The Ultimate Yoga Studio

The Ultimate Yoga Studio

แชร์

The ULTIMATE ~ Universal Language and Thought for Imagination, Morality, Awareness, Transformation & Enlightenment.

Photos from The Ultimate Yoga Studio's post 27/05/2026

🍃မနက်မိုးလင်းတာနဲ့ ဖုန်းသံတွေ၊ အလုပ်ကိစ္စတွေ၊ ပတ်ဝန်းကျင်က မျှော်လင့်ချက်တွေကြားထဲ ရုန်းကန်ရင်း ပြင်ပကမ္ဘာရဲ့ ဆူညံသံတွေထဲမှာ ကိုယ့်ရဲ့ တကယ့် အတွင်းစိတ်အသံလေးဟာ တဖြည်းဖြည်း တိတ်ဆိတ် ပျောက်ဆုံးနေတတ်ပါတယ်။

ဒါကြောင့် ဒီခရီးစဉ်လေးမှာ အဲဒီ ပြင်ပကမ္ဘာရဲ့ ဆူညံသံတွေ၊ မဖြစ်မနေ ထမ်းဆောင်နေရတဲ့ တာဝန်တွေကို ခဏတာ လုံးဝ လွှတ်ချထားပြီး... ကိုယ့်ရဲ့ အတွင်းစိတ်လေးနဲ့ ကိုယ် အပြည့်အဝ ပြန်လည်ချိတ်ဆက်ဖို့ အချိန်ယူခဲ့ကြတာပါ။ "ငါ တကယ် အဆင်ပြေရဲ့လား"၊ "ငါ ဘာတွေ ပင်ပန်းနေတာလဲ" ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးပြီး၊ ကိုယ့်ရဲ့ ပွန်းပဲ့နေတဲ့ စိတ်ကလေးကို အပြစ်မတင်ဘဲ နားလည်မှုအပြည့်နဲ့ ပြန်လည်လက်ခံပေးဖို့ပါပဲ။🕊️

လူဆိုတာ ကိုယ်တိုင်က Stress တွေပိပြီး မွန်းကျပ်နေတဲ့အခါ ကိုယ်အချစ်ရဆုံး လူတွေအပေါ်မှာတောင် မရည်ရွယ်ဘဲ စိတ်မရှည်ဖြစ်တာတွေ၊ ဂရုမစိုက်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ့်ခွက်ထဲမှာ ရေအပြည့်ရှိနေမှ တခြားသူကို လိုလိုလားလား ငှဲ့တိုက်နိုင်သလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် သေချာပြန်လည် နားလည်လက်ခံပြီး အပြည့်အဝ ဂရုစိုက်နိုင်တဲ့အခါမှသာ... ကိုယ့်ဘေးနားက မိသားစုနဲ့ ချစ်ရတဲ့သူတွေကိုလည်း စိတ်ပါလက်ပါ၊ နှစ်နှစ်ကာကာနဲ့ နွေးနွေးထွေးထွေး အတူတူ ရှိပေးနိုင်မှာမို့လို့ပါ။

ဒီ ၂ ရက်တာ အချိန်လေးအတွင်းမှာ ကျမတို့ရဲ့ မိသားစုဝင်လေးတွေ အားလုံး...အချိန်တွေအကြာကြီး သယ်ဆောင်လာခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေ၊ ခံစားနေရတဲ့ Stress တွေ၊ အသက်ရှူမှု နည်းစနစ်တွေနဲ့ ကူလျှော့ချပေးခဲ့နိုင်မယ်လို့ ယုံကြည်ပါတယ်။ 🍃

တစ်ယောက်ရဲ့ ဝေဒနာကို တစ်ယောက်က နားလည်မှုတွေနဲ့ ထွေးပွေ့ပေးကြရင်း၊ ကောင်းမွန်သန့်စင်တဲ့ Energy တွေကို အပြန်အလှန် ဝေမျှခဲ့ကြတဲ့ ဒီအချိန်လေးတွေက တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးတွေပါပဲ။

မန္တလေးမြို့ကြီးမှာ ပထမဦးဆုံးအနေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီ "Ayeyarwady Brilliance: SHE Glow Retreat" ကြီးကို အစစအရာရာ အဆင်ပြေချောမွေ့စွာနဲ့ အောင်မြင်အောင် ဝန်းရံပေးခဲ့ကြတဲ့ She Glow Team မှ Nyein နှင့် Angels လေးများ၊ She Glow ရဲ့ Co-Founder များဖြစ်ကြတဲ့ ဆရာမ ချို နဲ့ Dr. Thwe၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားဖို့ ရွေးချယ်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🕊️

ဒီ Retreat လေးကနေ ပြန်လည်ရရှိသွားတဲ့ အေးချမ်းမှုတွေ၊ နူးညံ့တဲ့ စိတ်ခွန်အားတွေနဲ့အတူ ရှေ့ဆက်မယ့် နေ့ရက်တိုင်းမှာ ပိုပြီးတောက်ပတဲ့ အလင်းရောင်တွေနဲ့ ဖြတ်သန်းနိုင်ကြပါစေရှင်။ ✨

25/05/2026

✨ချစ်ခြင်းမေတ္တာစက်ဝန်း... အင်မတန်လုံခြုံတဲ့ နေရာလေးတစ်ခုမှာ ရပ်နေတဲ့ ကိုယ့်ကိုယ်ကို မြင်သိပါ။ ကိုယ့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ နာကျင်မှုတွေ၊ ကြောက်ရွံ့မှုတွေကို လွှတ်ချထားခဲ့မယ်။ အတွေးပုံစံအဟောင်းတွေ၊ အဖျက်သဘောဆောင်တဲ့ အတွေးပုံစံတွေ၊ စွဲလမ်းမှုတွေနဲ့ အစွဲတွေကို ထားခဲ့တော့မယ်။

🌱ကိုယ့်ဘဝအတွက် အကျိုးမပြုတဲ့ ဒီအရာတွေ... ကိုယ့်ဆီကနေ လျော့ပါးပျောက်ကွယ်သွားတာကို မြင်သိပါ။

🕊️တကယ်လုံခြုံတဲ့ နေရာမှာ မတ်မတ်ကလေးရပ်၊ လက်လေးနှစ်ဖက်ကို အကျယ်ကြီးဖြန့်ကာ... "လက်ခံကြိုဆိုဖို့ ငါဖွင့်ထားတယ်" လို့ ပြောနေတဲ့ကိုယ်... မလိုချင်တာတွေမဟုတ်ဘဲ ကိုယ်လိုချင်တာကို ကိုယ့်အတွက် ကြေညာမောင်းခတ်ဖို့ လိုလားရှိနေတာကို မြင်သိပါ။

ကိုယ်ကိုယ်တိုင် ပြည့်ဝနေတာ၊ ကျန်းမာနေတာ၊ ငြိမ်းချမ်းနေတာကို သိပါ။ ချိတ်ဆက်နေတာကို ခံစားကြည့်ပါ။🍃

ကိုယ့်ဆီက ချစ်ခြင်းမေတ္တာတွေ နှလုံးသားချင်း တိုးယိုပေါက် သွားခွင့်ပြုလိုက်ပါ။ ချစ်ခြင်းမေတ္တာတွေ ပေးလိုက်တာနဲ့ ကိုယ့်ဆီကို အဆပေါင်းများစွာ ပြန်ရောက်လာမယ်ဆိုတာကို သိနေပါ။ ဒီအတွေးတွေဟာ ကိုယ့်ဆီကို ပြန်လာနေတယ်ဆိုတာကို သိပြီး၊ ချမ်းမြေ့စေတဲ့ အတွေးတွေကို လူတိုင်းဆီကို ပို့ပေးပါ။

🌍ဒီကမ္ဘာဂြိုဟ်ပေါ်မှာ တို့တွေဟာ အမုန်းတရားစက်ဝန်းထဲမှာ ရှိနေနိုင်သလို... ချစ်ခြင်းမေတ္တာနဲ့ ကုစားမှုစက်ဝန်းထဲမှာလည်း ရှိနေနိုင်တယ်။ ချစ်ခြင်းမေတ္တာစက်ဝန်းထဲမှာပဲ ရှိနေဖို့ "ငါ ရွေးချယ်တယ်"။

🕊️တကယ်တော့ တို့အားလုံး လိုချင်ကြတဲ့အရာတွေ အတူတူပါပဲ။ ငြိမ်းချမ်းချင်တယ်၊ လုံခြုံစွာ ရှင်သန်ခွင့်ရချင်တယ်၊ ကိုယ့်ရဲ့ ဓိပ္ပာယ်ရှိပြီး ကျေနပ်ပြည့်ဝစရာကောင်းတဲ့ နည်းလမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဖော်ပြချင်ကြတယ်။

ကမ္ဘာကြီးဟာ အံ့ဩဖွယ် ချစ်ခြင်းမေတ္တာစက်ဝန်းကြီးတစ်ခု ဖြစ်လာနေတာကို မြင်ပါ။

24/05/2026

🤍ကိုယ်ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်။ ချစ်ခြင်းမေတ္တာတွေ ဝန်းရံနေတဲ့ ကိုယ့်ကိုယ်ကို မြင်သိပါ။ ကိုယ် ပျော်ရွှင်နေတာ၊ ကျန်းမာနေတာ၊ ပြည့်ဝချမ်းသာနေတာကို မြင်သိပါ။

🍃ကိုယ့်ဘဝကို ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း အသေးစိတ် မြင်ကြည့်ပါ။ အဲဒီဘဝဟာ ကိုယ်နဲ့ ထိုက်တန်တယ်ဆိုတာကို သိထားပါ။

✨ကိုယ့်နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေကိုယူ၊ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဖြည့်ပြီး ချစ်ခြင်းမေတ္တာတွေ စတင်စီးဆင်းခွင့်ပြုလိုက်ပါ။

အင်မတန်ကြီးမားတဲ့ ချစ်ခြင်းမေတ္တာစက်ဝန်းကြီးထဲမှာ ရောက်နေတဲ့အထိ... အခန်းတစ်ခန်းလုံးနဲ့ တစ်အိမ်လုံးကို ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေ စီးဆင်းသွားပါစေ။🕊️

ကိုယ့်ဆီက ထွက်သွားတဲ့ ချစ်ခြင်းမေတ္တာတွေဟာ ကိုယ့်ဆီကို ပြန်ရောက်ရှိလာပြီး၊ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန် လည်ပတ်စီးဆင်းနေတယ်လို့ ခံစားကြည့်ပါ။✨

🍃ရှိသမျှ ကုစားမှုအင်အားတွေထဲမှာ... ချစ်ခြင်းမေတ္တာဟာ စွမ်းအားအကြီးမားဆုံး ကုစားမှုအင်အားပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ချစ်ခြင်းမေတ္တာတွေက ဆေးကြောသွားပါစေ။

23/05/2026

✨ကိုယ့်ကိုယ်ကို ပိုပြီးချစ်ဖို့ စွမ်းရည်ဟာ လူသားတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ရှိပါတယ်။ တစ်ဦးချင်းစီတိုင်းဟာ ချစ်ခံရဖို့ ထိုက်တန်ပါတယ်။ ကောင်းမွန်ပြည့်ဝစွာ အသက်ရှင်နေထိုင်ဖို့၊ ကျန်းမာဖို့၊ အချစ်ခံရဖို့၊ ချစ်မြတ်နိုးဖို့နဲ့ ကြီးပွားချမ်းသာဖို့... အားလုံးနဲ့ ထိုက်တန်ပါတယ်။

🕊️ထိုတစ်ဦးတစ်ယောက်ချင်းစီရဲ့ အထဲက ကလေးငယ်ဟာလည်း အံ့ဖွယ်ထွန်းပေါက်တဲ့ လူသားတစ်ယောက်အဖြစ် အရွယ်ရောက်ကြီးပြင်းလာဖို့ ထိုက်တန်ပါတယ်။

🍃ဒါကြောင့် ချစ်ခြင်းမေတ္တာနဲ့ ဝန်းရံထားတဲ့ ကိုယ့်ကိုယ်ကို မြင်သိပါ။ ကိုယ့်ကိုယ်ကို ပျော်ရွှင်နေတာ၊ ကျန်းမာနေတာ၊ ပြည့်ဝချမ်းသာနေတာကို မြင်သိပါ။ အဲဒီဘဝနဲ့ ကိုယ်ဟာ ထိုက်တန်တယ်ဆိုတာကို သိထားပါ။

ကိုယ့်ရဲ့ နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေကိုယူကာ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဖြည့်ဆည်းပြီးတဲ့နောက်... ကိုယ့်ဆီကနေ ထွက်သွားတဲ့ ချစ်ခြင်းမေတ္တာတွေ လည်ပတ်စီးဆင်းစေဖို့ စတင်ခွင့်ပေးလိုက်ပါ။🤍✨

🌱ချစ်တဲ့သူတွေ ကိုယ့်ရဲ့ဘေးမှာ ထိုင်နေတာကို မြင်အောင်ကြည့်ပါ။ ကိုယ့်ရဲ့ ဘယ်ဘက်က လူတွေဆီ ချစ်ခြင်းမေတ္တာတွေ စီးဆင်းပါစေ။ လုံခြုံချမ်းမြေ့စေတဲ့ အတွေးတွေ သူတို့ဆီ ပို့ပေးပါ။ သူတို့ကို ချစ်ခြင်းမေတ္တာတွေ၊ ထောက်ခံအားပေးမှုတွေနဲ့ ဝန်းရံပြီး ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါ။

✨ကိုယ့်နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေကို ကိုယ့်ရဲ့ ညာဘက်က သူတွေဆီလည်း စီးဆင်းခွင့်ပြုလိုက်ပါ။ သူတို့ကို ကုသမှုစွမ်းအင်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ငြိမ်းချမ်းခြင်းတွေ၊ အလင်းရောင်တွေနဲ့ ဝန်းရံပေးလိုက်ပါ။

🤍အင်မတန်ကြီးမားတဲ့ ချစ်ခြင်းမေတ္တာစက်ဝန်းကြီးထဲမှာ ထိုင်နေတဲ့အထိ... ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတရားတွေ အခန်းတစ်ခန်းလုံး စီးဆင်းနေပါစေ။ ချစ်ခြင်းမေတ္တာတွေ ကိုယ့်ဆီက ထွက်သွားပြီး ကိုယ့်ဆီကို အဆပေါင်းများစွာ ပြန်လာသလို၊ ချစ်မေတ္တာစက်ဝန်းကြီး လည်ပတ်နေတာကို ခံစားကြည့်ပါ။

ချစ်ခြင်းမေတ္တာဟာ စွမ်းအားအကြီးမားဆုံး ကုစားမှုအင်အားပါ။

ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲကို အဲဒီချစ်ခြင်းမေတ္တာတွေ ယူဆောင်လာပြီး၊ ကိုယ်နဲ့ ဆုံခွင့်ရတဲ့ လူတိုင်းကို တိတ်တိတ်ကလေး ချစ်ခြင်းမေတ္တာတွေ မျှဝေပေးလိုက်ပါ။🕊️

ကိုယ့်ကိုယ်ကို ချစ်ပါ။ တခြားသူတွေကိုလည်း ချစ်ပါ။ ကမ္ဘာမြေကြီးကို ချစ်ပါ။ တို့အားလုံးဟာ အတူတူပဲဆိုတာကို သိပါ။🌍

22/05/2026

ကျမတို့တွေဟာ အပြင်ဘက်ကိုပဲ အမြဲအာရုံစိုက်နေမိတဲ့အခါ အရာရာကို အရှိအတိုင်း မမြင်တော့ဘဲ ငယ်ငယ်ကတည်းက ပုံသွင်းခံခဲ့ရတဲ့ ယုံကြည်မှုတွေ၊ စိတ်ဒဏ်ရာတွေပေါ် အခြေခံပြီးပဲ မြင်ကြတော့တယ်။

အဲဒီအခါ အထဲက နာကျင်မှုတွေကို အပြင်ဘက်က ကိုယ်အချစ်ဆုံးသူတွေ၊ ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိဘ၊ သားသမီးနဲ့ အိမ်ထောင်ဖက်တွေပေါ် မသိစိတ်ကနေ ပုံချမိတတ်ကြပါတယ်။ အဆင်ပြေခြင်းနဲ့ မပြေခြင်း၊ နာကျင်မှုနဲ့ သာယာမှုဆိုတဲ့ အစွန်းနှစ်ဖက်ရဲ့ အကူးအပြောင်းတွေကြားမှာပဲ တစ်နေ့တစ်နေ့ ကိုယ်ပျောက်ဆုံးနေရင်း ယောဂရဲ့ စစ်မှန်တဲ့ ပေါင်းစည်းခြင်း အရသာနဲ့ ဝေးကွာနေတတ်ကြတာပေါ့။

ဒါကြောင့်ပဲ စိတ်ရဲ့ အနားယူမှုအတွက် "တစ်ယောက်တည်း နေတတ်ခြင်း" (Solitude) ဆိုတာ တကယ်ကို လိုအပ်လှပါတယ်။ ဒါဟာ ဘယ်သူမှမရှိဘဲ အထီးကျန်တာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကို သိသိလေးနဲ့ နွေးနွေးထွေးထွေး ဖေးမတာပါ။ အစပိုင်းမှာ စိတ်ကလေးကို ငြိမ်ငြိမ်ထားဖို့ ခက်ခဲပေမဲ့ တစ်ယောက်တည်း နေတတ်လာတဲ့အခါ သူတစ်ပါးရဲ့ အမြင်တွေပေါ်မှာ မမှီခိုတော့ဘဲ အမှားအမှန်ကို ဝေဖန်ဆင်ခြင်နိုင်တဲ့ဉာဏ် ပိုပြီး အားကောင်းလာပါတယ်။

စိတ်ကလေး သန့်စင်လာတာနဲ့အမျှ တို့ပြောတဲ့ စကားလုံးတွေကလည်း အဆိပ်အတောက် ကင်းလာပါလိမ့်မယ်။ စကားတွေ အများကြီး ပြောမယ့်အစား မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ သူလည်း နားထောင်ချင်မယ့် ချီးကျူးစကား၊ အသိအမှတ်ပြုစကားလေးတွေကိုပဲ ရွေးချယ်ပြောကြည့်ရအောင်။ ကိုယ်ကောင်းတာတစ်ခုခု လုပ်တော့မယ့်အချိန်မှာ အနောက်ကနေ "မင်းက ချီးကျူးခံချင်လို့ လုပ်တာလား" ဆိုပြီး နှောင့်ယှက်တတ်တဲ့ မသိစိတ်ထဲက ပုံပြင်ဟောင်းတွေ ကိုလည်း သတိထားပြီး ခွင့်လွှတ်ပေးဖို့ လိုပါတယ်။ငယ်ငယ်က မှားမှာကြောက်ခဲ့တဲ့စိတ်ကြောင့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဖော်ထုတ်ဖို့ နှောင့်နှေးတွန့်ဆုတ်နေတာမျိုးတွေကို ကိုယ့်ကိုယ်ကို ပြန်မြင်လာတာဟာ စစ်မှန်တဲ့ အမြင်ပါပဲ။

ကိုယ့်ကိုယ်ကို လွတ်လွတ်လပ်လပ် မှားခွင့်ပြုလိုက်ပါ။ ပြီးရင်တော့ ဒီနေ့အတွက် မိမိကိုယ်ကိုယ် ဒီစကားလုံးလေးနဲ့ ဖက်လဲတကင်း နှုတ်ဆက်ပေးပါ...
"I love and approve of myself"
(ငါ့ကိုယ်ငါ ချစ်တယ်၊ ငါ့ကိုယ်ငါ ထောက်ခံတယ်)
ဒါဟာ အမှားတွေ၊ ရှုပ်ထွေးမှုတွေကြားထဲမှာတောင် ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ညင်သာစွာ လက်ခံပေးတာ ဖြစ်ပါတယ်။ ကိုယ့်နှုတ်ကို စောင့်ထိန်းခြင်းဟာ ကိုယ့်ဘဝကို စောင့်ထိန်းခြင်းမို့ပါပဲ...။

✨ ဒါလေးကတော့ 5 AM Club Victory Hour မှာ ပြောပြခဲ့တဲ့ Pratyahara ထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ ဒီ "Pratyahara" အကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ လက်တွေ့ကျကျ နားဆင်ချင်တယ်ဆိုရင်တော့ 5 AM Club Victory Hour ရဲ့ YouTube Video လေးမှာ ဝင်ရောက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

📺 YouTube မှာ အသေးစိတ် ကြည့်ရှုရန် Link
https://youtu.be/bNW3jCezOKM?si=CXSWazBKZiJjyg38
https://youtu.be/u5MjhB8GWWQ?si=wsh7QreeUtDQPntJ
https://youtu.be/7ii4KPIyb-4?si=gI5lzOkkdvJx7TOt
https://youtu.be/Fv01USVhP1w?si=f5fujyk0AX9_yCmv
https://youtu.be/rAghMPA0IsM?si=wW5P1BwHOJl4J1DE

🕊️🍃
Namaste 🙏🏻✨
How you start your day is how you live your life.

21/05/2026

တစ်ခါတုန်းက လူတစ်ယောက်ဟာ မီးခွက်စောင့် တန်ခိုးရှင်ဘီလူး Genie ကို တွေ့ရှိခဲ့တယ်။ အဲဒီဘီလူးက ဆုတောင်းသုံးခု ပေးမယ့်အစား ဆုတွေပြည့်သွားရင်တော့ အဲဒီလူကို ပြန်ပြီး ဝါးမြိုပစ်မယ်ဆိုတဲ့ စည်းကမ်းချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ ထုံးစံအတိုင်း အဲဒီလူဟာ ပထမဆုတောင်းနှစ်ခုကို စည်းစိမ်ဥစ္စာနဲ့ ဇိမ်ခံမှုတွေအတွက်ပဲ သုံးပစ်လိုက်မိတာပေါ့။ ဒါပေမဲ့ တတိယဆုတောင်း ရောက်တဲ့အခါမှာတော့ သူက ဉာဏ်ပညာကြီးမားတဲ့ သူတော်စင်တစ်ပါးဆီကနေ လမ်းညွှန်ချက် တောင်းပြီး ဉာဏ်ဆင်လိုက်ပါတော့တယ်။

သူတော်စင်ပေးလိုက်တဲ့ ကောက်ကောက်လေးဖြစ်နေတဲ့ မုတ်ဆိတ်မွှေးတစ်ပင်ကို ဘီလူးကိုပေးပြီး...

"ဒီမုတ်ဆိတ်မွှေးကို ဖြောင့်အောင် လုပ်ပေးပါ"

လို့ တောင်းဆိုလိုက်ပါတယ်။ ဘီလူးကလည်း အားရပါးရနဲ့ မုတ်ဆိတ်မွှေးကို ဆွဲဆန့်ပြီး ဖြောင့်လိုက်ပေမဲ့ လက်ကနေ အောက်ကို ချလိုက်တာနဲ့ တစ်ပြိုင်နက်... အဲဒီမုတ်ဆိတ်မွှေးက ချက်ချင်း ပြန်ကောက်သွားရော။

ဆွဲလိုက်ရင် ဖြောင့်သွားပြီး၊ လွှတ်လိုက်ရင် ပြန်ကောက်သွားတာ ထပ်ခါထပ်ခါ ဖြစ်နေလို့ ဘီလူးဟာ အဲဒီလူကို ဘယ်လိုမှ စားလို့မရတော့ဘဲ လူဟာလည်း ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားပါတော့တယ်။

တကယ်တော့ ပုံပြင်ထဲက ကောက်နေတဲ့ မုတ်ဆိတ်မွှေးဆိုတာ တို့ရဲ့ Mental Patterns (စိတ်ရဲ့ အလေ့အထ ပုံစံခွက်ဟောင်းတွေ) ပါပဲရှင်။

တရားစခန်း ဝင်နေတဲ့အချိန်၊ ဆရာသမားတွေ ရှေ့မှာရှိနေတဲ့ အချိန်မှာတော့ စိတ်ကို အတင်းဆွဲဆန့်ထားသလိုမျိုး ဖြောင့်တန်းငြိမ်သက်နေတတ်ပေမဲ့၊ အပြင်လောကထဲ ပြန်လွှတ်လိုက်တာနဲ့ အရင်က အတ္တတွေ၊ ဒေါသတွေ၊ လောဘတွေက မုတ်ဆိတ်မွှေးလိုပဲ ချက်ချင်း ပြန်ကောက်သွားတတ်ကြပါတယ်။

ဒါကြောင့် တို့တွေဟာ စိတ်ရဲ့ အလေ့အထတွေကို အတင်းအဓမ္မ ဖြောင့်ပစ်ဖို့ မကြိုးစားဘဲ သတိတရားရဲ့ အလင်းရောင်အောက်မှာ ကိုယ့်ရဲ့ အတွေးပုံစံတွေကို အမှန်အတိုင်း ကြည့်ပေးရင်းနဲ့ပဲ တဖြည်းဖြည်း လျော့ပါးသက်သာစေတဲ့ နည်းလမ်းလေးနဲ့ သွားကြရအောင်ပါ။

"လူတွေရှေ့မှာ ကိုယ်ဘယ်လို ပြုမူနေထိုင်သလဲ? ဘယ်သူမှ မရှိတဲ့အချိန်မှာ ကိုယ်ဘာတွေ လုပ်နေသလဲ?"

အဲဒီအချက်တွေကမှ မိမိကိုယ်မိမိ အမှန်အတိုင်း မြင်နိုင်တဲ့ Self-realization ပါပဲ။

✨ ဒါလေးကတော့ 5 AM Club Victory Hour မှာ ပြောပြခဲ့တဲ့ Dharana ထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ ဒီအကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ လက်တွေ့ကျကျ နားဆင်ချင်တယ်ဆိုရင်တော့ 5 AM Club Victory Hour ရဲ့ YouTube Video လေးမှာ ဝင်ရောက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

📺 YouTube မှာ အသေးစိတ် ကြည့်ရှုရန် Link
https://youtu.be/0qZDl4Ty7Xg?si=BmY97mIj8IDJ4HQY

🕊️🍃
Namaste 🙏🏻✨
How you start your day is how you live your life.

20/05/2026

တစ်ခါတလေ စိတ်ဟာ အတိတ် ဒါမှမဟုတ် အနာဂတ်ဆီကိုပဲ အမြဲပြေးထွက်နေတတ်ပြီး "ငါ ဘာလို့ အဲဒီတုန်းက အဲလိုပြောလိုက်မိပါလိမ့်၊ သူတို့ ငါ့ကို မချစ်ရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ အကြောက်တရားတွေနဲ့ ပိတ်မိနေတတ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့စိတ်ဟာ ကိုယ့်ရဲ့အတိတ်ပါပဲ။ ဒီစိတ်ရဲ့ ပုံစံခွက်ဟောင်းတွေကို အသေအချာ ပြန်ကြည့်ရင်း ဘာမှဖုံးကွယ်မထားဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်နိုင်တဲ့အခါမှ စိတ်ထဲမှာ တကယ့်ကို လွတ်မြောက်သွားသလို နွေးထွေးတဲ့ အရသာကို ခံစားရမှာပါ။

တရားထိုင်တဲ့အခါ စိတ်ကို ချက်ချင်းကြီး ငြိမ်ကျသွားချင်ကြပေမဲ့ တစ်နေကုန် ပြင်ပမှာ သွားလာလှုပ်ရှားနေချိန်မှာတော့ ကိုယ့်ရဲ့ လေသံ၊ စကားလုံးနဲ့ စိတ်နေစိတ်ထားကို သတိမမူမိကြဘဲ လွှတ်ထားတတ်ကြတယ်။ စိတ်ဆိုတာ မျောက်ကလေးတစ်ကောင်လို ပျံ့လွင့်လွယ်တဲ့ သဘာဝရှိတာမို့၊ မတွေးနဲ့လို့ အတင်းဖိနှိပ်လိုက်ရင် ပိုပြီးတော့တောင် ရုန်းကန်တတ်ပါတယ်။ အဓိကက အတွေးတွေကို ပိတ်ပင်ဖို့ထက် ကိုယ့်ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာကို ညင်သာစွာ စောင့်ကြည့်ပေးဖို့ပါပဲ။

အဲဒီလို စောင့်ကြည့်တတ်လာတဲ့အခါ... ကိုယ့်မသိစိတ်ရဲ့ အောက်ခြေမှာ "ငါ လုံလောက်အောင် မကောင်းသေးပါဘူး" ဆိုပြီး အမြဲတမ်း တိတ်တဆိတ် ရွတ်ဆိုနေတတ်တဲ့ တိပ်ခွေတွေကို မြင်လာရပါလိမ့်မယ်။ ထူးဆန်းတာက တို့တွေဟာ ကောင်းတာတစ်ခုခု လုပ်တော့မယ်ဆိုရင် "ဖြစ်ပါ့မလား၊ ချီးကျူးခံချင်လို့လား" ဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းတွေ အများကြီးထုတ်ပြီး နှောင့်နှေးတတ်ပေမဲ့၊ စိုးရိမ်ပူပန်တာနဲ့ ဝေဖန်တာမျိုးတွေကျတော့ အနောက်ကနေ ဘာမေးခွန်းမှ မထုတ်ဘဲ အဆိပ်တွေကို လွယ်လွယ်သောက်မိတတ်ကြတာပါပဲ။

ဘဝမှာ တစ်ခါတလေ သူတစ်ပါးရဲ့ ဆက်ဆံရေးကြောင့် ကိုယ့်ရဲ့ အတိတ်ဒဏ်ရာအထုံးလေးတွေ ပြန်ပြီး အလုပ်လုပ်လာတတ်ပါတယ်။ "သူ့ကြောင့် ငါနာကျင်ရတာ" လို့ သူများကို လက်ညှိုးထိုး အပြစ်ပုံချမယ့်အစား၊ ကိုယ့်ဘက်ကသာ အတွင်းစိတ်ကို ဖြောင့်တန်းအောင် ပြန်ပြင်နိုင်ရင် ဘယ်သူကမှ လာချိတ်လို့ မရတော့ပါဘူး။ စိတ်ဒဏ်ရာတွေကို ကုစားတဲ့နေရာမှာ ချက်ချင်းကြီး အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ ကျရှုံးလိုက်၊ အောင်မြင်လိုက် ဖြစ်နေဦးမယ့် အဲဒီဖြစ်စဉ်အပေါ်မှာ ဘာကိုမှ ဆုပ်ကိုင်မထားဘဲ စဉ်ဆက်မပြတ် ညင်သာစွာ လေ့ကျင့်သွားခြင်းကိုပဲ Vairagya - တွယ်တာမှုကင်းခြင်း လို့ ခေါ်တာပါ။

ဒီလိုနဲ့ ကိုယ့်စိတ်ကို ပိုမြင်လာတဲ့အခါ သူတစ်ပါးရဲ့ ရင့်သီးတဲ့ စကားလုံးတွေဟာလည်း သူတို့ရဲ့ စစ်မှန်တဲ့အသံမဟုတ်ဘဲ သူတို့ငယ်ဘဝရဲ့ နာကျင်စရာ Tape ခွေဟောင်းကြီးက ခိုင်းနေတာပါလားဆိုတာကို နားလည်စာနာပေးနိုင်လာပါတယ်။ အဲဒီအချိန်မှာ အမုန်းတွေ အရည်ပျော်ပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာသက်သက်ပဲ ကျန်ရစ်ခဲ့ပါတော့တယ်။

✨ ဒါလေးကတော့ 5 AM Club Victory Hour မှာ ပြောပြခဲ့တဲ့ Dharana ထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ ဒီအကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ လက်တွေ့ကျကျ နားဆင်ချင်တယ်ဆိုရင်တော့ 5 AM Club Victory Hour ရဲ့ YouTube Video လေးမှာ ဝင်ရောက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

📺 YouTube မှာ အသေးစိတ် ကြည့်ရှုရန် Link
https://youtu.be/HbIekQG6u7Y?si=VeBcmkq1688PL4cg

🕊️🍃
Namaste 🙏🏻✨
How you start your day is how you live your life.

15/05/2026

🌊 Ayeyarwady Brilliance: SHE Glow Retreat 🚢

ကျမတို့ရဲ့ နေ့စဉ်ဘဝဆိုတာ တစ်ခါတလေမှာ မရပ်မနား စီးဆင်းနေတဲ့ မြစ်ရေပြင်လိုပါပဲ။ ဒါပေမဲ့ အဲဒီစီးဆင်းမှုထဲမှာ ဖုန်မှုန့်တွေ၊ အနည်အနှစ်တွေနဲ့ နောက်ကျိနေတဲ့အခါ ကိုယ့်ရဲ့ စစ်မှန်တဲ့ ပုံရိပ်ကို ကျမတို့က ပြန်မမြင်ရတော့ပါဘူး။🕊️

🍃အလုပ်တွေ၊ တာဝန်တွေနဲ့ သံသရာလည်ရင်းအတွင်းစိတ်ထဲမှာ တစ်ခုခုလိုနေသလို၊ အလိုလိုနေရင်း လေးလံထိုင်းမှိုင်းနေသလို ခံစားနေရပြီဆိုရင်တော့ ကျမတို့ရဲ့ စိတ်အာရုံတွေကို အသစ်ပြန်လည် လန်းဆန်းအောင် ပြင်ဆင်ကြပါမယ်။ 🌱

ကိုယ့်ကို လေးလံစေတဲ့ အရာမှန်သမျှကို လွှတ်ချပြီး၊ ပစ္စုပ္ပန်တည့်တည့်မှာ အပြည့်အဝ ရှိနေခြင်းရဲ့ အရသာကို ဧရာဝတီမြစ်ပြင်ကျယ်ကြီးထက်မှာ အတူတူ ရှာဖွေကြရအောင်ပါ။🧘🏻‍♀️

✨ Relax, Reset & Resilience ✨

🚢ဒီခရီးစဉ်ဟာ Myanmar’s First River Cruise Healing Retreat ရေပြင်ကျယ်ရဲ့ တည်ငြိမ်မှု၊ လေပြေအေးရဲ့ ထိတွေ့မှုတွေနဲ့အတူ ကျမတို့ရဲ့ စိတ်၊ ခန္ဓာနဲ့ နှလုံးသားကို တစ်သားတည်း ပြန်လည်ချိတ်ဆက်ပေးမယ့် Transformational Journey လေးတစ်ခုပါ။

ဒီ ၂ ရက်တာအတွင်းမှာ ကျမတို့ ဘာတွေလုပ်ကြမလဲ?

🌱 မြစ်ရေစီးသံနဲ့အတူ ကိုယ့်ရဲ့ အတွင်းစိတ်အသံကို သေချာပြန်နားထောင်မယ်။
🌱 ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို အရှိကိုအရှိတိုင်း နားလည်လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်လာမယ်။
🌱 စုပုံနေတဲ့ Stress တွေနဲ့ ပိတ်မိနေတဲ့ စိတ်ခံစားချက်တွေကို နည်းစနစ်တကျ ဖြေလျှော့မယ်။
🌱 ရှုပ်ထွေးလှတဲ့ အတွေးလှိုင်းတွေကို တည်ငြိမ်စေပြီး နှလုံးသားကို အမှန်တကယ် အေးချမ်းသွားစေမယ်။

🕊️ ဒီ Retreat လေးကို နယ်ပယ်အသီးသီးမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး စာတွေ့လက်တွေ့ ကျွမ်းကျင်တဲ့ Professional Healer များစွာကနေ မေတ္တာအပြည့်နဲ့ စနစ်တကျ ပေါင်းစည်းဖန်တီးထားတာ ဖြစ်ပါတယ်။

Grand Paukan Cruise Hotel ရဲ့ ခမ်းနားထည်ဝါလှတဲ့ Cruise ပေါ်မှာ ဧရာဝတီရဲ့ အလှအပတွေကို ခံစားရင်း May လ (၂၃) နဲ့ (၂၄) ရက်နေ့မှာ ပြုလုပ်သွားမှာပါ။ ကျမတို့ရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေနဲ့ သက်တောင့်သက်သာရှိတဲ့ နေထိုင်မှုတွေအားလုံးကို အကောင်းဆုံး စီစဉ်ထားပါတယ်။

✨ Healing ဆိုတာ... တစ်ယောက်တည်း ကျော်ဖြတ်ရမှာ မဟုတ်ပါဘူး။ မတူညီတဲ့ သူတွေရဲ့ ကောင်းမွန်တဲ့ Energy & Frequency တွေကို စုစည်းပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပံ့ပိုးပေးတဲ့အခါမှာ ပိုမိုနက်ရှိုင်းတဲ့ Healing Depth ကို ရရှိစေမှာပါ။

🚢 Retreat Details
📅 Date: 23 – 24 May 2026
⏰ Check-In : 23rd May | 11:00 AM
✅ Investment : 1,500,000 MMK
🍀 Special Early Bird (First 11 Guests Only) : 1,111,111 MMK

(Includes: Cruise Accommodation | Full Board Meals | All Healing Sessions)

ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ပိုင်ဆိုင်ဖို့ဆိုတာ ကျမတို့ ကိုယ့်ကိုယ်ကိုယ် ပေးနိုင်တဲ့ အကောင်းဆုံးသော "ဘဝလက်ဆောင်" ပါပဲ။

ဧရာဝတီမြစ်ပြင်ပေါ်က နေဝင်ချိန်အလှနဲ့အတူ ကိုယ့်ရဲ့ အတွင်းအလင်းရောင်ကို ပြန်လည်ရှာဖွေဖို့ အသင့်ဖြစ်ပြီဆိုရင်တော့... ဒီပို့စ်လေးရဲ့ အောက်မှာ " Retreat" လို့ မန့်ခဲ့ပြီးဖြစ်‌စေ၊ Page Messenger ကနေတစ်ဆင့် စုံစမ်းမေးမြန်းပြီးဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီရှင်။ 🤍✨

10/05/2026

🍃နေ့စဉ်ဘဝရဲ့ မရပ်မနား လည်ပတ်နေတဲ့ သံသရာထဲမှာ တာဝန်တွေ၊ ဖိစီးမှုတွေနဲ့ မွန်းကျပ်လာတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာသလို၊ စိတ်ပိုင်းဆိုင်ရာမှာလည်း အလိုလို လေးလံထိုင်းမှိုင်းလာတတ်ပါတယ်🕊️

🌱တကယ်တော့ ကိုယ့်ရဲ့ ခန္ဓာနဲ့ စိတ်ဆိုတာ အမြဲတမ်း ဒွန်တွဲနေပြီး တစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်မှုရှိနေတာကြောင့် ကိုယ်ရောစိတ်ပါ အမှန်တကယ် အနားရဖို့၊ ပင်ပန်းနေတဲ့ စိတ်အာရုံတွေကို ပြန်လည်ကုစားဖို့နဲ့၊ မိမိရဲ့ အတွင်းစိတ်နဲ့ ပြန်လည်ချိတ်ဆက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ဖို့အတွက် "Inner Balance Wellbeing Program" လေးကို ဖိတ်ခေါ်ချင်ပါတယ်။

🕊️ဒီအစီအစဉ်လေးဟာ မိမိကိုယ်ကို ပိုချစ်တတ်လာဖို့နဲ့ ဟန်ချက်ညီတဲ့ ဘဝနေထိုင်မှုပုံစံကို တည်ဆောက်နိုင်ဖို့အတွက် Aura Wellness Center, The ULTIMATE Yoga Studio နဲ့ ADORE Mental Wellbeing & Care တို့က စုပေါင်းပြီး Holistic Wellness အမြင်နဲ့ သေချာရေးဆွဲထားတဲ့ Program လေး တစ်ခုပဲ ဖြစ်ပါတယ်။

🍃ဒီ Program လေးမှာဆိုရင် နယ်ပယ်အသီးသီးမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး စာတွေ့လက်တွေ့ ကျွမ်းကျင်တဲ့ ဆရာမတွေကိုယ်တိုင် စေတနာအပြည့်နဲ့ လမ်းညွှန်ပေးသွားမှာပါ။

💁🏻‍♀️The Ultimate Yoga Studio ရဲ့ Founder ဖြစ်ပြီး ယောဂသင်ကြားမှုအတွေ့အကြုံ (၉) နှစ်ကျော်ရှိသူ ဖြစ်ပါတယ်။ Retreats နဲ့ Workshops ပေါင်း ၁၀၀ ကျော်ကို ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ ယောဂကို လေ့ကျင့်ခန်းတစ်ခုလိုတင်မဟုတ်ဘဲ "ကိုယ့်ရဲ့ မူလစိတ်အိမ်ဆီ အိမ်ပြန်ရောက်သွားသလို" အေးချမ်းတဲ့ ခံစားမှုကို ရရှိစေဖို့ နွေးထွေးစွာ လမ်းပြပေးသွားမယ့် ဆရာမ ခိုင်ငြိမ်း

💁🏻‍♀️ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းမှာ သတိကပ်ပြီး နေထိုင်တတ်စေဖို့ (Mindful Living) နဲ့ ယောဂဒဿနတွေကို လက်တွေ့ဘဝမှာ အသုံးချနိုင်အောင် လမ်းညွှန်ပေးမယ့် Tr. Po

💁🏻‍♀️ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးပြုလေ့လာထားကြတဲ့ Counselling ပညာရှင်တွေဖြစ်ပြီး၊ စိတ်ခံစားမှုတွေကို ဘယ်လိုနားလည်လက်ခံမလဲ၊ ဘယ်လိုဖြေလျှော့မလဲဆိုတာကို နွေးထွေးစွာကကူညီပေးမယ့် Ma Tweety & Ma Bhone Tint (Founders & Counsellors of ADORE Mental Wellbeing & Care) တို့က အသေးစိတ် ဆွေးနွေးပေးသွားမှာပါ။

✨ မှန်ကန်တဲ့ အသက်ရှူကျင့်စဉ်၊ ယောဂကျင့်စဉ်တွေနဲ့ တင်းကြပ်နေတဲ့ အာရုံကြောတွေကို ဖြေလျှော့မယ်။
✨ ခန္ဓာကိုယ်နဲ့ စိတ်ကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ပစ္စုပ္ပန်မှာ အပြည့်အဝနေထိုင်တတ်တဲ့ (Mindful Living) ကို ကျင့်သုံးမယ်။
✨ ကိုယ့်စိတ်ခံစားချက်ကို နားလည်လက်ခံပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်စွမ်းအား (Resilience) တည်ဆောက်မယ်။
✨ သင်တန်းပြီးသွားရင်တောင် နေ့စဉ်ဘဝမှာ အလွယ်တကူ ဆက်လက်အသုံးချပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေကို ရယူကြမယ်။

🧏🏻‍♀️ ဘယ်လိုလူတွေ တက်ရောက်သင့်သလဲ?
Burnout ဖြစ်နေသူတွေ၊ စိတ်ဖိစီးမှုတွေကို သဘာဝနည်းလမ်းတွေနဲ့ လျှော့ချပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း တက်ရောက်နိုင်ပါတယ်။ (ယောဂ အခြေခံမရှိသူတွေလည်း လွတ်လပ်စွာ ပါဝင်နိုင်ပါတယ်)

အစီအစဉ် အသေးစိတ်
📅 နေ့ရက် - May 16th & 17th, 2026 (စနေ၊ တနင်္ဂနွေ)
⏰ အချိန် - မနက် ၉:၃၀ မှ ညနေ ၅:၀၀ နာရီအထိ
📍 နေရာ - Aura Wellness Center (လမ်း ၄၀ A၊ ၅၄ x ၅၅ လမ်းကြား၊ မန္တလေးမြို့)
💰 Investment - 300,000 MMK
🎁 Early Bird Offer - ပထမဆုံး စာရင်းပေးသွင်းသူ (First 10 Pax) အတွက် 10% Discount ရရှိပါမယ်။
🌟 50% Scholarship အစီအစဉ်
ဒီ Program လေးကို တကယ်တက်ရောက်ချင်သူတွေအတွက် 50% Scholarship (၂) နေရာစာ ဖန်တီးပေးထားပါတယ်။ Scholarship လျှောက်ထားလိုသူတွေအနေနဲ့ "ဘာကြောင့် ဒီ Program လေးကို တက်ရောက်ချင်တာလဲ" ဆိုတဲ့ ရည်ရွယ်ချက်လေးကို Comment မှာ ရေးပေးရုံနဲ့ ပါဝင်နိုင်ပါပြီ။
တက်ရောက်သူ တစ်ဦးချင်းစီကို သေချာ အနီးကပ် ဂရုစိုက်ပေးနိုင်ဖို့ လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီ ၂ ရက်တာ အချိန်လေးကို ကိုယ့်ကိုယ်ကို ပြန်လည်မွမ်းမံဖို့ အကောင်းဆုံး လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကနေဖြစ်စေ အသေးစိတ် စုံစမ်းစာရင်းပေးသွင်းနိုင်ပါပြီရှင်။ 🤍✨

04/05/2026

🌸 Let it go with Pranayama

၁။ ကောင်းတာတွေကိုပဲ အကျိုးကျေးဇူးလို့ မသတ်မှတ်ပါနဲ့။ အပျက်သဘောဆောင်တဲ့ အရာတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိနဲ့ ဉာဏ်လိုအပ်သလို၊ အကြောက်တရား လုံးဝမရှိတော့တဲ့အထိ ကျင့်ယူရမှာ ဖြစ်ပါတယ်။

၂။ ဘဝမှာ ပြောင်းလဲလို့မရတဲ့ "ကံ" ကို ရင်ဆိုင်နိုင်စွမ်းရှိဖို့နဲ့ ပြောင်းလဲလို့ရတဲ့ "ကံ" ကို ကြိုးစားကျင့်ကြံဖို့ ယောဂက သင်ကြားပေးပါတယ်။

၃။ ကျမတို့ဘဝမှာ အသက်ဘယ်နှစ်ကြိမ်ရှူရမယ်ဆိုတာ ပါလာပြီးသားပါ။ လိပ်ဟာ ဖြည်းဖြည်းရှူ၊ ဖြည်းဖြည်းထုတ်ပြီး အသက်အောင့်ထားနိုင်လို့ အသက်ရှည်သလိုပဲ၊ အသက်ကို လောလောရှူနေရင် ဘဝက မြန်မြန်ဆုံးသွားပါလိမ့်မယ်။

၄။ တစ်နေ့ကို အသက်ရှူခြင်း ၂၁,၉၆၀ ကြိမ်ပဲ နှေးနှေးမှန်မှန် ရှူနိုင်မယ်ဆိုရင် အသက် (၁၀၀) ထိ နေနိုင်တယ်လို့ Guru ကြီးတွေက လမ်းညွှန်ခဲ့ပါတယ်။ ကိုယ့်ရဲ့ အချိန်တွေကို အလဟဿ မဖြုန်းတီးပါနဲ့။

၅။ Prana (အသက်စွမ်းအင်) ဟာ အရာအားလုံးရဲ့ အရှင်သခင်ဖြစ်သလို၊ အသက်ရှူခြင်းရဲ့ အရည်အသွေးဟာ စိတ်ရဲ့အလွှာတွေကို နိုင်နင်းဖို့နဲ့ စိတ်ကို ကောင်းကောင်းထိန်းကျောင်းနိုင်ဖို့ အဓိကသော့ချက်ပါပဲ။

၆။ သဘာဝတရားက ကျမတို့ကို စွမ်းအင်တွေ အလျှံပယ် ပေးထားပါတယ်။ ကျမတို့ ချို့တဲ့နေရခြင်းက တန်ဖိုးမထားတတ်လို့နဲ့ ချစ်ခြင်းမေတ္တာတွေ ပျောက်ဆုံးနေလို့သာ ဖြစ်ပါတယ်။

၇။ သေဆုံးခြင်း၊ ပြိုကွဲခြင်း၊ နာကျင်ခြင်းနဲ့ ပြောင်းလဲခြင်းတွေက ဘဝမှာ ရှောင်လွှဲလို့မရပါဘူး။ တစ်ခုခုကို ငြိတွယ်နေခြင်းကသာ ဆင်းရဲခြင်းကို ဖြစ်စေတာပါ။

၈။ Pranayama ဟာ မြင်နေရတဲ့ ခန္ဓာကိုယ်နဲ့ မမြင်ရတဲ့ စိတ်ဝိညာဉ်ကို တံတားခင်းပေးမယ့် ဘာသာစကားတစ်ခု ဖြစ်ပါတယ်။

၉။ Pranayama ကို နားလည်ခြင်းဖြင့် ချဉ်းကပ်မယ်ဆိုရင် ဘဝကို အတင်းအကြပ် ဖက်တွယ်ထားတာတွေကို လွှတ်ချနိုင်လာပြီး သေခြင်းတရားကို ဆင်ခြင်တတ်လာတဲ့အခါ ရှင်သန်နေတဲ့အချိန်ကို ပိုပြီး တန်ဖိုးထားတတ်လာမှာပါ။

၁၀။ အသက်ရှူခြင်းကတစ်ဆင့် စိတ်နဲ့ ဉာဏ်ကို ချဉ်းကပ်ရင်း အာရုံကြောထဲအထိ စိမ့်ဝင်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ အထုံးအဖွဲ့တွေကို လွှတ်ချသွားနိုင်ပါလိမ့်မယ်။

✨ ဒီအကြောင်းအရာတွေကို အသေးစိတ် နားဆင်ပြီး စစ်မှန်တဲ့ လွတ်မြောက်မှုကို ခံစားချင်တယ်ဆိုရင်တော့ အောက်က YouTube Link လေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။

📺 YouTube မှာ အသေးစိတ် ကြည့်ရှုရန် Link:

https://youtu.be/QWQo_e0nGss?si=TYpHdb4XctO2anuI

🕊️🍃
Namaste 🙏🏻✨
How you start your day is how you live your life.

02/05/2026

🍃"အသက်က ကိုယ့်ကို ရှူသွားပါစေ... ဘဝက ကိုယ့်ကို ဖြတ်သန်းစီးဆင်းသွားပါစေ..."

ဒီနေ့မှာတော့ True Pranayama အကြောင်းကို ကျမတို့ရဲ့ နေ့စဉ်ဘဝထဲမှာ လက်တွေ့အသုံးချနိုင်ဖို့ ပြန်လည်မျှဝေပေးချင်ပါတယ်။

၁။ ကျမတို့ရဲ့ အသက်ရှူပုံဟာ စိတ်လှုပ်ရှားမှု (Emotional state) တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ ဒါကြောင့် စိတ်ကို ပြင်ချင်ရင် အသက်ရှူတာကို အရင်ပြင်ရမှာ ဖြစ်ပါတယ်။

၂။ Tension မှ Attention သို့~ Asana တွေနဲ့ Pranayama ကိုတွဲဖက်လေ့ကျင့်ခြင်းဟာ ခန္ဓာကိုယ်ထဲက Tension တွေကို Awareness အဖြစ် ပြောင်းလဲပေးတာပါ။ ဒါဟာ ကိုယ့်ရဲ့ Energy field ကို ထိန်းကျောင်းနိုင်ဖို့ အာရုံစူးစိုက်မှုကို လေ့ကျင့်ပေးခြင်းပဲ ဖြစ်ပါတယ်။

၃။ ကိုယ့်ရဲ့ အတွေးနဲ့ လုပ်ရပ်တွေကို အချိန်တိုင်းမှာ သတိနဲ့ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ "True Pranayama" ဆိုတာ ဒီလို သတိနဲ့ ရွေးချယ်တတ်တဲ့ အလေ့အကျင့်မျိုးကိုပါ ဆိုလိုတာပါ။

၄။ Pranayama နဲ့ ကျန်းမာခြင်းဆိုတာ စကားလုံးသက်သက် မဟုတ်ပါဘူး။ ကိုယ်တွင်းအနှံ့ နေရာလွတ်မကျန် သွေးနဲ့လေတွေ ရောက်သွားအောင် လက်တွေ့ကျကျ ဆက်စပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

၅။ ပြီးပြည့်စုံတဲ့ အသက်ရှူခြင်းဆိုတာ တင်းကျပ်မှုအားလုံးကို လွှတ်ချလိုက်တဲ့အခိုက်မှာ ဖြစ်ပေါ်လာတာပါ။ ကျမတို့က အတင်းလုပ်ယူနေတာမျိုး မဟုတ်ဘဲ အသက်ရှူခြင်းက သူ့အလိုလို ပုံမှန်စီးဆင်းသွားပြီး "အသက်က ကိုယ့်ကို ပြန်ရှူပေးတဲ့" အထိ လွတ်မြောက်သွားဖို့ ဖြစ်ပါတယ်။

၆။ အသက်ရှူတာကို ကန့်သတ်ထားတဲ့ အရာတွေကို လွှတ်ချလိုက်တဲ့အခါ ကိလေသာတွေ ပါးသွားသလို၊ ဖိစီးမှု တွေကိုလည်း ကောင်းကောင်း ကိုင်တွယ်နိုင်လာပါလိမ့်မယ်။ Breath is movement - အသက်ရှူခြင်းဟာ သဘာဝအတိုင်း စီးဝင်နေတဲ့ ရွေ့လျားမှုတစ်ခုပါ။

၇။ Hatha Yoga Pradipika မှာ ဆိုထားသလိုပါပဲ၊ အသက်စွမ်းအင် (Prana) ကို ထိန်းကျောင်းတာဟာ ကျားရိုင်း၊ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် သင်ရသလိုပါပဲ။ အတင်းအကြပ် မဟုတ်ဘဲ ညင်ညင်သာသာ၊ နူးနူးညံ့ညံ့လေးပဲ လေ့ကျင့်ယူရမှာပါ။

၈။ အသက်ရှူခြင်းရဲ့ စွမ်းအားကို အထင်မသေးပါနဲ့။ Atom တစ်ခုကို ခွဲလိုက်တဲ့အခါ ထွက်လာတဲ့ စွမ်းအင်လိုပဲ ကျမတို့ရဲ့ အသက်ရှူခြင်းမှာလည်း ကြီးမားတဲ့ စွမ်းအင်တွေ ကိန်းအောင်းနေပါတယ်။

၉။ Asana ကျင့်စဉ်တွေမှာ အသက်ရှူတာကို ဖွင့်ပြီး ရှူရပါမယ်။ အကယ်၍ ကျင့်စဉ်တစ်ခုမှာ အသက်ရှူလို့ မရတော့ဘူးဆိုရင် အဲ့ဒါဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် Limit ကျော်သွားလို့ သတိမကပ်နိုင်တော့တာမို့ Tension တွေနဲ့ မကျင့်မိဖို့ သတိထားရပါမယ်။

၁၀။ Pranayama ကို လေ့ကျင့်တဲ့အခါ ဘာရရမယ်ဆိုတဲ့ ရလဒ်ကို မမျှော်လင့်ဘဲ လေ့ကျင့်ကြည့်ပါ။ အဲ့ဒီအခါမှသာ မိမိကိုယ်ကိုယ် တာဝန်ယူနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှုတွေကို ပိုပြီး သိမြင်လာမှာ ဖြစ်ပါတယ်။

✨ ဒီ "True Pranayama" အကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ လက်တွေ့ကျကျ နားဆင်ချင်တယ်ဆိုရင်တော့ 5 AM Club Victory Hour ရဲ့ YouTube Video လေးမှာ ဝင်ရောက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

📺 YouTube မှာ အသေးစိတ် ကြည့်ရှုရန် Link
https://youtu.be/eZAB2xacQ1o?si=pDO-P_CMcFaKCLvh

ဒါလေးကတော့ 5 AM Club Day 48 မှာ ပြောပြခဲ့တဲ့ True Pranayama အပိုင်းလေးပဲ ဖြစ်ပါတယ်။
🕊️🍃
Namaste 🙏🏻✨
How you start your day is how you live your life.

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok