BTR Book Club

BTR Book Club

Share

Born To Rise Myanmar Book Club

11/09/2026

"တခြားမိန်းမတစ်​ယောက်နဲ့သွား​တွေ့ရင် Cap ယူသွားဖို့အထိ သတိ​ပေး​နေတဲ့ မိန်းမတစ်​ယောက်ရဲ့ ရင်ထဲမှာ ဘာမှဖြစ်မ​နေဘူးလို့နင်ထင်လား။ အဲ့ဒီမိန်းမရဲ့ရင်ထဲ ဘာရှိ​နေမလဲ နင်မြင်​အောင်ကြည့်ဖူးလား။ အဲ့ဒီမိန်းမကပုထုဇဥ်​လေ။ ​သောတာပန်မဟုတ်ဘူး။"

"​လောကမှာ ​ယောက်ျားတစ်​ယောက်ကို ကိုယ့်အနားမှာဆွဲထားဖို့ဆိုတာ သိပ်ကိုရူးမိုက်တဲ့ ကိစ္စပဲကူးရဲ့။ "

ဆရာခွန်းညို​သွေးရဲ့ "အဖြူ​ရောင်​တွေစွန်း​ပေတဲ့နာရီ"

ပထမဆုံးအ​နေနဲ့ ကိုခွန်းဟာ ကိုခွန်းပါပဲ။ ending တိုင်းမှာ အမြဲ​တွေးစရာ​လေး​တွေ ချန်ထား​ပေးတယ်🖤

အမျိုးသားစာ​ရေးသူတစ်​​ယောက်က အမျိုးသမီး ဇာတ်​ကောင်၂ခု ​နေရာမှာ ဝင်ပြီး အမျိုးသမီး​တွေရဲ့ မိခင်စိတ်၊ မစွန့်လွှတ်နိုင်တာ၊ ကာကွယ်​ပေးချင်စိတ်​တွေကို အပြင်​လောကမှာ ဖြစ်ပျက်​နေတဲ့ အတိုင်း ပုံ​ဖော်နိုင်တာပဲ။

ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာဆိုးလို့ ​နောက်​ကောင်မ​လေး​တွေနဲ့ အ​ပျော်တွဲ​နေတဲ့ ချစ်သူ​လေးကို အချစ်ကြီးပြီး သ​ဘောထားကြီး​ပေးတဲ့ ကူးရဲ့ ​မေတ္တာ​တွေနဲ့ ​ကောင်းမြတ်သွင်ဟာ မထိုက်တန်ခဲ့လို့ သူတို့ လမ်းချင်းမတူ​တော့တာပဲ။ ကူး ဇာတ်လမ်းမှာ စာဖတ်သူရလိုက်တာက ကူးဟာ သူ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရတာမဟုတ်ဖူး။ သူ့ချစ်သူ​ကောင်းမြတ်သွင်ကသာ ကူးရဲ့ ​ကြီးမားတဲ့​မေတ္တာ​တွေနဲ့ မထိုက်တန်လို့ ​ဝေးဖို့အ​ကြောင်းဖန်လာပြီး ကူးကို ဆုံးရှုံးလိုက်ရတာပဲ။

"​​ယောက်ျားတစ်​ယောက်ဟာ သူချစ်တဲ့မိန်းမတစ်​ယောက်ကို ရင်ထဲမှာထားပြီး သူမချစ်တဲ့မိန်းမတစ်​ယောက်နဲ့ ​နေထိုင်နိုင်တယ်တဲ့...."

"​လောကမှာ အ​ဖြေရှိပြီး အ​ဖြေမထုတ်နိုင်တဲ့ ပုစ္ဆာ​တွေဟာ သိပ်ကိုရက်စက်တာပဲလို့ ကြည်ဖြူ နာနာကြည်းကြည်း ​တွေးမိရတယ်။"

ကိုယ့်​​ယောက်ျားကို ​ထောင်မကျ​စေချင်။ အမှား​တွေမလုပ်မိ​အောင်၊ ကိုယ့်မိသားစု​လေးကို ကာကွယ်ဖို့ ကြည်ဖြူရဲ့ ​ရွေးချယ်မှုက အနစ်နာခံလိုက်ခြင်းပဲ။

အပြင်​လောကမှာလည်း ကူးလို ခွင့်လွှတ်တတ်ပြီးသ​ဘောထားကြီးတဲ့အမျိုးသမီး​တွေ၊ ကြည်ဖြူလို မိသားစုကို ကာကွယ်လိုပြီး နည်းအမျိုးမျိုးနဲ့ အနစ်နာခံ​နေကြတဲ့ အမျိုးသမီး​တွေ .... အကုန်လုံးဟာ မတူညီတဲ့ ချစ်ပုံချစ်နည်းနဲ့ မိခင်စိတ်နဲ့ချစ်​ပေးကြတာ​တွေ အ​တော်များပါတယ်။

"ကမ္ဘာ​ပေါ်က မိန်းမတစ်​ယောက်က တခြားမိန်းမတစ်​ယောက်ရဲ့ ​သောက ဒုက္ခ​တွေကို သိလို့ နားလည်လို့ စာနာလို့ခွင့်လွှတ်တာ"

အန်ကယ်မျိုးမင်းလို စီးပွား​ရေးသမားဟာလည်း စီးပွား​ရေးစကားပဲဆိုမှာပါပဲ။ ​လောကမှာ ဘယ်အရာမဆို အလကား မရပါဘူး။ အ​ပေးရှိမှ အယူရှိတာပါ။

​နောက်ဆုံး အ​နေနဲ့ ​ပြောရရင် စာတစ်မျက်နှာစီတိုင်းဟာ စာအုပ်လက်က မချချင်​လောက်​ဆောင် ဆွဲ​ခေါ်သွားတာမို့ တစ်ထိုင်ဖတ်ပြီး တစ်ခါတည်း review ​ရေးမိတဲ့အထိပါပဲ။ 🩶

Ida
11.09.2026

#အဖြူ​ရောင်​တွေစွန်း​ပေ​တဲ့နာရီ

29/07/2026

လူငယ်တွေမဖြတ်ဖြစ်ရင်နောင်တရသွားမယ့်စာအုပ်လေးညွှန်းချင်ပါတယ်။
ဒီစာအုပ်ကတော့ အဓိကရသစာပေအမျိုးအစားဆိုတာထက် သုတစာပေအမျိုးအစားဖြစ်ပါတယ်။ဆရာကြီးရဲ့ဘဝဇာတ်ကိုအခြေခံပြီး လောကကြီးမှာလူတွေ ဘယ်လိုပြုမူနေထိုင်သင့်သလဲ ၊ ဘာတွေလေ့လာသင်ယူသင့်လဲ ၊ ပြီးတော့ဘယ် လိုလုပ်ဆောင်သင့်လဲဆိုတာကို အပိုင်း ၆ ပဲခွဲပြီး အသက်အရွယ်အပိုင်းအခြား အလိုက်လုပ်ဆောင်သင့်ပုံတွေကိုအဓိကဖော်ပြထားတာပဲဖြစ်ပါတယ်။ ပြီးတော့ ထူးထူးခြားခြားတွေ့ရတာတွေက လူ့ဘဝမှာ ဘယ်အရာမှ လုပ်ဆောင်တိုင်းမအောင်မြင်နိုင်သလို မအောင်မြင်ရင်လဲ ဘာအကြောင်းကြောင့်လဲ? အောင်မြင်ရင်ရောဘယ်လိုအရာတွေကြောင့်လဲ? မအောင်မြင်ခဲ့လျှင်ရောဘယ်လိုစိတ်ထားရမလဲ? စတဲ့ အခု ၂၁ ရာစုမှာရေပန်းစားနေတဲ့ psycology ဆိုတဲ့ စိတ်ပညာအကြောင်း တွေ ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်ပုံတွေ၊ တစ်နေရာတည်းမှာပဲရပ်မနေဘဲ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဆောင်ခဲ့ပုံ ၊ မှန်တယ်ထင်ရင် ချက်ကြလက်ကြ ပြောဆိုရဲပုံ ၊ အသစ်အသစ်သောအရာတွေကို စွန့်စားလုပ်ကိုင်ရဲပုံ၊ မိမိကိုယ်ကိုသိရှိနားလည်မှုစွမ်းရည်၊ ကြိုးစားအားထုတ်မှုလုံ့လရှိပုံ ၊ မြန်မာစာပေရဲ့ အနှစ်သာရ ၊ ဗုဒ္ဓရဲ့ လမ်းညွှန်ဆုံးမမှုနဲ့ ဗုဒ္ဓဘာသာရဲ့တန်ဖိုး ၊ မိဘနဲ့သားသမီးကြားက ဆက်ဆံရေး ၊ မေတ္တာတရား ၊ ပြီးတော့ ပညာတက်ခြင်းရဲ့အနှစ်သာရ နဲ့ ပညာတက်အောင်ကြိုးစားစေလိုသော ဆန္ဒတွေကို ပေါ်လွင်ထင်ရှားမြင်သာအောင် ရိုးရှင်းစွာနဲ့ တင်ဆက်ရေးသားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာစာရဲ့အနှစ်သာရကိုလဲခံစားရမှာဖြစ်ပြီး မြန်မာစာအရေးအသားကိုလဲလေ့လာလို့ရမှာဖြစ်ပါတယ်။

ပြီးတော့စစ်ကြီးကာလ လူတွေဘယ်လိုသွားလာလုပ်ရှားစားသောက်ကြလဲ ၊ ဘယ်လိုအသက်မွေးကြလဲ ဆိုတဲ့သမိုင်းကြောင်းဖြစ်စဥ်၊ သတင်းစာရဲ့လွှမ်းမိုးမှုတွေကို ထင်ထင်ရှားရှားသိမြင်ရမှာဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းတွေရဲ့တန်ဖိုးနဲ့ ဘဝကိုလှုပ်ရှားရင်း ပျော်ပျော်ပါးပါးလှုပ်ရှားသွားလာပုံတွေကိုလဲ ကြည်နူးစွာနဲ့ဖတ်ရှုရမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Life Balance ရဲ့တန် ဖိုး အညာကျေးလက်ရဲ့ ဓလေ့ စရိုက် ယဥ်ကျေးမှုတွေကိုလဲခံစားရဦးမှာဖြစ်ပါတယ်။

Khaing တစ်ယောက်တည်းရဲ့အမြင်အရ သုံးသပ်ရမယ်ဆိုရင် ဒီစာအုပ်ကတော်တော်ကိုပြီးပြည့်စုံပြီး စာရေးသူရဲ့ တက်ကြွမ်းမှုကိုဒီစာအုပ်ကနေတွေ့မြင်ရပါတယ်။ တင်ဆက်ထားတာရိုးရှင်းပေမယ့် စကားလုံးတိုင်းစာကြောင်းတိုင်းကို အဓိပ္ပာယ်ရှိရှိ ဆိုလိုရင်းကိုတိတိကြကြဖော်ပြနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့်လဲ အချိန်ကာလတွေသာပြောင်းလဲသွားပြီး ဒီစာပေတွေကတော့အမြဲတမ်းလက်ဆက်ပြီး ခေတ်နဲ့အညီအသိပညာတွေပေးနေသေးတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ခံစားရပြီး ငါတို့မြန်မာတွေက မညံ့ခဲ့ဘူး လူတော်တွေဖြစ်ခဲ့ကြတယ်ဆိုတာအထင်အရှားတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေးပြောမလား၊ ဘာသာရေးပြောမလား ၊ လူမှုရေးပြောမလား၊ ပညာရေးပြောမလား ဒီတစ်အုပ်မှာတင်သေချာလေ့လာလို့ရတယ်လို့မှတ်ချက်ပြုလိုပါတယ်။

ဒီစာအုပ်ရဲ့အားသာချက်ကိုပြောပါဆိုရင် ဇာတ်လမ်းတစ်ပုဒ်ကြည့်နေရသလို လူတစ်ယောက်ရဲ့ ဘဝ အနိမ့် ၊အမြင့် ၊အတက်၊အကြ ကို CCTV ကနေမြင်နေရသလို ကွက်ကွက်ကွင်းကွင်းသိမြင်နိုင်ပြီး သူဘယ်လိုကျော်လွှားဖြတ်သန်းဖြေရှင်းလဲဆိုတာကိုဒီမှာအတိုင်းသားမြင်ရပါတယ်။ တွေ့ဆုံခြင်းရှိရင် ခွဲခွာခြင်းရှိတယ်ဆိုတဲ့ လောကသဘာဝတရားကြီးကိုလဲ စာရေးဆရာရဲ့ တင်ဆက်ပုံကနေ အတိုင်းသားမြင်ရမှာဖြစ်ပါတယ်။

အားနည်းချက်ကို ပြောရမယ်ဆိုရင်တော့ဖြင့် စာအုပ်ကထူလွန်းလို့ တစ်ဆက်တည်းမဖတ်နိုင်ခြင်း၊ ရိုးရှင်းသောမြန်မာစာများဖြစ်သည့်အတွက် ခေတ်လူငယ်တွေအနေနဲ့တစ်ချို့အသုံးအနှုန်းတွေကို နားလည်ဖို့ခက်ခဲခြင်း ဒါတွေလောက်ပဲရှိမယ်လို့ထင်ပါတယ်။

ဒီစာအုပ်ကိုဖတ်နေရင်းသင်ယူလိုက်ရတာကတော့ လောကမှာဘယ်အရာကမှပုံသေမဟုတ်ပဲပြောင်းလဲနေတယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ ပညာရေးရဲ့တန်ဖိုး ၊ မြန်မာစာအရေးအသား ၊ ပေါင်းသင်းဆက်ဆံရေး ၊ လူကဲခပ်ခြင်းအတက်ပညာ၊ ဘယ်လိုအခက်အခဲပဲရှိရှိ အကြာကြီးစိတ်ညစ်မနေဘဲ ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းတွေကိုရှာဖွေခြင်းအကြောင်း၊ မေတ္တာတရားရဲ့စွမ်းအားကြီးပုံ ၊ မေတ္တာထားနိုင်ဖို့ကြိုးစာဖို့လိုပုံ၊ ကိုယ့်ကိုမကောင်းတာလုပ်ရင်တောင် ကိုယ်ဒုက္ခရောက်တဲ့အချိန်မှာကူညီမှုဆိုတဲ့ အရာတွေနဲ့အစားထိုးပြီး အမြတ်မထားပဲ ခွင့်လွှတ်ပုံ၊ ကိုယ့်ကိုယ်ကိုယ်သုံးသတ်ခြင်းဆိုတဲ့အရာတွေကို ဒီစာအုပ်ထဲကနေသင်ယူခွင့်ရခဲ့ပါတယ်။

ဘာကြောင့်ဖတ်သင့်တာလဲဆိုရင် အဓိကတော့ "စိတ်ဆိုတာ စောင့်ကြည့်စစ်ဆေးခြင်း နဲ့ ရပ်တန့်စစ်ဆေးခြင်း "
တွေကိုဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ အဓိကဒီမှာပြောထားလို့ အားလုံးအတွက် ဒီအရာတစ်ခုနဲ့တင်ထိုက်တန်သည်ထက်ပိုသောကြောင့် လုံးဝကိုဖတ်ထိုက်တယ်ဆိုတာ အခိုင်အမာညွှန်းပါတယ်။

ကဲနောက်ဆုံးအနေနဲ့ ဒီစာအုပ်ကို မေးခွန်းထုတ်ချင်တာကတော့ "ဘာကြောင့်ဒီစာအုပ်ကိုလူငယ်တွေ မဖတ်ကြသေးတာလဲ"? ဆိုတာလေးနဲ့ အဆုံးသတ်လိုက်ပါတယ်နော်။

စိတ်ကူးချိုချိုပုံနှိပ်တိုက်ကထုတ်လုပ်ပြီး
စာအုပ်အမည်= တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
စျေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ=၃၀၀၀၀
စတုတ္ထအကြိမ်မြောက်ထုတ်ဝေပြီး စာမျက်နှာ ၅၉၇ ပါရှိသောအထ္ထုပတ္တိစာအုပ်ကြီးကို
စာရေးဆရာကြီး‌ ရွှေဥဒေါင်းမှ ၁၄.၆.၁၉၆၂ ခုနှစ်တွင် အပြီးသတ်ရေးသားခဲ့သည်။

Khaing
29.7.2026

#ရွှေဥဒေါင်း #ဘဝမှတ်တမ်း
#အတွေးအခေါ် #အတ္ထုပ္ပတ္တိ
#စာအုပ်ညွှန်း

Photos from BTR Book Club's post 22/07/2026

Back to 5 years ago !

လွန်ခဲ့တဲ့ ၅နှစ်က အဖြစ်အပျက် အစုံအလင်​တွေဟာ ကွင်းကွင်းကွက်ကွက် မျက်စိထဲ ​ပေါ်လာတယ်။

အနာဂတ်မဲ့တဲ့ လူငယ်​တွေ၊ ယုံကြည်ချက်တစ်ခု​ကြောင့် ရပ်တည်ချက်ကွဲသွားခဲ့တဲ့သူ​တွေ၊ အချိန်မတိုင်​သေးဘဲ အပစ်မရှိပဲ ဆုံးရှုံးခဲ့ရတဲ့အသက်​တွေ မ​နေ့ တ​နေ့ကလို မှတ်မိ​နေဆဲ...။

​ဘယ်​နေရာ​ရောက်​​ရောက်၊ အခက်အခဲ ဘယ်​လောက်ရှိရှိ လက်​လျှော့ အရှုံးမ​ပေး ရပ်မ​နေပဲ တစ်ခုမဟုတ် တစ်ခု အမြဲ လုပ်​နေတတ်တဲ့ဆရာကျား။

သူ့​သမီး​လေး ၂​ယောက်အ​ပေါ် ဖခင်တစ်​​ယောက်ရဲ့ ​မေတ္တာကို နက်နက်ရှိုင်းရှိုင်း ခံစားရတယ်။ (ကိုယ်လည်း အ​ဖေချစ်သမီးမလို့ အ​ဖေ့​မေတ္တာနဲ့ အခက်အခဲ​တွေ ချက်ချင်းမျက်လုံးထဲ ​​ပေါ်လာတယ်)

​နောက်တစ်ခုက ​ဒီ Odyssey ဖတ်ပြီး ​ရည်းစားရရင် ​ဘေဘီလို့ အ​ခေါ်ခံချင်တဲ့ ပိုးတစ်ခုလည်း ဝင်သွား​တော့တာပဲ 😌

Ida
22.7.2026

22/07/2026

ကျောင်းကရတဲ့ သာမန်ထပ်ပို့တဲ့ဘွဲ့တစ်ခုဆိုတောင်
မင်းမှာ ဘာskill ဘာအရည်းချင်းမှထပ်ပြီးမလေ့လာထားဘူး မတတ်‌ေမြာက်ထားဘူးဆိုင် အဲ့ဘွဲ့ဆိုတာကြီးက ကပ်ထူစက္ကူတစ်ရွက် သပ်သပ်ပဲ
တခြားဘာအတန်းပညာ မှမတတ်ဘူး ဒါပေမယ့် ပညာရပ်တစ်ခုမှာ
တကယ်တော်နေတယ် လုပ်သက်ကြောင့်အတွေ့ကြုံကြောင့်ကျွမ်းကျင်သွားတဲ့သူတစ်ယောက် အဲ့ကပ်ထူစက္ကူကိုင်ထားတဲ့ကောင်တေထပ် အများကြီး
အလုပ်ဖြစ်တယ်
ငွေလား
လိုအင်ဆန္ဒလား
နေရာလား
သူလုပ်ခဲ့တဲ့
၁၅ နှစ် လုပ်သက်ရဲ့ စောက်ရှောက်မှုကြီး

ငါတို့ ကျောင်းတက် ဘွဲ့ရဖို့ရင်းခဲ့တဲ့ ၁၅ နှစ်က ဘာတွေ များမက်လောက်စရာအကျိုးပြုပြီလဲ ..?
ပြောချင်တည
ပညာသင် ဘွဲ့ရအောက်လုပ်ပါ
အဲ့ဘွဲ့ကလည်း ကိုယ်အရည်ချင်းကို အရောက်ပိုတောက်စေတယ် လူရာပို၀င်စေတယ် အလေ့ကျင့်ကောင်းတွေ နည်ဆောက်ပေးတယ် အတွေးခေါ်ကောင်းတေအမှားမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့လေ့ကျင့်ပေးတယ်

ပညာသင်ပါ
ဘွဲ့ရနိုင်ရင်ယူပါ
ဒါပေမယ့် အဲ့လောက်နဲ့ရပ်တန့်နေရင် ဘာမှဖြစ်လာမှမဟုတ်ဘူး
တခြားကိုယ့်ဘ၀အသက်မွေး၀မ်းကြောင်းဖို့
အသိပညာ သော်လည်‌းကောင်း
အတတ်ပညာသော်လည်းကောင်း တွဲလေ့လာနိုင်ရင် တွဲလေ့လာ တွဲ့မလေ့လာနိုင်ရင် တက္ကသိုလ် ၀င်တန်း အောင်တာနဲ့အချိန်ပိုသလောက် စတင်လေ့လာပါ

မင်းကိုငွေရှာပေးမှာ ပျော်ရွှင်စေမှာ
ဘွဲ့လက်မှတ် မဟုတ်ဘူး
မင်းမှာဘာအရည်ချင်းတွေ အသိပညာ အတတ်ပညာတွေ ရှိနေတယ် ဆိုတာကပဲ ငွေကိုရစေမှာ
ဒါကြောင့် မင်းကိုယ်မင်းအစောဆုံးတည်ဆောက်ပါ

02/06/2026

ဒီစာအုပ်လေးဟာ စာအုပ်အဖုံးလေးလိုပဲ ရှုပ်ထွေးပြီး ကာမတွေကြားထဲမှာမိန်းမောနေကြတဲ့လူတွေအတွက်တော့ အများကြီးအလင်းပွင့်သွားစေမယ့်စာအုပ်လေးဖြစ်တယ်ဆိုတာအာမခံရဲပါတယ်။
အခုခေတ်ပြောနေကြတဲ့ relationship ဆိုတဲ့ အချစ်ဟာ နောက်ကွယ် မှာ
လူတွေကို ဘီလူးစီးသွားသလို ကာမအမှောင်နဲ့ ရစ်ပတ်နှောင်ဖွဲ့မှုတွေကို
အလှဆုံးသောစကားလုံးဖြစ်တဲ့ “အချစ်” ဆိုတဲ့စကားလုံး လေးနဲ့ ဖုံးအုပ်ထားတာပါ။
ဒီလိုပြောလို့ တရားပေါက်သွားတယ်တော့ မဟုတ်ပါဘူး အကျိုးအကြောင်းအကောင်းအဆိုး
ကိုသိနေတော့ Depression ဖြစ်တာတွေ စိတ်ခံစားချက်ကြောင့် ဘဝကိုရေစုန်
မျှောဖို့ ကြိုးစားနေတဲ့ လူငယ်တွေအတွက် “သတိ” ဆိုတဲ့ အသိလေးရသွားစေလိမ့်မယ်
ဆိုတာယုံကြည်ပါတယ်။ တွေးတက်ခေါ်တက်ဖြစ်လာပြီး အမှားဖြစ်နေရင် အမှားမှန်းသိပြီး
အမှန်ကိုပြန်ပြင်နိုင်ပါလိမ့်မယ်။ ကိုယ်လုပ်ခဲ့တဲ့အကြောင်းတရားတိုင်းဟာ ဒီဘဝလွန်သွားရင်တောင်
အကျိုးတရားတွေခံစားရမယ်ဆိုတာကို ဗုဒ္ဓဘာသာတို့ရဲ့ နှလုံးသားဖြစ်တဲ့ မြတ်စွာဘုရားရဲ့
တရားတော်တွေနဲ့ မီးမောင်းထိုးပြီး သက်သေသာဓက နဲ့တကွဖော်ပြထားတဲ့ စာအုပ်ဖြစ်ပြီး
စာရေးသူ ဆရာကြီးဦးနုရဲ့ အရေးအသားပြောင်မြောက်မှုတွေဟာဖြင့် ကွင်းကွင်းကွက်ကွက်
မြင်သာအောင်ကိုစကားလုံးတွေနဲ့ ရေးသားဖော်ပြထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒါကြောင့် ဒီစာအုပ်ဟာ လူ့ဘဝကို အကောင်းဆုံး သော တရားသောနည်းလမ်းနဲ့ရှင်သန်
နေထိုင်သွားဖို့ ဆုံးမထားတဲ့စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။ အရာရာတိုင်းဟာ ဖြစ်ပြီးရင်
ပျက်တက်တယ်ဆိုတဲ့သဘောတရား နဲ့ဘဝကိုကြိုးစားနေထိုင်သွားဖို့ အသိတရား
ရစေမယ့်စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ အညွှန်းတွေကိုတော့ အများကြီးထပ်မပြောတော့ပါဘူးရှင့် စာရေးဆရာကြီးရဲ့ တောက်ပြောင်တဲ့စကားအသုံးအနှုန်း
တွေနဲ့ ဘဝကို ဘယ်လိုမီးမောင်းထိုးဆုံးမထားတယ်ဆိုတာသိချင်ရင်ပဲဖြစ်ဖြစ်၊
ဘဝကို အကောင်းဆုံးနေထိုင်တက်ချင်ရင်ပဲဖြစ်ဖြစ်
“ကာမတဏှာ” ဆိုတဲ့ စာအုပ်လေးကို မဖြစ်မနေဖတ်ကြည့်ဖို့အသိပေး မျှဝေပေးလိုက်ရပါတယ်ရှင့်။

23/05/2026

"မင်း ငြင်းပယ်သမျှအရာတွေဟာ မင်းရဲ့ တည်ရှိမှုကို ပိုပြီး စိုးမိုးလာလိမ့်မယ်။ ဒါပေမဲ့ မင်းက အဲဒီအရာတွေကို ရင်ဆိုင်ပြီး လက်ခံလိုက်တဲ့အခါ သူတို့ဟာ ပျောက်ကွယ်သွားလိမ့်မယ်။" ✨ ဒါလေးကိုသေချာပြန်စဥ်းစားကြည့်ပါနော် အဓိပ္ပာယ်တွေအများကြီးနဲ့ကိုယ့်ကိုယ်ကိုပြန်မြင်လာရပါတယ်။

ဒီစာအုပ်ဟာ စိတ်ပညာစာအုပ် ဆိုပေမဲ့ ဖတ်ရတာ heavy မဟုတ်ဘဲ ဇာတ်လမ်းလေးနဲ့မို့လို့ ဖတ်ရင်း ဖတ်ရင်း ဇာတ်ကောင်နေရာမှာ ကိုယ့်ကိုယ်ကိုယ် အစားထိုးမိသွားစေမယ့် စာအုပ်မျိုးပါ။

ခိုင် တို့ တိုက်ခိုက်နေရတဲ့ ပြဿနာတော်တော်များများဟာ အပြင်လူကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ အတွင်းစိတ် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်ဆိုတာကို မြင်သာအောင် ပြပေးသွားပါတယ်။

ပေးချင်တဲ့ Message က ရှင်းရှင်းလေးပါ—
"ကမ္ဘာကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ခင် မင်းရဲ့ အတွင်းစိတ်ကို အရင်ပြောင်းလဲပါ"

စိတ်ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး စိတ်အေးချမ်းမှု စစ်စစ်ကို ရှာချင်တယ်ဆိုရင်တော့ ဒီစာအုပ်က အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်လာမှာ အသေအချာပါပဲ။ 💯

ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?
• အမြဲတမ်း စိတ်ဖိစီးပြီး အတွေးလွန် (Overthinking) ဖြစ်နေတတ်သူများ
• ကိုယ့်ရဲ့ Emotional ကို ကောင်းကောင်း ထိန်းချုပ်ချင်သူများ
• စိတ်ခွန်အားသစ် ပြန်လည်ဖြည့်တင်းချင်သူများ

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး Gift တစ်ခု ပေးချင်တယ်ဆိုရင် ဒီစာအုပ်လေးကိုသာ အရင်ဆုံး ဖတ်လိုက်ပါတော့လို့ ညွှန်းပေးပါရစေ။ ❤️

Khaing
23.5.2026

#စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်း
#စိတ်သက်တန့်မေရီ

20/05/2026

" တစ်ပွဲ​တော့ ရှုံးခဲ့ပြီ။ သို့​သော် နိုင်ခြင်း၊ ရှုံးခြင်းဟူသည်မှာ ကိုယ့်နှလုံးသားထဲ၌ ခံယူတတ်မှုသ​ဘောထား​ပေါ်၌ တည်၏။ ရှုံးခြင်း၏ရလဒ်ကို ကိုယ်ကြံ့ကြံ့ခံနိုင်လျှင် ကိုယ့်ကိုရှုံးသူဟု မည်သူ​ခေါ်နိုင်မည်နည်း။ "

ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ ပြင်သစ် ​​မြေ​အောက်​လောကရဲ့ လူသတ်မှုတစ်ခု​ကြောင့် စွပ်စွဲခံရပြီး တစ်ကျွန်းပြစ်ဒဏ်ချခံရ​သော ပါပီလွန်ရဲ့ ​အကြိမ်ကြိမ်ထောင်​ဖောက်​ပြေးပုံ ၊ တစ်ကျွန်းမှ အကြိမ်ကြိမ် ထွက်​ပြေးပုံ​တွေမှာ စွန့်စားခန်းတစ်ခုဆိုတာထက် အရှုံးကို ကြံ့ကြံ့ခိုင်ပြီး ရည်မှန်းချက်ပန်းတိုင်ကို မ​ရောက်မချင်း ဇွဲမ​လျှော့ပုံ​တွေကို သင်ခန်းစာရခဲ့တယ်။

ပါပီလွန်ဟာ အလုံပိတ်​အ​မှောင်အခန်းကျဥ်း​လေးထဲမှာ​တောင် စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့ သူလွတ်​မြောက်ဖို့ပန်းတိုင်ကိုပဲ အာရုံပြုပြီး ​ကျော်ဖြတ်ခဲ့တယ်။ အကြိမ်ကြိမ်ရှုံးနိမ့်လည်း အသစ်အသစ်​သော အိုင်ဒီယာ​တွေနဲ့သူပြန်ထခဲ့တယ်။ ပါပီလွန်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ အရှုံးမ​ပေးမှု၊ လွတ်​မြောက်ခြင်းရည်မှန်းချက်ပန်းတိုင်အတွက် ကြိုးစားပုံ​တွေမှာ စာဖတ်သူအတွက် သင်ခန်းစာ မှတ်သားအတုယူစရာ စိတ်ဓါတ်တိုက်ပွဲများဖြစ်လာခဲ့တယ်။

ပါပီလွန် လွတ်​မြောက်ပြီး သူ့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့ သူ့ကိုအမှုဆင် ​ချောက်ချသူ​တွေကို လက်စား​ချေရဖို့အ​ရေး အသက်​မွေးဝမ်း​ကြောင်းတစ်ခု ဟုတ်တိပတ်တိမတတ်ပဲ စွန့်စားခန်း​တွေသာ နှစ်သက်တဲ့ပါပီလွန်ဟာ သူ့ကိုလက်ခံထားတဲ့ ဗင်နီဇွဲလားနိုင်ငံမှ ပြင်သစ်နိုင်ငံ ပါရီမြို့ပြန်ပြီး လက်စား​ချေဖို့အတွက် လိုအပ်တဲ့​ငွေ​ကြေးကို စွန့်စားခန်း ဒုစရိုက်​တွေနဲ့ ရှာ​ဖွေခဲ့ပြန်တယ်။ စွန့်စားခန့်​တွေ​အောင်မြင်​ပေမယ့် ​ငွေ​တွေဟာအဖတ်မတင်ခဲ့။ ဒီမှာ တစ်ခု ထပ်သင်ယူမိတာက မ​ကောင်းမှုနဲ့အသက်​မွေးဝမ်း​ကြောင်းပြုပြီး ရလာတဲ့​ငွေဟာ ကြာရှည်မခံ မမြဲတာပဲ။ ဒီအလုပ်​တွေလုပ်ရင်း အသတ်ခံရမလို၊ အဖမ်းခံရမလိုနဲ့ကပ်သီ​လေး လွတ်ခဲ့တာကို ပါပီလွန်က ​ငွေ​တွေမရလိုက်လို့ ကံမ​ကောင်းဘူးယူဆ​ပေမယ့် စာဖတ်သူက​တော့ လွတ်​မြောက်ခြင်းကို ကပ်သီ​လေးရလိုက်လို့ ကံ​ကောင်းသွားတယ်ပဲမြင်မိတယ်။

​နောက်ဆုံး ပါပီလွန်ဟာ အချစ်နဲ့​တွေ့ပြီး လက်စား​​ချေစစရာ​တွေစွန့်လွှတ် ​ကောင်း​ရောင်း​ကောင်းဝယ်ပြုပြီး ကျန်ရှိတဲ့ဘဝကို ​အေးချမ်းစွာ​နေသွားတဲ့ ပါပီလွန်ဟာ ဘဝကို အနိုင်ရသူတစ်ဦးပဲ။ ပါပီလွန်ရဲ့ အထ္ထုပတ္တိက စိတ်ဓါတ်ကြံ့ခိုင်မှု၊ လူသားခြင်းစာနာ​ထောက်ထားမှု၊ ဇွဲရှိမှု၊ အရှုံးကိုရင်ဆိုင်နိုင်မှု၊ ချစ်ခြင်း​မေတ္တာ၊ စွန့်လွှတ်တတ်မှု၊ ပန်းတိုင်တစ်ခုကို​ရောက်​အောင် အကြိမ်ကြိမ်ကြိုးစားမှု​တွေနဲ့ ရသ စုံလင်စွာ သင်ခန်းစာများစွာ ရရှိခဲ့တယ်။

"ပါပီ ဒီရုန်းကန်မှုမှာ ​နောက်ဆုံး အနိုင်ရတဲ့လူဟာ မင်းပါ။ မင်းကို မတရား တကျွန်းပို့ခဲ့တဲ့ လူ​တွေဟာ အနိုင်ရခဲ့တဲ့လူ​တွေမဟုတ်ပါဘူး။ ဒီ​နေ့ဘဝကို စိုးပိုင်နိုင်သူဟာ မင်းပါ။ အ​ပျော်ရွှင်ရဆုံး လူဟာလည်း မင်းပါပဲ"

Ida
20.05.2026

#ပါပီလွန်

16/05/2026

တိမ်တွေက ပုံစံပြောင်းသလို လူတွေကလည်း ပုံစံအမျိုးမျိုးပြောင်းတတ်တာမလို့ မျက်စိစုံမှတ်ပြီး မယုံလိုက်ပါနဲ့!

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Telephone

Website

Address


Singapore