Chiang Mai FYI

Chiang Mai FYI

แชร์

Updates and events around Chiang Mai CNX and Thailand

18/07/2026

မနေ့ကညပိုင်းမှာ ချင်းမိုင် Old City အနီးက Chang Moi မြို့နယ်ထဲမှာ မိန်းကလေးတစ်ယောက် သူ့ပစ္စည်းတွေကို ခုံပေါ်တင်ထားတုန်း အလစ်သုတ်ခံလိုက်ရတာပါ။

ရုပ်ရည်သွင်ပြင်အရ နိုင်ငံခြားသားဟု ယူဆရတဲ့ အမျိုးသားက အနွေးထည်နဲ့ အိတ်တစ်လုံး (အထဲမှာ ဖုန်းနဲ့ ပါဝါဘန့်ပါဝင်) ကို ယူသွားတာပါ။

အနွေးထည်နဲ့ အိတ်ခွံကိုတော့ အနားက ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ ပစ်ထားခဲ့လို့ ပြန်ရှာတွေ့ခဲ့ပါတယ်။ ဖုန်းကိုတော့ ယူသွားပါတယ်။ Chang Moi, Soi 3 မှာ ဖြစ်ခဲ့တယ်လို့ ရေးထားပါတယ်။

#ချင်းမိုင်သတင်း #ထိုင်းသတင်း

17/07/2026

ချင်းမိုင်မြို့ ဆန်ဆိုင်းမှာ ရှမ်းရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဒေသခံထိုင်းတွေနဲ့ စကားများပြီး သေနတ်နဲ့ခြိမ်းခြောက်ဟန် ပြုခဲ့ပါတယ်။ ဒီဗီဒီယိုက ထိုင်းတွေအကြား လူမှုကွန်ယက်မှာ အရမ်းပျံ့နှံ့သွားတဲ့နောက် ရဲက စုံစမ်းပြီး ရှာဖွေဖမ်းဆီးခဲ့ပါတော့တယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားတဲ့ ဗီဒီယိုထဲမှာတော့ သူက မြောက်ပိုင်းထိုင်းစကားနဲ့ "မင်းအဖေက ဘာကောင်မို့လို့လဲ၊ ငါနဲ့တွေ့မလား"၊ "မင်း ဒီနေရာမှာတင် ေ-သသွားမယ်" ဆိုပြီး ကြိမ်းမောင်းခဲ့တဲ့အပြင် ခါးကြားထဲက လက်နက်တစ်ခုခုကို ဆွဲထုတ်မယ့် အမူအရာမျိုး လုပ်ပြခဲ့ပါတယ်။ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကတော့ သူ့ခွေးလေးက ထိုင်းတွေရဲ့အဆောင်ရှေ့မှာ အခြားသူတွေရဲ့ ကား၊ဆိုင်ကယ်တွေကို သေးနဲ့လိုက်ပန်းနေလို့ ထိုင်းတွေက သူ့ကို သတိပေးပြောကြားခဲ့တာပါ။ ဒါကို ရှမ်းအမျိုးသားက မကျေနပ်ပဲ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်ပြီးနောက် သူ့ခွေးလေးကို ဆိုင်ကယ်ပေါ်တင်ပြီး ထွက်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရဲတွေက ဆန်ဆိုင်းမြို့နယ် Nong Han ရပ်ကွက်မှာရှိတဲ့ အဲဒီအမျိုးသားရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ တရားမဝင် ကိုင်ဆောင်ထားတဲ့ ပြောင်းရှည် သေနတ်တစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ရပါတယ။ ဒါ့အပြင် အထောက်အထား စာရွက်စာတမ်းတွေ စစ်ဆေးကြည့်တဲ့အခါမှာလည်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာကြောင်း တွေ့ရှိသွားတာကြောင့် အမှုက ထပ်တိုးသွားပါတော့တယ်။

လောလောဆယ်မှာတော့ ရဲတပ်ဖွဲ့က သူ့ကို သက်သေခံပစ္စည်းတွေနဲ့အတူ မယ်ဂျိုးရဲစခန်းဆီ လွှဲပြောင်းပေးအပ်လိုက်ပြီး တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ တရားမဝင် ခိုးဝင်မှုတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ဗီဒီယိုဖိုင်ထဲကအတိုင်း လူထုကို ခြိမ်းခြောက်ခဲ့တဲ့ ကိစ္စအတွက်လည်း အမှုထပ်တိုး တရားစွဲဆိုနိုင်ဖို့ သက်သေတွေကို ဆက်လက်စစ်ဆေးနေကြောင်း သိရပါတယ်။

#ချင်းမိုင်သတင်း #ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ

16/07/2026

ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကို ဆန္ဒပြသူတွေ ထပ်လာဖို့ရှိတယ်လို့ သတင်းရတာကြောင့် ရုံးရှေ့မှာ ရဲအင်အား ၁၀၀ ကျော်ချထားခဲ့ပြီး အကာအရံတွေအပြည့် ရဲအင်အားအပြည့်နဲ့ လုံခြုံရေးယူပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံထဲမှာ တရုတ်ကုမ္ပဏီတွေ စည်းကမ်းမဲ့ သတ္တုတူးဖော်မှုတွေ လုပ်ဆောင်နေမှုကြောင့် ထိုင်းနိုင်ငံထဲက မြစ်ချောင်းတွေအတွင်း အဆိပ်သင့်ပစ္စည်းတွေ များပြားလာပါတယ်၊ ဒါကြောင့် ဒီရေကို မှီခိုလုပ်ကိုင်နေရတဲ့ ဒေသခံတွေ အခက်အခဲ ကြုံနေရတယ်၊​ ဒါကြောင့် တရုတ်ကုမ္ပဏီတွေကို ကိုင်တွယ်ပေးဖို့ ချင်းမိုင်တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ လာပြီး ပထမအကြိမ် ဆန္ဒပြခဲ့တာက ဒီလ ၆ ရက်နေ့ကပါ။ အဲဒီတုန်းက ဆန္ဒပြတဲ့သူတွေက အဲဒီမြစ်ထဲက ဖမ်းမိတဲ့ငါးတွေနဲ့ လုပ်ထားတဲ့ ငါးသုပ်တွေရယ်၊ မြစ်ရေတွေထည့်ထားတဲ့ ဝါညစ်ညစ် ရေဘူးတွေ ယူဆောင်လာပြီး အဆိပ်သင့်မြစ်ရေတွေရဲ့ ပြဿနာကို သရုပ်ဖော်ပြခဲ့ပါတယ်။

ဒီနေ့ ၁၆ ရက်နေ့မှာလည်း အဲဒီအဖွဲ့ကပဲ နောက်တစ်ခေါက်ထပ်လာဦးမယ်လို့ သတင်းတွေ ထွက်နေတာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အပါအဝင် အင်အားအများအပြား နေရာကြိုယူထားခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနေ့ နေ့လယ်ပိုင်းအထိ ဘယ်သူမှ ရောက်မလာခဲ့ကြပါဘူး။ ရဲတွေကတော့ ဆက်စောင့်နေခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိုင်းရဲတွေက ထိုင်းပြည်သူတွေထက် တရုတ်တွေကို ပိုပြီးကာကွယ်ချင်နေကြတာလားဆိုပြီး ပြောနေကြသလို၊ ကိုယ့်ပြည်သူဘက်က မရပ်တည်ဘဲ ဒီလိုပုံစံလုပ်တာ စိတ်မကောင်းဖြစ်မိကြောင်း ချင်းမိုင်ဒေသခံတွေက ဆိုရှယ်မီဒီယာမှာ ပြောဆိုနေကြပါတယ်။

#ချင်းမိုင်သတင်း #ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ

14/07/2026

ချင်းမိုင်မြို့ဟောင်းထဲက မြို့ရိုးအနီးမှာရှိတဲ့ ကာရာအိုကေဆိုင်တစ်ဆိုင်မှာ ဇွန်လ ၂၈ ရက်နေ့က ဗြိတိန်နိုင်ငံသားတစ်ဦးနဲ့ သူ့သူငယ်ချင်းတို့
သွားရောက်စားသောက်ပြီးတဲ့နောက် မူးပြီး အိမ်ပြန်သွားခဲ့ကြပါတယ်။ နောက်နေ့မနက် ငွေရှင်းပြေစာ ပြန်ကြည့်ချိန်မှာတော့ သူ့ ခရက်ဒစ်ကတ်ထဲကနေ ဘတ် ၁ သိန်းခွဲနီးပါး ပိုက်ဆံတွေ ဖြတ်ထားတာ တွေ့ခဲ့ရပါတယ်။ တချို့ transaction တွေက ဆိုင်အကောင့်မဟုတ်ဘဲ လူတစ်ဦးရဲ့ဘဏ်အကောင့်ထဲကို လွှဲထားတာတွေ့တာကြောင့် သူတို့ကို ပိုက်ဆံပိုကောက်ခဲ့တယ်လို့ ယူဆပြီး မနေ့ညက ဇူလိုင် ၂၃ ရက်မှာ သူ့ရဲ့ထိုင်းဇနီးနဲ့ ရှေ့နေတို့က ဟန်ဒုန်းရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

သူ့ရဲ့ ထိုင်းဇနီးရဲ့ ပြောဆိုချက်အရ သူ့ယောက်ျားနဲ့သူငယ်ချင်းတစ်ယောက်က အဲဒီဆိုင်ကို သွားခဲ့ပါတယ်တဲ့။ အဲဒီတုန်းက နှစ်ယောက်လုံးက အတော်လေး မူးနေခဲ့ကြတာပါ။ သူတို့က ဆိုင်မှာ ဘတ် ၁,၀၀၀ မပြည့်တဲ့ပမာဏတစ်ခု သုံးစွဲပြီးနောက် ငွေပေးချေကာ ဆိုင်ကနေ ပြန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းတွေက သူတို့ကို ဆက်နေဖို့ အတင်းဆွဲဆောင်ခဲ့ကြပြီး၊ နောက်ဆုံးမှာ ခင်ပွန်းဖြစ်သူက ရဲခေါ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီးမှ ဆိုင်ကနေ ရုန်းထွက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ဟာ တုတ်တုတ်တစ်စီးကို ငှားရမ်းပြီး သူငယ်ချင်းဖြစ်သူကို ဟိုတယ်ကို အရင်ပို့ခိုင်းခဲ့ကာ၊ ခင်ပွန်းဖြစ်သူကိုတော့ ဟန်ဒုန်းကက အိမ်ဆီကို ပြန်ပို့ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တုတ်တုတ်မောင်းသူဟာ မူးလွန်းလို့ သတိတောင်ကောင်းကောင်းမရတော့တဲ့ ခင်ပွန်းဖြစ်သူကို အိမ်ပြန်မပို့ဘဲ အဆိုပါ ကာရာအိုကေဆိုင်ဆီကိုပဲ တစ်ကျော့ပြန် ခေါ်သွားခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ နောက်တစ်နေ့ အိမ်ပြန်ရောက်လို့ စစ်ဆေးကြည့်တဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူရဲ့ ခရက်ဒစ်ကတ်ထဲကနေ ဘတ် ၁ သိန်း ၂ သောင်းကျော်နဲ့ ခင်ပွန်းဖြစ်သူ သယ်ဆောင်သွားတဲ့ ဇနီးဖြစ်သူရဲ့ ကတ်ထဲကနေ ဘတ် ၂ သောင်း ၆ ထောင်ခန့် ဖြတ်တောက်ခံထားရတာကို တွေ့ရှိခဲ့ရပြီး၊ စုစုပေါင်း ဆုံးရှုံးမှုဟာ ဘတ် ၁ သိန်းခွဲနီးပါး ရှိခဲ့ပါတယ်။

ရဲကလည်း နှစ်ဖက်စလုံးကို စခန်းကိုခေါ်ပြီး မေးမြန်းညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ကနဦးမှာ ဆိုင်ရှင်ကတော့ ဒီဧည့်သည်တွေက ဆိုင်ကို တကယ်လာခဲ့ပြီး ကောင်မလေး (PR) အများကြီးကို တစ်ယောက်တစ်နာရီ ၇၀၀ ဘတ်နှုန်းနဲ့ခေါ်ကာ ၄-၅ နာရီလောက်အထိ သောက်စားခဲ့ကြတာဖြစ်ပြီး၊ နောက်တစ်နေ့မနက်ကျမှ ငွေရှင်းခဲ့တာမို့ ဝန်ဆောင်ခကို အမှန်အတိုင်း ကောက်ခံထားတာဖြစ်ကြောင်း ပြောပါတယ်။

ဗြိတိန်သားဘက်ကတော့ စုစုပေါင်းပမာဏက အရမ်းများနေပြီး၊ ပုံမှန်ဆိုရင် တစ်ကြိမ်တည်းနဲ့ ရှင်းရမယ့်အစား ဘာလို့ အကြိမ်ကြိမ် ခွဲဖြတ်ထားတာလဲဆိုတာကို ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ခင်ပွန်းဖြစ်သူရဲ့ ခရက်ဒစ်ကတ်ဟာ အသုံးစရိတ် ကန့်သတ်ချက် (Credit Limit) ဘတ် ၅၀,၀၀၀ ပဲ ရှိတာကို ဘယ်လိုနည်းနဲ့ ဘတ် ၁ သိန်းကျော်အထိ ဖြတ်သွားနိုင်ခဲ့တာလဲဆိုတာနဲ့၊ ဇနီးဖြစ်သူရဲ့ ကတ်ကိုပါ ဘယ်လိုလုပ်ပြီး သုံးစွဲသွားခဲ့တာလဲဆိုတဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ကို အဲဒီဆိုင်ကို ပြန်ခေါ်သွားတဲ့ တုတ်တုတ်သမားကိုလည်း မသင်္ကာကြောင်းတွေ ပြောပြီး ငြင်းချက်ထုတ်ခဲ့ပါတယ်။

ဒီသတင်းက မြို့ခံတွေကြားနဲ့ အွန်လိုင်းမှာ ပြန့်နှံ့ကုန်တာကြောင့် အခုနေ့လယ်ပိုင်းမှာတော့ ဆိုင်ရှင်က ပိုက်ဆံအားလုံး ပြန်အမ်းလိုက်ပြီလို့ သိရပါတယ်။

#ချင်းမိုင်သတင်း #ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ

14/07/2026
14/07/2026

မနေ့က ချင်းမိုင်မှာ မြန်မာတိုးဂိုက်ကို တိုးရစ်ရဲက အသွင်ယူပြီးဖမ်းတဲ့ ဗီဒီယို vlog ဖြစ်ပါတယ်။

သူကတော့ ရိုးရိုးခရီးသည်ပဲထင်ပြီး အများကြီးရှင်းပြခဲ့ပုံပါပဲ။

“ကျွန်တော် နိုင်ငံခြားသားတွေကို မပို့ဘူး ဘာလို့ဆို ဒီမှာပြဿနာတွေများတယ် ကျွန်တော်တို့မြန်မာတွေက သူတို့ရဲ့အလုပ်ကို လုယူတယ်လို့ ထိုင်းတွေက ထင်ကြတယ်လေ” လို့တောင် ခရီးသည်ကို ပြောနေခဲ့ပါသေးတယ်။

#ချင်းမိုင်သတင်း #ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ

13/07/2026

ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာ ချင်းမိုင်တိုးရစ်ရဲဌာနပေါင်းစုံက တရားမဝင် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အသွင်ယူဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုအတွင်း အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုစိုးမိုးအောင်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်တဲ့။ ခရီးသွားရဲတပ်ဖွဲ့ဝင်က သူ့တို့ကိုယ်သူတို့ မက္ကစီကန်ခရီးသွားတွေလို့ အသွင်ယူဆက်သွယ်ခဲ့ပြီး ကိုစိုးမိုးအောင်ကို ချင်းမိုင်မြို့ဟောင်းအတွင်းမှာတည်ရှိတဲ့ Wat Chedi Luang ဘုရားမှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မများစွာနဲ့ အရေးယူသွားမယ်လို့ဆိုပါတယ်။

လတ်တလော ထုတ်ပြန်ချက်တွေအရ သူ့ကို လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်း လုပ်ကိုင်မှု၊ လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်ကိုင်မှု၊ ခရီးသည်တင်ယာဉ်ဟု မှတ်ပုံတင်မထားသည့်ယာဉ်ဖြင့် ခရီးသည် ပို့ဆောင်မှု၊ နိုင်ငံခြားသားတစ်ဦးအနေဖြင့် ခွင့်ပြုချက်မရှိ/ခွင့်ပြုထားသည်ထက် ကျော်လွန်လုပ်ဆောင်မှု၊ နိုင်ငံခြားသားတစ်ဦးအနေဖြင့် နိုင်ငံခြားသား လုပ်ငန်းဥပဒေကို ချိုးဖောက်လုပ်ကိုင်မှု တို့ဖြင့် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

#ချင်းမိုင်သတင်း #ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ

13/07/2026

ချင်းမိုင် လဝကရုံးချုပ်နှင့် Central Chiang Mai ရုံးခွဲများအားလုံး (၃) ရက်ဆက်တိုက် ပိတ်ရက်ရှိလို့ သက်တမ်းတိုးဖို့၊​ ရက် ၉၀ တုံးထုဖို့၊ တခြားကိစ္စရှိလို့ သွားစရာရှိသူများ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Ref- Chiangmai Immigration's FB

#ချင်းမိုင် #ချင်းမိုင်သတင်း

Photos from Chiang Mai FYI's post 13/07/2026

မနေ့ည သန်းခေါင်ကျော်အချိန်က ဘန်ကောက်မြို့က ဘားတစ်ခုမှာ ပြင်းထန်တဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မီးသတ်သမားတွေ ရောက်လာချိန်မှာ မီးတောက်တွေ ဝန်းရံနေတဲ့ ရှေ့တံခါးမကြီးကနေ ဆိုင်လာထိုင်သူတွေ အလုအယက် ထွက်ပြေးနေကြတာကို တွေ့ရှိခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ဆိုင်ထဲကနေ မီးတောက်တွေ အရှိန်အဟုန်နဲ့ ပွင့်ထွက်လာပြီး လူတွေဟာ အော်ဟစ်ကာ ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။ အဲဒီထဲက လူနှစ်ဦးမှာတော့ တစ်ကိုယ်လုံး မီးစွဲလောင်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

အခင်းဖြစ်ပွားရာနေရာဆီ ရောက်ရှိလာတဲ့ ဝန်ကြီးချုပ်က လက်ရှိအချိန်အထိ ရုပ်အလောင်း ၂၇ လောင်း ကို ရှာဖွေတွေ့ရှိထားပြီး ကျန်တဲ့သူတွေကိုတော့ ဆေးရုံဆီ ပို့ဆောင်ပေးထားတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းမှန်ကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ မီးသတ်သမားတွေအနေနဲ့ မီးကို မိနစ် ၃၀ ခန့်အတွင်း ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ပျက်စီးဆုံးရှုံးမှုကတော့ အလွန်အမင်း ကြီးမားခဲ့ပါတယ်။

ပြည်တွင်းသတင်းထုတ်ပြန်ချက်တွေအရ သေဆုံးသူ ၂၇ ဦးထဲမှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်နေပြီး နောက်ထပ် လူပေါင်း ၆၀ ကျော် ဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတချို့လည်း ရှိနေသေးကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပြောပြချက်အရ မီးစတင်လောင်ကျွမ်းချိန်မှာ ဖျော်ဖြေနေတဲ့ ဂီတပညာရှင်တစ်ဦးကို မေးမြန်းကြည့်ရာမှာတော့ ဆိုင်ရဲ့ မိန်းခလုတ်ကနေ စတင်ပြီး မီးလောင်ခဲ့တာဖြစ်ကာ အဲဒီနောက်ပိုင်းမှာ ဖြစ်ပျက်သမျှဟာ အလွန်မြန်ဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး လူတိုင်းဟာ မီးခိုးတွေနဲ့ မီးတောက်တွေကြားကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ သေဆုံးသူ အများစုဟာ ဆိုင်ရဲ့ နောက်ဘက်ကို ပြေးမိသွားကြပြီး မီးခိုးတွေကို ရှောင်ဖို့အတွက် သန့်စင်ခန်းထဲမှာ သွားရောက်ပုန်းအောင်းနေခဲ့ကြလို့ အပြင်ကို မထွက်နိုင်တော့ဘဲ အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ ရုပ်အလောင်းအများစုကိုလည်း အဲဒီသန့်စင်ခန်းထဲမှာပဲ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဘန်ကောက်မြို့၊ ချက်တူချက် (Chatuchak) နယ်မြေမှာရှိတဲ့ Rong Beer Na Lat Phrao လို့ အမည်ရတဲ့ ဘားတစ်ခုဖြစ်ပြီး ဒေသတွင်းမှာ နာမည်ကြီးတဲ့ စားသောက်ဆိုင်နဲ့ ဖျော်ဖြေရေးနေရာတစ်ခု ဖြစ်ပါတယ်။ မီးငြှိမ်းသတ်ပြီးနောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ဆိုင်အပြင်ဘက်မှာ ရုပ်အလောင်းထည့်တဲ့အိတ်တွေ စီတန်းထားတာကို စိတ်မကောင်းစရာ တွေ့ရှိရပါတယ်။ ဆိုင်တွင်းကို ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဘန်ကောက်မြို့တော်ဝန်ကတော့ ဆိုင်ရဲ့ အတွင်းပိုင်း အလှဆင်ပစ္စည်းတွေဟာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ဖြစ်နေတာကြောင့် မီးအလွန်အမင်း မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားသွားခဲ့တာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo - Fire & Rescue Thailand

#ထိုင်းသတင်း #ထိုင်း

11/07/2026

ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်သူတွေရဲ့ စားဝတ်နေရေး စရိတ်စကတွေကို လျှော့ချပေးဖို့အတွက် တစ်ပွဲကို အများဆုံး ဘတ် ၄၀ ထက်မပိုတဲ့ ထမင်းဟင်းနဲ့ အသင့်စား အစားအစာတွေ ရောင်းချပေးမယ့် တစ်နိုင်ငံလုံး အတိုင်းအတာ စီမံကိန်းတစ်ခုကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

အဆိုပါစီမံကိန်းကို “Thai Helps Thai Rice-and-Side-Dish Programme” (ထိုင်းအချင်းချင်း ကူညီစို့ ထမင်းဟင်းစီမံကိန်း) လို့ ယာယီအမည်ပေးထားပြီး အခြေခံလစာသမားတွေရဲ့ ကုန်ကျစရိတ်ကို သက်သာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စီမံကိန်းမှာ ပါဝင်မယ့် ဆိုင်တွေအနေနဲ့ အရည်အသွေးနဲ့ ပမာဏ ပြည့်မီတဲ့ ထမင်းနဲ့ ဟင်းအမယ် အနည်းဆုံး နှစ်မျိုးကို အများဆုံး ဘတ် ၄၀ နဲ့ မိမိတို့ရဲ့ သဘောဆန္ဒအလျောက် ရောင်းချပေးရမှာ ဖြစ်ပါတယ်။

စီမံကိန်းမှာ ပါဝင်တဲ့ ဆိုင်တွေအနေနဲ့လည်း ဆိုင်ရှေ့မှာ ထည့်သွင်းချိတ်ဆွဲဖို့ တရားဝင် ဆိုင်းဘုတ်တွေ ရရှိမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘတ် ၄၀ တန် ထမင်းဝယ်ယူနိုင်မယ့်ဆိုင်ကို လွယ်လွယ်ကူကူ ခွဲခြားသိမြင်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ စီးပွားရေးဝန်ကြီးဌာနအနေနဲ့ တစ်နိုင်ငံလုံးမှာ ပါဝင်မယ့် ဆိုင်အရေအတွက်ကို ထပ်မံတိုးချဲ့သွားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

ဒီလိုရောင်းချပေးတဲ့အတွက် ဆိုင်တွေဘက်က ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် အစိုးရဘက်က ချက်ပြုတ်ရေး ကုန်ကြမ်းပစ္စည်းတွေအတွက် ဆိုင်တစ်ဆိုင်ချင်းစီအလိုက် ဘတ် ၃,၀၀၀၊ ဘတ် ၅,၀၀၀ သို့မဟုတ် ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ကြေး ပေးအပ်သွားဖို့ စဉ်းစားနေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ လက်ရှိ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်ပေါင်း ၂ သိန်းခွဲထဲကနေ ဆိုင်ပေါင်း ၁ သိန်းခန့်နဲ့ ဒီစီမံကိန်းကို စမ်းသပ်စတင်သွားဖို့ မျှော်မှန်းထားပါတယ်။

အဆိုပါ စီမံကိန်းကို အနည်းဆုံး ၃ လကြာ လုပ်ဆောင်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့ ရဲ့ အတည်ပြုချက် ရရှိတာနဲ့ ချက်ချင်း စတင်သွားမှာ ဖြစ်ပါတယ်။ ဝန်ကြီး ခွန်ဆူဖာဂျီက ဒီစီမံကိန်းဟာ ဆိုင်တွေရဲ့ သဘောဆန္ဒအလျောက်သာ ဖြစ်ပြီး အစိုးရအနေနဲ့ ဈေးနှုန်းကို အတင်းအကျပ် ကန့်သတ်တာမျိုး မဟုတ်ဘဲ ပြည်သူတွေ သက်သာတဲ့ဈေးနဲ့ စားနိုင်အောင် ကူညီပေးတဲ့ ဆိုင်တွေကို အပြန်အလှန် ထောက်ပံ့ပေးတဲ့ စနစ်မျိုးသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

#ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Old City
Chiang Mai