက်ထွက်တာ တိုင်းက ပိုးဝင်တာ မဟုတ်ပါဘူး။ နှင်းခူ (Eczema) နဲ့ ဓာတ်မတည့်တာ (Allergy) တွေမှာ ပိုးသတ်ဆေး မလိုပါဘူး။
တကယ်သောက်ဖို့လိုတဲ့ အချိန်:အရေပြားမှာ ပြည်တည်လာရင် (Pustules/Abscess)
အနာတဝိုက်က နီရဲ၊ ရောင်ရမ်း၊ ပူစပ်ပူလောင်ဖြစ်ပြီး တဖြည်းဖြည်း ပျံ့နှံ့လာရင် (Cellulitis ဟုခေါ်သော အရေပြားအောက်လွှာ ပိုးဝင်ခြင်း) အနာကြောင့် ဖျားလာရင်၊ ပြန်ရည်ကျိတ် (Lymph nodes) တွေရောင်လာရင်ဝက်ခြံအလွန်အမင်း ပြင်းထန်ပြီး ပြည်ပေါက်ကြီးတွေ ဖြစ်လာတဲ့အခါ (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ရပါမယ်)
၅။ ပိုးသတ်ဆေးတိုင်းက အတူတူပဲလား? ပိုပြင်းတာ/ပိုပျော့တာ ရှိလား?
လုံးဝမတူပါဘူး။ ပိုးသတ်ဆေးတွေမှာ အမျိုးအစား (Classes) အများကြီးရှိပြီး လုပ်ဆောင်ပုံချင်းလည်း ကွာခြားပါတယ်။
ကျဉ်းမြောင်းသောစွမ်းရည်ရှိဆေး (Narrow-spectrum): ဗက်တီးရီးယား အမျိုးအစား အနည်းငယ်ကိုပဲ ရွေးသတ်တာမျိုးပါ။ (ဥပမာ - Penicillin)
ကျယ်ပြန့်သောစွမ်းရည်ရှိဆေး (Broad-spectrum): ပိုးအမျိုးအစား အများကြီးကို ခြုံငုံသတ်နိုင်တာမျိုးပါ။ (ဥပမာ - Amoxicillin, Azithromycin)
အပြင်း/အပျော့ အယူအဆ: ပြည်သူတွေက ဆေးတောင့်ကြီးရင်၊ သောက်ရမယ့်ရက်နည်းရင်၊ ဒါမှမဟုတ် ဈေးကြီးရင် "ဆေးပြင်းတယ်" လို့ ထင်တတ်ကြပါတယ်။ ဆေးပညာအရတော့ ပြင်းတာ/ပျော့တာထက် "ပိုးနဲ့ ဆေး ကိုက်ညီမှု ရှိ/မရှိ" ကသာ အဓိကဖြစ်ပါတယ်။ ရောဂါပိုးနဲ့ မတည့်တဲ့ဆေးကို ဘယ်လောက်ပဲ အဆင့်မြင့်ပြီး ဈေးကြီးကြီးသောက်သောက် ရောဂါမပျောက်နိုင်ပါဘူး။
၆။ ထိုးဆေးက သောက်ဆေးထက် ပိုကောင်းတာလား? ဘာကွာလဲ?
ဒါကလည်း ပြည်သူတွေကြားထဲမှာ အလွန်အယူအဆလွဲနေတဲ့ အချက်ပါ။
"ထိုးဆေးက ပိုကောင်းတယ်" ဆိုတာ မဟုတ်ပါဘူး။
👉ထိုးဆေးကို ဘယ်လိုအချိန်မှာ သုံးလဲ: လူနာက ဆေးမသောက်နိုင်ဘဲ အန်နေရင်၊ သတိလစ်နေရင်၊ ဒါမှမဟုတ် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ပြင်းထန်တဲ့ ပိုးဝင်မှုဖြစ်လို့ ဆေးက သွေးကြောထဲ ချက်ချင်းရောက်ဖို့ လိုအပ်တဲ့အခါမျိုး (ဥပမာ - သွေးထဲပိုးဝင်တာ၊ ဦးနှောက်မြှေးရောင်တာ) မှာပဲ သုံးပါတယ်။
👉သောက်ဆေးရဲ့ အားသာချက်: လူနာက အစားလည်းစားနိုင်၊ ဆေးလည်းသောက်နိုင်တဲ့ အခြေအနေဆိုရင် သောက်ဆေးက ထိုးဆေးအတိုင်း ထိရောက်မှု အပြည့်ရှိပါတယ်။ ထိုးဆေးက ပိုးဝင်နိုင်ခြေပိုများသလို၊ ဆေးမတည့်ရင်လည်း (Anaphylaxis) အသက်အန္တရာယ် ချက်ချင်းစိုးရိမ်ရတတ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ထိုးဆေးဇွတ်ထိုးခိုင်းတာမျိုး လုံးဝမလုပ်သင့်ပါဘူး။
၇။ ဆရာဝန်တစ်ယောက်အနေနဲ့ ပိုးသတ်ဆေးပေးတော့မယ်ဆိုရင် ဘာတွေစဉ်းစားလဲ?
လူနာတစ်ယောက်ကို ပိုးသတ်ဆေးတစ်လုံး မပေးခင်မှာ စက်ရုပ်လို အလွယ်တကူ ချရေးလိုက်တာ မဟုတ်ပါဘူး။ ခေါင်းထဲမှာ အချက်ပေါင်းများစွာကို ချင့်ချိန်တွက်ချက်ရပါတယ်—
👉ဒါဟာ ဗက်တီးရီးယားပိုး တကယ်ဟုတ်မဟုတ်? (အရေးကြီးဆုံးအချက်)
👉ဘယ်ဗက်တီးရီးယား အမျိုးအစား ဖြစ်နိုင်လဲ? (ပစ်မှတ်ကို မှန်အောင်ရွေးရပါတယ်)
👉လူနာရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ ကျောက်ကပ်၊ အသည်း လုပ်ဆောင်ချက် (Dose မှန်ကန်ဖို့)
👉လူနာမှာ ကိုယ်ဝန်ရှိနေသလား/နို့တိုက်မိခင်လား? (အချို့ဆေးတွေက သန္ဓေသားကို ဒုက္ခပေးနိုင်လို့ပါ)
👉ဒီလူနာ အရင်က ဒီဆေးသောက်ဖူးလား၊ ဆေးယဉ်ပါးမှု ရာဇဝင်ရှိလား?
👉အခြားသောက်နေတဲ့ ဆေးတွေနဲ့ ဓာတ်ပြုမှု ရှိနိုင်မလား?
ဒီလောက်များပြားတဲ့ အချက်အလက်တွေကို စဉ်းစားပြီးမှ ဆေးညွှန်းရတာ ဖြစ်ပါတယ်။
"ဘေးအိမ်ကလူလည်း ဒီဆေးသောက်တာ ပျောက်သွားတာပဲ" ဆိုပြီး လည်ချောင်းနာတိုင်း၊ ဖျားတိုင်း အမောက်ဆလင် (Amoxicillin)၊ စီပရို (Ciprofloxacin) တွေကို ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်သောက်တာ၊ သားသမီးတွေကို တိုက်တာတွေဟာ မိမိလက်နဲ့ မိမိကိုယ်ကို (သို့မဟုတ်) မိသားစုကို အဆိပ်ခတ်နေသလိုပါပဲ။
ဆရာဝန်က ညွှန်ကြားလို့ သောက်ရပြီဆိုရင်လည်း သက်သာရုံနဲ့ ဆေးမဖြတ်ပါနဲ့။ ညွှန်ကြားထားတဲ့ ရက်ပြည့် (ဥပမာ ၅ ရက် သို့မဟုတ် ၇ ရက်) အောင် သောက်ရပါမယ်။ မဟုတ်ရင် ပိုးမသေဘဲ ဆေးယဉ်ပါးသွားပါလိမ့်မယ်။
နေမကောင်းဖြစ်ရင် ပိုးသတ်ဆေးကို အရင်မပြေးပါနဲ့။ နီးစပ်ရာ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီးမှသာ သောက်သုံးကြဖို့ စေတနာအပြည့်နဲ့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
လေးစားစွာဖြင့် -
#ဒေါက်တာဝေယံဖြိုး
16/05/2026
#နေ့စဉ်ဘဝမှာ မျက်နှာသစ်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာကစလို့ လိုးရှင်း (Lotion) နဲ့ ခရင်မ် (Cream) မျိုးစုံကို မသုံးဖူးတဲ့သူ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကျန်းမာလှပဖို့ ယုံကြည်စိတ်ချစွာ လိမ်းနေတဲ့ အလှကုန်တွေရဲ့ နောက်ကွယ်မှာ ခန္ဓာကိုယ်ကို တိတ်တဆိတ် ဒုက္ခပေးနေတဲ့ "ဓာတုဗေဒ အဆိပ်အတောက်" တစ်ခု ပုန်းကွယ်နေနိုင်တယ်ဆိုတာ သတိပြုမိကြရဲ့လား??
အဲဒါကတော့ တခြားမဟုတ်ပါဘူး။ ကျန်းမာရေးပညာရှင်တွေ သတိပေးတားမြစ်လာကြတဲ့ "Paraben (ပါရာဘင်)" ပဲ ဖြစ်ပါတယ်။
အရေပြားပြဿနာမျိုးစုံ၊ ဟော်မုန်းမညီမျှတဲ့ ပြဿနာမျိုးစုံနဲ့ လာပြကြတဲ့ လူနာတွေကို ကုသပေးရင်း သူတို့ သတိမထားမိဘဲ သုံးနေတဲ့ နေ့စဉ်သုံးပစ္စည်းတွေမှာ ပါရာဘင်တွေ ဘယ်လောက်တောင် လွှမ်းမိုးနေလဲဆိုတာ တွေ့ရလို့ တကယ်ပဲ စိုးရိမ်မိပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေ၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ပါရာဘင်အကြောင်းကို သေချာလေး မျှဝေပေးချင်လို့ ဒီဆောင်းပါးလေးကို ရေးရခြင်း ဖြစ်ပါတယ်။
👉Paraben (ပါရာဘင်) ဆိုတာ တကယ်တော့ ဘာလဲ?
Paraben (ပါရာဘင်) ဆိုတာ အရိုးရှင်းဆုံးပြောရရင် အလှကုန်ပစ္စည်းတွေ၊ အရေပြားလိမ်းဆေးတွေမှာ ဗက်တီးရီးယားနဲ့ မှိုတွေမပေါက်အောင် တားဆီးပေးတဲ့ ဓာတုဗေဒ ကြာရှည်ခံဆေး (Preservative) တစ်မျိုးပါပဲ။
အလှကုန်တွေထဲမှာ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့အခါ ပတ်ဝန်းကျင်က ပိုးမွှားတွေကြောင့် ပုပ်သိုးပျက်စီးလွယ်တတ်ပါတယ်။ အဲဒီလို မပျက်စီးဘဲ နှစ်နဲ့ချီပြီး အထားခံအောင် ထည့်သုံးကြတာပါ။ သက်တမ်းရင့်ပြီး ဈေးပေါတဲ့ ဓာတုပစ္စည်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
👉ဘယ်လို အသုံးအဆောင်တွေမှာ ပါဝင်တတ်လဲ?
ပါရာဘင်ဟာ ထုတ်လုပ်တဲ့သူတွေအတွက် ကုန်ကျစရိတ် အလွန်သက်သာပြီး စွမ်းဆောင်ရည် ကောင်းတာကြောင့် ကျွန်တော်တို့ မနက်မိုးလင်းကနေ ညမအိပ်ခင်အထိ သုံးနေတဲ့ ပစ္စည်းတော်တော်များများမှာ ပါနေတတ်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ - ခေါင်းလျှော်ရည်၊ ကွန်ဒီရှင်နာ၊ ရေချိုးဆပ်ပြာရည်၊ သွားတိုက်ဆေး နဲ့ ဂျိုင်းချွေးနံ့ပျောက်ဆေး (Deodorants)။
အရေပြားစောင့်ရှောက်မှုပစ္စည်းများ - မျက်နှာသစ်ဆေး၊ အစိုဓာတ်ထိန်းခရင်မ် (Moisturizer)၊ ကိုယ်လိမ်းလိုးရှင်း၊ နေလောင်ကာခရင်မ် (Sunscreen) တွေ။
အလှကုန်ပစ္စည်းများ - ဖောင်ဒေးရှင်း၊ ပေါင်ဒါမှုန့်၊ နှုတ်ခမ်းနီ နဲ့ မက်စကာရာ (Mascara) တွေ။
ကလေးအသုံးအဆောင်ပစ္စည်းများ - ကလေးသုံး လိုးရှင်း၊ ကလေးရေချိုးဆပ်ပြာ နဲ့ Wet Wipes (တစ်ရှူးအစို) အချို့။
👉ဘာလို့ အရင်က သုံးပြီး အခုနောက်ပိုင်း မသုံးကြတော့တာလဲ?
အရင်ကတော့ ပါရာဘင်ကို အလှကုန်လောကရဲ့ "သူရဲကောင်း" လို့တောင် ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ နည်းပညာတွေ တိုးတက်လာပြီး ဆေးဘက်ဆိုင်ရာ သုတေသနတွေ လုပ်ကြည့်တဲ့အခါမှာတော့ သူ့ရဲ့ လျှို့ဝှက်ဆိုးကျိုးတွေ ပေါ်လာပါတော့တယ်။ အဓိက အကြောင်းရင်း ၃ ချက် ရှိပါတယ် -
၁။ ဟော်မုန်းစနစ်ကို ကမောက်ကမဖြစ်စေတယ်
ပါရာဘင်ရဲ့ မော်လီကျူးပုံစံဟာ လူ့ခန္ဓာကိုယ်ထဲက အမျိုးသမီးဟော်မုန်း အက်စထရိုဂျင် (Estrogen) နဲ့ အလွန်တူပါတယ်။ အရေပြားကနေတစ်ဆင့် ပါရာဘင် ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ၊ ခန္ဓာကိုယ်က ၎င်းကို ဟော်မုန်းအစစ်လို့ မှားပြီး တုံ့ပြန်ပါတယ်။ ဒီလို ဟော်မုန်းအတုတွေ များလာတဲ့အခါ -
အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာ၊ သားအိမ်အကျိတ်ဖြစ်တာ၊ ကလေးရနိုင်ခြေ ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။
အမျိုးသားတွေမှာလည်း သုက်ပိုးအရေအတွက် လျော့နည်းတာနဲ့ အမျိုးသားဟော်မုန်း ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။
၂။ ရင်သားကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေတယ်
သုတေသနပြုချက်တွေအရ ရင်သားကင်ဆာအကျိတ် (Breast Tumor) တွေကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ အကျိတ်တစ်ရှူးတွေထဲမှာ ပါရာဘင်ဓာတ်အကြွင်းအကျန်တွေကို မြင့်မားစွာ တွေ့ရှိခဲ့ရပါတယ်။ ပါရာဘင်ဟာ ရင်သားကင်ဆာဆဲလ်တွေ တိုးပွားလာအောင် လှုံ့ဆော်ပေးနိုင်တယ်ဆိုတဲ့ အချက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ Paraben-Free လှုပ်ရှားမှုတွေ စတင်လာခဲ့တာပါ။
၃။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေတယ်
ကျွန်တော်တို့ ရေချိုး၊ ခေါင်းလျှော်ရင်း ပါသွားတဲ့ ပါရာဘင်တွေဟာ ရေဆိုးမြောင်းတွေကနေတစ်ဆင့် မြစ်ချောင်း၊ ပင်လယ်တွေထဲ ရောက်သွားပါတယ်။ ဒါဟာ ပင်လယ်ရေသတ္တဝါတွေ (အထူးသဖြင့် ငါးနဲ့ လင်းပိုင်တွေ) ရဲ့ မျိုးပွားမှုစနစ်ကို ပျက်စီးစေကြောင်း တွေ့ရှိရပါတယ်။
👉ဘယ်နိုင်ငံတွေမှာ Paraben ကို Ban ထားပြီလဲ? ဘာကြောင့်လဲ?
ပါရာဘင်ရဲ့ အန္တရာယ်ကြောင့် အဆင့်မြင့်နိုင်ငံတွေမှာ ဥပဒေအရ စတင်ပိတ်ပင်တာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ကန့်သတ်တာတွေ လုပ်လာကြပါတယ်။
ဥရောပသမဂ္ဂ (EU): ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီး Isopropylparaben, Isobutylparaben, Phenylparaben, Benzylparaben နဲ့ Pentylparaben စတဲ့ ပါရာဘင်အမျိုးအစား ၅ မျိုးကို အလှကုန်တွေထဲမှာ လုံးဝမသုံးဖို့ ပိတ်ပင် (Ban) လိုက်ပါတယ်။ ကျန်တဲ့ အမျိုးအစားတွေကိုလည်း သုံးစွဲခွင့် ပမာဏကို အလွန်နည်းအောင် ကန့်သတ်ထားပါတယ်။
အာဆီယံနိုင်ငံများ (ASEAN): မြန်မာနိုင်ငံအပါအဝင် အာဆီယံအလှကုန်ညွှန်ကြားချက်အရလည်း အထက်ပါ ပါရာဘင် ၅ မျိုးကို ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။
👉ဘာကြောင့် Ban တာလဲ?
အဓိကကတော့ ကလေးငယ်တွေရဲ့ အရေပြားကနေ စုပ်ယူမှုအားကောင်းပြီး ရေရှည်မှာ ကင်ဆာနဲ့ ဟော်မုန်းရောဂါတွေ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားတာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ပင်ရခြင်း ဖြစ်ပါတယ်။
👉မြန်မာပြည်မှာရော Paraben ပါတာတွေ ဘယ်လောက်များလဲ?
ဒါကတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဥပဒေအရ ပိတ်ပင်ထားတာတွေ ရှိပေမဲ့ လက်တွေ့မြန်မာ့ဈေးကွက်မှာတော့ ပါရာဘင်ပါတဲ့ ပစ္စည်းတွေဟာ နေရာအနှံ့မှာ အများကြီး ရှိနေဆဲပါ။ ဘာကြောင့်လဲဆိုတော့ -
မှောင်ခိုနဲ့ တရားမဝင်ကုန်ပစ္စည်းများ: နယ်စပ်တွေကနေတစ်ဆင့် FDA ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့ ဈေးပေါတဲ့ အလှကုန်တွေ၊ Whitening Cream (အသားဖြူခရင်မ်) တွေမှာ သက်တမ်းကြာရှည်ခံဖို့ ပါရာဘင်တွေကို အလွန်အကျွံ ထည့်သွင်းထားတတ်ပါတယ်။
တံဆိပ်အတုနဲ့ စံမမှီပစ္စည်းများ: နာမည်ကြီး Brand တွေကို အတုလုပ်ပြီး ဈေးပေါပေါနဲ့ ရောင်းနေတဲ့ Mask တွေ၊ လိုးရှင်းတွေမှာ ကုန်ကျစရိတ်သက်သာအောင် ပါရာဘင်တွေကို သုံးထားကြပါတယ်။
အသိပညာ အားနည်းခြင်း: အများစုဟာ အလှကုန်ဝယ်တဲ့အခါ "အနံ့မွှေးလား၊ ချက်ချင်းဖြူလား၊ ဈေးသက်သာလား" ဆိုတာကိုပဲ ကြည့်လေ့ရှိပြီး နောက်ကျောက ပါဝင်ပစ္စည်း (Ingredients) တွေကို ဖတ်လေ့မရှိကြပါဘူး။ ဒါကို အခွင့်ကောင်းယူပြီး စီးပွားရေးသမားအချို့က ပါရာဘင်ပါတဲ့ ပစ္စည်းတွေကို လူထုထဲ ရောင်းချနေကြတာ ဖြစ်ပါတယ်။
👉 ပါတဲ့ လိုးရှင်းနဲ့ ခရင်မ်တွေ သာမာန်လူတွေ၊ကလေးတွေလိမ်းမိရင် ဘာဖြစ်နိုင်လဲ?
ပါရာဘင်ရဲ့ အဓိက ပြဿနာက ချက်ချင်းလိမ်း၊ ချက်ချင်း အဆိပ်တက်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းချင်းစီ စုမိလာတဲ့ "ရေရှည်အဆိပ်အတောက်" ဖြစ်တာပါ။
သာမာန်လူကြီးတွေမှာ ဖြစ်နိုင်တဲ့ဆိုးကျိုးများ -
အရေပြား ဓာတ်မတည့်ခြင်း: သာမာန်အရေပြားရှိသူတွေတောင် ပါရာဘင်ပါတဲ့ လိုးရှင်းကို ရေရှည်လိမ်းရင် အရေပြားနီမြန်းတာ၊ ယားယံတာ၊ အဖုအပိမ့်ထွက်တာမျိုး တဖြည်းဖြည်း ဖြစ်လာတတ်ပါတယ်။
အရေပြား အိုမင်းရင့်ရော်လွယ်ခြင်း: Methylparaben ပါတဲ့ ခရင်မ်ကို လိမ်းပြီး နေရောင်ထဲသွားရင် အရေပြားဆဲလ်တွေ ပျက်စီးမှု ပိုမြန်ပြီး အရေးအကြောင်းတွေ စောစောထင်လာတတ်ပါတယ်။
ကင်ဆာနဲ့ ဟော်မုန်းပြဿနာများ: စောစောက ပြောခဲ့သလို ရေရှည်သုံးစွဲရင် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မျိုးပွားစနစ် ချို့ယွင်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကလေးငယ်တွေမှာ ဖြစ်နိုင်တဲ့ဆိုးကျိုးများ (ဒါကတော့ အထူးသတိပြုရပါမယ်) -
ကလေးတွေရဲ့ အရေပြားဟာ လူကြီးတွေထက် ၃ ဆလောက် ပိုပါးပြီး ခုခံအားစနစ် မပြည့်စုံသေးပါဘူး။
စုပ်ယူမှု မြင့်မားခြင်း: ကလေးအရေပြားပေါ် ပါရာဘင်လိမ်းမိရင် လူကြီးတွေထက် ခန္ဓာကိုယ်ထဲကို ပိုမြန်ဆန်စွာနဲ့ အများကြီး စုပ်ယူသွားပါတယ်။
ကြီးထွားမှုစနစ် ထိခိုက်ခြင်း: ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးဆဲ ဟော်မုန်းစနစ်ကို ပါရာဘင်က သွားနှောင့်ယှက်တဲ့အတွက် အရွယ်မတိုင်ခင် အပျိုဖော်/လူပိုဖော်ဝင်တာ ဒါမှမဟုတ် ကြီးထွားမှုနှုန်း မမှန်တာမျိုး ကြုံရနိုင်ပါတယ်။
📌အရေပြားရောဂါ (နှင်းခူ၊ အင်ပြင်နဲ့ ယားနာအမျိုးမျိုး) ရှိတဲ့အခါ ပါရာဘင်ပါတာတွေ လိမ်းမိရင် ဘာဖြစ်နိုင်လဲ?
ဆောင်းပါးရဲ့ ခေါင်းစဉ်အတိုင်း "ရောဂါနှစ်ဆ" ဖြစ်စေမယ့် အချက်ကတော့ ဒီနေရာပဲ ဖြစ်ပါတယ်။ အရေပြားရောဂါအခံ ရှိသူတွေဟာ ပါရာဘင်ကို လုံးဝ ရှောင်ရပါမယ်။❌
၁။ နှင်းခူ (Eczema) ရှိသူများ
နှင်းခူသမားတွေရဲ့ အရေပြားဟာ သဘာဝအကာအကွယ်လွှာ ပျက်စီးပြီး အက်ကွဲခြောက်သွေ့နေတတ်ပါတယ်။ ဒီလိုအချိန်မှာ ပါရာဘင်ပါတဲ့ လိုးရှင်း သို့မဟုတ် ခရင်မ် သွားလိမ်းမိရင် -
ပါရာဘင်ဓာတ်တွေဟာ အက်ကွဲကြောင်းတွေကနေတစ်ဆင့် အရေပြားအောက်ထဲ တိုက်ရိုက်စိမ့်ဝင်သွားပါတယ်။
ဒါဟာ ပျက်စီးနေတဲ့ အရေပြားကို ဓာတုဗေဒနည်းနဲ့ ထပ်ပြီး မီးရှို့လိုက်သလိုဖြစ်လို့၊ နှင်းခူနာကို ပိုဆိုးစေပြီး အနာတွေ ပိုပြန့်လာစေပါတယ်။ ယားတာလည်း နှစ်ဆ၊ သုံးဆ တိုးလာပါလိမ့်မယ်။
၂။ အင်ပြင် နဲ့ ယားနာအမျိုးမျိုး ရှိသူများ
အင်ပြင်ထတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဓာတ်မတည့်တာတစ်ခုခုကို တုံ့ပြန်တဲ့အနေနဲ့ Histamine ဓာတ်တွေ ထုတ်လို့ ဖြစ်တာပါ။ အသားလေး အေးသွားအောင်ဆိုပြီး ပါရာဘင်ပါတဲ့ လိုးရှင်းတွေ သွားလိမ်းပေးရင် -
ပါရာဘင်က ဓာတ်မတည့်မှုကို ပိုပြီး လှုံ့ဆော်ပေးလိုက်သလိုဖြစ်လို့ အင်ပြင်တွေ ပိုကြီးလာတာ၊ တစ်ကိုယ်လုံး ပြန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။
ကုတ်ဖဲ့ထားတဲ့ ယားနာအနာကွက်တွေထဲ ပါရာဘင်ဝင်သွားရင် အနာကျက်နှေးပြီး ဗက်တီးရီးယားပိုး ထပ်ဝင်တာမျိုး (Secondary Infection) ပါ ဖြစ်နိုင်ပါတယ်။
✅ Paraben ပါမပါ ဘယ်လိုရွေးချယ်ပြီး ဝယ်ရမလဲ?
အလှကုန်နဲ့ လိုးရှင်းတွေ ဝယ်တဲ့အခါ အောက်ပါအချက်တွေကို သေချာလေး လိုက်နာကြည့်ရအောင်ပါ။
၁။ "Paraben-Free" အညွှန်းကို ရှာဖွေပါ
အခုနောက်ပိုင်း စံချိန်စံညွှန်းမှီတဲ့ ထုတ်ကုန်တွေမှာ ဗူးရဲ့အရှေ့ဘက် ဒါမှမဟုတ် အနောက်ဘက်မှာ "Paraben-Free" (ပါရာဘင် လုံးဝမပါဝင်ပါ) ဆိုတဲ့ စာသားလေးကို ထင်ထင်ရှားရှား ရိုက်နှိပ်ထားလေ့ ရှိပါတယ်။ ဒါမျိုးကို ဦးစားပေးရွေးချယ်ပါ။
၂။ ပါဝင်ပစ္စည်းစာရင်း (Ingredients List) ကို ဖတ်ပါ
ဗူးတွေရဲ့ နောက်ကျောမှာ စာလုံးသေးသေးလေးတွေနဲ့ ရေးထားတဲ့ Ingredients စာရင်းကို ဖတ်ကြည့်ပါ။ စာလုံးရဲ့အဆုံးမှာ "-paraben" လို့ ဆုံးတဲ့ ဘယ်လိုဓာတ်ပစ္စည်းကိုမဆို တွေ့ရင် ထိုပစ္စည်းကို လုံးဝ မဝယ်ပါနဲ့။
ရှောင်ကြဉ်ရမယ့် ပါရာဘင်အမည်များ -
Methylparaben
Ethylparaben
Propylparaben
Butylparaben
💡 ဗဟုသုတအနေနဲ့- အချို့ကုမ္ပဏီတွေက ပါရာဘင်လို့ တိုက်ရိုက်မရေးဘဲ Parahydroxybenzoate လို့ ရေးတတ်ကြပါတယ်။ ဒါဟာလည်း ပါရာဘင်ပဲမို့ ရှောင်ရပါမယ်နော်။
၃။ သဘာဝအခြေခံ ကုန်ပစ္စည်းများကို ရွေးချယ်ပါ
ပါရာဘင်အစား သဘာဝအတိုင်း ကြာရှည်ခံစေတဲ့ ပစ္စည်းတွေ (ဥပမာ - Rosemary Extract, Vitamin E, Neem Oil) သုံးထားတဲ့ Organic သို့မဟုတ် Natural တံဆိပ်ပါတာတွေကို အစားထိုး အသုံးပြုနိုင်ပါတယ်။
✅အကြံပြုချင်တာကတော့...
ကျန်းမာရေးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ အဖိုးတန်ဆုံးအရာပါ။ ကျွန်တော်တို့ အစားအသောက်တွေ ဘေးကင်းဖို့ ဂရုစိုက်ကြသလိုပဲ၊ အရေပြားပေါ်မှာ နေ့စဉ် လိမ်းနေတဲ့ ပစ္စည်းတွေ ဘေးကင်းဖို့လည်း ဂရုစိုက်ရပါမယ်။ အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်စုပ်ယူပေးနိုင်တဲ့ တံခါးပေါက်ကြီးပါ။
"ဈေးပေါရုံ"၊ "ချက်ချင်းဖြူရုံ" ကိုပဲ ကြည့်ပြီး ဝယ်သုံးတာဟာ မိမိကိုယ်မိမိ ရောဂါဆိုးတွေ လက်ဆောင်ပေးနေသလို ဖြစ်တတ်ပါတယ်။
ဒီနေ့ပဲ အိမ်က ရေချိုးခန်း၊ မှန်တင်ခုံပေါ်မှာရှိတဲ့ လိုးရှင်းဗူး၊ ခေါင်းလျှော်ရည်ဗူးတွေကို ပြန်စစ်ကြည့်ကြရအောင်ပါ။ ပါရာဘင်တွေ ပါနေရင် စွန့်ပစ်ဖို့ ဝန်မလေးကြပါနဲ့။ ပစ္စည်းတစ်ခုကို မဝယ်ခင် နောက်ကျောက အညွှန်းစာကို မိနစ်ပိုင်းမျှ အချိန်ပေးဖတ်ခြင်းဖြင့် သင်နဲ့ သင့်မိသားစုကို "ရောဂါနှစ်ဆပေးမယ့် Paraben" အန္တရာယ်ကနေ ကာကွယ်နိုင်ကြပါစေကြောင်း စေတနာရှေ့ထားပြီး မျှဝေလိုက်ရပါတယ်ခင်ဗျာ။
လေးစားစွာဖြင့် -
#ဒေါက်တာဝေယံဖြိုး
12/05/2026
"တိမ်ဖုံးနေတဲ့နေ့တွေမှာ #နေကာခရင်မ် ( ) လိမ်းဖို့ လိုသလား"
ကျွန်တော် အခုပြထားတဲ့ စမ်းသပ်ချက် ဓာတ်ပုံလေးကို သေချာကြည့်ပေးစေချင်ပါတယ်။
ဒါက သာမန်မျက်စိနဲ့ မမြင်ရတဲ့ အန္တရာယ်ကို လက်တွေ့ပြထားတာပါ။‼
၁။ တိမ်တွေက ခရမ်းလွန်ရောင်ခြည်ကို မတားဆီးနိုင်ဘူးလား?
"နေမပူရင် မရှိဘူး" လို့ ထင်တတ်ကြပါတယ်။ ဒါဟာ အကြီးမားဆုံး အယူအဆအမှားပါ။ ဒီပုံထဲက UV METRE ကို ကြည့်ပါ။ ဒါဟာ မိုးအုံ့နေတဲ့အချိန်မှာ စမ်းသပ်ထားတာ ဖြစ်ပေမဲ့ ကတ်ပြားရဲ့ နောက်ခံအရောင်ဟာ ခရမ်းရောင် (Purple) ဘက်ကို သိသိသာသာ ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။
ဒါက ဘာကို ဆိုလိုတာလဲဆိုရင် တိမ်တိုက်တွေဟာ အလင်းရောင် (Visible Light) ကို ကွယ်ပေးထားလို့ ကျွန်တော်တို့ မျက်စိထဲမှာ မှောင်နေတယ်၊ အေးနေတယ်လို့ ခံစားရပေမဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) ရဲ့ ၈၀ ရာခိုင်နှုန်း ကျော်ကတော့ တိမ်တွေကို ဖောက်ထွက်ပြီး ကျွန်တော်တို့ အရေပြားဆီကို ရောက်နေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် UVA လို့ခေါ်တဲ့ ရောင်ခြည်ဟာ တိမ်တွေကိုတင်မကဘူး၊ မှန်တွေကိုပါ ဖောက်ထွက်နိုင်ပါတယ်။ ဒါကြောင့် မိုးအုံ့လို့ အိမ်ထဲမှာပဲ နေနေရင်တောင် ပြတင်းပေါက်နားမှာ ရှိနေရင် UV ထိတွေ့မှု ရှိနေဦးမှာပါ။
၂။ Sunscreen တွေရဲ့ ကာကွယ်နိုင်စွမ်းကို ခွဲခြမ်းစိတ်ဖြာခြင်း
စမ်းသပ်ချက်ထဲက Sunscreen (၄) မျိုးကို ဆရာဝန်တစ်ယောက်ရဲ့ အမြင်နဲ့ သုံးသပ်ကြည့်ရအောင်။
• A (JM Sunscreen Spray): Spray အမျိုးအစားတွေဟာ အသုံးပြုရ လွယ်ကူပေမဲ့ အရေပြားပေါ်မှာ ညီညာတဲ့ အလွှာတစ်ခုဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။ ပုံထဲမှာ အရောင်အနည်းငယ် ပြောင်းနေတာဟာ UV တချို့ ဖြတ်သန်းသွားတာကို ပြနေတာပါ။ ဒါကြောင့် Spray သုံးရင် အလွှာထူထူနဲ့ နှံ့စပ်ဖို့ လိုပါတယ်။
• B (Bioderma Tinted Sunscreen): Tinted Sunscreen တွေက Iron Oxide ပါဝင်လေ့ရှိလို့ UV အပြင် ကွန်ပျူတာနဲ့ ဖုန်းကထွက်တဲ့ Visible Light (Blue Light) ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်နိုင်စွမ်း ကောင်းမွန်တာ တွေ့ရပါတယ်။
• C & D (Bioderma & Banana Boat): ဒီနှစ်မျိုးစလုံးကတော့ ကတ်ပြားကို အဖြူရောင်အတိုင်း ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဒါဟာ UV ရောင်ခြည်ကို ထိရောက်စွာ ပိတ်ဆို့ (Block) ပေးနိုင်တယ်ဆိုတဲ့ သဘောပါ။
၃။ Sunscreen မလိမ်းရင် ဘာဖြစ်မလဲ (ရေရှည်ဆိုးကျိုးများ)
အမျိုးသားတွေ အနေနဲ့ "ငါက ယောက်ျားပဲ၊ အသားမည်းမည်း ဘာဖြစ်လဲ" လို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အသားအရောင် တစ်ခုတည်းနဲ့ မဆိုင်ပါဘူး။
1. အရေပြား အိုမင်းရင့်ရော်ခြင်း (Photoaging): UV ရောင်ခြည်ဟာ အရေပြားထဲက Collagen နဲ့ Elastin တွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် အသက်မကြီးခင် အရေးအကြောင်းတွေ ဖြစ်လာတာ၊ အသားအရေ လျော့တွဲလာတာတွေ ဖြစ်စေပါတယ်။
2. အရောင်ခြယ်ဆဲလ်များ ပျက်စီးခြင်း: တင်းတိပ်၊ မှဲ့ခြောက်နဲ့ အမည်းစက်တွေဟာ နေရောင်ခြည်ဒဏ်ကို အရေပြားက ခုခံရင်း ထွက်လာတဲ့ ရလဒ်တွေပါ။
3. အရေပြားကင်ဆာ (Skin Cancer): ဒါက အဆိုးဆုံးပါ။ ခရမ်းလွန်ရောင်ခြည်ဟာ ဆဲလ်တွေရဲ့ DNA ကို ပြောင်းလဲစေပြီး ရေရှည်မှာ အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။
✅အကြံပြုချက်
ကျွန်တော်တို့ တိုင်းပြည်လို အပူပိုင်းဒေသမှာ နေထိုင်သူတွေအတွက် Sunscreen လိမ်းတာဟာ "အလှအပ" မဟုတ်ဘဲ "ကျန်းမာရေး" အတွက် လုပ်ဆောင်ရမယ့် မရှိမဖြစ် အလေ့အထတစ်ခုပါ။
• SPF 30 အထက်ကို သုံးပါ: အပြင်ထွက်ဖို့ ၂၀ မိနစ်အလိုမှာ ကြိုလိမ်းပါ။
• ပမာဏ မှန်ပါစေ: မျက်နှာနဲ့ လည်ပင်းအတွက် အနည်းဆုံး လက်ချောင်း နှစ်ချောင်းစာ (Two-Finger Rule) ပမာဏ လိမ်းပေးဖို့ လိုပါတယ်။
• ထပ်လိမ်းပါ (Re-apply): အပြင်မှာ အကြာကြီး နေရမယ်ဆိုရင် ၂ နာရီခြား တစ်ခါ ထပ်လိမ်းပေးတာ အကောင်းဆုံးပါ။
• မိုးအုံ့နေ့ကို မမေ့ပါနဲ့: အခုပုံထဲမှာ တွေ့ခဲ့ရတဲ့အတိုင်း မိုးအုံ့နေလည်း UV က ရှိနေတာမို့ "နေမပူလို့ မလိမ်းတော့ဘူး" ဆိုတာမျိုး မလုပ်ပါနဲ့။
အရေပြားဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်သလို၊ ပြင်ပအန္တရာယ်တွေကို ပထမဆုံး ခုခံပေးရတဲ့ ခံတပ်လည်း ဖြစ်ပါတယ်။ ဒီခံတပ်ကြီးကို ခိုင်မာနေအောင် (sunscreen)နေကာခရင်မ်နဲ့ ကာကွယ်ပေးဖို့ မမေ့ကြပါနဲ့။
အားလုံးပဲ ကျန်းမာရွှင်လန်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။
လေးစားစွာဖြင့် -
#ဒေါက်တာဝေယံဖြိုး
05/05/2026
#လက်မောင်း၊ ပေါင် ဒါမှမဟုတ် ပါးပြင်တွေမှာ ကြက်သီးဖုလေးတွေလိုလို၊ ဝက်ခြံဖုသေးသေးလေးတွေလိုလို အဖုအထစ်လေးတွေ ဖြစ်နေလို့ စိတ်ညစ်နေရပါသလား?
ဒါကို ဆေးပညာအရ Keratosis Pilaris (KP) လို့ ခေါ်ပြီး မြန်မာလိုတော့ "ကြက်အရေပြား" (Chicken Skin) လို့ သိကြပါတယ်။
👉Keratosis Pilaris (KP) ဆိုတာဘာလဲ?
KP ဆိုတာ အရေပြားပေါ်က မွှေးညင်းပေါက်လေးတွေမှာ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Keratin (ဆဲလ်အသေတွေ) တွေ စုပုံပြီး ပိတ်ဆို့သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ အဖုအထစ်လေးတွေပါ။ ထိကြည့်ရင် အသားအရေက ကြမ်းတမ်းနေပြီး စက္ကူပတ် (Sandpaper) လိုမျိုး ခံစားရတတ်ပါတယ်ခင်ဗျာ။ နာကျင်တာ၊ ယားယံတာမျိုး မရှိပေမဲ့ ကြည့်လိုက်ရင် အဖုလေးတွေ ဖြစ်နေတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။
👉ဘာလို့လူတွေတော်တော်များများမှာ KP ဖြစ်ကြတာလဲ?
တကယ်တော့ KP က အရေပြားရောဂါတစ်ခုထက် အရေပြားရဲ့ သဘာဝအနေအထား တစ်ခုလို့တောင် ပြောလို့ရပါတယ်ခင်ဗျာ။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်လေ့ရှိပြီး အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေနဲ့ လူငယ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ အလိုအလျောက် ပြန်ပျောက်သွားတာမျိုး ရှိတတ်ပါတယ်ခင်ဗျာ။
👉ဖြစ်ရခြင်းအကြောင်းအရင်း နဲ့ မျိုးရိုးလိုက်တတ်ပါသလား?
အဓိက အကြောင်းအရင်းကတော့ မျိုးရိုးဗီဇ (Genetics) ပါပဲခင်ဗျာ။ မိဘထဲမှာ KP ရှိရင် သားသမီးမှာ ဖြစ်ဖို့ အခွင့်အလမ်း အရမ်းများပါတယ်ဗျ။ ကျွန်တော်တို့ ခန္ဓာကိုယ်က ဆဲလ်အသေတွေကို ဖယ်ရှားတဲ့အခါမှာ ချို့ယွင်းချက်ရှိပြီး Keratin တွေက အပြင်ကို မထွက်ဘဲ မွှေးညင်းပေါက်မှာ လာပိတ်နေတာပါခင်ဗျာ။
ဥပမာ - ပိုက်ခေါင်းတစ်ခုထဲမှာ အမှိုက်တွေပိတ်နေလို့ ရေထွက်မရဘဲ ဖောင်းကြွလာတဲ့ သဘောမျိုးပါပဲဗျ။ နှင်းခူ (Eczema) ရှိသူတွေနဲ့ အသားအရေ အရမ်းခြောက်တဲ့သူတွေမှာ ပိုပြီး အဖြစ်များတာကို တွေ့ရပါတယ်ခင်ဗျာ။
👉အမြစ်ပြတ်ပျောက်အောင်လုပ်လို့ရပါသလား?
ပွင့်ပွင့်လင်းလင်း ပြောရရင် KP က မျိုးရိုးဗီဇနဲ့ ဆိုင်တဲ့အတွက် "အမြစ်ပြတ်" ပျောက်ကင်းဖို့ ခဲယဉ်းပါတယ်ခင်ဗျာ။ ဒါပေမဲ့ စနစ်တကျ ဂရုစိုက်မယ်ဆိုရင် အသားအရေက သိသိသာသာ ချောမွေ့သွားပြီး ပုံမှန်အသားအရေအတိုင်း ဖြစ်အောင် ထိန်းထားလို့ ရပါတယ်ဗျ။ အသက် ၃၀ ကျော်လာတဲ့အခါမှာလည်း သူ့အလိုလို သက်သာသွားတတ်ကြပါတယ်ခင်ဗျာ။
✅သက်သာအောင်ဘယ်လိုလုပ်ရမလဲ?
အဓိက သော့ချက်က "Moisturizing & Exfoliating" ပါပဲခင်ဗျာ။
✅အစိုဓာတ်ထိန်းပါ: အသားခြောက်ရင် KP က ပိုသိသာပါတယ်ဗျ။ ရေချိုးပြီးတိုင်း Lotion တစ်မျိုးမျိုး လိမ်းပေးပါခင်ဗျာ။
✅ဆဲလ်အသေဖယ်ရှားပါ: Keratin ပိတ်ဆို့မှုကို ဖယ်ရှားဖို့အတွက် Urea, Lactic Acid, Salicylic Acid (BHA) သို့မဟုတ် Glycolic Acid (AHA) ပါဝင်တဲ့ ခရင်မ်တွေကို လိမ်းပေးသင့်ပါတယ်။
📌ဘာတွေဆောင်သင့်ရှောင်သင့်လဲ?
မလုပ်သင့်တာ (Don'ts): အဖုလေးတွေကို လက်နဲ့ ကုတ်တာ၊ ညှစ်တာ Scrub တိုက်တာတွေနဲ့လည်းပျောက်မှာ မဟုတ်ပါဘူး(အမွှေးအိတ်အတွင်းထဲက အစပျိုးတာဖြစ်လို့)။ အမာရွတ်နဲ့ အမည်းစက်တွေ ကျန်ခဲ့ပါလိမ့်မယ်ခင်ဗျာ။ ရေပူနဲ့ ကြာရှည် ရေချိုးတာကိုလည်း ရှောင်ပေးပါ။
လုပ်သင့်တာ (Dos): ရေချိုးရင် အပျော့စား ဆပ်ပြာ (Soap-free cleanser) ကို သုံးပါခင်ဗျာ။ ရေချိုးပြီး ၃ မိနစ်အတွင်း အစိုဓာတ်ထိန်း ခရင်မ် လိမ်းပေးပါဗျ။ ချည်သားလိုမျိုး ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ပေးပါခင်ဗျာ။
📣ဆေးခန်းမှာရော ဘယ်လိုကုသမှုတွေလုပ်လို့ရလဲ?
အိမ်မှာ ဂရုစိုက်လို့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသပြီး အောက်ပါ ကုသမှုတွေ လုပ်နိုင်ပါတယ်ခင်ဗျာ။
Chemical Peeling: ဆေးပညာသုံး အက်ဆစ်အပျော့စားလေးတွေနဲ့ ပိတ်နေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားတာပါ။
Microdermabrasion: အရေပြားကို ချောမွေ့အောင် စက်နဲ့ သန့်စင်ပေးတာမျိုးပါ။
Laser Therapy: အဖုလေးတွေက နီမြန်းနေရင် ဒါမှမဟုတ် အမည်းစက်တွေ ကျန်ခဲ့ရင် လေဆာနဲ့ ကုသလို့ ရပါတယ်။
အနှစ်ချုပ်ပြောရရင် - KP က စိုးရိမ်စရာ ရောဂါမဟုတ်ပေမဲ့ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ဖို့တော့ လိုပါတယ်ခင်ဗျာ။ အသားအရေကို အမြဲစိုပြေအောင် ထားပေးတာက အကောင်းဆုံး နည်းလမ်းပါပဲဗျ။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သိလိုတာရှိရင် Comment မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ ကျန်းမာချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။
လေးစားစွာဖြင့် -
#ဒေါက်တာဝေယံဖြိုး
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon