KO KO Attraction

KO KO Attraction

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KO KO Attraction, Beauty, cosmetic & personal care, Building-7, Aung ThaPyay Street, 2nd Floor, Yangon.

18/09/2023

#တရားခံ
------------

မကြီး၏ အမူအရာသည် ဝမ်းနည်းညှိုးငယ်နေပုံရသည်။ သူကတော့ မကြီးမျက်နှာကို စေ့စေ့မကြည့်။ မကြီးမျက်နှာကိုတင် မဟုတ်။ ကျန်နှမများဖြစ်သော မငယ်ရော၊ မထွေးနှင့် မလေးတို့ မျက်နှာတွေကိုပါ မကြည့်ချင်။

ဧည့်သည်များ စဲသွားပြီဖြစ်၍ ညီမငယ်များက သိမ်းဆည်းစရာတွေ သိမ်းနေကြသည်။ မကြီးတစ်ယောက်တည်း သူ့ရှေ့မှာ ထိုင်နေသည်။ မကြီးသည် လက်ကိုင်ပဝါနှင့် မျက်လုံးအိမ်ကို တို့လိုက်၏။ တစ်စုံတစ်ခု သူ့ကို ပြောရန် အားယူနေပုံရသည်။

“ကိုကိုကြီး အမေ့ကိစ္စကတော့ ပြီးသွားပြီ” မကြီးသည် စကားကို ရှေ့မဆက်။

“ဟုတ်တာပေါ့။ နင်တို့အနေနဲ့က ကိစ္စက ပြီးသွားပြီပေါ့” သူက ဒါပဲ ပြောလိုက်၏။ မကြီးက ရှေ့စကားဆက်ရန် မဝံ့မရဲဖြစ်နေပုံရသည်။ သူကတော့ မကြီးနှင့်တကွ ညီမတွေ အားလုံးကို ဒီလိုမထင်။ ဘာမဆို လုပ်ရဲကိုင်ရဲကြသော သူရဲကောင်းမတွေဟု ထင်သည်။ မကြီး ပြောသလို အမေ့ကိစ္စ ပြီးပြတ်သွား၍ ယနေ့ ရက်လည်ဆွမ်းကျွေး ပြီးပြီ။ အမေ ဆုံးသည့်နေ့က စ၍ အမေ့ကို သင်္ဂြိုဟ်သည့်နေ့အထိ သူ့ညီမတွေသည် မျက်နှာပြောင်သည်။ လှိုက်လှိုက်လှဲလှဲ ငိုကြွေးပြကြသည်။ ငြီးငြီးလောင်နေသော မီးသင်္ဂြိုဟ်စက်ထဲသို့ အမေ့ခေါင်းကို ထည့်ခါနီးတော့ မထွေးက ပုံလျက်သား လဲကျသွားလိုက်သေးသည်။ ကျန်ညီအစ်မ သုံးယောက်ကလည်း မီးလျှံခန်းထဲကိုပင် ဝင်လိုက်လုမတတ် ဘေးကမိတ်ဆွေများက ဆွဲရငင်ရ တရားပြရနှင့် အတော် ကြည့်ကောင်းသော ဇာတ်ကွက်ဟု သူက ထင်သည်။

အမေသာ သူ့စကား နားထောင်၍ သူနှင့် လိုက်နေလျှင် ဒါလောက် အဖြစ်ဆိုးမည် မထင်။ အမေ့အိမ်က စမ်းချောင်းထဲမှာ။ ကန်ထရိုက်တိုက်တွေ မိုးထိမြင့်တက်ချိန်တွင် အမေ့ အိမ်လေးက မြေမှာ ဝပ်နေသည်။ ပေ ၄၀၊ ၆၀ မြေမှာ အမေက လေးပင်သုံးခန်း ပျဉ်ထောင်အိမ်‌လေး(။?) အဖေရှိစဉ်ကတည်းက ဆောက်ထားသည်။ အဖေဆုံးတော့ အမေ သူ့သမီးတွေနှင့် နေသည်။ သမီးလေးယောက်လုံးက အိမ်ထောင်ကျပြီ။

ထပ်ခိုးလေးမှာ အထွေးက နေ၍ ကျန်ညီအစ်မ သုံးယောက်က အောက်ထပ်မှာ နေသည်။ အိမ်ထောင်သည်တွေမို့ အိုးခွဲစားကြသည်။

သူသည် အမေ့အိမ်ကို ခဏခဏ လာရောက်လည်ပတ်၍ အမေ့ကို လာကြည့်သည်။ အမေကလည်း သူ့အိုးလေးနှင့်သူ ထမင်းချက်စားသည်။

“အမေကလည်း ပင်ပန်းလိုက်တာ။ ကျွန်တော်နဲ့ လိုက်နေလေ။ အမေ ထမင်း မချက်ရပါဘူး”

သူသည် တာမွေမှ အိပ်ခန်းငှားနေသည်။ သူ့ဇနီးနှင့် ကလေး နှစ်ယောက်ပဲ ရှိသည်။ အမေက မလိုက်လို။ သူ့ဇနီးကို ချွေးမဖြစ်၍ သံသယ ရှိနေလေသလား။ အားနာ၍ပဲ နေလေသလား။ ဒါမှမဟုတ် ဒီပျဉ်ထောင်အိမ်လေးကို အဖေက စာရေးလုပ်၊ အမေက ဈေးရောင်း၍ ဆောက်ထားကြရသည်။ ဟိုစဉ်က မြေကွက်ဈေးမှာ သောင်းဂဏန်းလောက်ပဲ ရှိသည်။ လင်မယားနှစ်ယောက် ဓားမဦးချ ထူထောင်ခဲ့၍များ သံယောဇဉ် တွယ်နေသလား မသိ။ သူ ခေါ်သည်ကို မလိုက်။ သူသည် အစ်ကိုအကြီးဆုံး ဖြစ်၍ ညီမတွေကို ခေါ်ပြောရသည်။

“အမေက ဈေးရောင်းပြီး နင်တို့ကို ဒီဂရီရတဲ့အထိ ကျောင်းထားရတာ၊ အခု အလုပ်လည်း ကိုယ်စီရှိနေပြီ။ အမေ့ကို တစ်ယောက်တစ်နေ့ ကျွေးပါလား”

ညီမလေးယောက်စလုံး တစ်ယောက်မှ ခေါင်းမညိတ်လေတော့။ သူက လတိုင်း အမေ့အတွက် ငွေနှင့် ဆီ၊ ဆန် လာ၍ ပို့ရသည်။ အမေ ခုလိုမဖြစ်ခင် တစ်နှစ်ကတော့ မကြီးက ခေါင်းဆောင်၍ ညီအစ်မတွေ အမေ့ကို သူ့ရှေ့မှာ ပြောကြသည်။

“ဒီမြေကြီးကို ကန်ထရိုက်ပေးပြီး တိုက်ဆောက်လိုက်ပါလား အမေ။ ၄ ထပ်ဆိုရင် ၈ ခန်း။ အဲဒီအထဲက ၄ ခန်း ကျွန်မတို့ ရမယ်။ ငွေလည်း ရမယ်”

အမေ ဘာပြောမလဲဟု သူ အမေ့ကို ကြည့်နေသည်။ အမေသည် သူ့သမီးတွေကို ရီဝေဝေမျက်လုံးနှင့်သာ ကြည့်နေသည်။ ဘာမှပြန်မပြော။ ညီအစ်မတွေ အားမလိုအားမရ ဖြစ်နေပုံရသည်။ သူ တစ်နေ့ အမေ့ကို ထမင်းခေါ်ကျွေးပြီး အမေ့ဆန္ဒကို တီးခေါက်ကြည့်သည်။

“သူတို့ပြောသလို ကန်ထရိုက်တိုက် ဆောက်လိုက်ပါလား အမေ”

အမေက ပြုံးလိုက်၏။

“ကန်ထရိုက်ကို အပ်ပြီး ဆောက်မယ်ဆိုရင် ၄ ခန်းပဲ အမေတို့ ရမယ်လေ။ သားက ဘယ်သွားနေမလဲ။ သူတို့ ၄ ယောက်က လေးခန်း ယူမှာပေါ့”

“အမေကလည်း သားအတွက် ထည့်မတွက်နဲ့။ ကျွန်တော် အခန်း မယူပါဘူး။ ကန်ထရိုက်က ပေးတဲ့ ငွေထဲက အမေ ကျေနပ်သလောက် ပေးပေါ့”

“မဖြစ်ပါဘူး သားရယ်၊ အမေ ခေါင်းချစရာ အိမ်မရှိဘဲ ဖြစ်မယ်”

အမေ အသက်ရှင်စဉ်မှာတောင် အမေ့ကို ထမင်းကျွေးဖို့ တွန့်ဆုတ်နေကြသော သမီးတွေကို အမေ ယုံဟန်မတူ။

“ကျဉ်းကျဉ်းကျုတ်ကျုတ် အမေ မနေတတ်ပါဘူး”

စကားကို လှည့်၍ အဖြေပေးလိုက်သည်။

အိမ်နားနီးချင်းတွေက သူ့ကို တိုင်ကြသည်။ အမေအိုကြီး ဒီအရွယ်မှာ ဈေးသွားသည်မှာ မတော်ဟု ဆိုကြသည်။ သူ ဘာလုပ်ရမှန်းမသိ။ အမေ့ကို ခေါ်ထား၍လည်း မရ။ သူ့နှမတွေကလည်း အမေတစ်ယောက် ထမင်းစားဖို့ တာဝန်မယူကြ။ ဒါတောင် အိမ်နီးနားချင်းတွေ သူ့ကို အစုံမပြောပြ။ အိမ်ချင်းထိကပ်နေသော ရပ်ကွက်ထဲမှာ သူတို့အိမ် ဘာဖြစ်သည်ကို ခြေရင်းခေါင်းရင်း အိမ်တွေက မသိချင်အဆုံး။ သမီးအငယ်ဆုံး အထွေးက စကားပြော အပက်စက်ဆုံးနှင့် အသံအကျယ်ဆုံး။

“မျက်လုံးတွေက ဘာထိုးထားလဲ။ ကလေးလိမ့်ကျတာ မဆွဲနိုင်ရအောင်”

အမေသည် ဘာမှပြန်မပြော။ သူ့ခြေထောက်က ကလေးကို ဆွဲနိုင်လောက်အောင် သွက်လက်စွာ မသွားနိုင်။ ကလေး လှေကားထိပ်အရောက်။(၊?) သူ ပြေးသွားပေမယ့် သူ့ခြေထောက်က ဆွဲရာသို့ မပါ။ အမေသည် တံခါးဝမှာ ငုတ်တုတ်ထိုင် လိုက်သည်။ ကျယ်လောင်စွာ အော်ငိုနေသော ကလေးကို အမေ ဝမ်းနည်းပမ်းနည်း စိုက်ကြည့်နေမိသည်။ အထွေးလက်ထဲက ကလေးနဖူးမှာ အဖုကြီး ထွက်ကာ ရောင်နေသည်။

အထွေး၏ ဒေါသလွန်ကဲနေသော မျက်နှာကို ကြည့်ရင်း အမေ သက်ပြင်းချမိ၏။ လကုန်ခါနီး၍ မီး၊ မီတာခ၊ ရေခွန်၊ မြေခွန် လာရောက်ကောက်ခံလျှင် သူတို့အိမ်မှာ စီစီညံညံ ကြားရပြန်သည်။

"သမီးတို့လေးယောက် တစ်ယောက်တစ်လစီ မီတာခ ဆောင်ပါလားကွယ်”

အမေက သမီးများကို မေတ္တာရပ်ခံ၏။

"အမေဆိုပြီးတော့ အမေ မပီသလိုက်တာ။ သမီးတွေ အိမ်ပေါ်နေတာကို ပိုက်ဆံ တောင်းတယ်”

အထွေးအသံကျယ်ကျယ်က စလာသည်။

“အမေ့မှာ ဘာဝင်ငွေရှိလို့လဲ”

အမေက ဒါပဲ ပြောပြနိုင်သည်။

“ဒါဆိုရင် ဒီလိုလုပ်လေ။ သမီးတို့ အခွန်တွေ ဆောင်မယ်၊ ဒီအိမ်ကို သမီးတို့လေးယောက် နာမည်နဲ့ ပြောင်းပေး”

မငယ်က ဝင်ပြောလာသည်။

“ဟုတ်တယ်၊ အဲဒါကို မကြီး သဘောတူတယ်”

အကြီးဆုံးမကြီးက ထောက်ခံလာသည်။ မလေးကတော့ ကန့်လည်း မကန့်ကွက်၊ ထောက်လည်း မထောက်ခံ။ အမေသည် သမီးကြီးမျက်နှာကို စေ့စေ့ကြည့်နေသည်။ အကြီးဆုံးမို့ ညီမတွေကို ပြေရာပြေကြောင်း ပြောလိမ့်မည်လားဟု သူ မျှော်လင့်သည်။ ယခုတော့ သမီးကြီးကပါ အမွေစကား ဆိုလာသည်။

"အမေ သေခါနီးပါပြီ။ အမေသေတော့ ယူကြတာပေါ့”

မကြီးမျက်နှာကို ကြည့်ရင်း ကြေကွဲစွာ ပြောလိုက်သည်။ သမီးတွေရဲ့ မျက်နှာက အားလုံး တင်းမာသွားသည်။ ဒီအဖြစ်တွေကို အမေက သားဖြစ်သူကို ပြောမပြပေ။

လွန်ခဲ့သောအပတ်က မိုးတွေသည်းနေတုန်း အမေ ဈေးသွားသည် ဆိုသည်။ ဈေးကအထွက် အမေ လဲကျသွား၍ ဆိုက်ကားသမားက အိမ်ကို ခေါ်လာရသည်။ သူ့ရုံးကို လိုက်လာပြော၍ အမေ့ကို သွားကြည့်တော့ အမေ အပြင်းဖျားနေသည်။ ပေါင်ထိပ်ရိုး ကျိုးသွားသည်။

ဆေးရုံတင်ဖို့ကအစ အားလုံးပဲ သူ တာဝန်ယူပါသည်။ ညဉ့်ရေးညတာ စောင့်ဖို့ကျတော့ ညီမတွေကို ပြောမရ။ ကလေး အကြောင်းပြ၊ အိပ်ရေးပျက် မခံနိုင်ဟု ဆိုကြသည်။ အမေ့ကို သင်္ဂြိုဟ်စဉ်က မူးမေ့လဲပြသော အထွေးက အဆိုးဆုံး။

“သူ့ဟာသူ မနေနိုင်၊ မထိုင်နိုင် ဈေးသွားလို့ ဖြစ်ရတာ၊ ဖြစ်(တာ?)တောင် နည်းသေး"

ဖျားနေသော အမေ့ကို ရန်တွေ့သည်။ ဘယ်သူမှ ရုံးတစ်ရက် အပျက်မခံ။ သူ့ညီမတွေကို နာကြည်းလိုက်တာ။

“နင်တို့ အမေဘဝကို အားလုံးရောက်ကုန်ကြပြီ။ နင်တို့ တစ်နေ့ ကောင်းကောင်း ဝဋ်လည်မယ်”

ဆေးရုံပေါ်မှာ ညီမတွေကို သူ ကြိမ်းဝါးလိုက်သည်။ သူ့ညီမများသည် အမေ ဆုံးသည့်နေ့ကတော့ ငိုလိုက်ကြတာ ကျွက်ကျွက်ညံပါရော။

အိမ်နီးနားချင်းတွေက

“မောင်သောင်းဒန်နှမတွေ အမေကြီးကို စကားပြောတာ ရင့်သီးကြမ်းတမ်း လိုက်တာ”

ဟူ၍ သူ ကြားရစဉ်က မယုံချင်။ အမေ ဆေးရုံတက်ရတော့မှ သူ့နှမတွေအဖြစ်က သြချလောက်ပါသည်။

အမေသည် သူ လက်ခံယုံကြည်ချက်နှင့် နေသွားပုံရသည်။ သူ့မျက်မြင် ကိုယ်တွေ့ရော၊ အိမ်နီးနားချင်းတွေ အပြောနှင့်ရော သူက နှမတွေ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကို မကြိုက်၍ ပြောလျှင် အမေက သူ့ယူဆချက်ကို ပြောပြသည်။

“အမေ ဘုရားရှိခိုးရင် တိုးတိုးရှိခိုးတယ်။ မေတ္တာပို့လည်း တိုးတိုးပဲ။ ဒါပေမဲ့ နောက်ဆုံးအပိုဒ် ‘ကောင်းမှု၊ မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်တကား’ ဆိုတဲ့ အပိုဒ်ကို အမေ ကျယ်ကျယ် ရွတ်တယ်။ သူများ ကြားစေချင်လို့ မဟုတ်ဘူး။ အမေ့ကိုယ်အမေ ကြားစေချင်လို့၊ နှလုံးသွင်းစေချင်လို့။ သားတို့ဖေဖေနဲ့ ပေါင်းလာတဲ့ တစ်လျှောက်မှာရော၊ သားတို့၊ သမီးတို့ မွေးဖွားလာစဉ်မှာရော အမေ့အလုပ်တွေဟာ ကောင်းတာချည်းပဲ မဖြစ်ခဲ့ပါဘူး။ မကောင်းတာလည်း ဖြစ်ခဲ့မယ်။ အတိတ်ကလည်း ဒီလိုပဲ။ အဲဒီတော့ အမေပြုတဲ့ ကောင်းမှု၊ မကောင်း မှုကံကို အမေ ခံရတာ။ အမေ့ရဲ့ ကိုယ်ပိုင်ဥစ္စာကို ကိုယ်သုံးရတာပဲ။ သားက ဘာမှ နာသာခံခက် မဖြစ်နဲ့”

အမေ ဒီလိုနှလုံးသွင်းနိုင်လို့ ထင်သည်။ ဒီသမီးတွေကြားမှာ လှုပ်စိလှုပ်စိနှင့် နေသွားနိုင်သည်။ ပေတေခံသည်။ အဖေရှိတုန်းကရော သားသမီးတွေ ငယ်စဉ်ကရော အမေ ဆိုင်ထွက်လိုက်၊ ထမင်းချက်လိုက်နှင့် နေလာခဲ့ရသော အမေ့လက်သည် နောက်ဆုံး သေရမည့်အချိန်ထိ ထမင်းအိုးနှင့် ထိနေရသည့် အဖြစ်ကိုတော့ သူ ရင်နာပါသည်။ သူ့နှမတွေသည် အမေ ခြေတစ်ဖက် နာနေပြီကို သိလျက်နှင့် ဈေးသွားမပေးကြ။ အမေတစ်ယောက်စာအတွက် ထမင်းတစ်နပ်စာ ချက်မကျွေးကြ။ ဘယ်လိုအဖြစ်ပါလိမ့်။ သူက အမေ့လို နှလုံးမသွင်းနိုင်ပါ။ နှမတွေကို နာကြည်းစိတ်သာ ပိုလာသည်။

သူ့ရင်ထဲမှာ အမေဆုံးတော့ စိတ်ထိခိုက်သား။ ဒါပေမဲ့ သူ့နှမတွေ ငိုသံကြား၍ သူ မျက်ရည် မထွက်တော့။ ယခုလည်း မကြီးက ဘာပြောချင်သည် မသိ။

“နင်တို့ ထမင်းမကျွေးချင်တဲ့ အမေကြီး သေသွားပြီ။ ဘာလုပ်ချင်သေးလဲ”

သူက ခပ်ငေါက်ငေါက် မေးလိုက်၏။

“ညီမလေးတို့က ပြောခိုင်းလို့ပါ”

မကြီးက မဝံ့မရဲ ပြောလိုက်၏။ အလုပ်လုပ်နေသော မငယ်၊ မလေးနှင့် မထွေးပါ သူတို့အနား ရောက်လာကြသည်။

“နင်တို့က ဘာလုပ်ချင်လို့လဲ”

ညီအစ်မတွေသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်၏။ မကြီးက မထွေးကို မျက်ရိပ်ပြလိုက်သည်။ မထွေးက ရှေ့ဆောင်ပြောသည်။

“အမေလည်း မရှိတော့ဘူး။ ဒီအိမ်ကို ကန်ထရိုက်တိုက် ဆောက်လိုက်ချင်လို့ပါ။ အစ်ကိုကြီးသဘော ညီမလေးတို့ သိချင်လို့”

သူသည် အမေ့မျက်နှာကို မြင်ယောင်လာသည်။

“အမေ ဆန္ဒမရှိတာကို ငါ မပါချင်ဘူး။ နင်တို့ဘာသာ လုပ်လည်း ဒီတိုက်ခန်း ငါ မလိုချင်ဘူး”

"ဒီလိုဆိုရင် ကန်ထရိုက်ကပေးတဲ့ ငွေ ၁၀ သိန်းကို အစ်ကိုကြီးက ၂ သိန်းယူပါ။ ကျန် ၈ သိန်းကို ကျွန်မတို့ညီအစ်မလေးယောက် ၂ သိန်းစီနဲ့ တိုက်ခန်းတစ်ခန်းစီ ယူမယ်။ အစ်ကိုကြီး ကျေနပ်လား”

မကြီးက ကောက်ကာငင်ကာ ပြောလိုက်၏။ မဝံ့မရဲ အမူအရာ လုံးဝ မရှိတော့။ သူသည် မကြီးမျက်နှာကို စေ့စေ့ကြည့်လိုက်သည်။

“နေပါဦး၊ နင်တို့က ဘယ်တုန်းကများ ဒီကန်ထရိုက်နဲ့ အစီအစဉ် လုပ်လိုက်တာလဲ။ အမေကဖြင့် ဆုံးတာ ဒီနေ့မှ ရက်လည်တယ်”

ညီမလေးယောက်လုံး မျက်လွှာချနေကြသည်။ ဘာပြောပြောလေ၊ အစ်ကိုကြီး ပြောချင်တာ ပြော၊ သူတို့က လက်ရှိအိမ်မှာ နေထိုင်ကြသူတွေ။ သူတို့ ဆန္ဒမပါဘဲ အစ်ကိုကြီး ဘာမှမလုပ်နိုင်။

အမေ သေတဲ့နေ့ကတည်းက သူတို့ ရင်မှာ တိုက်ခန်းဆောက်ပြီးသား။

* * *

နောက်လအတွင်းမှာ မကြီးက သူ့ကို ငွေ ၂ သိန်း လာပေးသည်။ ဝတ်လုံတစ်ယောက်လည်း မကြီးနှင့်အတူ ပါလာသည်။ အမေ့မြေရာမှာ တိုက်ခန်းပေါင်း ဆယ့်နှစ်ခန်း ဆောက်ကြမည် ဆိုသည်။

“မကြီးတို့ ကြည့်မြင်တိုင်နဲ့ စမ်းချောင်းမှာ ခေတ္တ အိမ်ငှား နေကြပါတယ်။ တိုက်ဆောက်ပြီးတော့မှ ပြောင်းကြမယ်”

သူ ဘာမှမပြော။ စာချုပ်စာတမ်းမှာ လက်မှတ်ထိုးစရာ ရှိတာသာ သူ ထိုးလိုက်သည်။ အမေ့မြေရာနှင့်ရော၊ တိုက်ခန်းနှင့်ရော သူက ဘာမှမပတ်သက်။ အမွေနှစ်သိမ်း(သိန်း?) အပြတ်သဘောပေါ့။ အားလုံးကို သူ စွန့်လွှတ်လိုက်ကြောင်း စွန့်လွှတ်စာချုပ်မှာ အပြီးအပိုင် လက်မှတ်ရေးထိုး ပေးလိုက်သည်။

အမေ အသက်ရှင်စဉ်က အိုကြီးအိုမအရွယ် တာဝန်မယူချင်သူတွေ အမေ့မြေရာပေါ်မှာ တိုက်ခန်းတွေနှင့် နေကြတော့မည်။

တစ်လ၊ တစ်လနှင့် သူ့ညီမတွေ ပေါ်မလာကြ။ သူကလည်း စိတ်ထဲက ခပ်ချဉ်ချဉ်ရှိ၍ မသွား။ တိုက်ကို ၆ လနှင့် အပြီးဆောက်မည် ဆိုသည်။

၆ လကျော်တော့ မကြီးနှင့် အထွေးတို့ ရောက်လာကြသည်။

“နင်တို့ တိုက်ဆောက် ပြီးကြပြီပေါ့။ အခန်းတွေ ရကြပြီလား” သူက မေးလိုက်သည်။

အထွေးက ဆိုင်းမဆင့် ဗုံမဆင့် ငိုပါတော့သည်။

“ကိုကိုကြီးရယ်၊ အထွေးဖြင့် စိတ်ညစ်လိုက်တာ”

မကြီးကလည်း မျက်ရည်တွေ ဝဲလာသည်။

“ဘာဖြစ်လာကြတာလဲ”

သူက ညီမတွေမျက်ရည်ကို မယုံ။

“ကန်ထရိုက်ဦးကျော်မြင့်က အိမ်ခန်းတွေ ကြိုရောင်းပြီး ငွေတွေယူ ထွက်သွားလို့၊ တိုက်ကလည်း အုတ်မြစ်ပဲ ချထားတယ်။ အတွေးတို့မှာ ဘာလုပ်မှန်း မသိဘူး”

သူသည် အံ့အားသင့်သွား၏။

“နင်တို့က တရားမစွဲဘူးလား”

သူ့မေးခွန်းကို မကြီးက ဝင်ဖြေ၏။

“တရားစွဲမှာပါ၊ ဒီကန်ထရိုက်ကလည်း ထွက်ပြေးတော့ တရားခံ ဘယ်လိုရှာရမှန်း မသိ။ ပြီးတော့ အမှုအတွက် ကျန်(ကုန်?)ကျငွေကို ညီမတို့ ဘယ်သူမှ မထုတ်နိုင်ဘူး၊ တိုက်ခန်းက ၆ လနဲ့ ပြီးမှာဆိုပြီး ၆ လ အပြတ်ပေးပြီး အိမ်ငှားနေရတာ။ ညီမတို့လက်ထဲမှာ ငွေ အဆင်မပြေဘူး။ ရှေ့နေငှားဖို့ မလေးနဲ့ မငယ်ကလည်း မထုတ်နိုင်ဘူးတဲ့”

မကြီးကပါ မျက်ရည်တွေတွေကျ၍ ပြောသည်။

“အဲဒါ ကိုကိုကြီးက အမှုကို အကုန်အကျခံပါလို့ အ‌ထွေးတို့ လာပြောတာပါ”

အထွေးသည် လာကြရင်း အကြောင်းရင်းကို နိဂုံးချုပ်လိုက်၏။ သူကတော့ ဘာမှမပြောချင်တော့ပါ။ ညီမတွေ ဒုက္ခရောက်နေသည်ကိုတော့ ကရုဏာ သက်မိပါသည်။ ဒါပေမဲ့ ဝင်ကူရမည့် အစီအစဉ်က ကျိုးကြောင်းပြ မဆီလျော်ပေ။

“တစ်ခုက ရှိတယ်လေ။ တရားစွဲတယ်ဆိုရင် တရားခံက ရှိရမှာ။ ခု တရားခံက ထွက်ပြေးနေပြီပဲ”

“ဟုတ်တယ်။ အခန်းတွေကိုလည်း ကြိုရောင်းပြီး စရန်ပါ ယူသွားတာ။ ခုထိ အစအန ရှာမရသေးဘူး”

အထွေးက ပြော၏။ သူသည် ခေတ္တ စဉ်းစားနေသည်။

“တရားခံက မိလည်း သူ ယူထားတဲ့ ငွေတွေ လျော်နိုင်ဦးမှ၊ ပြီးတော့လည်း တိုက်ဆောက်ပေးဖို့ ဘယ်ကငွေနဲ့ ဆောက်မလဲ။ ငွေတော့ ပြန်မလျော်ဘဲ ထောင်ကျပဲ ခံမှာ၊ တရားစွဲတာလည်း စွဲပေါ့။ မင်းတို့မှာ အိမ်ငှားခ ပေးရပေမယ့် တစ်ယောက် ငါးသောင်းလောက်တော့ ပိုမှာ။ အဲဒီငွေ စုစုပေါင်း ၂ သိန်းကို အမှုအတွက် ထားပေါ့။ ငါကတော့ ဘာမှ စိုက်ထုတ်မပေးနိုင်ဘူး"

ညီမနှစ်ယောက် ပါးစပ်အဟောင်းသားနှင့် ငေးနေသည်။ သူစိတ်ထဲမှာလည်း ညီမများ ကံကြမ္မာကို အံ့အားသင့်နေသည်။ သူများတွေ ကန်ထရိုက်တိုက်တွေ ဆောက်လိုက်ကြသည်မှာ နှေးတာနှင့် မြန်တာပဲ ကွာသည်။ တိုက်ခန်းလည်းရ၊ ငွေလည်းရ။ သူ့ညီမတွေကျမှ ဘယ်လိုဖြစ်ပါလိမ့်။

“ဒီကန်ထရိုက်တိုက် ဆောက်ဖို့ အမေကလည်း သဘောမတူဘူး။ မင်းတို့ကလည်း ငါ ဝင်မပါနိုင်အောင် ငွေ ၂ သိန်း ပေးပြီး အပြီးအပြတ် စွန့်လွှတ်စာချုပ် လက်မှတ်ထိုးခိုင်းလို့ ငါ ထိုးပေးလိုက်ပြီ။ ဝတ်လုံတွေ၊ ဘာတွေ တိုင်ပင်ချင်ရင်တော့ ငါ့မိတ်ဆွေတွေနဲ့ ဆက်သွယ် ပေးပါ့မယ်။ ဒီကန်ထရိုက် နယ်ခြား ထွက်ပြေးသွားရင်တော့ လမ်းဆုံးပြီ။ တစ်ခုတော့ ရှိတယ်လေ။ မင်းတို့မှာ အမေ့မြေကွက်လေး ကျန်သားပဲ။ ခုနေခါ မြေဈေးတွေ ကောင်းပါတယ်။ ရောင်းချပြီး ညီအစ်မလေးယောက် ခွဲယူပေါ့။ အမေဟာ မင်းတို့အတွက် အများကြီး ချန်ရစ်ခဲ့တယ်လေ”

သူ့စကားဆုံးတော့ ညီအစ်မနှစ်ယောက် မျက်ရည်တွေ ကျနေသည်။ မျက်ရည်လည်ရွှဲနှင့် နှမများကို ကြည့်ရင်း သူသည် အမေ့စကားကို ပြန်လည် ကြားယောင်လာသည်။

“မိမိ၏ကောင်းမှု၊ မကောင်းမှုကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်တကား” တဲ့။

စကားလုံးပြောင်း၍ ဆိုရလျှင်တော့ ယခုဖြစ်လာသော ပြဿနာ၏ အကြောင်းရင်း “တရားခံ”မှာ သူ့နှမများသာလျှင် ဖြစ်ကြသည်တကားဟု သူ ဆိုချင်ပါတော့သည်။

---------
#ခင်နှင်းယု
ကလျာမဂ္ဂဇင်း။
ဝတ္ထုတိုများပေါင်းချုပ် (ခင်နှင်းယု)။ ပထမအကြိမ်၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၇။
စာ ၁၁၃၀-၁၁၄၃

18/12/2022

ကြည်လင်သော မျက်နှာလေး

Waves 17/12/2022

Waves

16/12/2022

"တရားမှန်မှန်ထိုင်"
••••••••••••✓✓•••••••••
မှန်မှန်တရားထိုင်ပါက
ဓမ္မလမ်းစဉ် တစ်လျှောက်
ထိုက်သင့်သော တိုးတက်ပွင့်လင်းမှုကို
ရရှိကြလိမ့်မည် ဖြစ်၏။

အိမ်ထောင်ရှင်တို့မှာ
ပလိဗောဓတွေ များခြင်းကြောင့်
ကမ္မဋ္ဌာန်းအလုပ် လုပ်ရန်
အခက်အခဲတွေရှိသည် မှန်ပါ၏။
လူ့ဘောင်ကို စွန့်ခွာခဲ့ပြီးသော
ရဟန်းတော်များမှာပင်
ဤအလုပ်ကို မှန်မှန်လုပ်ဆောင်ရန်
မတတ်နိုင် ကြကြောင်း
ပြောပြ ကြပါသည်။

မည်သို့ပင်ဖြစ်စေ အခက်အခဲ
အမျိုးမျိုးကြားမှပင်
ကမ္မဋ္ဌာန်းအလုပ်ကို လက်မလျှော့ဘဲ
နံနက် ညဥ့်မှန်မှန်အားထုတ်သင့်
ကြပါသည်။

ကျွန်တော်တို့သည်ကိုယ်လက်ကျန်းမာ
ကြံ့ခိုင်ရေးအတွက် ယောဂနည်းဖြင့်
လည်းကောင်း၊ အနှေးပြေးခြင်း၊
လမ်းလျှောက်ခြင်းဖြင့်လည်းကောင်း
လုံးပန်းကြ၏။

လေ့ကျင့်ခန်းပုံမှန် မလုပ်ပါက
ခန္ဓာကိုယ်သည်
ပျော့ညံ့ကာ ရောဂါများကို
ဖိတ်ခေါ်ဘိသကဲ့သို့ ရှိတတ်ပေသည်။

ကိုယ်လက် လှုပ်ရှားမှု ပုံမှန်လုပ်ဖို့
လိုအပ်သည်ထက်ပိုမို၍
စိတ်လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဖို့
လိုအပ်ပါ ၏,

စိတ်ကို အလုပ်မပေးခဲ့လျှင်
ပျော့ညံ့ကာ ကိလေသာတို့ကို
လမ်းဖွင့်ပေးသကဲ့သို့ ရှိတတ်ပါသည်။

ဝိပဿနာသည် စိတ်လေ့ကျင့်ခန်းပင်
ဖြစ်ပါ၏။ နံနက်၊ညဥ့်
ကမ္မဋ္ဌာန်း ထိုင်ခြင်းဖြင့် စိတ်၏
ကျန်းမာကြံ့ခိုင်မှုကို ရသဖြင့်
ကမ္မဋ္ဌာန်းထိုင်ချိန်သည် အချိန်ကို
အလဟဿ ကုန်ရခြင်း မဟုတ်ချေ။

ကျွန်‌ တော်တို့ ကျင်လည် နေကြရသော
ဘဝသည် ရှုပ်ပွေထွေပြား၍
သောက ပွားစရာ အတိရှိနေပါ၏။
စိတ်တည်ငြိမ် အေးဆေးမှု ရရှိရန်
မလွယ်ခြင်းကြောင့်

“လူတစ်ခု ပူမှုက ဆယ်ကုဋေ"
ဆိုသလို ရှိတတ်ကြပါ၏။

(((သန့်စင်သော ဓမ္မကို မတွေ့ရသူတို့သည်
ကမ္မဋ္ဌာန်း အလုပ်၏တန်ဖိုးကို
မသိတတ်ကြသူများဖြစ်ရာ
ကံမကောင်း အကြောင်းမလှသူများ ဖြစ်ကြ၏။)))

တရားဓမ္မ နာကြားဖူးပါလျက်
တရားနှင့်အညီ ကျင့်ကြံနေထိုင်ခြင်း
မပြုသူတို့မှာ ပိုမို၍ပင်
ကံဆိုးသူများဖြစ်ကြ၏။
ပတ္တမြားကို လက်ဝယ်ရရှိထားပါလျက်
ကျောက်စရစ်ခဲ ကဲ့သို့
အသုံးဝင်ပုံ မသိတတ်သဖြင့်
ပစ်ပယ် ထားကြခြင်း ဖြစ်ပေရာ
၄င်းတို့လောက် ဆုံးရှုံးခြင်းမျိုး
အဘယ်မှာ ရှိတော့အံ့နည်း။

လူ့ဘဝကို ရရှိခြင်းသည်
အလွန်အရတော်သော ရခြင်းကြီး
ဖြစ်ပါသည်။လူသားသာလျှင်
ကိုယ့်ကိုယ်ကို စိစစ်ဝေဖန်နိုင်၍
စိတ်၏ နက်ရှိုင်းရာ အရပ်ရှိ
ကိလေသာတို့ကို အမြစ်ပြတ်
သုတ်သင်နိုင်စွမ်းရှိ၏။

တိရစ္ဆာန်တို့ကား ဤသို့
ပြုလုပ်နိုင်ခြင်း မရှိကြပါ။
လူသားဖြစ်စေဦး ဝိပဿနာနည်းကို
မသိကြလျှင် စွမ်းဆောင်နိုင်မည်
မဟုတ်ချေ။

လူ့ဘဝလည်း ရရှိထား၍၊
ဝိပဿနာ အကျင့်ကိုလည်း ရရှိထား၍
ကျင့်ကြံ အားထုတ်နည်းကိုလည်း
သိထားပြီးလျှင် အကျိုးကျေးဇူးသည်
ရတန်သလောက် ရရှိခဲ့ပြီး ဖြစ်၏။

သို့ပါလျက် ဤအကျင့်ကို
ဆက်လက် အားထုတ်ခြင်း မပြုဘဲ
လမ်းခုလတ်မှာ ရပ်တန့်၍ နားအံ့။
ထိုသူကားအရှုံးကြီး ရှုံးခဲ့လေပြီ။

မွဲတေနေသူသည်
ရွှေအိုးကို ရပါလျက်
တန်ဖိုး မသိယောင်ဖြင့်
ပစ်ပယ် ထားမည်ဆိုလျှင်
ထိုသူသည် ငမွဲဘဝသို့ ပြန်၍
ရောက်ရသကဲ့သို့ပင်တည်း။

ငတ်မွတ်သူသည်
စားကောင်းသောက်ဖွယ်ကို
ရရှိပါလျက် သုံးဆောင် ခံစားခြင်း
မပြုခဲ့သော် ငတ်မြဲငတ်နေသကဲ့သို့ပင်တည်း။

ရောဂါရသူသည်
ရောဂါပျောက်ဆေးတွေ့ ပါလျက်
ဆေးကိုပစ်ပယ်ကာ
ရောဂါမပျောက်နိုင်
သကဲ့သို့ ပင်တည်း။
ဧရာမ ဆုံးရှုံးမှုကြီး ဖြစ်ပါသည်။
ဤအမှားမျိုးကို ရှောင်သင့်ကြပါ၏။

ကျွန်ုပ် ထံ သို့ ယောဂီဟောင်း တချို့
ရောက်ရှိကြပြီးလျှင်

"ကျွန်တော်တော့
တရားထိုင်တာ ရပ်ထားလိုက်ရပြီ။
မတတ်နိုင်ဘူးလေ။
အလုပ်တွေက ပိနေတာကိုး"ဟု
ပြောပြ တတ်ကြပါသည်။
အလုပ်များခြင်းသည်
လုံလောက်သော
ဆင်ခြေဟု မယူဆပါ။

ကျွန်ုပ်တို့သည် အစားအစာကို
နေ့စဉ် နှစ်ကြိမ်သုံးကြိမ်
စားသောက်ကြသည် မဟုတ်လော။
အလုပ်များလွန်း၍
အစားအသောက် အတွက်
အချိန်မရနိုင်သော နေ့များ
ရှိပါသလား။

ဤကမ္မဋ္ဌာန်းအလုပ်သည် စိတ်ကို
ကြံ့ခိုင်သန်စွမ်း စေပါသည်။

ကြံ့ခိုင်သန်စွမ်းသော စိတ်သည်
ကိုယ်လက် ကြံ့ခိုင်သန်စွမ်းမှုထက်
ပို၍ အရေးကြီးပါသည်။
ဤအချက်ကို အမှတ်မထားလျှင်
မိမိအတွက် အန္တရာယ် ရှိပါသည်။
ဤသို့ လျစ်လျူပြု မထားသင့်ပါ။
အလုပ်မည်မျှပင် များစေကာမူ
ဝိပဿနာ အလုပ်ကို
အပြတ်မခံ သင့်ပါ။
တစ်နေရာတည်းမှာ
သတ်မှတ်ထားသည့်
အချိန်အတိုင်းအားထုတ်ရန်
အကြောင်း မညီညွတ်ခဲ့ပါလျှင်
ရှိပါစေတော့။

နှစ်ဆယ့်လေးနာရီ ကာလအတွင်း
နှစ်ကြိမ်တော့ မပြတ်တမ်း
တရားထိုင်သင့်ပါသည်။
အလွန့်အလွန် မအားလပ်သော
အခြေအနေမျိုးတွင်ပင်လျှင်
တရားရှုမှတ်ခြင်းကို လုပ်နိုင်ပါသည်။
ထိုအခါမျိုးတွင် မျက်စိပိတ်ထား၍
ရှုမှတ်ရန် အခွင့်မသာလျှင်
ဖွင့်ထားသော မျက်စိများဖြင့်ပင်
စိတ်ကို ကိုယ်တွင်းမှာ ထား၍
ရှုမှတ်နိုင်ပါသည်။

သူများ အထင်ကြီးအောင်
လူကြားထဲမှာ လာပြီး
တရား မှတ်နေသည်ဟု
ဘေးလူ အထင်မလွဲစေရန်လည်းဆင်ခြင်၍ လုပ်သင့်ပါသည်။

တစ်ယောက်တည်း မျက်စိမှိတ်၍
တရားရှုမှတ် ရခြင်းလောက်တော့
ကျေနပ်ဖွယ် မကောင်းစေကာမူ
စိတ်ကိုလွတ် ထားသည်နှင့်စာလျှင်
ဤနည်းသည် တော်ပါသေးသည်။

အဘယ့်ကြောင့်ဆိုသော်
စိတ်အေးချမ်းမှု ရနိုင်၍
စိတ်လေ့ကျင့်မှုဖြင့် တည်ငြိမ်မှု
အထိုက်အလျောက်
ဖြစ်စေသောကြောင့် ဖြစ်ပါသည်။

စိတ်သည်ဝိပဿနာနှင့် ကင်းဝေးလျှင်
ပျော့ညံ့ သွားပါသည်။
ပျော့ညံ့သောစိတ်သည်
ဒုက္ခကိုဖြစ်စေပါ၏ ။
ဘာကြောင့် ဖြစ်စေသနည်းဆိုလျှင်
ထိန်းမထားသော စိတ်သည်
သူ့ ပကတိသဘော အရ
လောဘ၊ဒေါသတို့ကို
ဖြစ်စေခြင်းကြောင့်ပင် ဖြစ်ပါသည်။

ကျွန်ုပ် တို့မှာ ရတော့ရခဲလှစွာသော
လူ့ဘဝကိုလည်း ရကြပြီ။
အံ့ဖွယ်ကောင်းစွာသော ဓမ္မနှင့်လည်း
တွေ့ဆုံကြရပြီ။

ဝိပဿနာ၏ အကျိုးကျေးဇူးကို
ခံစားရ သဖြင့် ဝိပဿနာတရား
ကိုလည်း ယုံကြည်ကြပြီ။

သို့ပါလျက်နှင့်ပင် ကမ္မဋ္ဌာန်းနည်း
အလုပ်ကို ဆက်လက်မလုပ်ဘဲ
နေကြကုန်၏။ ဤသို့ မေ့လျော့စွာ
နေခြင်းကို မပြုသင့်ပါ။

နေ့စဉ် နှစ်ကြိမ် တရားရှူမှတ်ခြင်သည်
မိမိအကျိုးကို နားလည်ပြီး
လုပ်ခြင်းသာ ဖြစ်ပါ၏။

ဤကမ္မဋ္ဌာန်းသည်
အလွန်အကျိုးကြီးပါသည်။
ကမ္မဋ္ဌာန်းတရားနှင့် ပြည့်စုံသူသည်
နေ့စဉ် နေထိုင်မှုဘဝ၌ ကမ္မဋ္ဌာန်း တရားက ကျေးဇူးပြုပုံကို
လက်တွေ့ သိရှိထားပေသည်။
တရားလမ်းစဉ်အတိုင်း
လျှောက်လှမ်းရာ၌
လှမ်းတိုင်းလှမ်းတိုင်းသော
ခြေလှမ်းတို့သည် ပန်းတိုင်ဆီသို့
တစ်စထက်တစ်စ နီးကပ်၍
လာနေပေသည်။

တရား အားထုတ်ခြင်းကား
အားထုတ်နိုင်သမျှ
အကျိုးရှိသည်သာတည်း။
အကျိုးမဲ့ဟူ၍ လုံးဝမရှိချေ။

(ဆရာကြီး ဦးဂိုအင်ကာ )

Credit Original Uploader

06/05/2022
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Building-7, Aung ThaPyay Street, 2nd Floor
Yangon
11221