WATER JASMINE
Simple Life……..,
12/08/2026
စိတ်ကောင်းရှိဖို့သင်ယူပါ…..
စိတ်ကောင်းရှိခြင်းဟာ… မွေးရာပါ အကျင့်တစ်ခုလည်းဖြစ်နိုင်သလို… ကိုယ်ရှင်သန်ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်က လေ့ကျင့်သင်ကြားပေးလိုက်လို့ စိတ်ကောင်းရှိနေတတ်တာလည်းဖြစ်နိုင်ပါတယ်..။ တချို့ကတော့ စိတ်ကောင်းရှိခြင်းကို အလေ့အကျင့်တစ်ခုလို လေ့ကျင့်ယူတတ်သူတွေလည်းရှိပါတယ်..။ စိတ်စေတနာကောင်းလေးတစ်ခုဟာ… ဘာအရင်းအနှီးမှ မစိုက်ရပါဘဲ ကိုယ့်ဘဝကို အဆင်ပြေပြေ အေးအေးချမ်းချမ်း ရှိစေပါတယ်..။
စိတ်စေတနာကောင်းရှိသူတွေဟာ.. သူများအပေါ် အပြစ်မမြင်တတ်.. အဆိုးမမြင်တတ်ဘဲ.. သူတစ်ပါး အဆင်ပြေချောမွေ့အောင် ဘာလေးကူညီပေးလိုက်ရမလဲ… ဘာလေးမျှဝေပေးလိုက်ရမလဲ လို့ အမြဲစိတ်ကူးနေတတ်သူတွေဖြစ်သလို… သူတစ်ပါးမှာ အဆင်ပြေပြည့်စုံသွားရင်လည်း ကြည်းနူးပျော်ရွှင်နေတတ်သူတွေဖြစ်ပါတယ်…။
စိတ်ကောင်းရှိသူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါတိုင်း… သူ့ဆီကနွေးထွေးဖြူစင်မှုတွေ ကူးစက်ပြီး ကိုယ့်ဆီမှာလည်း စိတ်နှလုံးလုံခြုံနွေးထွေးမှုကို ခံစားရစေပါတယ်..။
စိတ်ကောင်းရှိခြင်းဟာ ကုသိုလ်စိတ်လည်းဖြစ်ပါတယ်..။ သူများအပေါ်မှာ မလိုတမာစိတ်.. အဆိုးမြင်တဲ့စိတ်… မစ္ဆရိယစိတ်တွေမရှိတဲ့အတွက်… အကြည်ဓါတ်ကလေးနဲ့ လင်းမြချိုကြည်နေတတ်ပါတယ်…။ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ကောင်းရှိသူတွေနဲ့ ဝန်းရံထားရတဲ့ ကိုယ့်ရဲ့နေ့ရက်တိုင်းဟာ… စိတ်ဆင်းရဲခြင်းကင်းစွာ ပျော်ရွှင်ရတဲ့နေ့ရက်တွေလည်းဖြစ်ပါတယ်..။
စိတ်ကောင်းရှိခြင်းဟာ ကိုယ့်မှာမရှိသေးရင် သင်ယူလေ့ကျင့်ယူလို့ရပါတယ်..။ သူတစ်ပါးဆီက စိတ်ကောင်းရှိတဲ့ အပြုအမူလေးတွေ.. အလေ့အကျင့်လေးတွေဆို ကိုယ့်ဆီမှာပါကူးစက်လာအောင် အတုယူသင်ယူလိုက်လို့ရပါတယ်..။
စိတ်ကောင်းရှိခြင်းဟာ နှလုံးသွင်းမှန်ကန်ခြင်းကနေ မြစ်ဖျားခံပါတယ်..။ ကိုယ်ကြုံဆုံရတဲ့ အတွေ့အကြုံလေးတွေအပေါ်မှာ မှန်ကန်စွာနှလုံးသွင်းလိုက်နိုင်ရင်.. သူတစ်ပါးအပေါ် မကောင်းကြံစည်တာ… သူတစ်ပါးရဲ့အောင်မြင်ချမ်းသာမှုအပေါ် မနာလိုဝန်တိုစိတ်ဖြစ်တာ… သူများမကောင်းကြောင်း အတင်းအဖျင်းတွေပြောတာ စတဲ့ စိတ်ကောင်းမရှိတဲ့ အပြုအမူတွေ မပြုမူမိတော့ပါဘူး..။
လူတစ်ယောက်အောင်မြင်နေတာ.. ကြီးပွါးချမ်းသာနေတာဟာ… သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေအကျိုးပေးနေတာ..လို့ နှလုံးသွင်းမှန်ကန်စွာ ဆင်ခြင်လိုက်မယ်ဆိုရင် ကိုယ့်ထက်သာနေတဲ့သူအပေါ်မှာလည်း မနာလိုဝန်တိုစိတ်ဖြစ်စရာ အကြောင်းမရှိတော့ပါဘူး..။ သူ့ကံနဲ့သူ.. ကိုယ့်ကံနဲ့ကိုယ်မို့ ကောင်းကျိုးချမ်းသာတွေ လိုချင်တယ်ဆိုရင် ကောင်းတဲ့ ကုသိုလ်စိတ်လေးတွေ မွေးနိုင်ဖို့သာလိုပါတယ်..။ ကိုယ်တွေးသမျှ.. ပြောသမျှ.. ပြုမူလုပ်ကိုင်သမျှဟာ.. ကိုယ့်ရဲ့ကံတွေအဖြစ် အကျိုးပေးမှာဖြစ်ပါတယ်…။
ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိဖို့သင်ယူပါ..။ ကိုယ်က စိတ်စေတနာကောင်းလေးနဲ့ ပြုမူဆက်ဆံသည့်တိုင်… ကိုယ့်ရဲ့စိတ်ကောင်းရှိမှုအပေါ် အသုံးချအမြတ်ထုတ်သွားတာ… ကိုယ့်ရဲ့တန်ဖိုးကို နှိမ့်ချစော်ကားသွားတတ်တာ စတဲ့သူမျိုးနဲ့ ကြုံဆုံခဲ့ရရင်လည်း ကိုယ့်ရဲ့စိတ်စေတနာကောင်းလေး အပျက်မခံပါနဲ့..။ စေတနာကို စော်ကားတတ်သူဟာ သူ့ရဲ့ပြဿနာသာဖြစ်ပါတယ်..။ ကိုယ့်စေတနာနဲ့ မထိုက်တန်တဲ့သူဟာ.. ကိုယ့်အနားကနေ တဖြည်းဖြည်း ဝေးလွင့်သွားမှာပါပဲ…။
Crd
…
06/08/2026
#စိတ်ချမ်းသာစွာနေထိုင်တတ်ခြင်း….
စိတ်ချမ်းသာစွာနေထိုင်တတ်တာဟာ…ရှင်သန်ခြင်းရဲ့အနုပညာတခုလည်းဖြစ်ပါတယ်…။ လူတိုင်းဟာ…သူ့ဘဝနဲ့သူ..သူ့ကုသိုလ်ကံအကြောင်းတရားနဲ့သူ…သူ့စိတ်နေစိတ်ထားနဲ့သူ..ဘဝကိုတန်ဖိုးဖြတ်ပုံချင်းလည်းမတူသလို …ဘဝရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုပုံချင်းလည်း မတူနိုင်ပါဘူး…။ ဘဝမှာ ကိုယ်ဖြစ်ချင်တာ..ကိုယ်လိုချင်တာတွေ ရမှ …အစစအရာရာ အဆင်ပြေမှ စိတ်ချမ်းသာရမယ်လို့ တွေးထားရင်တော့… သေချာပါတယ်..ဘယ်တော့မှ စိတ်ချမ်းသာဖြစ်မှာ မဟုတ်ပါဘူး…။
ဘာလေးပဲလာလာ…စိတ်ချမ်းသာအောင်နေမယ်..လို့သာ တွေးထားလိုက်ပါ…။ အများကြီးမျှော်လင့်မထားတဲ့အတွက်….ကောင်းတာလေးပဲလာလာ…ဆိုးတာလေးပဲလာလာ…အေးအေးချမ်းချမ်းလေးပဲ လက်ခံလိုက်နိုင်ပါတယ်…။ ကိုယ့်ရဲ့နှလုံးသွင်းဆင်ခြင်မှုကလည်း သိပ်အရေးကြီးပါတယ်…။ ပြင်ပလောကက လူတွေ..အရာဝတ္ထုတွေကို လိုက်ကြည့်ပြီး လိုက်
နှိုင်းယှဉ်နေမယ်ဆိုရင်…စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး…။ သူများတွေပျော်ရွှင်ပြည့်စုံနေတာကိုကြည့်ပြီး…ငါ့မှာတော့ ဘာလို့ မပြည့်စုံရတာလဲ…လို့တွေးမယ့်အစား…ကိုယ့်ရဲ့ပျော်ရွှင်ပြည့်စုံမှုကို ကိုယ့်ဘာသာဖန်တီးယူရပါမယ်…။ ပျော်ရွှင်မှု ပြည့်စုံမှုဆိုတာကို ကိုယ့်ဘာသာကိုယ် အဓိပ္ပါယ်ဖွင့်ဆိုဖို့ပဲ လိုပါတယ်…။
ငွေကြေးချမ်းသာပြည့်စုံနေမှ…အောင်မြင်ကျော်ကြားလူကြိုက်များနေမှ…ကမ္ဘာပတ်ခရီးတွေထွက်နေမှ…စိတ်ချမ်းသာပျော်ရွှင်ရတာမဟုတ်ပါဘူး…။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ…ကိုယ့်ကမ္ဘာလေးထဲမှာ..ကိုယ်သတ်မှတ်ထားတဲ့ ပျော်ရွှင်ခြင်းစံနှုန်းနဲ့ပြည့်စုံနေရင်…ကိုယ်စိတ်ချမ်းသာပျော်ရွှင်နေတာပါပဲ…။ ဥပမာ…ဒီနေ့ ကျန်းမာပျော်ရွှင်စွာ..ရှင်သန်နိုးထခွင့်ရနေတာ…စိတ်အေးချမ်းကြည်လင်စွာ..ဘုရားရှိခိုးတရားထိုင်ခွင့်ရနေတာ…ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့ ကိုယ့်မိဘနဲ့ ရယ်ရယ်မောမော စကားတွေ ပြောခွင့်ရနေတာ…အတူတူ ဘုရားရှိခိုးခွင့်ရနေတာ…နေရောင်ခြည်နွေးနွေလေးရဲ့ အထိအတွေကို ခံစားခွင့်ရနေတာ…ကိုယ့်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလေးတွေ လုပ်ခွင့်ရနေတာ…ကိုယ်ချစ်မြတ်နိုးရတဲ့ မိသားစုအတွက် သူတို့အကြိုက်လေးတွေ ချက်ပြုတ်ကျွေးမွေးခွင့်ရနေတာ….ဒါလေးတွေကို ပြန်တွေးလိုက်ရင်..ကိုယ်စိတ်ချမ်းသာစွာ နေထိုင်နေတာပဲ..လို့ အသိအမှတ်ပြုလို့ရပါတယ်….။
အရာရာပြည့်စုံနေမှ စိတ်ချမ်းသာတာလို့ မခေါ်ပါဘူး…။ စိတ်ချမ်းသာအောင်နေထိုင်တတ်ခြင်းက အရာရာပြည့်စုံစေပါတယ်…။ စိတ်ပူပန်စရာလေးတွေ..စိတ်ညစ်စရာလေးတွေ..သောကဖြစ်စရာအာရုံလေးတွေ စိတ်ထဲပေါ်လာတိုင်း…ဒီအတွေးလေးတွေကို အသိအမှတ်ပြုပြီး ရှုမှတ်ပေးလိုက်တဲ့အခါ…ဒီအတွေးလေးတွေကလည်း ပျောက်ကွယ်ချုပ်ငြိမ်းသွားပါတယ်…။ ဘယ်အရာမှ ကြာရှည်မြဲမနေဘူး…ဆိုတဲ့အသိလေးနဲ့ အမြဲနှလုံးသွင်းဆင်ခြင်တတ်အောင် လေ့ကျင့်နေခြင်းဟာ…စိတ်ချမ်းသာအောင်နေထိုင်နေခြင်းဖြစ်ပါတယ်…။ ဘာမှ မမြဲမှတော့ ဘာတွေကို ဆုပ်ကိုင်တွယ်ဖက်မက်မောနေဖို့ လိုဦးမလဲ…။ ပျော်ရွှင်စရာတွေပဲဖြစ်ဖြစ်..ဝမ်းနည်းစရာတွေပဲဖြစ်ဖြစ်…ရေပွက်ပမာ ခဏလေးတွေချည်းပါပဲ…။ မမြဲတဲ့အရာတွေအပေါ် လိုက်ပြီးခံစားနေဖို့မလိုပါဘူး…။
ဘဝမှာ စိတ်ချမ်းသာအောင်နေတတ်ခြင်းဟာ..ကိုယ့်အတွက်ရော..တခြားသူတွေအတွက်ပါ… နှစ်လိုဖွယ်လက်ဆောင်တစ်ခုနဲ့တူပါတယ်…။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ချမ်းသာခြင်းဆိုတဲ့ လက်ဆောင်ပေးနိုင်သလို….တခြားသူတွေအတွက်ပါ စိတ်ချမ်းသာခြင်းလက်ဆောင်ကို ပေးနိုင်ပါတယ်…။ ကိုယ်နဲ့ စကားပြောဆိုဆက်ဆံရတဲ့အခါ…သူတို့ရဲ့စိတ်ထဲမှာ အလိုလို ကြည်လင်ငြိမ်းချမ်းပြီး စိတ်ချမ်းသာသွားစေတာ…ကိုယ့်ကြောင့်သူ့မှာ စိတ်အနှောင့်အယှက်မဖြစ်စေတာ…သူ လိုအပ်တဲ့အခါ…အလိုက်တသိလေး နားထောင်ပေးတာ…ဒါလေးတွေဟာ…ဘာမှမဟုတ်ဘူးထင်ရပေမယ့်….ကိုယ့်ရဲ့ စိတ်ချမ်းသာခြင်း လက်ဆောင်လေးတွေ ပေးနေခြင်းဖြစ်ပါတယ်…။ တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးတွေ မပေးနိုင်ရင်တောင်…ကိုယ့်ကြောင့်စိတ်ချမ်းသာခြင်း…ဆိုတဲ့ လက်ဆောင်လေးတွေပေးစေချင်ပါတယ်….။
သူတပါးက ကိုယ့်အပေါ် မကြည်ဖြူသလို ဆက်ဆံလာတဲ့အခါ…ရန်လိုတိုက်ခိုက်တဲ့စကားတွေပြောလာတဲ့အခါ….ကိုယ့်ကို စိတ်ဆင်းရဲနာကျင်အောင် ပြုမူပြောဆိုလာတဲ့အခါ…ကိုယ့်စိတ်က လိုက်ပါတုန်လှုပ်ပြီး ဒေါသတကြီးတုံံံ့ပြန်ရန်မူနေဖို့မလိုပါဘူး…။ ဒါတွေကို လက်မခံသောလက်ဆောင်အဖြစ် ခံယူလိုက်ပြီး…လုံးဝဥပေက္ခာပြုလျစ်လျူရှုထားလိုက်ခြင်းဟာ…ကိုယ့်ရဲ့စိတ်ချမ်းသာပျော်ရွှင်ခြင်းကို ဘယ်သူကမှ ထိခိုက်လို့မရအောင် ကာကွယ်ထားခြင်းဖြစ်ပါတယ်…။ ရန်လိုထိုးနှက်စကားတွေ…အတင်းအဖျင်းစကားတွေဆိုတာ..ကိုယ်က လက်မခံရင်…ပြောတဲ့သူဆီမှာပဲရှိနေမယ့် သူပိုင်ဆိုင်တဲ့အရာတွေပဲဖြစ်ပါတယ်…။ ကိုယ်က ဒေါသတကြီးခံစားတုံ့ပြန်လိုက်မှသာ ကိုယ့်ဆီရောက်လာတဲ့လက်ဆောင်ဖြစ်ပါတယ်…။
ဘဝမှာ စိတ်ချမ်းသာစွာနေထိုင်တတ်ဖို့အတွက်…boundary (စည်း)လေးထားဖို့လည်းလိုပါတယ်…။ ကိုယ့်စိတ်ကြည်လင်ငြိမ်းချမ်းမှုကို ထိပါးစေမယ့်အရာတိုင်း..လူတိုင်းကို လက်လွှတ်ကျောခိုင်းတတ်ရပါမယ်…။ ကိုယ့်ရဲ့တန်ဖိုးကို နားလည်ပြီး…ကိုယ့်ရဲ့ဖြစ်တည်မှုကို လေးစားတတ်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်ဖို့လိုပါတယ်…။ ကိုယ့်ရဲ့ပတ်ဝန်းကျင်လေးဟာ…ဆူညံစည်ကားနေဖို့မလိုပါဘူး…။ လူတွေအများကြီး ဝိုင်းဝိုင်းလည်နေဖို့လည်းမလိုပါဘူး…။ မျက်နှာဖုံးတွေ တပ်ထားဖို့မလိုတဲ့ ပတ်ဝန်းကျင်လေးဆိုရပါပြီ…။
ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင်နေမယ်…ဆိုတဲ့ အသိလေးနဲ့ နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းခွင့်သာရချင်ပါတယ်…။
Crd - LHH
03/08/2026
ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်ဆိုတာ..
မပြုံးချင်ဘဲ ပြုံးပြရတဲ့ အပြုံးတုတွေ ခွါချထားရတဲ့အချိန်…
မပြောချင်ဘဲ ပြောနေရတဲ့ စကားတုတွေ ပြောဖို့မလိုတော့တဲ့အချိန်…
မတပ်ချင်ဘဲ တပ်ထားရတဲ့ မျက်နှာဖုံးအတုကို ချွတ်ဖယ်ထားလို့ရတဲ့အချိန်…
တစ်ကိုယ်တည်း အေးဆေးသက်သာစွာနဲ့ အရှိအတိုင်းလေးကို လက်ခံကျေနပ်နှစ်သက်နေရတဲ့အချိိန်..
ကိုယ်နှစ်သက်ရာအလုပ်ကလေးကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်နေခွင့်ရတဲ့အချိန်…
ကိုယ့်ဘဝအတွက် မလိုအပ်တဲ့အပိုတွေကို အပြီးတိုင် စွန့်လွှတ်ဖယ်ပစ်လိုက်ရတဲ့အချိန်…
ရင်ချင်းမနီးတော့တဲ့သူတွေကို လက်ပြနှုတ်ဆက်လိုက်ရတဲ့အချိန်…
စိတ်ရောကိုယ်ပါ ပေါ့ပါးလွတ်မြောက်မှုကို သိသိသာသာ ရှိုက်သွင်းခံစားလိုက်ရတဲ့အချိန်…
အဲ့ဒီအချိန်လေးဟာ နေလို့အကောင်းဆုံး အချိန်လေးပါပဲ….။
Crd…
31/07/2026
ဆရာကြီး ဦးအောင်သင်းကပြောတယ်။ လောကကြီးကို သတ္တိရှိတဲ့လူတွေက ဦးဆောင်နေတာ။ သတ္တိမရှိတဲ့သူအတွက် နေရာ မရှိဘူး' အဲ့ဒါအမှန်တရားပဲ။
အရှုံးနဲ့ ရင်ဆိုင်လိုက်ရလို့ သင်ရှုံးသွားတာမဟုတ်ပါဘူး။ နောက်ထပ်တစ်ကြိမ်အတွက် ပြင်ဆင်နိုင်ဖို့ သတ္တိရှိပါ။ အမှန်တရား ဆိုတာ ဘယ်တော့မှ မရှုံးဘူး။
ရိုးသားဖို့အတွက် သတ္တိရှိပါ။ လိမ်ညာပြီး ပြောနေတာထက် တော့ အထက်တန်းကျပါတယ်။ တကယ်တမ်းတော့ ရိုးသားခြင်းက တုံးအနေတာမှ မဟုတ်တာ။ ဘဝအတွက် လိပ်ပြာလုံပါတယ်။
မာကြောမှုအတွက် သန်မာနေမှဖြစ်သလို နူးညံ့မှုအတွက် သတ္တိရှိနေဖို့လိုတယ်။ တစ်ခုခုဆို မဝံ့မရဲတဲ့စိတ်က ကိုယ့်အနာဂတ်ကိုပါ ဖျက်စီးပစ်လိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
ဒါကြောင့်
ချစ်ရဲတဲ့ သတ္တိရှိရင် မေ့ပစ်နိုင်တဲ့ သတ္တိရှိဖို့လိုတယ်။ တွေ့ဆုံခြင်းအတွက် သတ္တိရှိရင် ခွဲခွာခြင်းအတွက် သတ္တိရှိရတယ်ငွေရှိဖို့ထက် သတ္တိရှိဖို့လိုတယ်။ ဘဝပြောင်းလဲချင်ရင် သတ္တိရှိပါ။ ရင်မဆိုင်ရဲတဲ့ စိတ်က သင့်ကို ရှုံးနိမ့်စေပါတယ်။ သင့်ရဲ့လုပ်ရပ်တိုင်းက သင့်ရဲ့စိတ်ဓာတ်ပါ။ သင်က မဖြစ်နိုင်ဘူးထင်ရင် ဘယ်အရာကမှ မဖြစ်နိုင်ပါဘူး။ သင်က မလုပ်နိုင်ဘူးထင်ရင် ဘယ်အရာကမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
သင့်ကိုယ်သင် ပြောင်းလဲဖို့ သတ္တိရှိပါ။ သင့်ဘဝကို သင်ပြောင်းလဲနိုင်ဖို့ သတ္တိရှိပါ။ သင့်အနာဂတ်ကို အလှဆုံးပုံဖော်နိုင်ဖို့ သတ္တိရှိပါ။ အများအား ဖြင့် အောင်မြင်နေတဲ့ သန်းကြွယ်သူဌေးအများစုက ငွေအရင်ရှိတာ မဟုတ်ပါဘူး သတ္တိအရင်ရှိတာပါ။ ဒါဆိုရင် သင့်ဘဝက သုညမို့လို့ဆိုပြီး အားငယ်နေဦးမှာလား။ ဒီနေ့ကစပြီး သတ္တိရှိရှိနဲ့ ပြောင်းလဲကြည့်ပါ။
21/07/2026
ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်။
မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံတတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်။
လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စုနှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်။
အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို ချနင်းနေသူထက်
အများအကျိုးအတွက်
အသက်ကို စတေးရဲသူတွေက
ပိုပြီး လူသားဆန်တယ်။
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်။
ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝရေဆန်ကို အားမာန်နဲ့ကူးနေသူက
ပိုပြီး လူသားဆန်တယ်။
အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်
ဒါပေမယ့်
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တခြားသူတွေကို
ထိခိုက်နစ်နာအောင်မလုပ်တတ်တဲ့
ကိုယ်ကျင့်တရားရှိသူက ပိုပြီးလူသားဆန်ပါတယ်။
Credit
Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
25/06/2026
" လူမှာ ဘုန်းရှိန်၊ ကံရှိန် ဆိုတာ ရှိပါတယ် "
သူတစ်ပါးကို
သွားပုပ်လေလွင့် ပြောတတ်တဲ့သူဟာ
ကိုယ့်မှာ ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန် သွားတယ်။
သူတစ်ပါးကို
ဂုဏ်သတင်း မှေးမှိန်အောင်၊
သိက္ခာ ကျ သွားအောင် လုပ်ချင်တဲ့
စေတနာဇောတွေကြောင့်
ကိုယ့်မှာလည်း ဘုန်းရှိန်၊ ကံရှိန်တွေ
သေးသိမ် မှေးမှိန် သွားစေပါတယ်။
သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ့်အရှိန်ဝါတွေ ဆုတ်ယုတ် နေပါတယ်။
သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့
မျက်နှာ၊ ကိုယ်အမူအရာတွေကို သတိထားပြီး
ကြည့်ကြည့်ရင် သိပ်သိသာပါတယ်။
ချမ်းသာမှန်သမျှ လိုချင်ရင် သူများအတင်း မပြောနဲ့ တဲ့။
ဘုရားရှင်က ဒီလို ဆုံးမထားတယ် နော်။
သူများအတင်း၊ သူများအကြောင်းထက်
အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး
ဝေဖန်နေတာ အကောင်းဆုံးပါပဲ။
သူတစ်ပါးတို့ရဲ့မလျော်သော
အပြစ်၊အနာအဆာတို့ကို လိုက်ကြည့် မနေပါနဲ့။
သူက ကောင်းတာတွေ လုပ်နေတာလား၊
မကောင်းတာတွေ လုပ်နေတာလား ဆိုတာ
ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့
လိုက်လံကြည့်ရှု မနေပါနဲ့။
ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊မလုပ်ကိုပဲ
အမြဲမပြတ် ကိုယ့်ကိုယ်ကိုသာသုံးသပ်
ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ တဲ့။
ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။
အတင်းအဖျင်း ပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။
အတင်းအဖျင်း ပြောနေတဲ့အချိန်မှာ
ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို
ပြန်ပြီး စမ်းစစ်ကြည့်၊သုံးသပ်ကြည့်ပါ...
အေးချမ်း၊ ကြည်လင် နေသလားလို့။
ကိုယ်က...
အတင်းပြောတဲ့ အချိန်မှာ
တစ်ဖက်လူက...
ဂုဏ်တော်ပွားနေချိန်၊ မေတ္တာ ပွားနေချိန်၊
တရား နာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်နေချိန်၊
ကောင်းမှု ကုသိုလ် လုပ်နေတဲ့အချိန်တို့နဲ့များ
ကြုံကြိုက်ခဲ့တယ် ဆိုရင် ...
ကိုယ့်မှာ ပိုပြီး အပြစ်ဖြစ်မှာ ကြောက်စရာ ကောင်းပါတယ်။
🙏ပါချုပ်ဆရာတော်ကြီး🙏
အိုမင်းချိန်ကျမှ မဆင်းရဲစေနဲ့
အသက်အရွယ် အိုမင်းခြင်းဆိုတာ
ရှောင်လွှဲလို့မရတဲ့ သဘာဝတရားပါ။
ဒါပေမယ့်
ကျန်းမာပြီး ပိုက်ဆံရှိတဲ့ လူအို" ဖြစ်မလား
(ဒါမှမဟုတ်)
မကျန်းမာပဲ သူများလက်ဖဝါးပေါ်မှာ
မျက်နှာငယ်ရတဲ့ လူအို" ဖြစ်မလား
ဆိုတာကတော့
အခု ပစ္စုပ္ပန်မှာ သင်ဘယ်လို လုပ်ဆောင်
နေသလဲ ပြင်ဆင်နေသလဲ ဆိုတဲ့ အပေါ်မှာ
မူတည်ပါတယ်။
ငါတို့က "အိုဖို့က လိုပါသေးတယ်
အခုတော့ ပျော်အောင်နေဦးမယ်"
နေချင်သလို နေမယ် ဆိုပြီး
ဆင်ခြေပေးနေသလား။
အဲ့ဒါဆိုရင်တော့ သင်ဟာ
အချိန်" ရဲ့ တိုက်စားမှုကို မေ့နေလို့ပဲ။
လူဟာ အိုလာရင်
ရှာရဖွေရ မလွယ်တော့ပါဘူး။
လုပ်ချင်ကိုင်ချင် စိတ်ရှိပေမယ့်
ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး။
အဲဒီအချိန်ကျမှ ငါ့သားသမီး အားကိုးမယ်
ငါ့ဆွေမျိုး
အားကိုးမယ်" လို့ တွေးနေရင်တော့
ကံစမ်းမဲ နှိုက်နေတာလို့ပဲ ပြောပါရစေ။
မသေချာမှုကို မျှော်လင့်နေတဲ့ လုပ်ရပ်ပါပဲ။
သင်က
အိမ်တစ်လုံး ဆောက်နေတယ် ဆိုပါစို့။
မိုးမရွာခင်မှာ အမိုးကို အရင်မိုးထားရမယ်။
မိုးရွာချလာမှ အမိုးတက် မိုးရင်တော့
သင်ရော သင်ရဲ့ပရိဘောဂတွေရော
အကုန် စိုရွဲကုန်မှာပဲ။
အိုမင်းခြင်း"ဆိုတာ အဲ့ဒီလိုပါပဲ
ကိုယ့်ရဲ ခြေတွေလက်တွေ ခိုင်နေတုန်းမှာ
အမိုး"ဖြစ်တဲ့ ကျန်းမာရေးနဲ့ ငွေကြေးကို
အပြည့်အစုံ ဖြစ်အောင် ပြင်မထားနိုင်ရင်
တော့
အိုလာတဲ့အခါ ဘဝက
စိုစိုရွဲရွဲနဲ့ တုန်ချိနေရလိမ့်မယ်။
သူများ အကြွေကို စောင့်စားရတဲ့ဘဝဟာ
အိုတဲ့အခါ အဆိုးဆုံးပါပဲ။
ဒါကို သင့်ပတ်ဝန်းကျင်မှာလည်း တွေ့နိုင်
ပါလိမ့်မယ်။
မအိုခင်မှာ
ဘာတွေပြင်ဆင်ထားသင့်လဲဆိုတော့
#ကျန်းမာရေး (ဒါက အဓိက အရင်းအနှီးပဲ)
ပိုက်ဆံတွေ ဘယ်လောက်ရှိရှိ
ဆေးရုံကုတင်ပေါ်မှာပဲ အချိန်ကုန်နေရမယ်
ဆိုရင် အိုရကျိုးမနပ်ဘူး။
အခု အရွယ်ကောင်းတုန်းမှာ
ကိုယ့်ခန္ဓာကိုယ်ကို ဒုက္ခပေးတာမျိုး မလုပ်ပါနဲ့။
ဥပမာ ဆေးလိပ်၊ အရ,က်သောက်တာမျိုး
မလုပ်နဲ့လို့ ဆိုလိုတာပါ။
အိပ်ချိန်၊ စားချိန် ဂရုစိုက်ပါ။
အခု လေ့ကျင့်ခန်းလုပ်တာ
ကျန်းမာအောင် နေတာတွေဟာ
အိုလာတဲ့အခါ
ကိုယ်တိုင် ပြန်သုံးရမယ့် အကျိုးအမြတ်တွေပဲ။
#ငွေကြေး (ကိုယ့်ဒူးကိုယ်ချွန်နိုင်ဖို့)
သားသမီးက ကျွေးမှာပါ" ဆိုတာ အိပ်မက်ပဲ။
သူတို့မှာလည်း သူတို့ဝန်ထုပ်ဝန်ပိုးနဲ့သူ။
ကိုယ့်လက်ထဲမှာ "အိုစာမင်းစာ" ဆိုတဲ့
ပိုက်ဆံလေးတော့ ရှိနေမှ ဖြစ်မယ်။
ပိုက်ဆံရှိတဲ့
လူအိုဟာ သားသမီး မြေးတွေအတွက်
ဘိုးဘိုးကြီး၊ ဘွားဘွားကြီး" ဆိုပြီး
ချစ်စရာကောင်းပေမယ့်
ပိုက်ဆံမရှိတဲ့ လူအိုကတော့ "လူပိုကြီး"
ဖြစ်သွားတတ်တာ လောကရဲ့ အမှန်တရားပဲ။
အခုကတည်းက
စုဆောင်းပါ၊ ရင်းနှီးမြှုပ်နှံပါ။
#စိတ်ဓာတ် (အထီးကျန်မှုကို အနိုင်ယူဖို့)
အိုလာရင် သူငယ်ချင်းတွေ နည်းလာမယ်
အဖော်တွေ နည်းလာမယ်။
အဲဒီအချိန်မှာ တစ်ယောက်တည်းလည်း
ပျော်အောင်နေတတ်တဲ့ အလေ့အကျင့်
(သို့မဟုတ်)
ဝါသနာတစ်ခုခု ရှိနေဖို့ လိုတယ်။
စာဖတ်မလား၊ တရားအားထုတ်မလား
တစ်ခုခုကို လေ့လာမလား။
စိတ်ဓာတ်ခိုင်မာတဲ့ လူအိုဟာ အိုပေမယ့်
မဆွေးဘူး။
အိုပေမဲ့ တန်ဖိုးရှိနေဦးမှာပဲ။
သင် အိုလာတဲ့အခါ
မျက်နှာမငယ်ချင်ဘူး ဆိုရင်တော့
အခုကတည်းက
အသေအချာ ပြင်ဆင်လိုက်စမ်းပါ။
အချိန်က
မင်းကို စောင့်နေမှာ မဟုတ်ပါဘူး။
ပြင်ဆင်ထားတဲ့သူကမှ အိုတဲ့အခါမှာလည်း
ဘုရင်တစ်ပါးလို ခန့်ညားနေမှာပါ။
ကြိုတင်ပြင်ဆင်ခြင်းက
ဘယ်သောအခါမှ အကျိုးမယုတ်ပါဘူး။
အိုမင်းခြင်းအတွက်
ဘယ်အချိန်ပြင်ဆင်ရမလဲ မေးရင်
အခုချိန်ကစပြီး ပြင်ဆင်သင့်တယ်လို့
အကြံပြုလိုက်ပါရစေ......။
#ပြန်လည်မျှဝေပါသည်
19/04/2026
ရေကဲ့သို့ကျင့်ပါ
-------------------
“ရေစက်ရေပေါက်လေးများသည် ကျောက်တုံးကို ဖြိုခွဲနိုင်သည်ဆိုခြင်းမှာ အင်အားကြောင့်မဟုတ်။ အဆက်မပြတ် တိုးတိုက်နိုင်စွမ်းကြောင့်ဖြစ်သည်။ ရေကဲ့သို့ကျင့်ပါ။ အရှုံးမပေးပါနှင့်”
ထိုစကားပုံလေးကို အလွန်သဘောကျမိသည်။
လက်တင်စကားပုံတစ်ခုတွင်လည်း
“ရေစက်ကလေးသည် ကျောက်တုံးကို ပေါက်စေသည်” ဟူ၍ တွေ့ရသည်။ ထိုသဘောအတိုင်း ဖြစ်သည်။ အောင်မြင်ချင်သလား စဉ်ဆက်မပြတ် (Consistency) လုပ်ဆောင်နိုင်စွမ်းလိုသည်။ အဆက်မပြတ် တိုးတိုက် နိုင်စွမ်းသည်သာလျှင် စွမ်းအားဖြစ်သည်။
ကျောက်တုံးဆိုသည်မှာ ခိုင်မာတောင့်တင်းသည့် “ခွန်အား” ကို ကိုယ်စားပြုသည်။ ရေဆိုသည်မှာ နုညံ့ ပျော့ပြောင်းသော်လည်း “ဇွဲ” ကို ကိုယ်စားပြုသည်။ ကျောက်ဆောင်ကြီးတွေ ရေနှင့် ပွတ်တိုက်ဖန်များသော် ပြိုပျက်ရသည်။ မည်မျှ မာကြောသည်ဆိုစေ အချိန်နှင့်အမျှ တိုက်စားဖန်များလျှင် ပြိုပျက်သည်။ အစဉ်တစိုက် လုပ်ဆောင်နိုင်စွမ်းက အရေးကြီးသည်။
“ရေကဲ့သို့ကျင့်ပါ” ဆိုသည်ကို Bruce Lee လည်းပြောဖူးသည်။ ရေ၏ထူးခြားချက်မှာ သူ့ကိုထည့်ထားသည့် ခွက်အနေအထားအရ ပုံစံပြောင်းနိုင်သည်။ ထည့်သည့် အိုးခွက်အလိုက် ပုံစံအမျိုးမျိုးတည်နိုင်သည်။ သို့သော် အက်ကြောင်းလေးတစ်ခုတွေ့သည်နှင့် ထိုးဖောက်ထွက်တတ်သည်။
ဖောက်ထွက်နိုင်မှုကို ကံတရားကြောင့်ပါဟု အချို့ကထင်ကြသည်။ အမှန်တော့ စနစ်တကျလေ့ကျင့်မှုက အောင်မြင်မှုတစ်ခုဖြစ်သွားနိုင်သည်။ မည်သည့်နယ်ပယ်တွင်မဆို ကျွမ်းကျင်သူတစ်ဦး ဖြစ်ရန်အတွက် တစ်နေ့တည်း၊ တစ်ချိန်တည်းနှင့် မရနိုင်ပေ။ အချိန်ယူကာ နေ့စဉ်လေ့ကျင့်ပြီး လုပ်ဆောင်နိုင်စွမ်းကသာလျှင် အောင်မြင်မှုကို ဖြစ်စေနိုင်ပါသည်။
ဥပမာ စာရေးချင်သူတစ်ဦးအနေဖြင့် စိတ်ကူးပေါက်မှ ထရေးခြင်းထက်၊ နေ့စဉ်ပုံမှန် အချိန်ပေးပြီး ဖတ်ချိန်ဖတ်၊ တွေးချိန်တွေး၊ ရေးချိန်တွင်ရေးနေခြင်းသည် စာရေးဆရာကောင်းတစ်ယောက် ဖြစ်စေနိုင်ပါသည်။
Scapegoating ဆိုသည့် စကားလုံးတစ်လုံးရှိသည်။ မိမိ၏အမှား၊ ကျရှုံးမှု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်နေသည့် ပြဿနာရပ်များအတွက် တရားခံအစစ်ကို ရှာဖွေရမည့်အစား အပြစ်မရှိသူ သို့မဟုတ် ခုခံနိုင်စွမ်းမရှိသူ သို့မဟုတ် အုပ်စုတစ်စုကို ဓားစာခံအဖြစ် အပြစ်ပုံချခြင်းဖြစ်သည်။
"Scapegoat" သည် ရှေးဟောင်းဘာသာရေး ဂျင်းတစ်မျိုးဖြစ်သည်။ ရှေးခေတ်လူတွေသည် အပြစ်တစ်ခုခု ပြုလုပ်မိလျှင် သူတို့လုပ်ထားသည့် အပြစ်ကို ကျေပျက်စေရန်အတွက် ဆိတ်တစ်ကောင်ကိုခေါ်လာပြီး သူတို့အပြစ်ကို ဆိတ်ခေါင်းပေါ်တင်ကာ ထိုဆိတ်ကို တောထဲမောင်းထုတ်လိုက်ခြင်းမျိုးဖြစ်သည်။ ငါတို့ အပြစ်တွေ ဆိတ်နဲ့အတူပါသွားပြီ၊ ငါတို့ သန့်ရှင်းသွားပြီဟူ၍ ထင်သည့်အလေ့အထကစတင်ခဲ့သည်။
လူတစ်ယောက်သည် ကိုယ့်အားနည်းချက် သို့မဟုတ် မကောင်းသည့်စိတ်များဖြစ်ပေါ်လာသည့် အခါတွင် မိမိကိုယ်မိမိအပြစ်တင်ရမည်ကို ကြောက်သည့်အခါတွင် အခြားသူအပေါ် ပုံချခြင်းများ လုပ်တတ်ကြသည့် သဘောပင်။
Scapegoating သည် အမှန်တရားကို ရင်မဆိုင်ရဲသူတို့၏ သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သည်။
အမုန်းတရားကို နှလုံးသွင်းကာ အငြိုးအတေးကြီးနေသူတစ်ယောက်အတွက် မည်သည့်အခါမျှ ငြိမ်းချမ်းမှု မရနိုင်ပေ။ သူ့နှလုံးသားသည်လည်း အမုန်းရေစက်ဖြင့် တစ်စက်စက်၊ တစိမ့်စိမ့် ချေဖျက်ထားခြင်း ခံနေရသော ကြောင့် ကျေပျက်ကောင်း ကျေပျက်နေပေလိမ့်မည်။ သူ့နှလုံးသားထဲကို အမုန်းတရားရေစက် အဆက်မပြတ် ထိုးဖောက်ခြင်းကို ခွင့်ပြုထားသူ၏ ခံစားရမည့် ဆုလာဘ်ဖြစ်သည်။
မည်သူမဆို မိမိလုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိပြီး၊ နေ့စဉ်စိတ်ကောင်းနှလုံးကောင်းဖြင့် အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ လုပ်ဆောင်နိုင်လျှင် သူတစ်ပါးကို လက်ညှိုးထိုးစရာမလိုသည့် စိတ်အေးချမ်းမှုကို ရရှိစေနိုင်သည်။
သူတစ်ပါးကို အပြစ်တင်နေသူမှာ အမြဲပူလောင်နေရမည်မှာ သေချာသည်။
Crd to ဆရာဦးတင်ညွန့်
16/04/2026
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. , Kyaikkasan Road, Tamwe Township
Yangon
453
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |